CH - 42

3.4K 568 5
                                    


စုန့်ယွင်ရန် ခင်မျာ စွပ်ပြုတ်လေးပင် ဆက်မသောက်နိုင်ရှာတော့ပေ..။
တုန်ယင်ခြောက်ခြားနေသော လေသံလေးနှင့် “ တကယ်ပဲ အဖေ အဲ့လူကို သတ်ချင်တာ လားဟင်..? အဖေ….  အဖွား အသက်ရှိနေတုန်းက ပြောတာကြားဖူးတယ်… အဖေ ငယ်ငယ်တုန်းက ငါးကိုတောင် မသတ်ရဲဘူးဆို… အခုကျတော့ လူတောင် သတ်ရဲသွားပြီလား…?”
စုန့်ကျီဒုန် သည် ရှံ့ချလိုဟန်ဖြင့် နှာခေါင်းရှုတ်ပြလိုက်ပြီး … “ ကိုယ်တိုင် သွားသတ်ပါ့မယ်လို့ မင်းကို  ဘယ်သူ က ပြောလို့တုန်း ….”
လောင်စုန့်တွင် စီးပွားရေးလောက မှ အနားယူပြီး အွန်လိုင်းစာပေလောက ကို နှစ်သက်မြတ်နိုးသော  အွန်လိုင်းစာပေဖန်အကြီးစား သူငယ်ချင်းကောင်းရောင်းရင်းကြီး တစ်ယောက်ရှိလေသည်..။သူသည် အွန်လိုင်းစာပေ အား စိတ်မဝင်စားသော်ငြား ထို သူငယ်ချင်း အိမ်သို့ အလည်သွားချိန်တိုင်း နားမထောင် ချင်သော်ငြား  အွန်လိုင်းစာပေ အမောင်ဖန်ကြီးက ဇာတ်လမ်းထဲမှ ကောင်းနိုးရာရာ အတိုအထွာ လေးများအား အတင်းနားထောင် ခိုင်းလေ့ရှိသည်..။
ထိုဇာတ်လမ်းများအား ကြိုက်နှစ်သက်သည့် သူငယ်ချင်းကြီးအား လောင်စုန့် ထိုအချိန်က နားမလည်ခဲ့ ပေ.. ။ စီးပွားရေး လောကတွင် လူအများ မော့ကြည့်ရလောက် အောင် လျှမ်းလျှမ်းတောက် ကျော်ကြား ကာ လူလေးစားခံရသည့် ထိုအမောင်သူငယ်ချင်းသည် လူမသိသည့် တစ်ဖက်ခြမ်းတွင်  စိတ်ကူးယဉ် ဝတ္ထုများအား ကြိုက်နှစ်သက်သည့် ဖန်အကြီးစား ဖြစ်နေသည်ကို ယခုအချိန်တွင် ကျေးဇူး ရှယ်တင်မိ သွားလေပြီ..။လောင်စုန့်၏ နှလုံးသား နက်နက်တစ်နေရာတွင် ထို သူငယ်ချင်းသည်ကား ကျေးဇူးရှင် သဖွယ် ပုံရိပ်ထင်သွားလေပြီ.. အကြောင်းရင်းသည်ကား သူ့သား ၏ စိတ်ကူးယဉ်ဇာတ်လမ်းအား သူ နောက်ကောက်ကျကျန်မနေခဲ့ဘဲ သားဖြစ်သူထံမှ ဆရာ အလုပ်ခံရပဲ လက်တန်း ဆွေးနွေးနိုင်လိုက်၍ ပင်…
စုန့်ကျီဒုန်သည် သူ သိထားသည့်အတွေ့အကြုံ တချို့အား  အနည်းငယ် ပြန်လည်စဉ်းစား သုံးသပ် ပြီးနောက် “ အဖေ နားလည်ပြီ.. ငါ့သား ထုတ်လုပ်ချင်နေတဲ့ ဇာတ်လမ်းက သားရဲ့ အန်ကယ်ကျိုး ဟိုတစ်ခါတုန်းက  အရမ်းကြိုက်ခဲ့ တဲ့ "Grassroots Counterattack"  လို လက်စားချေတဲ့ ပုံစံမျိုးမလား.. ဇာတ်လိုက်မင်းသား က ခြေဗလာ လက်ဗလာကနေ  လျှမ်းလျှမ်းတောက် ကျော်ကြား  သွားတာလေ…အဲ့ကားက ဗီလိန်လုပ်တဲ့ ဇာတ်ကောင်က ချမ်းသာတဲ့ သူဌေးလေကွာ…အစကဆို ဇာတ်လိုက်မင်းသားက အဲ့ဗီလိန်ကို နိုင်နိုင်ချေကို တစ်စက်မှ မရှိဘူးလေကွ..”
စုန့်ယွင်ရန် : “ …ဗီလိန် လို ယုတ်မာတဲ့လူမျိုး မဟုတ်ပါဘူးဆို…”
စုန့်ကျီဒုန် သည်ကား ရှောင်စုန့် စကားအား နားထဲပင် မဝင်…
“ဒါပေမဲ့ တစ်ခုရှိတာက ဇာတ်လိုက်မင်းသားက ပြန်မွေးဖွားလာတဲ့ ဇာတ်ကောင်ဆိုတာကို မေ့ထားလို့ မရဘူးလေ…သူက အရင်ဘဝမှာ ချမ်းသာ ခဲ့ဖူးတဲ့ အတွေ့အကြုံ လည်း  ရှိခဲ့ပြီးပြီ.  အနာဂတ်ကိုလည်း ကြိုသိထားသေးတယ်…အစပိုင်းမှာတော့ အဲ့  ဇာတ်လိုက်မင်းသားက လူမသိ သူမသိအောင် Low profile နဲ့ နေမှာပဲ…အဲ့လို နေနေတဲ့ အချိန်မှာ ဗီလိန်ရဲ့ အားနည်းချက်တို့.. တခြား လူမသိစေချင်တဲ့ အကြောင်းအရာတွေတို့ကို လိုက်ပြီး စုဆောင်းနေမှာ…ပြီးမှ အချိန်ကျပြီ သင့်တော်တဲ့ အချိန်ရောက်ပြီ ဆိုမှ ဗီလိန်ကောင်ရဲ့ ကုမ္ပဏီကို ဘန်း ဆိုပြီး တစ်ချက်တည်း ရိုက်ချ ဖျက်စီးပစ်မှာပေါ့ဟ...”
စုန့်ယွင်ရန်၏ မျက်စိထဲတွင် ဂလက်ဆီ အင်တာတိန်းမန့် တစ်ခုလုံး ပြိုလဲသွားပြီး မှောင်မဲနေ သော သူ၏ အနာဂတ်အား မြင်လိုက်ရရှာ၏.။
ထို့နောက် တုန်တုန်ယင်ယင်နှင့် မေးခွန်းထုတ်ရှာလေသည်…                                                  “ပြီးတော့ရော… ဘာဆက်ဖြစ်မှာလဲဟင်..?”
“ပြီးတော့…ဗီလိန်က နာကျင်လွန်းလို့ သေလိုက်တာက အသက်ရှင်ရတာထက် ကောင်းတယ်ဆိုပြီး ဖြစ်မှာပေါ့ကွ… နေစမ်းပါဦး… ဒီလိုကား ထုတ်လုပ်မယ်ဆိုပြီး ဘာလို့ ဒီလို ဇာတ်သိမ်းမျိုးကို မင်း မစဉ်းစား မိထားတာလဲဟ..”
စုန့်ကျီဒုန်သည် လောင်စုန့်အား မင်းအတော်တုံးပါလားဟု အဓိပ္ပါယ်ရှိသော အကြည့်ကြီးဖြင့် မနှစ်မြှို့ ဟန် ကြည့်လိုက်ပြီး “ ငါ့သား မင်းအဖေ့ထက် ဇာတ်လမ်းတွဲတွေကို ပိုကြည့်ဖြစ်တယ် မလား.. အဲ့ထဲမှာ ပါတဲ့ အတိုင်း ဗီလိန်ဇာတ်ကောင်ကို တိုက်ပေါ်က ခုန်ချပြီး သေကြောင်းကြံစည် ခိုင်းတာပဲ ဖြစ်ဖြစ်… မြစ်ထဲဆင်းသွားပြီး  ပျောက်ကွယ်သွား ခိုင်းတာပဲ ဖြစ်ဖြစ် မင်း ကြိုက်ရာ ရွေးပြီး အဆုံးသတ် ပေးလိုက် လေ..”
အန်..? ဒါဆို ကျွန်တော်က ကျွန်တော် ကြိုက်တဲ့နည်း သုံးပြီး သေကြောင်း ကြံလို့ရတယ်လို့ ဆိုလိုတာလားဟင်…ဟု စိတ်ထဲမှ တွေးလိုက်လေသည်.။
ရှောင်စုန့်လေးခမျာ အထိတ်တလန့်နှင့် ကြောက်ရွံ့သွားရှာလေပြီ…
လောင်စုန့်၏ စကားများသည်ကား ဖြစ်နိုင်ချေရှိသည် ဟု သူထင်၏..။ ချင်ကဲ၏ လက်ရှိအခြေအနေ များမှာလည်း လောင်စုန့်ပြောသော လမ်းကြောင်းပေါ် မူတည်နေသည်ဟုလည်း  သူထင်သည်..။
စုန့်ကျီဒုန်သည်ကား ပထမ ဦးဆုံးအကြိမ်အဖြစ် ဇာတ်လမ်းရေးသားခြင်း ဖြစ်သော်လည်း သူ၏ ဉာဏ် ကွန့်မြူးနိုင်သည့် အနေအထားမှာ တော်ရုံမဟုတ်ပေ…
လောင်စုန့် တစ်ယောက် စွပ်ပြုတ်ကိုပင် ပလစ်လိုက်ကာ အနည်းငယ်တွေး၍ ဆက်ပြောလေတော့သည်.
“ဒါပေမဲ့ … အဖေ ကြားထားတဲ့ အတိုင်းဆို.. ဇာတ်လမ်းတွဲတွေရဲ့ ဆင်ဆာ က အရမ်းကြပ်လာတယ်ဆို.. ဒီလို ဗီလိန်က ကိုယ့်ကိုယ်ကို သတ်သေသွားပါတယ် ဆိုတဲ့ အဆုံးသတ်က ဆင်ဆာ လွတ်ဖို့ ခက်လိမ့် မယ်နော်… ဇာတ်လိုက်မင်းသားက ဗီလိန်ကို ထောင်ထဲပို့လိုက်တယ် ဆိုတဲ့ အဆုံးသတ်ပုံစံမျိုး စီစဉ် ကြည့်ရင်ရော…အဲ့လိုဆို တို့နိုင်ငံရဲ့ ဥပဒေကို ဖောက်ဖျက်ရာ လည်းမကျတော့ဘူးလေ..”
“…. အဖေ..သား အိပ်ယာဝင်တော့မယ်… good night ပါ "
စုန့်ယွင်ရန် စားပွဲ အစွန်းလေးအား အားပြုကာ ထရပ်လိုက်ပြီး.. အိမ်အကူအား မိုနီကာကို သူ့ အခန်းထဲ ပို့ပေးရန် မမေ့မလျော့ ညွှန်ကြားလိုက်လေသည်….  ယနေ့ညအတွက်  ပူပန်နေသော သူ့စိတ်လေးအား ဖြေသိမ့်နိုင်ရန် အမွေးပွပွလေး လိုအပ်နေလေပြီ…
စုန့်ကျီဒုန် တစ်ယောက် အပေါ်ထပ်သို့ တက်သွားသော သားတော်မောင်အား လိုက်ကြည့်ရင်း ပဟေဌိ ဖြစ်နေရှာလေသည်..။
ဘာများ ဖြစ်သွားလို့လဲ မသိ… ငါပြောတဲ့ ဇာတ်လမ်းက အရမ်းများ ကြမ်းသွားလို့များလား.?
ပြောသာပြောရတာ… ဇာတ်လမ်းရေးရတာ စိတ်လှုပ်ရှားစရာတော့ ကောင်းသား…..
ညဆယ်နာရီ အချိန်တွင် … စုန့်ယွင်ရန် သည် ရေချိုးရာမှ ထွက်လာပြီးနောက် မိုနီကာ သည် သူ့ အိပ်ယာ ပေါ်တွင် လိမ်လိမ်မာမာနှင့် လှဲနေသည်ကို တွေ့လိုက်ရလေသည်..
အိပ်ယာထဲသို့ ခုန်ဝင်လိုက်ကာ… မိုနီကာအား ခပ်တင်းတင်း ပွေ့ဖက်လိုက်ပြီး…ရင်နာမှုလေး အနည်းငယ် လျော့ပါးစေရန် သက်ပြင်း တစ်ချို့ မှုတ်ထုတ်လိုက်လေသည်..။
ပြီးသွားပြီ.. အကုန်လုံး အဆုံးသတ်သွားပြီ…. ရေချိုးနေစဉ်အတွင်း ချင်ကဲ ၏ အဖေ ဖြစ်ရေး သူ၏ အိပ်မက် မျိုးစေ့လေးသည် ဘယ်လောက်ပင် ပြုစုပျိုးထောင် စိုက်ပျိုးခဲ့ပါစေ ရိတ်သိမ်းရန် ခက်ခဲ သွားပြီ ဖြစ်ကြောင်း သဘောပေါက်သွားလေပြီ..
ဒီရက်များ အတွင်းတွင် သူသည် ချင်ကဲအား ထိုအကြောင်းကိုပင် ထုတ်ပြောကာ ဆူလိုက်ပူလိုက်နှင့် လျှပ်စီးမိုးကြိုးများ ပစ်ခဲ့လေသေး၏.။
မိုနီကာလေးခင်မျာ အမြှီးလေးအား လှုပ်ရမ်းကာ ချစ်စဖွယ်ကောင်းအောင် ပြုမူနေရှာသည်ကို ရှောင်စုန့် မြင်သော် သူ၏ နှလုံးသားထဲတွင် ပူပန်မှုကြီးက ရုန်းကြွလာပြန်ရှာသည်..။
တကယ်လို့ ချင်ကဲကလည်း ပြန်မွေးဖွားလာတဲ့ လူဆိုရင် သူ့ကို ငါ ခွေးနဲ့မှားမိတဲ့ ကိစ္စကို လုံးဝ ကျေနပ်မှာ မဟုတ်လောက်ဘူး…. သူ လက်စား ချေတဲ့ အချိန်ကျရင်  မိုနီကာကိုပါ ရောင်းစားပစ်လိုက် လေမလား…?
မဖြစ်သေးဘူး…. ဒီလို ငြိမ်ငြိမ်ထိုင်ပြီး သေမယ့်အချိန်ကို ထိုင်မစောင့်နိုင်ဘူး…
စုန့်ယွင်ရန်သည် လေထဲတွင် ကန်ကျောက်လိုက်ကာ သူ၏ အဖေ ဖြစ်ရေးအိပ်မက်လေးအား အဝေးသို့ ပစ်လိုက်ရှာလေ၏..။အခု အချိန်တွင် သူ၏ ဦးစားပေး ကိစ္စမှာ ချင်ကဲ၏ ဒေါသရေချိန်မှတ်အား လျှော့ချနိုင်ရေး ဖြစ်သွားလေပြီ…
တကယ်လို့ ငါ ငါ့ကိုယ်ငါ မကယ်နိုင်ဘူးဆိုရင်တောင် ငါ့နဲ့ အတူကြီးပြင်းလာတဲ့ မိုနီကာကိုတော့ မနာကျင်ရအောင်  လုပ်ပေးရမယ်….
( T/N -  ဘေဘီစုန့်ကနော် သိပ် စိတ်ရင်းကောင်းရှာတာ…)
ဖုန်းကင်မရာအား ဖွင့်ကာ မိုနီကာ၏  ဓါတ်ပုံများ အား ရိုက်လိုက်လေ၏.။
ပြီးနောက် ထိုထဲမှ အလှဆုံး ကြည့်အကောင်းဆုံး ပုံတစ်ပုံအား ရွေးကာ ချင်ကဲထံ ပို့လိုက်လေတော့ သည်..
{ဒါ ကျွန်တော် ခင်ဗျားကို ပြောဖူးတဲ့ မိုနီကာလေ… ချစ်စရာ ကောင်းတယ်မဟုတ်လား..?}
ချင်ကဲ တစ်ယောက် ရိုက်ကူးရေးတွင်သာ ရှိဦးမည်ဟု ရှောင်စုန့်ခန့်မှန်းမိပြီး သူ၏ ပြန်စာအား မစောင့်တော့ပေ…
ခေါင်းအုံးပေါ် ပြန်လှဲလိုက်ပြီး မကြာမီပင် ကမ္ဘာ့အလေးဆုံး အရာဖြစ်သည့် မျက်တောင်များ ပိတ်ကျသွားကာ အိပ်ပျော်သွားရှာလေတော့သည်..။
အချိန်မည်မျှ ကြာအောင် အိပ်ပျော်သွားသည်မသိ သူ၏ အခန်းတံခါး ဖွင့်သံအား ကြားပြီးနောက် နိုးသွားပြီး အိပ်ချင်မူးတူးဖြစ်လေတော့၏.။
ငါ့ရဲ့ ခွင့်ပြုချက်မရှိဘဲ ငါ့ အခန်းထဲ ဝင်လာတာ ဘယ်သူပါလိမ့်…
မကျေမနပ်နှင့် ဗျစ်တောက်ဗျစ်တောက် ရေရွတ်ကာ ခန္ဓာကိုယ်အား လှည့်ပြီး မိုနီကာ ရှိရာသို့ လက်လှမ်းလိုက်လေသည်..
သို့သော်  မိုနီကာသည်ကား ထိုနေရာတွင် မရှိတော့ …. မိုနီကာ ဘက်ရှိ အိပ်ယာခင်းသည်ကား အေးစက်နေလေပြီ…
မိုနီကာ မရှိတော့ဘူး….!
စုန့်ယွင်ရန်သည် အလန့်တကြားနှင့် ကျုံးရုန်းထလိုက်ချိန်တွင် သူ့အခန်းထဲ၌ လူ အချို့အား မြင်လိုက်ရလေသည်..။
လက်ထောက်တန်သည် ဝမ်းနည်းနေသော မျက်နှာနှင့် မိုနီကာအား ပွေ့ပိုက်ထားပြီး…. ကျုံးရှောင်ဖန်း သည်ကား အဓိပ္ပါယ်ဖော်ရန် ခက်ခဲသော မျက်နှာအမူအယာနှင့် သူ့(ရှောင်စုန့်) အား ကြည့်နေလေသည်. သူတို့နှစ်ယောက်၏ အလယ်တွင်မူ အရပ်မြင့်မြင့် တောင့်တောင့်ဖြောင့်ဖြောင့်လူတစ်ယောက် ရပ်နေလေ သည်…..
မျက်လုံးအား ပွတ်လိုက်ကား တစ်ချက်ပြန်ကြည့်လိုက်လေရာ  ထိုအရပ်မြင့်မြင့်လူမှာ ချင်ကဲ မှ တပါး အခြား မရှိနိုင်ကြောင်း သိသွားရှာလေပြီ….
“ခင်ဗျား ကို ဘယ်သူက ဒီအခန်းထဲ ဝင်ခွင့်ပေးလိုက်တာလဲ..?” ဟု စုန့်ယွင်ရန် မကျေမနပ်နှင့် မေးလိုက် ၏..။
“ ရိုက်ကူးရေး လုပ်နေတာ မဟုတ်ဘူးလား..?... ရန်စီးတီးကို ဘာလို့ပြန်လာရတာလဲ…?ဘာလဲ ဒီ အဖေ အတွက် ပိုက်ဆံ ရှာမပေးချင်တော့တာလား…?”
ချင်ကဲသည် သူ့အား စိုက်ကြည့်ကာ နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး မည်သည့် စကားမှ မဆိုပေ..
လက်ထောက်တန် က အထစ်အထစ်နှင့် ဆိုလာလေသည်….
“ရှောင်… ရှောင်စုန့်လေး… ကျွန်တော်တို့ ဂလက်ဆီ ဒေဝါလီ  ခံလိုက်ရပြီ…”
စုန့်ယွင်ရန် :   “….???”
“ သူ့ကို မစ္စတာစုန့်လို့ ခေါ်စရာ မလိုတော့ဘူး ဟုတ်တယ်မလား..?” ချင်ကဲ စကား ဆိုလာလေပြီ..
သူ၏ လေသံမှာ သူ၏မူပိုင်အတိုင်း အေးစက်စက်နှင့်ပင်…
“ကျုံးရှောင်ဖန်း သူ့ကို မေးကြည့်လိုက်….ခေါင်မိုးပေါ်က ခုန်ချချင်လား… ဒါမှမဟုတ် မြစ်ထဲကို ခုန်ချ ချင်သလားလို့….”
ပုံမှန်ဆိုလျှင် ကြက်လေး ငှက်ကလေး သတ်ဖို့ပင် အားမရှိသည့် အမောင် ငဝိ(weak) ကျုံးရှောင်ဖန်းသည်ကား လက်သီးတဆုပ်ဆုပ်နှင့်  အရိုးထဲမှ အားထွက်လာပုံဖြင့် ရှောင်စုန့်ထံသို့ စောင့်ကြွားကြွား လျှောက်လာ လေတော့သည်..။
စုန့်ယွင်ရန်သည် အလန့်တကြားဖြစ်နေရာမှ ဖုန်းသုံးကာ ရဲခေါ်ရန် သတိဝင်သွားတော့သည်… သို့ရာတွင် သူ့ ပတ်ဝန်းကျင်၌ ဖုန်းနှင့်တူသည့် အရိပ်အယောင်ပင် မမြင်ရပေ..။
အိမ်ရှိ အိမ်အကူများလည်း ဘယ်ရောက်လို့ ဘယ်ပေါက်သွားသည် သူမသိ…. ထို့ကြောင့် အလောတကြီး ထွက်ပြေးရန် ပြင်လေတော့၏..။ စောင်နှင့်လုံးထွေးကာ ကျသွားသဖြင့် ဖြစ်ပေါ်လာသည့် နာကျင်မှုကို ပင် ဂရုမထားနိုင်… အရှက်တရားအား ဘေးချလိုက်ကာ အပြင်သို့ ပြေးထွက်လိုက်လေသည်…
ကျုံးရှောင်ဖန်းသည်ကား တယ်လီပို့နည်း သုံးလိုက်သကဲ့သို့ သူ့ပြေးလမ်းတွင် ကြိုရောက်နေကာ တံခါးဝ အား ပိတ်လိုက်ပြီး သွားကြားထဲမှ လေသံနှင့်မေးလိုက်လေသည်..။
“မင်း ဘာမှား ခဲ့တယ်ဆိုတာ သိလား..?”
“ငါ ဘာမှားတာ လုပ်ခဲ့မိလို့လဲ..?”ဟု စုန့်ယွင်ရန် ဒေါသတကြီး မေးလိုက်၏..
“မင်းတို့က ညကြီး မင်းကြီး ငါအိမ်ကိုလည်း ကျူးကျော်လာသေးတယ်… ငါ့ကို ဘာမှားလည်း မေးသေးတယ်ပေါ့ ဟုတ်စ..?”
ကျုံးရှောင်ဖန်းသည် အထင်အမြင်သေးသည့် လေသံနှင့် “ ကြည့်ရတာ …အခုထိ မင်း ဘာမှားခဲ့သလဲ ဆိုတာ သိပုံမရသေးဘူးကိုး…”
စုန့်ယွင်ရန်အား ကျော်ကြည့်လိုက်ကာ “ ငါ ဘာလုပ်လိုက်ရမလဲ…?”
စုန့်ယွင်ရန်၏ နောက်ကျောဘက်မှ  အေးစက်စက်နှင့် ရှင်းလင်းပြတ်သားသည့် အသံ တစ်သံ ထွက်လာလေသည်..
“အဲဒါဆိုလည်း သူ့ကို ပစ်ချလိုက်တော့ပေါ့ဟ…”
စုန့်ယွင်ရန် ခမျာ ဒေါသစိတ်လေးများ ပျောက်ကွယ်သွားရှာကာ ချွေးအေးများပင် ထွက်လာလေတော့ သည်….  စုန့်ယွင်ရန်ခမျာ ခေါင်းလှည့်ကာ လက်ထောက်တန်အား အားကိုး တကြီး ကြည့်လိုက်လေ သည်.. သူ၏ တစ်ခုတည်းသော အားကိုးရာကြီး ဖြစ်သည့် လက်ထောက်တန်သည် ခေါင်းကြီးအား ငုံ့ ထားကာ မျက်မှန်အား နက်ကတိုင်ဖြင့် သုတ်နေလေတော့သည်… ပြင်ပမှ အသံများအား မကြားနိုင် လောက်အောင် မျက်မှန်သုတ်သည့် နေရာတွင် စိတ်နှစ်ထားဟန်ရှိ၏.။
သူ တစ်သက်လုံး နေခဲ့သည့် သုံးထပ်ဗီလာသည်ကား ယခုအချိန်တွင်မှ အရမ်းမြင့်နေသယောင်ပင်..
စုန့်ယွင်ရန်သည် အားအင်အပြည့်ဖြစ်နေသည့် ကျုံးရှောင်ဖန်း ၏ လက်တွင်းသက်ဆင်းသွားရရှာကာ ပြတင်းပေါက်ဆီသို့ ဆွဲခေါ်သွားခံရလေသည်…. ပြတင်းပေါက် ပေါ်မှ ပြုတ်မကျစေရေး အစွမ်းကုန် ကြိုးစားရုန်းကန်ရှာသော်လည်း ကျုံးရှောင်ဖန်း၏ အင်အားအား ရှောင်စုန့် မယှဉ်နိုင်ရှာ…အဆုံးတွင် သူကြိုးစားပမ်းစား ဆုပ်ကိုင်ထားသော ပြတင်းအစွန်းအား လက်လွှတ်လိုက်ရကာ အောက်သို့ ပြုတ်ကျ သွားရှာလေတော့သည်.။
သူ အဆောက်အဦးပေါ်မှ ပြုတ်ကျကျခြင်းပင် ချင်ကဲ၏ စကားသံအား ကြားလိုက်ရလေသည်..
“ မိုနီကာ က ချစ်စရာ အတော်ကောင်းတာပဲ…အခုအချိန်ကစပြီး သူက ငါ့အပိုင် ဖြစ်သွားပြီ…”
“မလုပ်နဲ့-- !”
ငိုသံပါပါ အော်ဟစ်သံ တစ်သံ စုန့်ယွင်ရန်အိပ်ခန်း  ဆီမှ ထွက်လာလေတော့သည်..။
ရှောင်စုန့် တစ်ယောက် မျက်လုံး ဖွင့်လိုက်ချိန်တွင် သူသည် သူ့ကိုယ်ပိုင် အိပ်ခန်း တွင် လှဲလျှက်သာ ရှိနေသေးကြောင်း သိသွားလေသည်…မိုနီကာ သည်ကား သစ္စာရှိရှိ ဖြင့်ပင် သူ့အိပ်ယာပေါ်တွင် လှဲနေကာ အမွှေးပွပွ လေးအား လျှက်နေလေ၏..။
တော်သေးတာပေါ့…. အိပ်မက်ဖြစ်နေလို့…..
အောက်ထပ်တွင် ရှိနေသော အိမ်အကူ တစ်ယောက်သည်ကား အပေါ်ထပ်သို့ ဇဝေဇဝါ ဖြစ်ဟန်ဖြင့် လှမ်းကြည့်ကာ မေးရှာလေ၏..။
“စုန့်သခင်ကြီးရှင်… သခင်လေးအော်တဲ့အသံ ကြားလိုက်လားဟင်…?”
“ဂိမ်းကစားပြီး ရှုံးပြန်လို့ အော်တာဖြစ်မှာပေါ့” စုန့်ကျီဒုန်သည်ကား အေးအေးသက်သာပင် ဘဏ္ဍာရေး မဂ္ဂဇင်းအား ဖွင့်ဖတ်ကာ ဆိုလိုက်လေ၏..
“သူ့ အတွက် ပူမနေစမ်းပါနဲ့…”
ဂိမ်းကစားရန် စိတ်ကူးပင် မရှိ …ဂိမ်းများအား လက်ဖျားလေးနှင့် ထိမနေရှာသော ရှောင်စုန့်လေးမှာ အကြောက်တရာများကြား နစ်မြှုပ်နေရှာ၏…မိုနီကာအား ကြောက်လန့်တကြားနှင့် တင်းတင်း ကြပ်ကြပ်ကြီး ဖက်မိထားလေရာ မိုနီကာမှာ စိတ်ကျဉ်းကြပ်ကာ မပျော်မရွှင် ဖြစ်သွားပြီး သူ့လက်မောင်း ကြားမှ ခုန်ထွက်သွားလေသည်… ထိုအချိန်မှသာ ရှောင်စုန့်တစ်ယောက် သတိပြန်ဝင်လာကာ နှလုံးခုန် နှုန်းများ တည်ငြိမ်သွားရှာလေ၏..။
နံရံတွင် ချိတ်ထားသော နာရီမှာ 11 နာရီတိတိ ရှိပြီ ဖြစ်ကြောင်း ပြသနေလေသည်… ချင်ကဲဆီသို့ သူ စာပို့ထားသည့် အချိန်နှင့် မိနစ်အချို့သာ ကွာနေသေးလေသည်…
သူ့ဖုန်းအား တစ်ချက်လှမ်းကြည့်လိုက်ရာ ချင်ကဲ ထံမှ ပြန်စာ မရသေးပေ…
သို့ရာတွင် အစစ်အမှန်ကဲ့သို့ ခံစားရသည့် အိပ်မက်ဆိုးကြောင့် သူ ကြာကြာ မစောင့်နိုင်တော့ပေ..
သူ၏ အိပ်မက်မှာ ကြိုတင်နမိတ်ပြ အိပ်မက် မဟုတ်ပါဟု  အာမခံနိုင်သူ မရှိလောက်ပေ…
မိုနီကာသည်ကား သူ့အား ပလစ်၍ ထွက်သွားပြီ ဖြစ်လေရာ မိုနီကာ၏ အမွေးပွပွ​လေးအစား သူ့ ခေါင်းရှိ ဆံပင်များကိုသာ ရှုပ်ပွအောင် ဖွလိုက်လေတော့သည်..။
အတော်ကြာ တွေးပြီးနောက် သေခြင်းတရားသည်ကား သူနှင့်နီးကပ်လာပြီဟု ခံစားလိုက်ရ၏..
မည်သို့ပင် ဆိုစေကာမူ သူ့အဖေကဲ့သို့ ကြင်နာတတ်သော နှလုံးသားပိုင်ရှင် လူရည်မွန်ကြီးပင် ဗီလိန်အား လက်စားချေရန် နည်းလမ်းပေါင်းစုံ တွေးမိသေး၏..။
အတင်းအကြပ် ပြန်လည်မွေးဖွားရန် စေခိုင်းခံလိုက်ရသည့် ချင်ကဲ သာဆိုလျှင် ထိုနည်းလမ်းများထက် ပို၍ တွေးနိုင်မည်မှာ မြေကြီးလက်ခတ် ပင် …
စုန့်ယွင်ရန်သည် သူ့ကိုယ်သူ ဗီလိန် တစ်ယောက်ဟု မခံယူထားသော်ငြား ချင်ကဲ မျက်လုံးထဲတွင် သူသည် ဗီလိန်ရာထူးအား ပိုင်ဆိုင်သူ ဖြစ်ပေမည်..
စုန့်ယွင်ရန်သည် ခေါင်းငိုက်စိုက်ဖြင့် အချိန်အတော်ကြာ အတွေးရေယာဉ်ကြော မျောနေ လေတော့ သည်..။
နာရီဝက်ခန့် အချိန်ကုန်ပြီးနောက် တံခါးဖွင့်ကာ တိတ်တိတ်လေး အောက်ထပ်သို့ ဆင်းလေ၏..
အိမ်ရှိလူကုန် အိပ်ကုန်ကြဟန်ရှိ၏…အောက်ထပ်တွင် မီးရောင်ပြပြသာ ထွန်းထားလေသည်..
စုန့်ယွင်ရန်သည် အချိန်အတော်ကြာ ထိတ်လန့် တုန်လှုပ်ခဲ့သော်ငြား မြေအောက်ထက်ရှိ ဝိုင်များ သိုလှောင်ထားရာ စတိုဆီသို့ ခြေမလှမ်းနိုင်ရှာပေ…
မီးဖိုချောင် တစ်ခုလုံးအား လှည့်ပတ်ကြည့်ရှုပြီးနော် စားဖိုမှုးသုံးလေ့ရှိသည့် ဟင်းချက်ဝိုင် တစ်ပုလင်း အား တွေ့လိုက်လေ၏..။ အနည်းငယ် စဉ်းစားပြီးနောက် ထို ပုလင်းအား ယူ၍ ထွက်လာလေ လိုက်လေ တော့သည်..
သူ့ အိပ်ခန်းသို့ပြန်ရောက်ချိန်တွင် ဒေါသရှင်ကြီး မိုနီကာသည် ပြတင်းပေါက်ဘေးရှိ နေရာတွင် လှဲနေလေသည်…။
စုန့်ယွင်ရန်သည် လက်တစ်ဖက်တွင် ဖုန်းအား ကိုင်ထားကာ နောက်တစ်ဖက်တွင်မူ ဟင်းချက်ဝိုင် ပုလင်း အား ဆွဲကိုင်ထား၏…သူ၏ ခြေတံရှည်ရှည်လေးများကို ကား ကြမ်းပြင်ပေါ်တွင် ချထားလေ သည်.. သူ၏ မျက်လုံးသည်ကား ကြမ်းပြင်သို့ ငေးစိုက်နေလေသည်..
အချိန်အတော်ကြာအောင် စောင့်ဆိုင်းနေခဲ့ရသည့် ဖုန်းသည်ကား အသံမြည်လာလေပြီ….
စုန့်ယွင်ရန် ဖုန်းအား ငုံ့ကြည့်လိုက်လေရာ ချင်ကဲသည်ကား သူ၏ စာကို စာပြန်ပို့လာခြင်းမဟုတ်ဘဲ ဗွီဒီယို call ခေါ်လာခြင်း ဖြစ်သည်..
လည်ချောင်းအား တစ်ချက်ရှင်းလိုက်ပြီး video call အား ပြန်ဖြေကာ ဘုရင့်နောင် ဖောင်ဖျက်သကဲ့သို့ ထိပ်တိုက်ရင်ဆိုင်လိုက်လေပြီ…
တစ်စက္ကန့်ခန့်ကြာပြီးနောက် video call သည်ကား ချိတ်ဆက်သွားကာ ရှောင်စုန့်တစ်ယောက် မလှုပ်ရှားနိုင်တော့ပဲ နေရာတွင် တောင့်ခဲသွားရှာ၏..
ဘာကြီးလဲ…? ဘာလို့ ဖုန်း screen က မှောင်မဲနေရတာလဲ…”
သေသေချာချာ စိုက်ကြည့်ပြီးနောက် ဖုန်းကင်မရာသည်ကား မြစ်ဖက်သို့ မျက်နှာမူ ဖွင့်ထားဖြစ်ကြောင်း သတိပြုမိသွားလေသည်… မှိတ်တုတ်မှိတ်တုတ် အလင်းအချို့အား  တစ်ဖက်ရှိ  မြစ်ကမ်းပေါ်တွင် တွေ့ ရလေသည်… ညအမှောင်ထဲတွင် ထို အလင်းရောင်များသည်ကား ကြောက်လန့်ဖွယ် ကောင်းနေလေ သည်..
ချင်ကဲ၏ အသံလှလှသည်ကား ဖုန်းထဲမှ ထွက်လာလေ၏… “သေသေချချာ ရှင်းရှင်းလင်းလင်း မြင်ရရဲ့ လားဗျ…?”
“ဟီချန်းက ဘာလို့ ဒီလိုပုံဖြစ်နေရတာလဲ …?” ရှောင်စုန့် စိတ်ရှုပ်လက်ရှုပ်နှင့် မေးလိုက်လေသည်..
ချင်ကဲ : “ စိတ်မပူပါနဲ့…. နောက်ထပ် မိနစ်ဝက်လောက်ပဲ ထပ်စောင့်ပေး…”
စုန့်ယွင်ရန် ခမျာ ရှည်ရှည်ဝေးဝေး ဆက်မတွေးနိုင်ရှာ …ချင်ကဲ၏ စကားအား မင်းကို နောက် မိနစ်အတွင်း လမ်းပေါ်ရောက်အောင် ပို့တော့မှာ ဟုသာ အဓိပ္ပါယ်ပြန်လိုက်လေတော့သည်…
လက်ကလေးအား ဆန့်၍ ဟင်းချက်ဝိုင်ပုလင်းအား ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ကာ သောက်ရန် အသင့် ပြင်ထားလေတော့သည်…
ဘာတွေများ ကြောက်စရာရှိတုန်း…. မသကာ ပြန်မွေးဖွားလာအောင် လုပ်လိုက်ရုံပေါ့….!
ထို စိတ်ကူး ရင့်သန်လာချိန်တွင် ဖုန်းscreen မဲမဲကြီးသည်ကား ရုတ်တရက် လင်းလာလေတော့သည်..
မျက်လှည့်ပြလိုက်သကဲ့သို့ပင် ဖုန်းscreenထက် ၌ ည ကောင်းကင်ယံထက်တွင် လှပနေသော မီးရှုးမီးပန်းများပေါ်လာလေ၏… ကောင်းကင်တစ်ခုလုံးသည်ကား လှပခန့်ငြား သော ရောင်စုံအလင်းရောင်များနှင့် ရင်သက်ရှုမောဖွယ် ဖြစ်နေလေသည်…
စုန့်ယွင်ရန်မှာ မီးရှုးပန်းများ၏ အလှကြောင့် မိန်းမော သွားရှာလေသည်..။ကောင်းကင်ယံထက်တွင် လင်းခနဲ လက်ခနဲနှင့် ပုံစံစုံရောင်စုံ ဒီဇိုင်းစုံ များက  ပေါ်လာလိုက် ပျောက်သွားလိုက်နှင့် သူ၏ အမြင်အာရုံအား ဖမ်းစားနေလေတော့သည်..။
မီးပန်းပြပွဲ ပြီးဆုံးခါနီး အချိန်သို့ ရောက်မှသာ ရှောင်စုန့်လေး မိန်းမောနေရာမှ သတိပြန်ဝင်လာတော့ သည်..။အလန်တကြားဖြစ်ပြီး စိတ်ရှုပ်ထွေးနေဟန်လေသံနှင့် “ ဒီမီးပန်းပွဲတော်ကို ဘာလို့ ကျွန်တော့်ကို ပြရတာလဲ..?”
ချင်ကဲသည် ကင်မရာ အား သူ၏ မျက်နှာဘက်သို့ ပြန်လှည့်လိုက်လေသည်… ချင်ကဲ ဘေးပတ်ဝန်းကျင် ရှိ မြင်ကွင်းအရ ဟော်တယ်အခန်းတွင် သူရှိနေပုံရသည်..။
ချင်ကဲ ပြုံးကာ စကားဆိုလိုက်သည်.. “ မစ္စတာစုန့် ဆီက စာကို ရှုတင်က ပြန်လာမှ တွေ့တာလေ… ပို့ထားတဲ့ ခွေးပုံလေးက အရမ်းချစ်စရာကောင်းတာပဲဗျ… ကျွန်​တော့်မှာ ရှောင်စုန့်နဲ့ မျှဝေခံစားစရာ ချစ်စရာ အကောင်လေး မရှိဖြစ်နေတာလေ… အဲဒါ ရှောင်ခယ့် က ဒီည မြစ်ဟိုဘက်ကမ်းမှာ ဒီနေ့ည မီးပန်းပွဲတော် ရှိတယ်လို့ ပြောတာနဲ့ အဲ့ မီးပန်းပွဲတော်ကို ရှောင်စုန့်ကို ပြမယ်ဆိုပြီး စဉ်းစားမိလိုက်တာ”
စုန့်ယွင်ရန် : “?”
သူ့ (ချင်ကဲ) အသံကာလာ အနေအထားအရတော့ ငါ့ကို အောက်ထပ်ကို ပစ်ချ ချင်နေတဲ့ပုံ မပေါက် နေပါလား..
ဒါမှမဟုတ် ချင်ကဲက ပြန်မွေးဖွားလာတဲ့လူ မဟုတ်တာများလား?..ငါကိုယ်က အတွေးလွန်နေမိတာ များလား..?
စုန့်ယွင်ရန် စကားပြန်မပြောဘဲ အသံတိတ် နေသေးလေရာ ချင်ကဲက စကားဆက်ဆိုပြန်၏..
“ကျွန်တော့်မှာ မေးစရာ မေးခွန်းလေး ရှိလို့ အခု မေးလို့ရမလား..?”
“ဟမ်..?” စုန့်ယွင်ရန် ချက်ချင်း တုန့်ပြန်လာလေသည်..။
ချင်ကဲသည် ဖုန်းမျက်နှာပြင်အား လက်ညှိုးထိုးပြလိုက်ပြီး … “ရှောင်စုန့် လက်ထဲမှာ ကိုင်ထားတဲ့ ပုလင်းက ဟင်းချက်ဝိုင်ပုလင်း မဟုတ်လား..?”
စုန့်ယွင်ရန် : “…..”
စောင်ရှက်တော့ ကွဲပြီဟ….မီးရှူးပန်းတွေရဲ့ အလှတွေထဲ မျောသွားတာ ငါ့လက်ထဲ မှာ ကိုင်ထားတဲ့ ပြန်လည်မွေးဖွားစေခြင်းရဲ့ လျှို့ဝှက်လက်နက်ကြီး ကို မေ့သွားရတယ်လို့ကွာ…
နှုတ်ခမ်းလေးအားမဲ့လိုက်ကာ ပုလင်းအား ဘေးတွင် ချလိုက်၏…ထို့နောက် ခေါင်းအေးအေးထား၍ စဉ်းစားကာ ဖြေရှင်းချက် ထုတ်လေတော့သည်..။
“အဲဒါ ကျွန်တော့် လက်ချက်မဟုတ်ဘူး… မိုနီကာလေ မိုနီကာပေါ့ မီးဖိုချောင်ကနေ အဲ့ ပုလင်းယူလာ တာ..  အဲဒါကို ကျွန်တော်က ပြန်ပို့ပေးမလို့ လုပ်နေတာ..”
ချင်ကဲသည် ပြတင်းပေါက် ဘေးရှိ ခုံပေါ်တွင် လှဲကာ သာယာနေသော မိုနီကာအား တစ်ချက်လှမ်း ကြည့်လိုက်ကာ ပြုံးလိုက်တော့၏.။
ရှောင်စုန့်တစ်ယောက် ချင်ကဲ အပြုံးကြောင့်ပျာယာ ခတ်သွားလေသည်…ထို့နောက် တစ်ချက်စဉ်းစား ကာ  စကားလမ်းကြောင်း လွှဲလိုက်လေတော့သည်.။
“ သိုင်းလောကက လမ်းမများ ဇာတ်လမ်း ရိုက်ကူးရေး က ပြီးခါနီးပြီ မလား..?”
ချင်ကဲ : “ ရိုက်ကူးရေးပြီးဖို့ တစ်လ လောက်ပဲ ကျန်တော့တယ်..”
စုန့်ယွင်ရန်သည် ခေါင်းငြိမ့်လိုက်ကာ .. “ချန်ကျင်း နောက်ထပ် audition ဝင်ဖို့  ဇာတ်ညွှန်းအသစ်တွေ ပေးထားတယ်မလား..?”
“သူ(မ) ကျွန်တော့်ကို ဇာတ်ညွှန်းတချို့ပို့ ပေးထားတယ်လေ..”
ထို့နောက် ချင်ကဲသည် မျက်ခုံးပင်းလိုက်ကာ “ဘာလဲ… ကျွန်တော် နောက်ရိုက်မယ့် ဇာတ်ကားတွေမှာ လူတွေ့ အကဲဖြတ် မအောင်တော့ဘဲ ဇာတ်လမ်းသစ်မရိုက်ရတော့မှာကို စိုးရိမ်နေလို့လားဗျ..?”
ဖေ့သားက ဇာတ်လိုက်ကြီးလေကွာ …မင်းတောင် ဇာတ်ကား မရိုက်ရတော့ဘူးဆိုရင် ကျန်တဲ့ မင်းသားတွေ ရေသောက်ဗိုက်မှောက်ပြီး နေရရုံပဲ ရှိတော့မပေါ့ဟ…
စုန့်ယွင်ရန် စိတ်ထဲမှ ဗျစ်တောက်ဗျစ်တောက် ရေရွတ်နေလေသည်..။ အပြင် တွင်မူ .. “အဲ့လိုမျိုး မဟုတ်ပါဘူး…ကျွန်တော် ဆိုလိုတာက ခင်ဗျားအပေါ် ကုမ္ပဏီက ကောင်းကောင်းဆက်ဆံပေးတယ် လို့ ထင်တယ်မလားဟင်..?ပြီးတော့ ကျွန်တော် ကလည်း ခင်ဗျားအပေါ် အခြားကုမ္ပဏီမှာ ရှိတဲ့ အနုပညာရှင် တွေထက် ကောင်းကောင်းဆက်ဆံ ပေးတယ် နော် ဟုတ်တယ်ဟုတ်..?”
ချင်ကဲ သည် ပြုံးချင်သော်လည်း မပြုံးဘဲ ခပ်တည်တည် မျက်နှာပေးနှင့်သာ… “ရှောင်စုန့်က ကျွန်တော့် အဖေ ဖြစ်ချင်နေပြန်ပြီလားဗျ…?”
စုန့်ယွင်ရန်ခမျာ ကျိန်ဆိုပင်ပြကာ သူ ချင်ကဲ၏ အဖေ ဖြစ်ချင်သည် မဟုတ်ကြောင်း ထိုအရာမှာ ကောလဟာလ သာဖြစ်ကြောင်း ပြောချင်နေရှာ၏..။
သူ့ ခေါင်းလေးအား လက်များဖြင့် အုပ်ကာ ဆံပင်ကို ဆွဲဆုပ်ချင်စိတ် ပေါက်နေရှာလေသည်..
ဒီအခြေအနေမှာ ဘယ်လိုလုပ် ခင်ဗျား အဖေ ဖြစ်ချင်ရဲ ပါတော့မတုန်းလို့….
မဖြစ်ချင်ရဲတော့တာကတစ်ပိုင်း   ဖြစ်ချင်စိတ်ရှိနေတာက တစ်ပိုင်းပေါ့လေ…
ဖုန်းတစ်ဖက်မှ ချင်ကဲ ၏ အကြည့်များ စူးရှလာလေသည်…
ယခု အခြေအနေမှာ အရင်က အခြေအနေများနှင့်မတူ ကွဲပြားနေလေသည်…အရင်ကဆိုရင် စုန့်ယွင်ရန်သည် ထိုကဲ့သို့သောစကားကြားသည်နှင့် အနည်းဆုံး စကားနှစ်ခွန်းခန့်ပြောပြီး ထိုခေါင်းစဉ်အား ပျော်ပျော် ကြီး ပြောဆိုပေလိမ့်မည်…ယနေ့တွင်မူ အရင်ကနှင့်မတူ တမူထူးခြားနေ၏..သူ့(စုန့်ယွင်ရန်) တစ်ကိုယ်လုံး စိတ်ညစ်ညူးနေသော အရိပ်အယောင်များ ထုတ်လွှင့်ပြီး စကားသံပင် တိတ်ကျသွား လေ၏..။
အခြေအနေကား မူမမှန်ပေ..။
ထို့အပြင် ချင်ကဲ၏ အမြင်အရ ထိုကဲ့သို့ ကိုယ့်ကိုယ်ကို အပြစ်တင်နေသည့် ပြောစရာစကား ပျောက်ရှ နေသည့် အခြေအနေမျိုးအား စုန့်ယွင်ရန်ထံတွင် သူမြင်ဖူး၏..။
အနည်းငယ် ကြာနေပြီ ဖြစ်သော်ငြား စုန့်ယွင်ရန်ထံ သူမေးခွန်းထုတ်စဉ်အချိန်က ထိုကဲ့သို့သော မျက်ဝန်းအကြည့်နှင့် အားနာဟန်ပေါက်နေသည့်အမူအယာ ကိုယ့်ကိုယ်ကို အပြစ်တင်နေဟန်များ အား သူ့(ရှောင်စုန့်) ထံတွင် တွေ့ဖူးလေသည်.။
ထိုအချိန်မှာ ရှီချန်ရပ်ကွက်ရှိ စုန့်ယွင်ရန် ကွန်ဒို အောက်ထပ်တွင် ချူရှောင်ချန်းအကြောင်း သူမေးမြန်း စဉ်ကဖြစ်သည်..။
နောက်ဆုံးတွင် စန်းရီရိနှင့် သူ ပူးပေါင်းကြံစည်ကာ ထို ဆန်ကုန်မြေလေး ချူရှောင်ချန်းအား နှိပ်ကွပ်ရန် ဇာတ်လမ်းဆင်ခဲ့ခြင်းဖြစ်သည်ဟု လျှောချသွား၍သာ ချင်ကဲ အမှန်တရားအား ဆက်လက်ဖော်ထုတ်ရန် လက်လျော့လိုက်ခြင်းဖြစ်သည်..။
သို့သော် စုန့်ယွင်ရန်တစ်ယောက် အဘယ့်ကြောင့် ချိန်ကျားမင်၏ အပြုအမူများအား တစ်ချက်မှ မလွတ်စေရအောင် ဂရုစိုက်နေပေးသည်ကိုမူ သူအခုထိ နားမလည်နိုင်သေးပေ..။
အရင် ဘဝတွင် စုန့်ယွင်ရန်သည် ဝမ်ချန်းရုပ်ရှင် နှင့် ရုပ်မြင်သံကြား အေဂျင်ဆီ၏ လက်အောက်မှ အနုပညာရှင် ဖြစ်ခဲ့သော်လည်း ချိန်ကျားမင်နှင့် ရှောင်စုန့်ကြားတွင် အဆက်အဆံမရှိခဲ့ပေ..။ ယခုဘဝတွင် အကြောင်းပြချက် ရေရေရာရာ မရှိဘဲ စုန့်ယွင်ရန် ဘက်မှ လက်ဦးမှုရယူကာ ချိန်ကျားမင် အား သူ၏ သူငယ်ချင်းဖြစ်စေရေး လက်ကမ်းပေးခဲ့သည်..။
ထိုကိစ္စကြောင့် ချင်ကဲမှာ မြူတောအလယ်တွင် ရောက်နေသကဲ့သို့ ကမ်းမမြင် လမ်းမမြင်ဖြစ်ကာ စိတ်ရှုပ်ထွေးရပြီး  သက်တောင့်သက်သာ မရှိတော့ပေ..။
(T/N - ဂျယ်လီနင် နေရှာသော ကဲကဲ)
ထို အခြေအနေအတိုင်း ဇာတ်မျောကြီး ဆက်ကာ သူ မနေချင်သလို့  အခြေအနေများအား ခွဲခြမ်းစိတ်ဖြာ ကာ အမှန်..အမှားအား ခန့်မှန်းချင်စိတ်လည်း မရှိတော့ပေ..။
အသံတိတ်ကာလ အတော အတွင်းတွင် ချင်ကဲ ပိုင်ပိုင်နိုင်နိုင်ဆုံးဖြတ်ချက်တစ်ခု ချသွားနိုင်လေ ပြီ..သူနှင့် စုန့်ယွင်ရန်ကြားတွင်ကာရံထားသော မြူခိုးပင်လယ်အား ဖယ်ရှားရန် ဆုံးဖြတ်လိုက်၏..။ သူတို့နှစ်ဦးကြားရှိ မြူခိုးပင်လယ်တံတိုင်းအား ဖျက်ဆီးနိုင်မည့် တစ်ဦးတည်းသော သူမှာ သူ ကိုယ်တိုင် သာ ဖြစ်သည်ကို သေချာသိ၏..။ မည်သို့သော အဖြေ ထွက်လာစေကာမူ သူ၏ ကိုယ်ပိုင်ဉာဏ်ရည် ဉာဏ်သွေးဖြင့် အမှန်တရားအား အကဲဖြတ်နိုင်မည်ဟု သူယုံကြည်လေ၏..။
“ဥက္ကဌရှောင်စုန့် ခင်ဗျ”  ချင်ကဲ အလောတကြီး ခေါ်လိုက်လေသည်.။
အတွေးထဲတွင် တဝဲလည်လည်ဖြစ်နေရှာသော စုန့်ယွင်ရန်က ခေါင်းလေးမော့ကြည့်ကာ တုန်တုန် ယင်ယင်နှင့် မေးခွန်း ပြန်ထုတ်လိုက်၏..။
“ဘာလုပ်မလို့လဲ..?”
ချင်ကဲသည် ရှောင်စုန့်၏ ကြည်လင်တောက်ပ၍ လှပသော်ငြား ပင်ပန်းနေဟန်ရှိသည့် မျက်ဝန်းတစ်စုံ အား စိုက်ကြည့်လိုက်သည်..။
သူ၏ အသံကို နိမ့်လိုက်ကာ တည်ကြည်လေးနက်သော လေသံနှင့် “အခုရိုက်နေတဲ့ သိုင်းလောကမှ လမ်းမများ ဇာတ်လမ်းရိုက်ကူးရေးပြီးသွားရင်လေ… ကျွန်တော် ရှောင်စုန့်ကို ထမင်းတစ်နပ် ဖိတ်ကျွေးချင်လို့ပါ…. အဆင်ပြေမလားဟင်….?”

ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်Where stories live. Discover now