အပိုင်း ၁၆

7.9K 581 32
                                    

Unicode

"အဲဒါ ဘာတွေလဲ နုနု..."

ထမင်းပန်းကန်တွေ ထည့်ထားတဲ့ ဗန်းကို ကိုင်လာရင်း ထမင်းစားခန်းထဲအရောက် မေးသံကြားလိုက်ရသဖြင့် နုနုကြည့်လိုက်တော့ သခင်မလေး...စောစောကတင် ထမင်းစားပြီး အပေါ်ထပ်တက်သွားသဖြင့် ချက်ချင်းပြန်ဆင်းလာမည်ဟု မထင်ထားကာ နုနု လက်ထဲက ဗန်းကို ကျစ်ကျစ်ပါအောင် ကိုင်ထားမိသည်...

"ငါမေးနေတယ်လေ..."

"ဟိုလေ မမလေးအတွက် ပို့ထားတဲ့ ထမင်းဟင်းတွေပါ..."

မျက်မှောင်ကြုတ်ကာ မျက်စိရှေ့က ပန်းကန်တွေကို သစ္စာ ကြည့်မိသည်... ထမင်းနဲ့ဟင်းမှာ အနည်းငယ်မျှပင် မစားထားဟန်ဖြင့် အရာပင် မယွင်း...ထိုစဥ်...

"နုနုရေ...ရွှေရုပ်တို့ ဒီညလေ လက်ဖက်သုပ်မစားဘဲ တခြားအသုပ်တစ်ခုခု သုပ်စားရအောင်..."

လူက ပေါ်မလာဘဲ အသံက အရင်ရောက်လာသော မမလေးကြောင့် နုနုမှာ သေပြီဟုသာ တွေးလိုက်မိသလို ရွှေရုပ်မှာလဲ အခန်းဝရောက်ကာမှ အထဲမှာ ခါးထောက်ပြီးရပ်နေသော သူ့ကိုပါ တွေ့လိုက်ရ၍ မျက်လုံးလေး ဝိုင်းသွားသည်...

လက်ဖက်သုပ်တစ်ည စားလိုက်ပြီးတော့ နောက်ညတွေ နုနုတို့ မစားကြတာတောင် မမလေးက မရဘဲ အတင်းလိုက်ပြောကာ စားမည်ဟု ဆိုသည်... နုနုတို့လဲ ပြောမရသည်မို့ ညတိုင်းစားဖြစ်နေတာပင်... ခုလဲ မိုးမချုပ်သေးဘဲ စားဖို့ တအားတက်ကြွနေတာမို့ သခင်မလေးရှေ့ လက်ပူးလက်ကြပ်မိပြီလေ... နုနုမှာ အသက်ပင် ရှူထုတ်မရဲဘဲ နှစ်ယောက်ကို ကြည့်နေတုန်းမှ သခင်မလေးထံမှ အသံထွက်လာသည်...

"အဲတာကိုချပြီး နင်သွားတော့ နုနု..."

"ဟုတ်..."

ဗန်းကို စားပွဲပေါ်တင်ကာ ခြေသုတ်ကုန်ထွက်သွားသော နုနုကို ရွှေရုပ်က ခေါင်းပါ လည်အောင် အားကိုးတကြီး လိုက်ကြည့်နေမိသည်...အရှေ့ကို ပြန်လှည့်လာသော စ်ိုက်ကြည့်နေသော မမသစ္စာ...

"ငါ့ မမြင်ကွယ်ရာမှာ နေနေရတယ်ဆိုပြီး တအားလွတ်လပ်နေတယ်ပေါ့လေ ရွှေရုပ်..."

ဘာမှပြန်မပြောဘဲ မျက်လွှာချထားပေမယ့် မနာခံလိုသော အရိပ်တွေကို ရွှေရုပ်ထံမှာ မြင်နေရသည်... ဒီမျက်နှာကိုပဲ ကြည့်နေကြဖြစ်၍ ပါးဖောင်းဖောင်းလေးတွေ ချောင်ကျသွားတာကိုလဲ သိနေသလို ပိန်ကျလာသော ခန္ဓာကိုယ်သေးသေးလေးကိုလဲ သတိပြုမိနေသည်...

ရွှေရုပ်Where stories live. Discover now