အပိုင်း ၁၈

8.2K 600 21
                                    

Unicode

"မသွားပါနဲ့... "

"ရွှေရုပ်...မင်းကပါ ငါ့ကိုထပ်ပြီး ထားသွားလို့မရဘူးလေ..."

ကြေကွဲစွာပြောနေသည့်တိုင်အောင် အဖြူရောင်ပုံရိပ်လေးက မလှုပ်မယှက်...

"ငါမှားပါတယ်... ငါ့ကို ထားမသွားပါနဲ့..."

"ရွှေရုပ်..."

အိပ်ရာပေါ်ကနေ ငေါက်ခနဲ ထထိုင်မိရင်း ခြေလှမ်းတွေက ဘေးအခန်းဆီကို ဦးတည်မိသည်... ရေဆာသလို ပူလောင်ခြောက်ကပ်နေသည့် ခံစားချက်တို့သည် ကုတင်ပေါ်၌ ငြိမ်ငြိမ်သက်သက် လဲလျောင်းနေသည့် အရိပ်တစ်ခုကို မြင်မှ ပိန်းဖက်ပေါ်က ရေလျှောကျသကဲ့သို့ ညံ့သက်ပျောက်ကွယ်သွားသည်...

ရွှေရုပ်ရဲ့ကျောနောက်ကနေ ဝင်လှဲကာ နွေးနေသော ကိုယ်လေးကို တင်းတင်းကြပ်ကြပ်ဖက်ထားရင်း ဆံနွယ်တွေကြား မျက်နှာအပ်မိသည် ...

"ငါ့ကိုထားမသွားပါနဲ့ ရွှေရုပ်..."

တုန်ယင်နေသော ကိုယ့်အသံကို ကိုယ်တိုင် ထိန်းချုပ်ဖို့ ခဲယဥ်းနေသည်... ဒီဘက်ကို လှည့်ဖို့ ကြိုးစားနေသော ကိုယ်လေးကို အတင်းဖက်ထားကာ ကျောပြင်ကို မျက်နှာပြောင်းအပ်လိုက်သည်... သစ္စာသည် ရွှေရုပ်ရဲ့ မျက်နှာကို စေ့စေ့ကြည့်ဖို့စိတ်မရဲချေ...

"မင်းကို အတ္တတွေနဲ့ ထိန်းချုပ်ထားခဲ့ပေမယ့် ခုလဲအတ္တကြီးကြီးနဲ့ပဲ တောင်းဆိုရဦးမယ်...ငါ့ကို ထားမသွားပါနဲ့..."

ပူနွေးသော မျက်ရည်တို့က လိမ့်ဆင်းလာကာ ရွှေရုပ်ရဲ့ကျောပြင်၌ စိုစွတ်လာသည်...အပြစ်တွေများနေမှန်း သိပါရဲ့...ဒါပေမယ့် သူမရှိတဲ့အဖြစ်ကို စဥ်းစားဖို့တောင် မရဲ၍ အခြားသော အခြင်းအရာတွေအားလုံးကို လျစ်လျူရှုထားရသည်... ကိုယ့်ကို ဘယ်လိုမြင်နေမှာလဲဆိုတဲ့ အတွေးကိုလဲ တွေးဖို့မဝံ့ရဲ... မွန်းကြပ်နေသော ရင်အစုံသည် ဒီကိုယ်သေးသေးလေးကို လက်လွှတ်လိုက်ရလျှင် ပိုပြီး မွန်းကြပ်လာနိုင်ဖွယ်ရှိသည်...

တိတ်ဆိတ်နေသော ညအချိန်တွင် သစ္စာ၏ ရှိုက်သံသည် ကျယ်လောင်စွာ ထွက်ပေါ်လာသည် ... ရွှေရုပ်က သစ္စာဘက်သို့ အတင်းလှည့်လာကာ မျက်နှာကို စိုက်ကြည့်သည်...

ရွှေရုပ်Where stories live. Discover now