Ep-36(Uni+Zaw)

2.4K 167 26
                                    

Unicode

     တိုကျိုတွင်တပါတ်စွန်းစွန်း အနားယူပြီးနောက် သူတို့ပြန်လာခဲ့ကြသည်။ မြူထူနေသည့် မနက်ခင်းက အေးချမ်းသယောင်ရှိသည်။ လေယာဉ်ပြတင်းမှ လှမ်းမြင်ရသည့် တိမ်စိုင်ဖြူဖြူတို့သည်ပင် အဆုပ်လိုက်အမွှာလိုက်ပေမို့ မျက်စိပသာဒ ဖြစ်လှသည်။

     တကယ်ဆိုလျှင် ကောင်ကလေးက ဂျပန်တွင်အနေပျော်သည်မို့ စိတ်ရှိတိုင်းသူတို့ နေချင်ပါသည်။ သို့သော်...အထက်တန်းစာမေးပွဲဖြေထားသည့် ပေါက်စလေး၏ တက္ကသိုလ်ဝင်ခွင့် အဆုံးအဖြတ်သည် ယနေ့တွင်‌သိရမည်ဟူ၍ သတင်းစာတွင် တွေ့ခဲ့သည်ကြောင့် ညကပြင်ဆင်ပြီး ယနေ့နံနက်အစောပိုင်း လေယာဉ်နှင့် ကိုရီးယားမြေသို့ တဖန်ခြေချဖြစ်ခြင်းပင် ဖြစ်သည်။

     လေယာဉ်ပေါ်ရောက်လျှင် ရှုခင်းလှလှလေးတွေ ကြည့်မည်။ ဓာတ်ပုံလှလှကလေးတွေ ရိုက်မည်။ ပြီးပါက ဆိုရှယ်မီဒီယာပေါ်တွင်တင်ကာ အပြတ်ကဲပြမည်ဟူ၍ ကြွေးကြော်ကြုံးဝါးထားသည့် အကဲကောင်လေးသည် လေယာဉ်စထွက်ကတည်းက တိုက်ပွဲကျကာ အိပ်သွားသည်မှာ ဆင်အော်လျှင်ပင် နိုးမည့်ဟန်မတူပါ။

     ငှက်ပျောသီးပုံပါသည့် အဝါရောင်ဂွမ်းစောင် တိုတိုကလေးကို ခြုံကာအိပ်နေသည့် ပေါက်စလေးသည် တချက်တချက်တွင် အိပ်မက်ယောင်နေသညမလားမသိ။ ထယ်ယောင်းကိုယ်ပေါ်တွင် လွှားထားသည့် နီညိုရောင်အကွက်စောင်ကို လှမ်းလှမ်းဆွဲနေသည်မို့ ထိုဖောင်းကစ်နေသည့် လက်သီးဆုပ်ကလေးကို ထိန်းထားရသေး၏။

     ပြီးခဲ့သည့်တပါတ်လောက်အတွင်း အအိပ်၊အစားအလွန့်အလွန် မှန်ခဲ့သည် ကောင်ကလေးသည် အရွယ်ရောက်လာသည့် လူပျိုပေါက်ကလေးလို့ မထင်ရလောက်အောင်ပင် (၅)နှစ်သားလေးနှင့် တူနေသည်။ အဆီတရစ်၊ အသားတရစ်နှင့် ပူလုံးကာနေသည့် ဝမ်းဗိုက်နားက အင်္ကျီစသည်ကြယ်သီးပွင့်၍ အောက်ခံရှပ်ကိုပင် မြင်နေရပြီဖြစ်ရာ၊ ထိုဗိုက်မှလည်း တဂွီဂွီအသံပြုနေသေး၏။ ဝက်ကလေးက ဗိုက်ဆာပြန်ပြီ။

     ထို့အပြင်...တဖြည်းဖြည်း ရှည်စပြုလာပြီဖြစ်သည့် အုန်းသီးခေါင်းကေလေးမှ ဆံပင်ညိုညိုမျှင်မျှင်တို့သည် အသည်းအသန် လူးလိမ့်ကာအိပ်ထားသည်ကြောင့် ဖွာလန်ကာနေလေသည်။
    
     ကောင်ကလေးသည် ထယ်ယောင်း၏ပခုံးကိုမှီလျက် တလမ်းလုံး ဇိမ်ခံလာခဲ့သည်ဖြစ်ရာ ပခုံးတဖက်သည် ထုံကျင်လာသဖြင့် မျက်နှာသေးသေးကို ထိန်းကိုင်၍ထိုကလေးအား ပေါင်ပေါ်သို့ပြောင်းကာလှဲစေရသည်။ ထိုအခါမှ...နိုးသွားပုံရသည့် ပေါက်စလေးက အိပ်ယာထစမို့ မျက်လုံးဝိုင်းဝိုင်းများနှင့် အူလည်လည်ဖြစ်နေ၏။

You've reached the end of published parts.

⏰ Last updated: Aug 12, 2022 ⏰

Add this story to your Library to get notified about new parts!

Obedience : Flawless Love{Rest_ Coming Soon}Where stories live. Discover now