Ep-33(Uni+Zaw)

3K 302 47
                                    

Zawgyi

      ညကအိပ်မပျော်ခဲ့သည်မို့ ခေါင်းတစ်ခုလုံးအုံခဲနေသည်။ သို့သော်...လုပ်စရာအလုပ်များက တန်းစီနေသည်မို့ အိပ်ယာမှကြိုးကြိုးစားစား ထလိုက်ရ၏။ ချွေးများနှင့်တစ်ကိုယ်လုံး ရွှဲရွှဲစိုနေသဖြင့် ရေချိုးခန်းအတွင်းသို့ ထယ်ယောင်းအရင်ဝင်လိုက်သည်။ ထို့နောက်...အဝတ်အစားတွေကိုချွတ်ရင်း ခေါင်းထက်မှရေပန်းကို အဆုံးစွန်ထိဖွင့်ချမိသည်။ ထိုအခါမှ...အနည်းငယ်လန်းဆန်းသွားသလို၊ မျက်လုံးနှစ်ဖက်သည်လည်း ကောင်းကောင်းပွင့်လာခဲ့၏။

      ရေချိုးပြီးသည်နှင့် ညကပြင်ဆင်ထားသည့် ခရီးဆောင်အိတ်ကို အသေအချာပြန်စစ်ကာ ဝတ်စုံပြည့်ဝတ်ဆင်ရင်း ထယ်ယောင်းအောက်ထပ်ကို ဆင်းလာခဲ့လိုက်သည်။ ထို့နောက်တွင်မူ...ပေါင်မုန့်ကိုမီးမကင်တော့ဘဲ ကော်ဖီပူပူတစ်ခွက်ဖြင့် အမြန်မြိုချလိုက်၏။ အဖေတို့၊အမေတို့ဝယ်ထားသည့် အပန်းဖြေအိမ်ကို ပြန်လည်တည်ဆောက်သည့်အခါ ဦးစီးရန်အတွက် ထယ်ယောင်းဂျပန်ကိုသွားရမည်ဖြစ်သည်။ အစကတော့...ရက်အနည်းငယ်ရွှေ့ဆိုင်းခဲ့သော်လည်း အခုတော့ဖြင့်ပေါက်စလေးကိုလည်း ရှာမတွေ့သေးသလို၊ သူလည်းအလုပ်တွေ အားနေသဖြင့်အတတ်နိုင်ဆုံး စောစောသွားရန်ပြင်ဆင်နေခြင်းဖြစ်၏။

       ဂိုဒေါင်အတွင်းမှကားကိုထုတ်ကာ အိမ်ရှေ့လမ်းမအထိ သူတစ်လိမ့်ချင်းမောင်းသွားလိုက်သည်။ ထို့နောက်...အိမ်တံခါးနှင့်ခြံတံခါးကို အသေအချာပိတ်ခဲ့ကာ ကားပေါ်သို့ပြန်တက်ရင်း လေဆိပ်ရှိရာဆီသို့ ထယ်ယောင်းဦးတည်လိုက်၏။ ကောင်ကလေးကိုရှာဖို့အတွက် စီနီယာနမ်ဂျွန်း၏လူများနှင့် သူစီစဉ်ထားခဲ့သည်။ အကယ်၍များမတွေ့လျှင် သူပြန်လာမှဆက်ရှာရမည်။ ဂျပန်တွင်လည်းအများဆုံး (၃)ရက်လောက်သာ ‌နေဖို့သူပြင်ဆင်ထားပါသည်။

       လေဆိပ်သို့ရောက်သည်နှင့် ကားကိုပါကင်တွင်သာထားခဲ့လိုက်သည်။ အိမ်မှတစ်ယောက်ယောက် လာယူလိမ့်မည်။ နောက်ပြီး...check inဝင်ဖို့ရန်အတွက် အသေအချာပြင်ဆင်ကာ အသင့်ရပ်ထားသော ထွက်ခါနီးလေယာဉ်ပေါ်သို့တက်လိုက်သည်။ ထို့နောက်...ဖန်သားကာထားသော ပြတင်းတံခါးရှိရာဘက်ရှိ သူ့ခုံတွင်ဝင်ထိုင်လိုက်၏။ ဖုန်းကိုစက်ပိတ်လိုက်သည်။ ခုံကိုသက်တောင့်သက်သာ ဖြစ်စေရန်ပြင်လိုက်ပြီး မျက်လုံးတို့ကိုစုံမှိတ်ကာ မှေးနေလိုက်သည်။ ခန္ဓာကိုယ်တလျှောက် ပင်ပန်းမှုသည်အနည်းငယ် ပြေလျော့သွားသော်လည်း စိတ်ထဲရှိအစိုင်အခဲသည်မူ မကျေမပျက်ဘဲရှိနေသေး၏။ ‌ပေါက်စကလေးမရှိသဖြင့် သူ့ရင်ထဲ၌ဟာနေသည်။

Obedience : Flawless Love{Rest_ Coming Soon}Where stories live. Discover now