အပိုင်း(၅၄)-သဲလွန်စအားလုံး ချိတ်ဆက်သွားပေပြီ

1.8K 394 25
                                    

ကျန်းထင်​၏နှလုံးသည် သေလောက်အောင်ညှစ်နေပြီး သွေးအေးများ ဦးနှောက်ဆီသို့ တရှိန်ထိုးဝင်ရောက်သွားလေသည်----သူ သဲလွန်စမှန်သမျှကို ဆက်စပ်မိသွားပါတော့သည်။
---------------------------------------------

ကားကြီးမှာ ရှေ့သို့တဝူးဝူး ခရီးနှင်နေသည်။ မည်သည့်အဖြေမျိုးမျှ ထွက်မလာခဲ့သဖြင့် ယန်ရှယ်​ခမျာ ရင်ထဲလေးလံလာရသည်။

ကျန်းထင်​၏ မျက်တောင်မွေးတို့မှာ ခပ်စိတ်စိတ်ရှိနေပြီး ယန်ရှယ်​၏ရှုထောင့်ဖြစ်သော အပေါ်စီးမှ ကြည့်လျှင် သူ​၏ အေးချမ်းလှသော မျက်နှာချောချောကို တစ်ခြမ်းမျှသာ မြင်တွေ့ရပေသည်။ ဖြည်းဖြည်မှန်မှန်အသက်ရှူသံဟာလည်း ညှင်သာစွာပင် ထွက်ပေါ်နေလျက်။

".............."

ယန်ရှယ် ကြာမြင့်စွာ စောင့်ဆိုင်းနေခဲ့ပြီးနောက် ရူးမတတ်ခုန်ပေါက်နေသောနှလုံးမှာ ရင်ဘက်ထဲ ဖြည်းဖြည်းချင်း ပြန်ကျလာပေပြီ။ ထိုအခါမှသာ အသံတိတ်သက်ပြင်းချနိုင်တော့​၏။

"ကောင်းပါတယ်"

သူရေရွတ်လိုက်သည်။

ကျန်းထင်အိပ်ပျော်နေသည်ဖြစ်စေ၊ နိုးနေသည်ဖြစ်စေ ဤကား သူ့ဝသီနှင့် အသင့်တင့်အလျောက်ပတ်ဆုံး၊ အကိုက်ညီဆုံး အပြုအမူသာဖြစ်ပေသည်-----အခြေအနေပြေလျော့သွားစေဖို့ လူတိုင်းအတွက် နေရာလပ်အခန်းလေးတစ်ခန်း အမြဲတစေ ချန်ထားပေးလေ့ရှိ​၏။

ဘာမဆိုဖြစ်သွားနိုင်သလို ဘာဆိုဘာမှမဖြစ်တာလည်း ဖြစ်နိုင်သည်။

သို့သော် ယန်ရှယ် နောက်ခုံကိုမှီပြီး မျက်လုံးများမှိတ်လိုက်ချိန်တွင်တော့ ဤအခိုက်အတန့်လေးအတွင်း ဖြစ်ပျက်သွားခဲ့သော သူ့နှလုံးသား​၏အဖြစ်ကို ရှောင်လွှဲလို့မရနိုင်တော့ကြောင်း သူနားလည်လိုက်ပါသည်။ မျိုးစေ့လေးတစ်စေ့ကို ကြွယ်ဝလှသောမြေပေါ်ပစ်ချလိုက်သည်နှင့် တူ​၏။ ရှင်သန်လာပြီဆိုသည်နှင့် နှလုံးသားအောက်ခြေမှစ၍ အမြစ်ပေါင်းများစွာ တွယ်ညိယှက်နွယ်လာပေမည်။ မသိချင်ယောင်ဆောင်လို့လည်းမရတော့သလို အလွယ်တကူဆွဲနှုတ်ပစ်ဖို့လည်း မတတ်နိုင်တော့ချေ။

《Poyun》ဖော့ယွင် (မြန်မာဘာသာပြန်)Where stories live. Discover now