အပိုင်း (၉) (Uni+Zawgyi)

12.2K 818 23
                                    

မြတ်နိုးရသောပန်းတစ်ပွင့်
အပိုင်း (၉)

"ဟယ် ကံ့ကော်တွေပါလား"
နွေးတအံ့တသြဆိုရင်းယူကာ ပန်းတစ်ပွင့်ကိုနမ်းရှိုက်လိုက်မိသည်။
"တီချယ်ပန်ဖို့လာပေးတာ "ဟုဆိုလိုက်သူမှာတော့ နွေးရဲ့ပျော်ရွှင်မှုလေးလို့ပြောလို့ရသည့် မြင့်မိုရ်ပင်။

အဆောင်ဘေးကကံ့ကော်ပင်ကဘာကြောင့်ရယ်မသိကျောင်းဝန်းထဲကကံ့ကော်တွေထက်စောပြီးပွင့်တာကြောင့်မြင့်မိုရ်အမိအရပထမဆုံးခူးလာခြင်းပင်။ဒီကံ့ကော်ပွင့်တွေရဲ့ပွင့်ဖတ်ကပိုပြီးဖွေးသလိုအပွင့်လည်းကြီးလှသည်။ဟိုရက်ကစာကျက်ရင်းမတော်တဆအကြည့်ရောက်ပြီးကံ့ကော်တွေဖူးနေတာမြင်တာကြောင့်အရိပ်တကြည့်ကြည့်ဖြင့်ပွင့်မည့်ရက်ကိုစောင့်နေခဲ့ခြင်းပင်။ဒီနေ့ပွင့်ပြီမလို့စောစောထကာ ဘယ်သူမှမနိုးခင်အဆောင်အောက်ပြေးဆင်းပြီးတံချူဖြင့်ခူးကာ ချစ်ရတဲ့သူမကိုလာပေးပြီးပန်းတော်ဆက်ခြင်းသာ။

"မြင့်မိုရ်ဒါဘယ်ကခူးလာတာလဲ ကျောင်းထဲမှာမပွင့်သေးဘူးလားလို့"
"အဆောင်ဘေးမှာပွင့်နေတာတီချယ်အများကြီးတော့မဟုတ်ဘူးနည်းနည်းပဲပွင့်တာ ကျောင်းထဲကအပင်တွေလည်းပွင့်တော့မှာသိပ်မကြာခင်"
"ဟုတ်လား ကျောင်းထဲကအပင်တွေပွင့်ရင်အရမ်းလှမှာနော် မွှေးနေမှာပဲ"
"ဟုတ်တယ်တီချယ် ပန်းတွေပွင့်ရင်ညနေပိုင်းလမ်းလျှောက်ထွက်ကြမယ်လေ တီချယ်နဲ့အဖော်လိုက်ပေးမယ်"
"တကယ်နော်မှတ်ထားလိုက်ပြီသိလား ကံ့ကော်တွေပွင့်တာကြည့်ချင်တယ်" နှစ်ယောက်သားတစ်ယောက်ကိုတစ်ယောက်ကြည့်ကာပြုံးရင်း အတွေးကိုယ်စီဖြင့်သာ။

"တီချယ် ကံ့ကော်တွေရဲ့အဓိပ္ပါယ်ကိုသိလား"
"ဟင့်အင်းမသိပါဘူး အဲ့လိုမျိုးရှိတယ်လား"
"လူတွေမှာကိုယ်ပိုင်နာမည်နဲ့အဓိပ္ပါယ်လေးတွေရှိသလိုသူတို့တွေမှာလည်းရှိကြတယ်လေ တစ်ချို့ကနူးနူးညံ့ညံ့လေးတွေ တစ်ချို့ကတော့ ရင်နာစရာလေးတွေပေါ့"
"ဟုတ်လား အဲ့တာဆိုမြင့်မိုရ်ပြောပြလေ "
"ကံ့ကော်တွေပွင့်လို့သွားကြည့်ဖြစ်တဲ့နေ့ကျပြောပြမယ်လေ အကုန်လုံးကို"
"အွန်း..ဆရာမကစျေးကိုင်တော့လည်းစောင့်ရတော့မှာပေါ့"
"ဟီး.."
----
"ဟဲ့ ပြုံးစိပြုံးစိနဲ့ဘာဖြစ်နေတာလဲ "
"ငါ့ဘာသာဘာဖြစ်ဖြစ်ပေါ့ ပြုံးတာတောင်မပြုံးရဘူးလားမသိ"မြင့်မိုရ်ပွစိပွစိပြောကာ ကျောင်းသွားဖို့ပြင်နေလိုက်တော့သည်။တကယ်က ကိုယ့်ဘာသာ ပန်းပေးခဲ့ရတဲ့အဖြစ်ကိုတွေးပြီးကျေနပ်နေခြင်းပင်။ပေဖူးကိုတောင်ပန်းခူးပေးတဲ့ကိစ္စမပြောရသေးပေ။တော်ကြာသူ့ကိုမပေးလို့ဆိုပြီးကောက်နေမှာစိုးတာကြောင့်ပင်။
"သွားကြမယ် ဒီနေ့ အသင်းရှိတယ်ဟ"
"အေးပါအေးပါ သူဘဲရှိတာကျငါလည်းရှိတာပဲကို "
နှစ်ယောက်သားအခန်းသော့ခတ်ကာ စာသင်ဆောင်ဆီလာလိုက်ကြတော့သည်။အဆောင်ရောက်တော့ တံမြက်စည်းလှည်းကာ ဆရာမခုံတွေသန့်ရှင်းရေးလုပ်နေလိုက်မိသည်။ပေဖူးကတော့ သောက်ရေခွက်တွေဆေးတဲ့နောက်အဖော်အဖြစ်လိုက်သွားတာမလို့ မြင့်မိုရ်ထိုင်ခုံမှာထိုင်နေမိသည်။
"ပြန်လာပြီလား မြန်လိုက်တာ ငါတောင်ခုမှ သန့်ရှင်းရေးလုပ်ပြီးတာ"
"လူရှင်းတော့မြန်တာပေါ့ဟ လာလာ စကားမများနဲ့ငါစာကူးမလို့စာအုပ်အရင်ငှားပေးအုံး"မြင့်မိုရ်လည်းပေဖူးငှားတဲ့စာအုပ်ကိုထုတ်ပေးပြီး ကော်ရစ်တာဘက်ငေးမောနေရင်း တီချယ်ဒေါ်ယမင်းဖြူက ပြတင်းပေါက်ကနေ လက်လှမ်းပြတာမလို့မြင့်မိုရ်ထွက်လာလိုက်မိသည်။
"ဟိုနေ့က ကူပေးလို့မုန့်ဝယ်ကျွေးတာ"ဟုဆိုကာ မြင့်မိုရ်လက်ထဲ မုန့်ထုပ်ထည့်ပေးလာသည့်တီချယ်။
"တီချယ်ကလည်း မဝယ်ကျွေးလည်းရတာကို ပိုက်ဆံကုန်အောင်"
"မကုန်ပါဘူး နည်းနည်းပဲကို "
"ဒီဆရာတပည့်ဘာတွေငြင်းခုံနေကြသလဲ"အသံကြားရာကြည့်လိုက်တော့ ဒေါ်နွေးသဒ္ဓါပင်။မိုးပြာရောင်အကျီလက်ရှည်လေးကို အောက်က အနက်ရောင်ချိတ်ထဘီလေးနဲ့တွဲဝတ်ထားပြီး တစ်ပတ်လျှိုဆံထုံးလေးထုံးကာ ကံ့ကော်တွေကိုလှလှပပပန်ထားတာကြောင့် တစ်မျိုးလေးအလှပိုနေတော့သည်။ကတ္ထီပါ ဖိနပ်လေးနဲ့ကြွကြွရွရွလမ်းလျှောက်ပုံလေးက ယဥ်လွန်းလှတာမလို့မြင့်မိုရ်မျက်တောင်မခတ်တမ်းငေးကြည့်နေမိတော့သည်။
"မုန့်ဝယ်ကျွေးတာကိုငြင်းနေလို့နွေးရေ အဲ့တာပြောနေကြတာ "ဒေါ်ယမင်းဖြူပြောရင်းအကြည့်တွေက နွေးခေါင်းပေါ်က ကံ့ကော်တွေဆီရောက်သွားကာ..
"ဟယ် ကံ့ကော်တွေဘယ်မှာပွင့်တာလဲလှလိုက်တာ သူပဲပန်ထားတယ်"ပြောကာမျက်စောင်းလေးခဲတော့နွေးပြုံးလိုက်မိသည်။
"ကလေးတစ်ယောက်ပေးလို့ပါ ဟီး "တီချယ်နွေးစကားဆုံးတော့ တီချယ်ယမင်းရဲ့အကြည့်တွေက မြင့်မိုရ်ဆီသို့ရောက်ကာ
"အင်း အဲ့ကလေးဆိုတာ မြင့်မိုရ်မှဟုတ်ရဲ့လား"
ထိုသို့ဆိုတော့ တီချယ်ကမြင့်မိုရ်ကိုကြည့်ကာပြုံးရျ်သာနေပြီး မြင့်မိုရ်ကတော့ မလုံမလဲမျက်နှာဖြင့်သာ။
"ဟို ဟိုလေ ပန်းက သိပ်မပွင့်သေးလို့ပါတီချယ်ရဲ့ နောက်ကျ တီချယ်ဖို့ပါခူးပေးမယ်"မြင့်မိုရ်မျက်နှာချိုသွေးကာပြောတော့ တီချယ်ယမင်းကမျက်စောင်းခဲလျှက်သာ။တီချယ်နွေးကတော့ ကြည့်ပြီး ရယ်နေတော့သည်။
"ဒီတစ်ခါတော့ထားပါ နောက်တစ်ခါ မပါရင်တော့ ဟွန်း"
တီချယ်ယမင်းကပြောရင်းမြင့်မိုရ်ကိုရိုက်ရန်ဟန်ပြင်နေစဥ် နောက်မှ တစ်ယောက်ယောက်ကမြင့်မိုရ်ကိုအရှိန်​ဖြင့်ဝင်တိုက်လိုက်တာကြောင့် ဟန်ချက်ပျက်ကာ လဲမလိုဖြစ်သွားပြီး တီချယ်နွေးကလှမ်းဆွဲလိုက်တာကြောင့်တီချယ့်ရင်ခွင်လေးထဲ မြင့်မိုရ်ကိုယ်လုံးလေးဝင်သွားမိတော့သည်။တစ်ယောက်မျက်နှာတစ်ယောက်အတန်ငယ်စိုက်ကြည့်မိနေပြီးမှသတိဝင်ကာနှစ်ယောက်လုံးမျက်နှာလွှဲပြီး ပုံမှန်တိုင်းရပ်ဖို့ဟန်ပြင်ကာ မြင့်မိုရ်လည်းတီချယ်နွေးရင်ခွင်ထဲကထွက်ဖို့ပြင်လိုက်မိတာကြောင့်နွေးလည်းလက်လွှတ်လိုက်မိတော့သည်။
"အမေ့....အာ့"မြင့်မိုရ်ခြေခေါက်သွားတာမလို့ ရုတ်တရက်နွေးလွှတ်လိုက်တော့လဲကျမလိုဖြစ်တာကြောင့် နွေးအမြန်ပင်ပြန်လှမ်းထိန်းပြီးဆွဲလိုက်ရသည်။
"ရရဲ့လား မြင့်မိုရ် ခြေခေါက်သွားပြီထင်တယ်"ပေဖူးလည်းရောက်လာကာမြင့်မိုရ်ကိုဝင်တွဲပြီးခုံပေါ်ထိုင်စေလိုက်သည်။
"တီချယ်အဲ့တာ မြင့်မိုရ်ကိုတမင်တိုက်တာသိလား မတော်တဆမဟုတ်ဘူး"ပေဖူးကမကျေနပ်စွာပြောလိုက်လေသည်။
"တော်ပါ ပေဖူးရာ မတော်တဆပါ မဟုတ်လည်းထားလိုက်ပါ ငါစကားမများချင်ဘူး"မြင့်မိုရ်သိပြီးသားပင်။ဒါတမင်သက်သက်လုပ်မှန်း။မြင့်မိုရ်ရပ်နေတာကြာလှပြီမမြင်ဘူးဆိုတာမဖြစ်နိုင်။အရှိန်လည်းတအားပြင်းတာ​ကြောင့် တမင်တိုက်မှန်းသိသာလှသည်။ဘယ်သူလဲဆိုတာကတော့မေးစရာမလို။နွယ်ခက်ဝေရဲ့အပေါင်းအပါတွေပင်။
"သမီးရရဲ့လား တီချယ်နှိပ်ပေးရမလား"
"အာရတယ်ရတယ်တီချယ် ခဏနှိပ်ပြီးခါလိုက်ရင်ရသွားမှာ တီချယ်တို့နှစ်ယောက်သွားစရာရှိတာသွားကြလေနော်"မြင့်မိုရ်ပြောတော့နွေးတို့လည်းထွက်လာလိုက်တော့သည်။နွေးကတော့မြင့်မိုရ်ကိုစိတ်မချစွာလှည့်ကြည့်လှည့်ကြည့်ဖြင့်သာ။
"ခလုတ်တွေတိုက်တော့မှာပဲနွေးရယ် ကျန်ခဲ့ရင်လည်းကျန်ခဲ့ပါ"မယမင်းကပြောတော့နွေးရှက်ကာမျက်နှာလေးပင်ရဲသွားတော့သည်။
"ဟာ အစ်မကလည်း နွေးကဒီတိုင်းပါ"
"ဟယ် ဘယ်သူက ဘာပြောနေလို့လဲ ခလုတ်တိုက်မယ်ပဲပြောတာကို သူ့ဘာသာအတွေးလွန်နေပြီး"
"ဟာ မလွန်ပါဘူး သွားတော့မယ် စာသင်ချိန်ရှိတယ်"
"ဟား ဟား သူ့ဘာသာဘာတွေတွေးနေလဲမသိရှက်နေပြီး သူများလွှဲချနေတယ်"
နွေးလည်းကိုယ့်အကြောင်းကိုယ်သာသိမလို့ ဘာမှမပြောဘဲ ရှက်ပြုံးပြုံးကာထွက်လာလိုက်မိတော့သည်။
နေ့လည်ကျောင်းဆင်းတော့ ပထမနှစ်မှကလေးမတစ်ယောက်ရောက်လာကာ မြင့်မိုရ်ကိုဆေးဘူးလေးလာပေးသွားသည်။တီချယ်ဒေါ်နွေးသဒ္ဓါလူကြုံပေးလိုက်လို့ဆိုတာကြောင့်မြင့်မိုရ်​ကျေနပ်နေမိတော့သည်။ဆေးဘူးကိုဖွင့်ကာဆေးလိမ်းလိုက်ပြီးကျကျနနသိမ်းကာ အိတ်ထဲထည့်ထားလိုက်မိသည်။မျက်နှာမှာလည်းအပြုံးရိပ်တွေဆင်မြန်းမိတော့သည်။

🌼မြတ်နိုးရသောပန်းတစ်ပွင့်🌼(Completed)Opowieści tętniące życiem. Odkryj je teraz