အပိုင်း(၆၃)-တွဲကြမလား၊ ခေါင်းဆောင်ကျန်း?

2.6K 432 136
                                    

"ရည်းစားထားကြည့်မလား၊ ခေါင်းဆောင်ကျန်း?"
---------------------------------------------

ကျန်းထင်မှာ နှစ်ပေါင်းသုံးဆယ်ကျော် ရှင်သန်လာသည့် သက်တမ်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် အခြားလူတစ်ဦးက လက်ဆွဲပြီး ခုတင်ဘေးထိုင်စေကာ ခပ်အုပ်အုပ်နှင့် 'ငါမင်းကို အရမ်းအရမ်းကို လာတွေ့ချင်နေတာ' ဟု အပြောခံလိုက်ရခြင်းဖြစ်၍ တစ်ချက်တည်းနှင့် မှင်သေသွားရလေသည်။

အခန်း၏ အသံလုံစနစ်က အတော်လေး ကောင်း၏။ အောက်ထပ်KTVမှ အသံများကို လုံးဝ မကြားရသလောက်ပင်။ စာကြည့်စားပွဲပေါ်ရှိ မီးအိမ်လေးမှ ထုတ်လွှတ်နေသော တစ်ခုတည်းသော ဝါဖျော့ဖျော့ မီးရောင်လေးကြောင့် သူ့နံဘေးရှိ အိပ်ရာခင်း၊ခေါင်းအုံးများနှင့်တကွ ခန္ဓာကိုယ်ပေါ် သန့်ရှင်းသပ်ရပ်စွာ ဝတ်ဆင်ထားသော bathrobeပါမကျန် နို့နှစ်ရောင်အဖြစ် ထင်ဟပ်နေပေသည်။

ယန်ရှယ်သည် ကျန်းထင်ထံမှ အကြည့်မခွာ၊မျက်ဝန်းတို့မှာ နက်နက်ရှိုင်းရှိုင်း တောက်ပနေလျက်သား။

"......မင်းရူးနေလား?"

နောက်ဆုံးတော့ ကျန်းထင်ခမျာ စကားတစ်ခွန်း အဖတ်တင်အောင် ညှစ်ထုတ်နိုင်ပေပြီ။

"ဘယ်သူ့သဘောနဲ့ ဆေးရုံဆင်းလာတာလဲ?"

ယန်ရှယ်က ဆိုသည်။

"ငါ့သဘောနဲ့ငါဆင်းလာတာ။ ချုပ်ရိုးဖြေပြီးလို့ အနာတောင်ကျက်နေပြီ။ မင်းမယုံရင် ကြည့်လို့ရတယ်။"

​ပါးစပ်ကလည်းပြော၊ လက်ကလည်း တီရှပ်အောက်ဖျားကို ဆွဲလှန်ပြလာ​၏။ တောင့်တောင့်တင်းတင်းရှိလှသော ဝမ်းဗိုက်ကြွက်သားများပေါ်တွင် ချုပ်ရိုးရာအမာရွတ်က ထင်ထင်ရှားရှား။ ဒဏ်ရာ​၏ အရေးအကြီးဆုံးနေရာပေါ်တွင် တိပ်အကြည်နှင့် ကပ်ထားဟန်တူသည်။

ချက်ချင်းဆိုသလို ကျန်းထင်​၏ နှုတ်ခမ်းထောင့်များ တည်တင်းသွားပြီး ၎င်းမှာ ခွဲစိတ်ပြီးနောက် အနာကျက်မြန်စေရန်နှင့် အမာရွတ်ပျောက်စေရန် ကပ်ရသည့် အဆင့်မြင့်ဇီဝတိပ်ဖြစ်ကြောင်း သတိထားမိသွားလေသည်။ ဤကဲ့သို့သော ပစ္စည်းမျိုးမှာ ကောင်တီဆေးရုံအဆင့်တွင် ရှိတတ်သော ပစ္စည်းမျိုးမဟုတ်။ သို့ဖြစ်ရာ သေချာပေါက် ယန်ရှယ်သည် ကျန်းနင်က လူတစ်ယောက်ကို ဆေးပစ္စည်းနှင့်တကွ ကျန်းယန်အထိ ကားမောင်းလာကြိုခိုင်းခြင်းသာ ဖြစ်ရမည်---ဘာကို လေးငါးနာရီလောက် ဒဏ်ရာတွေနဲ့ ကိုယ်တိုင်မောင်းလာတာရမှာလဲ...အလကား အဓိပ္ပာယ်မရှိတာတွေ။

《Poyun》ဖော့ယွင် (မြန်မာဘာသာပြန်)Where stories live. Discover now