အပိုင်း(၄၆)-အမြီးဖြူ ပင်လယ်လင်းယုန်

1.9K 394 34
                                    

"ငါတို့နိုင်ငံမှာ ပထမအဆင့်ထိန်းသိမ်းစောင့်ရှောက်ရမဲ့ တိရစ္ဆာန်စာရင်းဝင် အမဲလိုက်လင်းယုန်ငှက်ရဲ့သွေး။ အမြီးဖြူလင်းယုန်လို့လည်းခေါ်ကြတယ်။"
--------------------------------------------------

"သွေးစွန်းအင်္ကျီ၊ ကတ်ထူဘူးနဲ့ ပတ်ထားတဲ့တိပ်တွေကို တစ်စက်မှမထိနဲ့။ အဲ့ဒါတွေအကုန်လုံးကို လက်ဗွေစစ်ဆေးဖို့နဲ့ ဓာတ်ခွဲခန်းစစ်ဆေးရေးတွေလုပ်ဖို့ ပို့လိုက်။ နည်းပညာဌာနကို ရှိန်းရှောင်ချီရဲ့ ဖုန်းနံပါတ်ပို့ပြီး ဒါရိုက်တာဟွမ်ကို Triangulation နောက်တစ်ခေါက်ပြန်လုပ်ဖို့ပြော။ အဲ့ဒီကလေးဘယ်မှာရှိနေလဲ ငါသိရမှဖြစ်မယ်။ ယဉ်ကျေးမှုထိန်းသိမ်းရေးဌာနကိုဖုန်းဆက်၊ ရှိန်းရှောင်ချီကျောင်းကဆရာကို ဆက်သွယ်ပြီး ပျော်ပွဲစားထွက်တဲ့ထဲပါတဲ့ ကျောင်းသားစာရင်းနဲ့ ဘေးကစောင့်ရှောက်သူအနေနဲ့ ပါသွားတဲ့လူစာရင်းပါတောင်းခဲ့။ အခုချက်ချင်းလုပ်!"

(T/N-Triangulationက နယ်ပယ်အလိုက်အဓိပ္ပာယ်အမျိုးမျိုးရှိပေမဲ့ ဒီနေရာမှာတော့ ရေဒီယိုလှိုင်းတွေကနေတစ်ဆင့် တည်နေရာခြေရာခံတဲ့နည်းပညာကိုပြောတာပါ)

ယန်ရှယ်​၏ ဟိန်းဟောက်သံသည် စင်္ကြံတစ်ခုလုံး ပဲ့တင်ထပ်သွား​၏။ မြို့တော်ရုံးချုပ်၌ရှိနေသော တာဝန်ကျ ရဲတပ်သားမှန်သမျှ နာခံကြောင်းအသံပြုပြီး အသီးသီးလှုပ်ရှားကြတော့သည်။

"အစ်ကိုယန်"

ကောင်းဖန့်ချင်သည် အမောတကောပြေးလာကာ တိုးတိုးတိတ်တိတ်မေးမြန်းလေ​၏။

"ဌာနမှူးဝေ့ကို ဖုန်းဆက်အကြောင်းကြားဦးမလား?"

ယန်ရှယ်ချက်ချင်းမဖြေသေးဘဲ ရှိန်းအဖေကြီးကိုကြည့်လိုက်ပါ​၏။

ရှိန်းအဖေကြီးမှာ သားဖြစ်သူ​၏ဖုန်းကိုထပ်ခါထပ်ခါခေါ်နေရှာသည်။ အကြိမ်တိုင်းလည်း တစ်ဖက်မှ ဆက်သွယ်မှုဧရိယာပြင်ပသို့ ရောက်ရှိနေတာချည်းပင်။ မျက်နှာအမူအရာကိုကြည့်သည်နှင့် အနှီလင်မယားနှစ်ယောက်ကား စိတ်ဖိစီးလွန်း၍ အာရုံကြောများပေါက်ထွက်မတတ်ဖြစ်နေကြောင်း ယန်ရှယ်ပြောနိုင်ပါသည်။

"လောင်ဝေ့ကို အဲ့ဒီဘက်မှာပဲစောင့်နေခိုင်းလိုက်ဦး။"

ယန်ရှယ်က ကောင်းဖန့်ချင်ကို တီးတိုးပြောလိုက်​၏။

《Poyun》ဖော့ယွင် (မြန်မာဘာသာပြန်)Where stories live. Discover now