အပိုင်း(၃၁)-ဒုခေါင်းဆောင်ယန် သောင်းကျန်းတော့မည်

2.2K 439 67
                                    

ဒုခေါင်းဆောင်ယန်တစ်ယောက် ပိစိလေးတောင် အရေးလုပ်မခံရပါ။ ဒုခေါင်းဆောင်ယန် ပေါက်ကွဲတော့မည်။
-------------------------------------------------

နောက်တစ်နေ့မနက်

နေမင်းကြီးမှ ထုတ်လွှတ်လိုက်သော ပထမဦးဆုံးရောင်ခြည်သည် လူနေရပ်ကွက်တစ်ခုရှိ ကြမ်းတမ်းသောကျောက်လမ်းတွင်တည်ထားသော မီးခိုးရောင်အဆောက်အအုံပေါ် ဖြာကျနေ​၏။ လွန်ခဲ့သောညက သည်းထန်စွာရွာသောမိုးကြောင့် ကြွင်းကျန်ရစ်သော ရေလွှာကား ကြေးမုံတစ်ခုနှယ် ရောင်ပြန်နေပေသည်။

"လျိုဝမ်ချိုးက နံပါတ်A9U766နဲ့ Camry အနီရောင်ကို သူတစ်ခါမှမဝယ်ဖူးပါဘူးလို့ငြင်းတယ်။ တစ်ဆက်တည်းမှာပဲ မနေ့မနက် အရုဏ်မတက်ခင် နှစ်နာရီကနေ လေးနာရီအထိ အခင်းဖြစ်တဲ့နေရာမှာမရှိကြောင်းပါ အလီဘိုင်တင်တယ်။"

(T/N- အလီဘိုင် -အခင်းနေရာမှာမရှိကြောင်းသက်သေနှင့် ထုချေချက်)

ဖုန်းတစ်ဖက်မှ ချင်ချွမ်း​၏ နွမ်းနယ်နေသောအသံ ထွက်ပေါ်နေခြင်းဖြစ်သည်။ ညဆိုင်းဆင်းရသော ရက်များဆက်နေပြီ ဖြစ်ရာ အသံမှာ အက်ရှရှပင်ဖြစ်နေ​၏။

"ငါလူလွှတ်ပြီး သူ့ရဲ့အလီဘိုင်ကို စစ်ဆေးခိုင်းလိုက်မယ်၊ ချွတ်ယွင်းချက် ရှိလိုရှိငြားပေါ့။"

ယန်ရှယ်သည် ဖုန်းကိုင်ထားရင်း လမ်းကျဉ်းလေးထဲမှ ခေါင်းငုံ့ကာ ထွက်လာ​၏။

လုံခြုံရေးဝန်းအပြင်တွင် လူများစွာ စုဝေးနေကြသည်။ ဦးကြီးဒေါ်ကြီးများမှာ ယနေ့ မကကြဘဲ ပေါက်စီ၊အဆာသွတ်မုန့်၊ နွားနို့ နှင့် အီကြာကွေးတို့ကိုစားရင်း အချိန်နှင့်အမျှ ထင်မြင်ချက်များကို အံ့အားသင့်စွာဆွေးနွေးနေကြသည်။

"အထဲမှာလူသေသွားတယ်လို့ကြားတယ်! အနံ့တောင်ထွက်နေပြီ! မနေ့ညကပဲ အလောင်းတွေကို အိတ်ကြီးတွေနဲ့ထုတ်ပြီး သယ်သွားကြတာ!"

"ယောက်ျားက အိပ်ရာပေါ်မှာ ဖောက်ပြန်နေတာကို မိန်းမက လက်ပူးလက်ကြပ်မိတာတဲ့! အဲ့ဒါနဲ့ မိန်းမက ဓားဆွဲပြီး ယောက်ျားရော၊ ယောက္ခမရော၊ ဟိုမိန်းမကိုပါ ဓားနဲ့ထိုးသတ်ပစ်တယ်ဆိုပဲ!"

《Poyun》ဖော့ယွင် (မြန်မာဘာသာပြန်)Where stories live. Discover now