အပိုင်း(၅၃)-လူငယ်ဘဝ​၏ ချစ်မေတ္တာအလှတရား

2.1K 385 55
                                    

ငယ်ဘဝ​၏ ချစ်မေတ္တာအလှတရား

---------------------------------------------

အနားယူခြင်း။

တစ်နေ့နေ့တစ်ချိန်ချိန်တော့ သည်လိုနေ့မျိုးရောက်လာမည်မှန်းသိကြသော်လည်း ဤမျှလောက်ကြီး မြန်ဆန်လိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့။

ယန်ရှယ်မှာ တစ်ခဏမျှ အာစေးမိသွားရပါသည်။ သို့ရာတွင် ယွီကျူးကမူ သူဖြစ်ပျက်သွားသည့်ပုံစံကို ရယ်လျက် အင်္ကျီလက်ကြယ်သီးကိုတပ်ရင်း မတ်တတ်ထလိုက်​၏။

"သွားမယ်။ မင်းရုံးခန်းထဲမှာပဲ ဒီပြန်ပေးဆွဲမှုအကြောင်း ဆွေးနွေးကြရအောင်။"

သူမက ယန်ရှယ်ဘေးမှဖြတ်သွားကာ မလှမ်းမကမ်းရှိ ပိတ်ထားသော ဒုခေါင်းဆောင်ရုံးခန်းတံခါးဆီ တန်းတန်းမတ်မတ် လျှောက်သွားလေသည်။

---ကျန်းထင်က ရုံးခန်းထဲမှာပဲ ရှိသေးတယ်ဟ!

ယန်ရှယ်လည်း ဒရောသောပါးလိုက်သွားကာ တံခါးလက်ကိုင်ဆီ လှမ်းလိုက်သော ယွီကျူး​၏လက်ကို ကြားကဖြတ်ပြီး ဖမ်းကိုင်လိုက်​၏။ ထို့နောက် ရယ်ကျဲကျဲနှင့်

"အားတော့နာပေမဲ့ ကျွန်တော့ရုံးခန်းကလေ ရှုပ်ပွစိတတ်နေတာ။ ကောင်းကောင်းလဲ မရှင်းအားသေးတော့ ခေါင်းဆောင်ယွီကြည့်ပြီး ရယ်စရာဖြစ်နေပါဦးမယ်........."

ပြောလည်းပြော၊ တံခါးကိုလည်း ဘေးပြန်တွန်းကာ ကျွမ်းကျင်စွာပင် လှစ်ခနဲ ကြားဝင်၍ ယွီကျူး​၏ မြင်ကွင်းကို သူ့ကိုယ်နှင့် ကာဆီးထားလိုက်သည်။

ထိုစဉ်တံခါးနောက်မှ အသံတစ်သံထွက်လာသော်လည်း တိခနဲတိတ်သွားလေ​၏။ ခေါင်းဆောင်ယွီမှာ ရုံးခန်းထဲ တိုးဝင်သွားတော့သည်။

"ဟဲ့တော်တော်လေးရှင်းနေတာပဲမဟုတ်ဘူးလား?"

ခေါင်းဆောင်ယွီသည် ရယ်သွေးလျက် ရုံးစားပွဲနောက်မှ ဆုံလည်ကုလားထိုင်ကိုဆွဲထုတ်ပြီး ထိုင်လိုက်သည်။ ထို့နောက်ယန်ရှယ်ကို ဟန့်တားလိုက်​၏။

"ရေနွေးကြမ်းလုပ်ပေးဖို့မလိုဘူး။ ငါအခုဘာမှ သောက်နိုင်တာမဟုတ်ဘူး။ လမ်းလျှောက်တာတောင် ဆရာဝန်လမ်းညွှန်ချက်အတိုင်း လိုက်နာနေရတယ။ ငါကလေ....အခုဆို မသန်မစွမ်းတောင်ဖြစ်နေပြီ။"

《Poyun》ဖော့ယွင် (မြန်မာဘာသာပြန်)Where stories live. Discover now