CH - 43

3.8K 550 6
                                    

စုန့်ယွင်ရန် ခမျာ ဖိတ်လာသော ထမင်းတစ်နပ်အား ဂိုက်ပေးကာ ငြင်းလိုက်ချင်သော်ငြား ကောင်းမွန်စွာ အသက်ဆက်လ်ရှင်သန်နိုင်စေရေးမှာ အဓိကျသော ကိစ္စဖြစ်နေလေရော အငြင်းစကား ဆိုရန် မတတ်သာရှာတော့ပေ..။
ထို့ကြောင့် လူးသာလွန့်သာ ရှိစေရန်အတွက် စကားပလ္လင်ခံလိုက်တော့၏..။
“ခင်ဗျား ပြန်လာတဲ့ အချိန်ဆို အောက်တိုဘာလ ဖြစ်နေလောက်ပြီဗျ…အဲ့အချိန်ဆို ကုမ္ပဏီက ဒုတိယနှစ်ဝက် အတွက် အလုပ်ကိစ္စတွေများနေမှာရယ်.. ကျွန်တော့်မှာ အားချိန်ရှိမယ်မထင်ဘူးဗျ..”
ချင်ကဲသည် အလောမကြီးဟန်ဖြင့် တည်ငြိမ်စွာပင် “ အဲ့ဒါ အရေးကြီးခွင်ကျယ် ကိစ္စ မဟုတ်ပါဘူးဗျာ… ကျွန်တော် ဥက္ကဌလေး အဆင်ပြေမယ့် အချိန် ကို ညှိလုပ်ပေးမှာပေါ့”
“အဲအကြောင်း နောက်မှ ဆက်ပြောကြမယ်လေ… အခုတော့ ကျွန်တော် အိပ်ချင်နေပြီ… good night ပါ”
စုန့်ယွင်ရန်သည် နှုတ်ဆက်စကား ဆိုကာ video call အား ခပ်မြန်မြန်ပင် ချလိုက်လေ တော့သည်..။ယနေ့ည အတွက် သူ့ကိုယ်သူ လွတ်ရာ လွတ်ကြောင်း ကြံစည်သည့် အရေးကြီး အောင်မြင်ပြီဟု သူ သတ်မှတ်လိုက်လေသည်.. သို့သော်  လွတ်မြောက်ရေး ကာလသည် ယာယီသာ ဖြစ်ပြီး အလုံးစုံ လွတ်မြောက်ရေးအတွက် စိတ်ချရသည့် အခြေအနေ မရှိသေးကြောင်းကို သူသိနားလည်၏..။
လွန်ခဲ့သော ရက် အနည်းငယ်က ဂလက်ဆီ၏ ဘဏ္ဍာရေးဆိုင်ရာ အစီအရင်ခံစာ အား သူဖတ်နေစဉ်တွင် အချိန်များ မြန်မြန် ခုန်ကျော်၍ကုန်လွန်ကာ သူ ရင်းနှီးမြှုပ်နှံထားသော Project များ မှ အမြတ်ငွေများ ဝင်လာမည့် အချိန်ကို  ရောက်ရန် သူ မျှော်လင့်ခဲ့သည်.။
ယခု အချိန်တွင်မူ အချိန်များအား အနှေးတကာ့ အနှေးဆုံး အလျင်နှင့်သာ ကုန်လွန်စေ ချင်တော့၏.။သို့မှသာ နောက်နှစ်များအတွင်း သူ အသက်ဆက် လက်ရှင်သန် နေထိုင်နိုင် ရေးအတွက် အကြံကောင်းများ ထုတ်နိုင်ပေလိမ့်မည်…
သို့ရာတွင် စုန့်ယွင်ရန်သည်ကား အချိန်အား ပိုင်စိုးသည့် နတ်ဘုရား မဟုတ်လေရာ သူ့ စိတ်ဆန္ဒလေးသည်ကား အကောင်အထည် ပေါ်မလာနိုင်ရှာပေ.။
ထို့ကြောင့် ချင်ကဲ နှင့် ပတ်သက်သည့် ကိစ္စရပ်များအား မစဉ်းစားမိစေရန် ကြံမိကြံရာနှင့် အလုပ်ပုံထဲ စုန့်ယွင်ရန် ခေါင်းစိုက်ထားလိုက်တော့၏..။
ကံကောင်းထောက်မသည်မှာ နောက်လအရောက်တွင် ဂလက်ဆီကုမ္ပဏီ၏ အလုပ် အများဆုံး ကာလအပိုင်းအခြား ရောက်ရှိလာတော့၏..။
ဖေဖော်ဝါရီလက  ကုမ္ပဏီမှ ရင်းနှီးမြှုပ်နှံခဲ့သည့် ရသစုံ ရှိုး ( variety show ) အား ထုတ်လွင့်ပြသည့် အချိန်သို့ ရောက်လာလေပြီ..စုန့်ယွင်ရန် ထင်ထားသည့်အတိုင်းပင် သူတို့၏ ရသစုံရှိုးမှာ လူအများကြား ရေပန်းအစားဆုံး ဟုဆိုနိုင်သည့် ရှိုးတစ်ခု ဖြစ်မလာ ခဲ့ပေ… သို့သော် ကံကောင်းထောက်မသွားသည်မှာ ဂလက်ဆီ၏ အနုပညာရှင်များမှာ ကြည့်ကောင်း သောရုပ်ရည် များနှင့် အမူအကျင့်ကောင်း များရှိနေလေရာ ပရိသတ်တို့၏ အမြင်အာရုံအား ဖမ်းစားနိုင်လိုက် ၏..။ရသစုံရှိုး ထုတ်လွင့်မှု မပြီးစီးသေးသော်ငြား အသစ်အသစ်သော သဘောတူ စာချုပ်များ အခြားသော ကြော်ငြာလုပ်ငန်းများက လာရောက်ဆက်သွယ် စာချုပ်ချုပ် ကြလေ၏..။ထို့ကြောင့် များပြားသော ပမာဏ မဟုတ်သော်ငြား အမြတ်ငွေ အနည်းငယ် သည်ကား နေ့တိုင်းနီးပါး ဝင်နေလေပြီ…။
အမြတ်ငွေများ စတင်ရနေပြီဟု စုန့်ယွင်ရန် စတင်ကြားလိုက်ချိန်တွင် ဇဝေဇဝါ အနည်းငယ် ဖြစ်သွားသေး၏..။
ထို ရသစုံရှိုးများအပေါ် စုန့်ယွင်ရန်၏ စိတ်ဝင်စားမှုနှုန်းမှာ သုည ဟု ပင်ဆိုနိုင်လေသည်.. ဂလက်ဆီတွင် မူလအစကတည်းက ရှိနေသည့် အနုပညာရှင်များ သာ ပါဝင်ကာ ရိုက်ကူးရေး လုပ်ခဲ့ခြင်းဖြစ်ရာ မျက်စိဖမ်းစားနိုင်စရာ ရိုက်ကူးခြင်းမျိုး နှင့်ထူးခြားသော ဇာတ်လမ်းမျိုးပင် ပါဝင်ခြင်းမရှိပေ..။အရင်ဘဝမှ အတွေ့အကြုံအရ ထို ရသစုံရှိုးမှာ လူမသိသူမသိ ရသစုံရှိုးမျှသာ… အဘယ်ကြောင့် ယခုအချိန်တွင်မူ လူများ၏ အာရုံအား ဖမ်းစားနိုင်လိုက်ကာ အကျိုးအမြတ်ရလာသည်ကို သူမတွေးတတ်တော့ပေ..။
ဥက္ကဌ၏ မျက်နှာရိပ်မျက်နှာကဲအား နားလည်သော လက်ထောက်တန်က အကျိုး အကြောင်း အားရှင်းပြလာလေသည်..။
“ ထုတ်လုပ်ရေး အဖွဲ့က ဥက္ကဌလေးနဲ့ နင်ဒုန်းကနေပြီးတော့  မျက်နှာသာရစေရေး အလေးထားလုပ်ကြလို့ပါဗျ…ရိုက်ကူးရေးမှာ ပါတဲ့ ကျွန်တော်တို့ရဲ့ အနုပညာရှင်တွေကို လုပ်ကွက်ကောင်းကောင်းရအောင် စီစဉ်ပေးကြတယ်လေ…အဲ့မှာတင် ကျွန်တော်တို့ အနုပညာရှင်တွေလည်း တက်ကြွပြီး ကုမ္ပဏီ မျက်နှာမပျက်စေရေး ပရိုဂရမ် အဖွဲ့က ပေးတဲ့ ဇာတ်ညွှန်းအတိုင်း ကြိုးကြိုးစားစား လုပ်ကြတာကိုး.. အဲ့မှာတင် ဒီလို ရလဒ် ထွက်လာတော့တာပဲ..”
(T/N - ရသစုံရှိုးကလေ ဂလက်ဆီကနေ ရင်းနှီးမြှုပ်နှံတာတော့ ဟုတ်တယ်.. သူတို့ ရင်းနှီးမြှုပ်နှံထားတဲ့ အတွက် ဂလက်ဆီရဲ့ အနုပညာရှင်တွေက ဝင်ရိုက်ခွင့်ရတာမျိုး… ဒါပေမဲ့ ရှိုးမှာပါတဲ့ အနုပညာရှင် အကုန်လုံးက ဂလက်ဆီက မဟုတ်ဘူး….အဲ့လိုမျိုးလေ နားလည်လားဟင်..)
ထို စကားကြားပြီးနောက် စုန့်ယွင်ရန် ခမျာ ရေခဲရိုက်ခံလိုက်ရသကဲ့သို့ ဖြစ်သွားရှာ သည်…။အော် ငါ့နဲ့ အရင်ဘဝက အဖြစ်အပျက်တွေ ငါမှတ်မိတာတွေ မှားပြီထင်နေတာ.. ငါ့ကုမ္ပဏီကလူတွေ ငါ့ အကြံဉာဏ်မလိုအောင် တော်လာပြီထင်နေတော လက်စသတ် တော့ မျက်နှာကြီးရာ ဟင်းဖတ်ပါလို့ ဒီလိုတွေ ပြောင်းကုန်တာကိုး
ဘယ်တော့မှာ ငါ့လူတွေကိုယ့်အစွမ်းအစနဲ့ကိုယ် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည် နိုင် မှာ ပါလိမ့်မလဲနော်..?
လက်ထောက်တန်ခမျာ ငွေဝင်သည်ဟု ကြားရသည်ကို ဘာ့ကြောင့် ရှောင်စုန့် မပျော်နိုင် ဖြစ်နေရသည်ကို နားမလည်နိုင်ရှာ…မတတ်သာသည့်အဆုံး ဖြစ်ချင်ရာဖြစ်ဟု အားတင်း ကာ ကျည်ဆံကိုက်လိုက်ပြီး ဆက်လက်မစီရင်ခံတော့၏..။
“"After Meeting You"ဇာတ်ကား ရိုက်ကူးရေးနဲ့ အဖျော်ယမကာကြော်ငြာရိုက်ဖို့ လာရောက်ကမ်းလှမ်းတဲ့ အလုပ်နှစ်ခုကတော့ ဆွေးနွေးမှုတွေ အဆုံးသတ်ပြီး စာချုပ် လက်မှတ် ထိုးဖို့ကိစ္စပဲ ကျန်ပါတော့တယ်ဗျ… တရုတ်တောင်ပိုင်းမှ ဒဏ္ဍာရီ  ဇာတ်လမ်းကတော့ မူပိုင်ခွင့် အရေးတွေ ဘာတွေရော ပါနေလို့ အခြား ရှယ်ရာရှင်တွေနဲ့ရော ဆွေးနွေးစရာတွေ ကျန်နေပါသေးတယ်ဗျ..ဒါပေမဲ့ ဒီလကုန် မတိုင်ခင် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကို အဆုံးသတ်ပြီး လုပ်ငန်းစနိုင်ပါလိမ့် မယ်ဗျ”
စုန့်ယွင်ရန် သည် “အမ်း” ဟူ၍ အသံပေးကာ ထောက်ခံဟန်ပြလေသည်…. တိုးတက်နေသော အစီအစဉ်များအား မကျေနပ်၍ မဟုတ်သော်ငြား စိတ်အခြေအနေ မကောင်း၍ပင်..။
“တရုတ်တောင်ပိုင်းရဲ့ ဒဏ္ဍာရီဆိုတဲ့ ဇာတ်လမ်း နောက်နှစ်အတွက် ဂလက်ဆီရဲ့ အဓိက Plan ဖြစ်ဆိုတော့လေ… ကျုံးရှောင်ဖန်းက ဇာတ်လမ်းကို ပိုကြွအောင် ရိုက်ကူးရေး လုပ်မယ့် ဥယျာဉ်မှာ သွားပြီး ဇာတ်ကိုပိုကြွအောင် လိုတာလေးတွေ ပြန်ပြင်နေတယ်ဗျ.. ပြီးတော့ အဲ့ကားရဲ့ ဂိမ်းထုတ်လုပ်မှု အခြေအနေကလည်း စပြီး တိုးတက်နေပါပြီ… အဲ့ကားမှာ ပါမယ့် အနုပညာရှင်တွေနဲ့ ပူးပေါင်းဖို့အရေးမှာ တချို့နေရာလေးတွေက ဆွေးနွေးစရာ ရှိသေးတာဆိုတော့ ဂိမ်းထုတ်လုပ်ရေးကလည်း နောက်ကျနေတယ်လို့ တော့  မဆိုနိုင်ပါဘူး..”
“နောက်ထပ် ထပ်ပြီး ကျန်တာ အစီရင်ခံရမယ်ဆိုရင် "Happy and white” ဇာတ်ကားကလည်း အကြိုထုတ်လုပ်မှု အဆင့်ပြီးလို့ ထပ်ပြီး ဇာတ်ကားကို ပြန်ကြည့်ပြီး လိုတာလေးတွေ စိတ်တိုင်းမကျတာလေးတွေကို ပဲ နည်းနည်းပြန်ပြီး edit လိုက်ရင်ရ ပါပြီ…”
လက်ထောက်တန်က စဉ်းစားဟန်ဖြင့် မေးလိုက်သည်မှာ …                                      
“ ဥက္ကဌကိုယ်တိုင် ထုတ်လုပ်ရေး ကိုသွားပြီး ဇာတ်ကားကို အကဲခတ်ဖို့ သွားကြည့်ဦး မလားဗျ..လိုတာတွေ ရှိရင် အကြံပေးလို့လဲ ရတာပေါ့ ”
စုန့်ယွင်ရန်မှာ ချီတုံချတုံ ဖြစ်နေလေသည်….
ချင်ကဲ၏ မျက်နှာအား သူ အခုအချိန်တွင် မမြင်ချင်သေးပေ..။
သို့သော် "Happy and White" ဇာတ်ကားမှာ ဂလက်ဆီတွင် သူ ပထမဦးဆုံး တာဝန်ယူကာ ရင်းနှီးမြှုပ်နှံသည့် ဇာတ်လမ်းဖြစ်၏..။တစ်နည်းဆိုရသော် ဥက္ကဌ တစ်ယောက်အဖြစ် သူလှမ်းသည့် ပထမဦးဆုံး ခြေလှမ်းဖြစ်လေသည်… ထိုဇာတ်ကား အား ပေါ့ပေါ့တန်တန် သူ မထားနိုင်…
“မေးနေစရာ လိုသေးလို့လား… ?အဲ့ဘက်ကို လှမ်းအကြောင်းကြားလိုက်.. ကျွန်တော် အခုပဲ အဲ့ဒီကို လာမယ်လို့..”
လက်ထောက်တန် : “….. ကောင်းပါပြီ ခင်ဗျာ”
ဒီနေ့ ဘယ်လိုဖြစ်နေတာပါလိမ့်… တို့ ဥက္ကဌလေး ရှောင်စုန့် စိတ်အခြေအနေ အမျိုးမျိုး ပြောင်းနေပါရောလားနော်….
“Happy and white ပရိုဂျူဆာထံသို့ ဆက်သွယ်ပြီနောက် လက်ထောက်တန်သည် စုန့်ယွင်ရန်အား အဖော်ပြုကာ ထုတ်လုပ်ရေးကုမ္ပဏီသို့ လိုက်သွားလေတော့သည်..
လမ်းတလျှောက်လုံး စုန့်ယွင်ရန်သည် ကားပြူတင်းကိုသာ မျက်နှာမူကာကည့်နေလေ၏. ထို့နောက် မျက်လုံးမှိတ်ပြန်သည် .ခနအကြာတွင် မျက်လုံးဖွင့်ကာ ဦးတည်ချက်မဲ့နေဟန် ဖြင့် ငူငူငိုင်ငိုင်ကြီး ကြည့်ပြန်၏..။မျက်စိပိတ်လိုက်ဖွင့်လိုက်နှင့် စိတ်နှင့်ကိုယ် ကပ်မနေ သော စုန့်ယွင်ရန်ကို ကြည့်ကာ လက်ထောက်တန် စိတ်ရှုပ်လာလေတော့သည်.။
“မစ္စတာစုန့်ခင်ဗျ… ဘာအခက်အခဲတွေ များ ရှိနေလို့လဲဟင်..?”
လက်ထောက်တန်ခမျာ ငြိမ်ငြိမ်မနေနိုင်ရှာတော့ပဲ အကူအညီပေးနိုင်လို ပေးနိုင်ငြား စိတ်ဝင်တစား မေးလိုက်လေ တော့သည်..။
စုန့်ယွင်ရန်သည် သူ့အား ညှိုးငယ်နေသော မျက်နှာလေးနှင့်ကြည့်ကာ “ ကျွန်တော် ပြောပြရင်တောင် ခင်ဗျား ဘာမှ တတ်နိုင်မှာမှ မဟုတ်တာဗျာ..”
လက်ထောက်တန်မှာ ကိုယ့်ကိုယ်ကို အပြစ်မကင်း အသုံးမကျ ဟု ခံစားလိုက်ရ လေ သည်..။
ငါက အတော်အသုံးမကျတဲ့ လက်ထောက်ပါလား… ကိုယ့် ဥက္ကဌ ပူပန်နေတဲ့ ကိစ္စကို တောင် ကူညီပြီး ဖြေရှင်းမပေးနိုင်ဘူး…
ထိုအချိန်တွင် စီးလာသော ယာဉ်သည် shopping mall တစ်ခုဘေးမှ ဖြတ်သန်းနေလေ ၏.. အကြံကောင်း တစ်ခုရကာ ကားမှန်အား လက်ညှိုးထိုးလိုက်လေတော့သည်..။
“ ဥက္ကဌလေး ဟိုမှာကြည့်.. ချင်ကဲရဲ့ ပိုစတာကြီး..”
ရှောင်စုန့်လေးမှာ ကြောက်လန့်တကြား ဖြစ်သွားကာ မျက်ခွံလေးများပင် တဆတ်ဆတ် တုန်သွားရှာလေ၏…သို့သော် သူ့အကြည့်ကို မထိန်းချုပ်နိုင်ဘဲ ပိုစတာကြီးအား လှမ်း ကြည့်လိုက် လေတော့သည်..။
စက်တင်ဘာလသို့ ရောက်ပြီဖြစ်လေရာ ဆောင်းရာသီဝတ် အဝတ်အစားများအား ထုတ်လုပ်ရောင်းချနေကြလေပြီ…
Shopping mall များ၏ ကြော်ငြာ ဘုတ်များသည်လည်း ဆောင်းတွင်းဝတ်စီးရီးများ၏ အဓိက ဒီဇိုင်းသစ်များနှင့် အစားထိုးကြလေပြီ…ကြော်ငြာဘုတ်များထဲမှ မျက်စိ အဖမ်း စားဆုံးတစ်ခုမှာ ချင်ကဲ၏ ပိုစတာပင်…
ပိုစတာ၏ background မြင်ကွင်းမှာ ပိုလာပင်များ ပေါက်ရောက်နေသည့် တောအုပ်ဖြစ် သည်…သို့သော် ပိုစတာ တွင် အဓိကပြချင်သော အရာမှာ တောအုပ်မဟုတ်လေရာ တောအုပ်သဏ္ဍာန်မှာ ဝေဝေဝါးဝါး သာပါ၏.။
အနက်ရောင် လေကာအနွေးထည် အင်္ကျီမှာ ပိုစတာ ပြသချင်သည့် အဓိက ကုန်ပစ္စည်း ဖြစ်၏.။
ကြော်ငြာတွင် ချင်ကဲသည် ထီးတစ်လက်အား ကိုင်ထားပြီး မျက်နှာအား လှည့်ကာ အဝေးတစ်နေရာအား လှမ်းကြည့်နေလေသည်..။ထိုမြင်ကွင်းအနေအထားအရ စိုထိုင်း နေသော လေထု ကြောင့်အချိန်မရွေးမိုးရေစက်များ ကျရောက်လာတော့မည့်ဟန် ရှိနေသည်..။ ချင်ကဲဝတ်ဆင်ထားသော အဝတ်အစားများမှာ သပ်ရပ်လှပပြီး ချစ်ရသူ လေးနှင့် ချိန်းတွေ့ရန် ပြင်ဆင်ထားသည့် အမျိုးကောင်းသားလေး နှင့် ဆင်တူနေလေည်.။
ဓါတ်ပုံဆရာ၏ ပြောင်မြောက်လှသော လက်ရာကြောင့် ပိုစတာလေး တစ်ပုံနှင့်ပင် ဇာတ်လမ်းတစ်ခုလုံးအား မြင်ယောင်နိုင်လေသည်.။
စီးနင်းလာသော ယာဉ်မှာ အရှိန်နှေးနှေးဖြင့် မောင်းနှင်လေသည် မဟုတ်ရာ များမကြာမီပင် ကြော်ငြာဘုတ်များ အဝေးသို့ ရောက်သွားလေတော့သည်.။
သို့ရာတွင် ပိုစတာပေါ်ရှိမြင်ကွင်းက စုန့်ယွင်ရန် စိတ်ထဲတွင် စွဲထင်ကျန်ရစ်ခဲ့လေသည်.။
လက်ထောက်တန်က ဆက်လက် ပြောဆိုနေလေသည်..။
“ကျွန်တော် ကြားထားတာတော့ ဒီကြော်ငြာကို ဘုတ်ပေါ် စတင်လိုက်ကတည်းက လူတွေ အများကြီး ဆိုင်ကိုလာပြီး ဒီကုန်ပစ္စည်းကို ဝယ်ချင်ကြောင်း လာပြောကြတယ် တဲ့…အခုမှ ရာသီအစပဲရှိသေးတာကို ပစ္စည်းရောင်းရနှုန်းက မနှစ်က ကာလတူ အချိန် ထက် နှစ်ဆများသွားပြီဆိုပဲ… Brand ဘက်ကလည်း ချန်ကျင်းကို လှမ်းဆက်သွယ်တယ် ချင်ကဲကို ဒီရာသီစာ တစ်ခုတည်း အတွက် ကြော်ငြာ စာချုပ်ချုပ်ထားရာကနေ နောက်ရာသီ တွေ အတွက်ပါ စာချုပ်ချုပ်ချင်ပါတယ် တဲ့ဗျ…”
စုန့်ယွင်ရန်သည် မယုံကြည်နိုင်ဟန်ဖြင့် … “အဲ့လောက်တောင် အကျိုးသက်ရောက်မှု များတယ် ဟုတ်လား..? သူ့ ပရိသတ်တွေက သူ ကြော်ငြာ လို့ ရောင်းအားတက်အောင် အားပေးတာမျိုး ဖြစ်နေပါဦးမယ်ဗျာ..”
“အဲ့လို မျိုး မဟုတ်ဘူးဗျ… လာဝယ်တဲ့ လူတွေက ချင်ကဲ ပရိသတ်တွေ မဟုတ်ဘူးရယ်..တချို့ဆို့ ချင်ကဲကို သိတောင် မသိကြဘူး… Brand ကြော်ငြာအတွက် ငှားထားတဲ့ မော်ဒယ်ပဲ ထင်နေကြတာ”
စုန့်ယွင်ရန် : “ ချင်ကဲက အရမ်း အရမ်းကို over powerful ဖြစ်နေတဲ့ သဘောလား..?”
လက်ထောက်တန်က ထို အမေးအား ရိုးရိုးသားသားပင် ပြန်ဖြေလေသည်..
“ဟုတ်တယ်ဗျ…ချင်ကဲ ရိုက်ထားတဲ့ ဇာတ်ကား နှစ်ကားက အခုထိ ပရိသတ်တွေ ဆီ မရောက်သေးဘူးလေ..ဒါကို သူ့ commercial value က အတော်မြင့်နေပြီ…"Happy and White" နဲ့  "Jianghu Road" တို့သာ လွှင့်ပြီးလို့ကတော့ ကျွန်တော်တို့ ကုမ္ပဏီ  တော့ သူ တစ်ယောက်တည်းနဲ့တင် ငွေတွေသဲ့ယူနေရုံပဲ…. လူတွေကြိုက်တဲ့ ငွေတွေ လေ ဟဲဟဲ..”
ထို စကားအား လက်ထောက်တန် ဆိုရသည့် အကြောင်းမှာ သူ၏ Boss လေးအား စိတ်ကြည်လာစေရန် ဖြစ်သည်..။
ကိုယ့် ကုမ္ပဏီမှ လက်အောက်ငယ်သားကြောင့် များပြားလှသော ဝင်ငွေရရှိလာမည်အား သဘောမကျသည့် သူဌေးဟူ၍ မရှိသဖြင့်…..
ချင်ကဲ၏ ငွေရှာနှုန်းမှာ များမကြာမီပင် ကြောက်ခမန်းလိလိ ဖြစ်လာတော့မည်ကို သိ လိုက် ရသည့် ရှောင်စုန့် ခမျာ မပျော်နိုင်ရှာပေ…
လက်ထောက်တန်စကား ကြားပြီးနောက် ရှောင်စုန့် မျက်နှာထားမှာ အရင်အခြေအနေ ကထက် ပိုဆိုးလာလေတော့၏.။
နှုတ်ခမ်းနှစ်လွှာအား တင်းကျပ်နေအောင် ပိတ်ထားပြီး အတွေးများကြား တဝဲလယ်လယ် ဖြစ်ပြီးနောက် ခပ်ဖြည်းဖြည်း ထုတ်မေးလေတော့သည်…
“ သူနဲ့ ကျွန်တော်မှာ သူက ကျွန်တော့် ထက်တော်တဲ့ ဥက္ကဌ ဖြစ်လာလိမ့်မယ်လို့ ခင်ဗျား ထင်နေတာမလား..?”
"...?"
လက်ထောက်တန်သည် ခေါင်းအား ပလုတ်တုတ်လေးသဖွယ် ခါပြနေ၏…
“ ဘယ်လိုလုပ် အဲ့လို ထင်ရမှာလဲ.. အဲ့လိုမျိုးအတွေး တစ်စက်လေးတောင် မရှိဘူး နော်…ချင်ကဲကို ကုမ္ပဏီကို ခေါ်လာတဲ့လူက ဥက္ကဌလေးလေ….ချင်ကဲက ဘယ်လိုလုပ် ဥက္ကဌလေးနဲ့ တန်းခြင်း ယှဉ်နိုင်ပါ့မလဲဗျာ..”
စုန့်ယွင်ရန်သည် ခေါင်းလှည့်၍ပင် မေးခွန်းထုတ်လာလေသည်..
“တကယ်လား…? ရန်သူ့ နောက်လိုက်ကြီး လုပ်ပြီးတော့ ကျွန်တော့်ကို သစ္စာ ဖောက်ပြီး နောက်ကျော ဓါးထိုး လုပ်မှာတော့ မဟုတ်ပါဘူးနော်…အဲ့လိုတော့ မလုပ် ဖူး မလား…?”
အဲ့လိုသာ လုပ်လို့ကတော့ ကျွန်တော့် အိပ်မက်ဆိုးတွေ တကယ်များဖြစ်လာခဲ့ရင် မိုနီကာကို ချင်ကဲ စိတ်ကျေနပ်အောင် ကိုယ့်လက်နဲ့ကိုယ် သွားဆက်သပစ်မှာ…ခင်ဗျား ချင်ကဲကို မျက်နှာလုပ်ဖို့ ပေးမယ့် မိုနီကာက ခင်ဗျားလက်ထဲ ရောက်လာမယ်လိမ့်မယ်လို့ ထင်မနေနဲ့…ဟမ့်
လက်ထောက်တန် မှာ နားမလည်နိုင်ရှာပေ…
ချင်ကဲက ကုမ္ပဏီရဲ့ အနုပညာရှင်ပါ…. ဘယ်ကနေ ဘယ်လို ရန်သူတော်ကြီး ဖြစ် သွားတာပါလိမ့်…
အတွေးကမ္ဘာတွင် ချာချာလည်ပြီးနောက် မဝံ့မရဲ နှင့် မေးလိုက်လေ၏..။
“ဥက္ကဌလေး စိတ်မကြည်နေရတဲ့ အကြောင်းအရင်းက ချင်ကဲလားဟင်…?”
“….သေချာပေါက် ဘယ်ဟုတ်လိမ့်မလဲဗျ…!”
စုန့်ယွင်ရန်သည် ချက်ချင်းပင် အငြင်းစကားဆိုကာ ဒေါသတကြီး ပြောလေတော့သည်..
“ခင်ဗျား ဗရုတ်သုတ်ခ အတွေးတွေ တွေးနေပြန်ပြီလား ဟမ်..?”
လက်ထောက်တန်၏ ခေါင်းလေး ပလုတ်တုတ် ဖြစ်သွားပြန်လေပြီ….နှစ်ကုန် ဘောနပ်စ် လေး အဝေးသို့ ပြေးသွားခဲ့ပြီးဖြစ်လေရာ ထို အတွေးမျိုးအား နောက်တစ်ကြိမ် ထက်တွေးရန် သူ မဝံ့ရဲတော့ပေ…။
“မဟုတ်ဘူး…. ကျွန်တော် ဖြစ်နေတဲ့ ကိစ္စက ချင်ကဲနဲ့ တစ်စက်လေးမှ မပတ်သက်ဘူး ရယ် ” ဟု စုန့်ယွင်ရန် ဟန်ကြီးပန်ကြီးနှင့် ဆိုလေတော့သည်..။
လက်ထောက်တန်၏ စိတ်နှလုံး တစ်ခုလုံး ဗလာ ဖြစ်သွားလေတော့သည်… ရှောင်စုန့်နှင့် ချင်ကဲကြားတွင် မည်သို့သော ပြဿနာ တက်နေသည်ကို  သူမခန့်မှန်းနိုင်တော့ပေ.. ထိုနှစ်ယောက် ရှုပ်ထွေးလှသော ဆက်ဆံရေးကြီးအား သူအဖြေမထုတ်နိုင်တော့လေရာ သူ့ IQ ကိုပင် သံသယ ဝင်လာတော့၏…။
ငါပဲ အတွေးများနေတာများလား….. ဒါမှမဟုတ် ဦးနှောက်ဖွွံ့ဖြိုးအောင် သစ်ကြားသီး တွေဝယ်စားရမလား ….သင်တန်းပဲ ပြေးတက်ရ တော့မလား…. လမ်းပျောက်နေပါပြီ နော်….ဟူး
အတွေးကမ္ဘာထဲ လက်ထောက်တန် ချာချာလည်နေစဉ် ကားဒရိုင်ဘာက သူတို့သွားလို သော နေရာသို့ရောက်ပြီ ဖြစ်ကြောင်း အသိပေးလာ၏..။
စုန့်ယွင်ရန်မှာ လက်ထောက်တန် တစ်ယောက် သူနှင့်ချင်ကဲကြား ဟိုလိုလိုဒီလိုလို ထပ်ထင်ကာ မေးခွန်းထုတ်လာမည်အား စိုးရိမ်နေရှာသည်…။
လက်ထောက်တန် ကားတံခါးအား လာမဖွင့်ပေးသေးခင် ကားတံခါးအား အမြန်ဖွင့်ကာ ကားထဲမှ ထွက်လိုက်တော့၏..။ထို့နောက် အပြင်တွင် ရပ်စောင့်နေသော “ Happy and white”ပရိုဂျူဆာထံသို့ တန်းနေအောင် သွားကာလက်ဆွဲနှုတ်ဆက်လိုက်လေတော့သည်။
လက်ထောက်တန်သည် ရှောင်စုန့်နှင့် ပရိုဂျူဆာတို့၏ ဖက်လှဲတကင်း အမူအယာအား တွေ့လိုက်ရသော်လည်း ပြဿနာတစ်စုံတစ်ရာ ရှိနေသည်ဟု ခံစားနေရသေး၏.။
ထူးထူးဆန်းဆန်း အတွေးများအား ထပ်ပြီး မတွေးရဲသောကြောင့် အချိန်အတော် ကြာကြာ စဉ်းစားပြီးသည့်နောက် ကောက်ချက်တစ်ခု ချလိုက်လေတော့သည်..။
ကြည့်ရတာ ချင်ကဲက ဖိန်ကျိုးလို မျိုး အခြားကုမ္ပဏီနဲ့ စာချုပ်ချုပ်ပြီး တို့ ဂလက်ဆီကနေ ထွက်သွားချင်နေတာမျိုးများ ဖြစ်မလားမသိ…?
အဲ့လိုဆိုလို့ကတော့
တော်တော်လေး စိုးရိမ်စရာ ကောင်းပြီပဲ…
လက်ထောက်တန်သည် ချန်ကျင်းထံ စာတိုပို့ကာ ချင်ကဲ၏ လှုပ်ရှားမှုများအား ပိုမို ဂရုစိုက်၍ စောင့်ကြည့်ရန် သတိပေးစကားဆိုလိုက်သည်… ဥက္ကဌစုန့်သည်လည်း ချင်ကဲ စာချုပ်ဖျက်မည့် အရေးကြောင့် စိတ်မကျေမနပ်ဖြစ်နေကြောင်းကိုလည်း အထူးအလှယ် ပြောပြလိုက်သေး ၏..။
ယင်း စာတိုအား လက်ခံရပြီးနောက် ချန်ကျင်းသည် ဖုန်းမျက်နှာပြင်အား အချိန် အတော်ကြာအောင် အထပ်ထပ်အခါခါ ကြည့်ကာ သူ့(မ) အမြင်မှန်မမှန် စစ်ဆေး နေရှာ ၏..။
ယနေ့တွင် အခြားသော အလုပ်များ ပါးနေသဖြင့် “သိုင်းလောက က လမ်းမများ” ဇာတ်ကားရိုက်ကွင်းရှိရာသွာ သူမ အထူးတလှယ် လာခဲ့ခြင်း ဖြစ်သည်…။ ချင်ကဲ၏ ရိုက်ကူးရေး မပြီးသေး သဖြင့် အခြားလူများနည်းတူ သူ(မ) ရှုတင်တွင် စောင့်နေခြင်း ဖြစ်၏..။
ချန်ကျင်းသည် လက်ထောက်တန်ထံ စာပြန်ပို့ရန် အလျင်စလို မလုပ်သေးပေ.. ချင်ကဲ၏ လက်တလော လှုပ်ရှားမှုများအား စေ့စေ့စပ်စပ် ပြန်လည်တွေးတောကာ အေးဂျင့်တစ်ယောက် နေရာမှ အကဲခတ် သုံးသပ်လိုက်၏..။ အကြိမ်ပေါင်းများစွာ သုံးသပ် ကြည့်သော်ငြား ချင်ကဲထံတွင် အမှားတစုံတရာ ပင်ရှာမတွေ့ပေ…
ချင်ကဲများ ငါမသိအောင် လုပ်ထားတဲ့ တစ်ခုခုများ ရှိနေတာများလား…?
“ရှောင်ခယ့်…. အရင်တစ်ခေါက် ရှောင်စုန့် ဒီကိုလာတုန်းက မင်းဒီမှာ ရှိတယ်မလား..?”
ချန်ကျင်းသည် ဖုန်းအား လက်မှချကာ လက်ထောက်လေး ရှောင်ခယ့်အား မေးခွန်းထုတ် လိုက်လေသည်..။
“အဲ့ အချိန်တုန်းက ချင်ကဲနဲ့ ရှောင်စုန့် တို့နှစ်ယောက်ကြား အဆင်မသင့်ဘဲ ပြဿနာ တစ်ခုခုများ တက်ခဲ့ကြသေးလား..?”
ရှောင်ခယ့် မှာ ကြောင်တက်တက်ဖြစ်သွားရာမှ .... “ ဟင့်အင်း….သူတို့ နှစ်ယောက် ကြားက ဆက်ဆံရေးက ကောင်းပါတယ်ဗျ… ရှောင်စုန့် ဒီကို စရောက်ရောက် ခြင်း ညကဆို တစ်ခန်းထဲမှာ အတူတူတောင် အိပ်ကြသေးတာကို…”
ချန်ကျင်း : “ သေသေချာချာလေး ထပ်စဉ်းစားကြည့် ကြည့်ပါဦးဟယ်..?”
ရှောင်ခယ့်သည် ပြောစကားအား လိုက်နာကာ သေချာပြန်စဉ်းစားလေသည်..
“အာ… တစ်ညကတော့ ချိန်ကျားမင်က ရှောင်စုန့် အခန်းသွားပြီး ဂိမ်းကစား သေးတယ်ရယ်…နောက်နေ့ရောက်တော့  ချင်ကဲ စိတ်အခြေအနေ က သိပ်မကောင်းဘူး ဗျ..”
အမျိုးသမီး တစ်ယောက်၏ ပင်ကိုယ်သိစိတ် ကြောင့်ရယ်လားမသိ… ချန်ကျင်း တစ် ယောက် ရေခဲ ရိုက်ခံလိုက်ရသကဲ့သို့ ခပ်တောင့်တောင့်ကြီး ဖြစ်သွားလေတော့သည်.။
“နောက်ထပ်ရော ဘာထူးခြားတာ ရှိသေးတုန်း..?”
“အမ်… နောက်တစ်ခု ကလည်း အဲ့နေ့တုန်းက ဖြစ်တာပဲဗျ… အဲ့နေ့က အစ်မ ချင်ကဲဆီ ဖုန်းခေါ်သေးတယ်မလား… အဲ့ ဖုန်းရပြီးတော့ သူက …”
ရှောင်ခယ့်သည် မေးစေ့အား ကုတ်လိုက်ကာ ရှက်ဝဲဝဲဟန်လေးနှင့် တိုးတိုး ဆိုလေသည်..
“ သူနဲ့ မစ္စတာစုန့် ပါတဲ့ Weibo ပေါ်က ဗီဒီယိုကို save လိုက်တယ်..”
ချန်ကျင်းသည် မင်းသမီးငယ် တစ်လက်ကဲ့သို့ မျက်ခုံးလေးအား ဟန်ပါပါပင့်ကာ သေသေ ချာချာ ထပ်မေး၏…
“မင်းမြင်လိုက်တာ က အဲ့ဒါဆိုတာ သေချာရဲ့လား…?”
“ ကျွန်တော် သေသေချာချာ ရှင်းရှင်းလင်းလင်းကို မြင်လိုက်တာပါ အစ်မကျင်း ရယ်..အစ်မ ဆိုလိုချင်တာ ချင်ကဲက…”
ကျန်နေသေးသည့် စကားလုံးများကိုမူ ရှောင်ခယ့် ပါးစပ်မှ တိုက်ရိုက်ထုတ် မပြောရဲရှာ ပေ.. မျက်လုံးမှ တဆင့်သာ အရိပ်အမြွက် ပြရဲရှာ၏..
ချန်ကျင်းသည်ကား သူမ၏ အမြင်ကို တစ်ချက်လေးပင် အမူအယာ ထုတ်မပြပေ… သူမသည် စိတ်လိုက်မာန်ပါ လုပ်တတ်သည့် အကျင့်မရှိ… စကားတစ်ခွန်း ပြောရန်ပြင် သူမ စိတ်ထဲ၌ ဖြစ်နိုင်ချေရှိမရှိ မှန်မမှန် စဉ်းစားကာ သေချာသော သက်သေရမှ ထုတ်ပြော တတ်သူဖြစ်၏..
ထို့အပြင် ဂလက်ဆီတွင် ကုမ္ပဏီရှိ အနုပညာရှင်များအား ချစ်သူ ရည်းစား မထားရဟူ သော စည်းကမ်းထုတ်မထားပေ…သို့သော် သူဌေးကိုယ်တိုင် ပါဝင်နေသော အချစ်ရေး ရှိလာမည်ကိုကား မည်သူ တစ်ဦးတစ်ယောက်မှ တွေးထားဖူးလိမ့်မည် မဟုတ် ပေ..။ထိုသို့သော ကိစ္စကြောင့် ရိုက်ခတ်လာနိုင်သော အရာများကိုလည်း သူမ မစဉ်းစား ဖူးပေ..။
ထို့အပြင် လက်ထောက်တန်၏ စကားများအား ပြန်လည်သုံးသပ်ကြည့်သောအခါ သူတို့နှစ်ဦးကြားတွင် တစ်စုံတရာ ရှိနေကြောင်း သိနိုင်သော်လည်း ထို တစ်စုံတစ်ရာ သည်ကား ကနဦးအခြေအနေသာ ရှိသေးသည် ဖြစ်နိုင်၏..ထို့အပြင် ရှောင်စုန့်နှင့် ချင်ကဲသည် နှစ်ယောက်တည်း ဆက်သွယ်ပြောဆို တွေ့ဆုံသည့် အခြေအနေမျိုး မရှိသေးပေ..။
(T/N - သူတို့က ကွန်ဒို တစ်ခုတည်းနေပြီး သူ့အိမ်ကိုယ့်အိမ် သွားလည်ဖူးတာတို့ …. Wechat ကနေ စာပို့တာတို့ကို အယ်မက သိမှ မသိတာ.. ညီမတို့ကတော့ သိတယ်ရှင့် ဟီး)
အချိန်အတော်ကြာ သုံးသပ်ပြီးနောက် ချန်ကျင်းစာပြန်လိုက်၏..
{ချင်ကဲ ဘက်မှာတော့ ကုမ္ပဏီကနေ ထွက်ဖို့ လုပ်မယ်တို့ စာချုပ်ဖျက်မယ်တို့ ပြောတာ မျိုး မကြားမိပါဘူး…အကုန်လုံး ပုံမှန်ပါပဲ…ဒါပေမဲ့ သူ့ကို ကျွန်မ သေသေချာချာ အာရုံပိုစိုက်ထားလိုက်ပါ့မယ်… သတိပေးတဲ့ အတွက် ကျေးဇူးပါရှင်..}
လက်ထောက်တန်သည် ထိုသတင်းအား မြင်လိုက်ရသော်လည်း သက်မ မချနိုင်ရှာသေး ပေ..။
ကြည့်ရတာ ချန်ကျင်းက လုံလောက်အောင် တက်တက်ကြွကြွ နိုးနိုးကြားကြား မရှိဘူးနဲ့ တူတယ်…တို့ ဥက္ကဌ ရှောင်စုန့်ကမှ ပါးပါးနပ်နပ်နဲ့ အရာရာကို ထိုးထွင်းသိနေတာ… တို့ ဥက္ကဌလေးလိုလူမျိုး ကမ္ဘာပေါ်မှာ နောက်တစ်ယောက် ထပ်မရှိနိုင်တော့ဘူးကိုး…..
“အဲ့တာဆို ဇာတ်လမ်းက ကြည့်ဖို့ အဆင်သင့် ဖြစ်နေပြီလားဗျ..?”
တန်ကျွေ့သိ တစ်ယောက် အတွေးထဲ မျောနေစဉ် ထိုစကားသံက သူ့အား လက်ရှိ ကာလ သို့ ပြန်ဆွဲခေါ်သွား၏…။
လက်ထောက်တန် ခေါင်းမော့ကြည့်လိုက်ချိန်တွင် "Happy and White" ဇာတ်ကား၏ ကိုယ်စားပြု ပရိုဂျူဆာက တည်းဖြတ်ထားသော ဇာတ်လမ်းနမူနာ ကို ပရိုဂျက်တာ ပေါ်တွင် ပြသရန် အဆင်သင့် ပြင်ထားပြီးဖြစ်ကြောင်းနှင့် ထို့နောက် ခလုတ်နှိပ်ကာ စတင်ကြည့်ရှုရန် စောင့်ဆိုင်းနေပြီ ဖြစ်ကြောင်း တွေ့လိုက်ရလေသည်..။
စုန့်ယွင်ရန်သည်လည်း ကြည့်ရှုရန် အဆင်သင့် ဖြစ်နေလေပြီ..။
မီးအလင်းရောင်များ မှိန်ကျသွားသော အခါ ရှောင်စုန့်သည် ဆိုဖာပေါ်တွင် ထိုင်လိုက်ပြီး ပရိုဂျက်တာ မျက်နှာပြင်အား စူးစူးစိုက်စိုက် ကြည့်ကာ အရင်ဘဝက သူကြည့်ခဲ့သည့် ဇာတ်လမ်း၏ သရုပ်ဆောင်မှုများနှင့် နှိုင်းယှဉ်လေတော့သည်..။
ပြသနေသည့် ဇာတ်လမ်းတွင် နောက်ခံတေးဂီတများ မထည့်သွင်းရသေးသော်လည်း ဇာတ်လမ်းတစ်ခုလုံးမှာ ကျစ်ကျစ်လစ်လစ် ၊ အချိတ်ဆက်မိမိ နှင့် စိတ်ဝင်စားစရာ ကောင်းလှ၏..။
အခြားသော ထုတ်လုပ်ရေး ဝန်ထမ်းများမှာ ဇာတ်လမ်းအား ဖန်တရာတေအောင် ကြည့်ပြီးပြီ ဖြစ်သဖြင့် သူတို့၏ အခြေအနေများကား တည်တည်ငြိမ်ငြိမ်ပင်…။ လက်ထောက်တန်သည်သာ ပထမဦးဆုံးအကြိမ်အဖြစ်"Happy and White" ဇာတ်လမ်း အား   ကြည့်ရှု့သည့် ပရိတ်သတ် ဖြစ်နေလေရာ တဟီးဟီး ရယ်မောလိုက် အော်ဟစ် လိုက် နှင့် တစ်ယောက်တည်း ငါရံ့ပြာလူး ဖြစ်နေလေ၏.။
အခြားသူများက သူ၏ အပြုအမူအား တစ်စက်လေးပင် ဂရုမစိုက်ကြပေ.. အဘယ် ကြောင့်ဆိုသော် လက်ထောက်တန်သည် ဤဇာတ်ကားအား ပထမဦးဆုံး အကြိမ်အဖြစ် ဤဇာတ်ကားအား ကြည့်ရှုသူဖြစ်ကြောင်း သူတို့သိ၍ပင်..။ ပရိတ်သတ်အသစ်စက်စက် ကြီးက ပျော်ပျော်ရွှင်ရယ်မောလေလေ သူတို့ နှလုံးသားထဲတွင် ဇာတ်ကားအပေါ် ဂုဏ်ယူကာ ယုံကြည်ချက်မြင့်မားလာလေလေပင်…ထို့ကြောင့် သူတို့၏ မျက်နှာပေါ်တွင် ကျေနပ်ပျော်ရွှင်သည့် အပြုံးများနှင့် ပြည့်နက်နေလေတော့၏.။
စုန့်ယွင်ရန် တစ်ယောက်သည်သာလျှင် တစ်ချိန်လုံး အသံတိတ်နေကာ နှလုံးသား တစ်ခုလုံး ရေအေးကြီးထဲ နစ်မြှုပ်နေသည်ဟု ခံစားနေရခြင်းပင်..။
ရိုက်ကူးရေး လုပ်နေစဉ်က ချင်ကဲ၏ ရိုက်ကွင်းပေါ်ရှိ သရုပ်ဆောင်မှုများက အရင်က သူရုပ်ရှင်ရုံတွင် ကြည့်ဖူးခဲ့သည့် သရုပ်ဆောင် အရည်အချင်းထက် သာလွန်နေသဖြင့် သူ အလွန် အံ့အားသင့်ခဲ့ရသေး၏..။ ထိုအချိန်က ရုပ်ရှင် တည်းဖြတ်ရေးကြောင့်သာ ထိုသို့ ဖြစ်ရသည်ဟု သူ ထင်ခဲ့ရာ အလေးအနက် ဆက်မတွေးဖြစ်ခဲ့ပေ..။
သို့သော် ယနေ့တွင် သူကြည့်ရှုခံစားလိုက်ရသော ချင်ကဲ၏ သရုပ်ဆောင် စွမ်းရည်မှာ အရင်ဘဝက နောက်ခံတီးလုံးများ အခြားသော အထူးပြုလုပ်ချက် အထောက်အပံ့များ ပါဝင်ပြီးသည့် သူ၏ စွမ်းရည်ထက် များစွာသာလွန်နေကြောင်း သူသိရလေပြီ..။
အရင်ဘဝတွင် ချင်ကဲသည် ဤဇာတ်လမ်းအား စတင်ရိုက်ကူးချိန်က ဘွဲ့ရပြီးစ မနူးမနပ် သရုပ်ဆောင် အသစ်လေးသာ ဖြစ်သေး၏.။ သေးငယ်သော ပတ်ဝန်းကျင်လေး ထဲတွင်သာ ကျင်လည်ခဲ့ရသူ ဖြစ်သေးရာ ပိုမိုကြီးမား ကျယ်ပြန့်သော လောကကြီးထံမှ အသစ်အသစ်သော ပညာရပ်များအား လေ့လာဆည်းပူးရန် လိုသေး၏.။ ထို့ကြောင့် သူ၏ သရုပ်ဆောင် စွမ်းရည်တွင် လိုအပ်ချက်အနည်းငယ် ရှိနေသေးသည်.။
ထို့ကြောင့် သူသည် "Happy and White" ဇာတ်ကားနှင့် မျက်နှာသစ်သရုပ်ဆောင်ဆု (the best newcomer award) တစ်ခု သာရခဲ့ပြီး အကောင်းဆုံး အမျိုးသား သရုပ်ဆောင်ဆု အတွက် စာရင်းတင်သွင်းခြင်း မခံခဲ့ရခြင်းဖြစ်၏.။
သို့သော် ယခုအကြိမ်တွင်မူ…..
စုန့်ယွင်ရန်၏ မျက်တောင်လေများ ပုတ်ခတ် ပုတ်ခတ် ဖြစ်လာ၏…
မကောင်းတော့ဘူး….... ချင်ကဲရဲ့ တောင်ပံတွေက အရမ်း အရမ်းကို သန်မာပြီး ကောင်းကင်ကိုတောင် အံတုနိုင်တဲ့ အခြေအနေအနေမှာရှိနေပြီ…. ငါ့အသက်လေးတော့..
ဇာတ်လမ်း အစအဆုံးအား ကြည့်ပြီးနောက် စုန့်ယွင်ရန်စိတ်ကလေးမှာ အရင်ကထက်ပင် ပိုမိုလေးလံလာကာ နှလုံးခဲဆွဲ ခံရသကဲ့သို့ ဖြစ်လာလေ၏..။
ထုတ်လုပ်ရေးအဖွဲ့အား ချီးကျူးစကား ဆိုပြီးနောက် ကားဆီသို့ မြေကြီးအောက် ရောက်နေသော စိတ်ဓါတ်ကြီးနှင့် လေးတိလေးကန် ပြန်လာလေတော့သည်.။
ချင်ကဲ ရဲ့ ခွင့်လွှတ်မှုကို တောင်းခံဖို့ ငါ ဘယ်လိုလုပ်ရပါ… ငါဘယ်လို တောင်းပန်ရပါ့မလဲဟု အတွေးရေယာဉ်ကြော မျောနေလေတော့သည်..။
သူ့ကို တကော လို့ခေါ်ပြီး အစ်ကိုကြီးအရာမှာ ထားဖို့ များ နောက်ကျသွားပြီလား မသိဘူး..
စုန့်ယွင်ရန်မှာ ပူပန်စိတ်များဖြင့် ဖိစီးနေရှာလေ၏..။ ကုမ္ပဏီသို့ ပြန်ရာလမ်း တစ်လျှောက်လုံး ကြုတ်နေသော မျက်ခုံးနှစ်သွယ်မှာ တစ်ချက်လေးပင် ဆန့်မသွားရှာ...
ထို အမူအယာအား သတိထားမိသွားသော လက်ထောက်တန်သည် စုန့်ယွင်ရန်အား စကားပြောရန် ပြန်လိုက်စဉ် စုန့်ယွင်ရန်၏ ခန္ဓာကိုယ် အနေအထားမှာ ရုတ်တရက် တောင့် ခနဲ့ ဖြစ်သွားကာ ခေါင်းအားလှည့်၍ ကား၏ အနောက်ဘက်သို့ ကြည့်လိုက်လေ တော့သည်..။
“တစ်ယောက်ယောက် ကျွန်တော်တို့ကို နောက်ယောင်ခံလိုက်လာတယ်” ဟု စုန့်ယွင်ရန် ထိတ်လန့်သွားဟန် ဖြင့်ဆိုလေသည်..။
လက်ထောက်တန်သည် အနောက်ဖက်သို့ အကြည့်တစ်ချက်ပို့ကာ လေ့လာလိုက် သော်လည်း ပုံမှန် သွားလာနေသည့် ယာဉ်များကိုသာတွေ့ရပြီး မသင်္ကာစာ တစ်ခုပင် မတွေ့မိပေ..။
“နောက်ယောင်ခံလိုက်တာတဲ့ ယာဉ်မျိုး မရှိပါဘူးဗျာ… ကြည့်ရတာ ဥက္ကဌလေး အရမ်းပင်ပန်းနေလို့ ဖြစ်မယ်နဲ့တူတယ်… ဒရိုင်ဘာကို ဥက္ကဌလေးနားရအောင်လို့ အိမ်တစ်ခါတည်း  ပြန်ပို့ခိုင်းလိုက်ပါ့မယ်ဗျ…”
ရှောင်စုန်လေး ဇဝေဇဝါ ဖြစ်သွားရှာသည်..။နောက်သို့ ပြန်လှည့်ကြည့်လိုက်ချိန်တွင် မသင်္ကာစရာ အရိပ်အယောင် တစွန်းတစ်စပင် မရှိတော့ပေ.။
ငါများ ထင်ယောင် ထင်မှား ဖြစ်နေတာများလား..?
ဒါမှမဟုတ် ချင်ကဲက သူ့အောင်မြင်မှုလမ်းကြောင်းပေါ် အခြေချနိုင်လိုက်ပြီဆိုတာ သိလိုများ ငါ့ကို နောက်ယောင်ခံဖို့ လူလွှတ်ထားတာများလား…?
သံသယ မျိုးစေ့ဟူသည် ချပြီးသည်နှင့် အဆုံးမရှိတော့ပေ … ပို၍ကြီးမားသော သံသယ ပင်ကိုသာ ပျိုးထောင်လေတော့သည်..။
နောက်ပိုင်းကာလ များတွင်လည်း စုန့်ယွင်ရန်၏ သံသယစိတ်မှာ ပိုလို့ပင် တိုးလာလေ တော့သည်..။ အပြင်သို့ ထွက်ချိန်တိုင်း ဘေးပတ်ဝန်းကျင်အား ပတ်ပတ်လည်အောင် လိုက်ကြည့်မိနေလေသည်… မမြင်လိုက်မိသော တစ်နေရာမှ တစ်စုံတစ်ယောက် ဗြုန်းခနဲ ထွက်လာပြီး သူ့အား အန္တရာယ်ပြုတော့မည်ဟု သူ တစ်ချိန်လုံး ခံစားနေရလေသည်.။
ထို ကြောက်စိတ်မှာ ချင်ကဲ ပြန်လာချိန်နီးလေလေပို၍ ကြီးမားလာလေလေပင်… ထိုခံစားချက်ကြီးအား သူတစ်ယောက်တည်းသာ ခံစားနေရ၏… သူ့ဘေးပတ်ဝန်းကျင် ရှိ လူများမှာ သတိပင် မမူမိကြချေ… နောက်ယောင်ခံလိုက်နေသူ၏ ပတ်မှတ်မှာ သူ တစ်ဦး တည်းသာ ဖြစ်ပုံရလေသည်..။
ချင်ကဲ ရိုက်ကူးရေ ကား အဆုံးသတ်သွားလေပြီ…. စုန့်ယွင်ရန် ရှောင်ချင်သော်လည်း ရှောင်၍မရတော့ပေ..။
ချင်ကဲ ပြန်ရောက်လာမည့်နေ့တွင် သူနှင့် တွေ့လိုက်မည်ဟု စုန့်ယွင်ရန်စဉ်းစား လိုက်ကာ ညစာအတွက် ကြိုတင် ဘိုကင်တင်ထားလိုက်တော့၏..။ထို့နောက် ချင်ကဲထံ စာပို့ကာ လေယာဉ်ပေါ်က ဆင်းသည်နှင့် စားသောက်ဆိုင်သို့တန်းလာနိုင်ရန် စားသောက်ဆိုင်လိပ်စာကိုပါ စာတိုပို့ထားလိုက်တော့သည်..။
ချင်ကဲ ရန်ရှီလေဆိပ်သို့ ရောက်လာချိန်တွင် ညနေ (၅)နာရီ ရှိနေလေပြီ..
ဖုန်းဖွင့်လိုက်သည်နှင့် စုန့်ယွင်ရန်ထံမှ စာအားတွေ့လိုက်ရလေရာ မျက်မှောင်ကြုတ်ကာ ရှောင်စုန့်ထံ ဖုန်းခါ်လိုက်တော့၏.။
စုန့်ယွင်ရန် ရုံးခန်း၌သာ ရှိနေသေး၏…။ချင်ကဲ ပါလာမည့် လေယာဉ်ဆိုက်မည့် အချိန်အား သူသိထား၏.။ ရင်ဆိုင်နိုင်ရန်အတွက်လည်း စိတ်ဓါတ်အားအမြင့်ဆုံး အခြေ အနေ ရောက်အောင် မြှင့်တင်ပြီးဖြစ်​လေသည်..။ဖုန်း screen ပေါ်တွင် ရင်းနှီးသော နာမည်အား တွေ့လိုက်သော အခါ လည်ချောင်းရှင်းကာ ဖုန်းကိုင်လိုက်တော့သည်..
“ပြန်ရောက်လာပြီလား..?”
စာလုံးများသည် တိုသော်ငြား ဖုန်းကွယ်ထားသော အချက်ပြအဓိပ္ပါယ်များစွာ ပါသည်ဟု ရှောင်စုန့် ယုံထား၏..
ချင်ကဲ : “ အခုပဲ ပြန်ရောက်ပါတယ်ဗျ… ကျွန်တော်နဲ့ ဒီနေ့ည တွေ့ချင်တာလားဗျ..?”
ရှောင်စုန့် : “ မရဘူးလား..?”
စုန့်ယွင်ရန် အတွေးထဲတွင် ညဉ့်အချိန်၌ တစ်ယောက်နှင့်တစ်ယောက် ဘတစ်ပြန် ကျားတစ်ပြန် လက်သီးများ သုံးကာ ချနေသည့် အံ့အားသင့်ဖွယ်မြင်ကွင်းအား မြင်ယောင်ရင်းတည်ကြည်လေးနက်သောလေသံကြီးနှင့်“ဘာလဲ…? ကြောက်လို့လား..?”
ချင်ကဲ ; “……”
ချင်ကဲ၏ အတွေးထဲတွင်မူ သူနဲ့ငါ ရိုးရိုးသားသား ထမင်းတစ်နပ်စားဖို့ ချိန်းထားတာကို ဘယ်လိုလုပ် ကြောက်တယ် ဆိုတဲ့ စကားက ပါလာပြန်တာပါလိမ့်နော်…
အင်း…. ဥက္ကဌပေါက်က အမြဲတက်ကြွလန်းဆန်းပြီး ထူးထူးဆန်းဆန်းတွေးနေတတ်တဲ့ ဦးနှောက်ပတ်လမ်းကြောင်းကြီး ပိုင်ထားတာဆိုတော့လည်း… ဟုတွေးကာ စိတ်ရှည်ရှည် ထား ကာ အေးအေးသက်သာ ရှင်းချက်ပေးရှာလေ၏.။
“မကြာခင် အလုပ်ဆင်းချိန်ရောက်တော့မှာလေ… ကားလမ်းတွေ တအား ကြပ်တော့မှာ..ကျွန်တော်လည်း ကားလမ်းပေါ်မှာတင် အချိန်အတော် ကုန်ဦးမယ် ထင် တယ်.... စားသောက်ဆိုင်ကို နောက်ကျမှ ရောက်လာနိုင်မယ် ထင်တယ်ဗျ..”
စုန့်ယွင်ရန်သည် အရေးမစိုက်ဟန်ဖြင့် … “အဲ့ကိစ္စက အဲ့လောက် အရေးမပါပါဘူး… ဘယ်လောက်နောက်ကျကျ ကျွန်တော် ခင်ဗျားကို စောင့်နေမယ်..”
ထိုစကားအားဆိုပြီးပြီးခြင်း ဖုန်းအား အေးစက်စက် အမူအယာနှင့် ချလိုက်တော့ ၏…တိုက်ပွဲတွင် အသက်သေရမည်ပြီပင် မကြောက်တတ်သော gangster mood ဝင်သွားလေပြီ…..
သိပ်ကောင်းတယ်… သိပ်သိပ်ကို ကောင်းတယ်…. လက်ရည်စမ်းပွဲမှာတင် အနိုင်ပိုင်းနိုင် လိုက်ပြီ… ရှုံးသွားမယ်ဆိုရင်တောင် မရှုမလှရှုံးတာမျိုး မဟုတ်တော့ဘူး….
ခေါင်းလေးအား မော့ကာ မာနတလူလူ လွှင့်နေတော့သည်… ဖုန်းကင်မရာလေးအား ဖွင့်ကာ အထူးတလှယ် ဝတ်ဆင်ခဲ့သော suit လေးအား ဆွဲဆန့်လိုက်ပြီး ကိုယ့်ကိုယ်ကို ကျေနပ်နေလေတော့သည်..။
ဥက္ကဌ ရုံးခန်းမှ ထွက်လာချိန်တွင် သူ့ကိုယ်သူ ရက်စက်တတ်သော ဖိုက်တာမုဒ် အပြည့်သွင်းထား၏.။
“ရှောင်စုန့်လေး မင်္ဂလာပါ…”
သူ့ ဘေးမှ ဖြတ်သွားသော ကုမ္ပဏီဝန်ထမ်းများက သူ့အား အပြုံလေးများနှင့် နှုတ်ဆက် စကား ဆိုကြလေသည်..
ရှောင်စုန့်သည် ထိုဝန်ထမ်းများအား ခေါင်းငြိမ့်ပြရုံပြလိုက်၏… မျက်ခုံးနှစ်ဖက်ကိုကား ကြုတ်ထားကာ စျေးများထဲတွင် မိုက်ကြေးခွဲကာ လူရိုက်ရန်ပင် ဝန်မလေးသော လူမိုက် ရုပ် ဖမ်းထားလေသည်..။
သူ အဝေးသို့ရောက်သွား ချိန်တွင် ဝန်ထမ်းများ ခပ်တိုးတိုး စကားဆိုကြလေပြီ…
“ဥက္ကဌလေး ရှောင်စုန့် ကို ကြည့်နေတာ ဒီနေ့ အရမ်းတွေကို တည်ကြည်လေးနက် နေသလိုပဲနော်…တို့ မြင်နေကြ cuite ရှောင်စုန့်နဲ့ တခြားဆီပဲ…”
“ကြည့်ရတာ အာဏာလွှမ်းမိုးပြီး ထိန်းချုပ်ချင်စိတ်ပြင်းတဲ့ ဥက္ကဌ ဂိမ်း ကစားပြန် ပြီနဲ့တူတယ်…. ဟုတ်တယ်မလား..?”
“..အေး … အဲ့လိုဖြစ်နိုင်တယ်..”
စုန့်ယွင်ရန်သည် လက်ထောက်တန်အား သူနှင့် အတူ မလိုက်ခိုင်းခဲ့ပေ…သို့သော် ကားထဲသို့ ငုံ့ဝင်လိုက်ချိန်တွင် လေအေးတစ်ချက်နှင့် ဆုံလိုက်ရပြီး လက်ဖျား ထိပ်လေးများပင် ကျင်တက်သွားရှာလေ၏..။
မျက်လုံးအား ပင့်ကာ လေထန်နေသော လမ်းမအား တစ်ချက်ကြည့်လိုက်သည်…. ထို့နောက် ကူရာမဲ့သွားဟန်ဖြင့် သက်ပြင်းတစ်ချက်ချကာ “ဪ လေကလည်း တယ်တိုက်သကိုး…”
ဒါရိုင်ဘာသည် ကား တံခါးအား အမြန်ပိတ်ပေးလိုက်ပြီး သူ့ထိုင်ခုံဆီသို့ အမြန်ပြန်သွားကာ မဝံမရဲနှင့် ထောက်ခံပြောဆိုလေ၏..
“ဟုတ်ပါ့ဗျာ…. ဒီနေ့မှ လေကလည်း အတော့်ကိုတိုက်နေတာပဲ…”
“ဒီနေ့ညတော့ မိုးတွေလေတွေကြား ပွဲကောင်းတော့မှာပဲ ဟုတ်တယ်မလား..?”
စုန့်ယွင်ရန်သည် လေသံနိမ့်နိမ့်ဖြင့်ရီသံ တစ်ချက်ထုတ်ကာ မျက်လုံးထက်တွင် လေးနက်သော အကြည့်အား တပ်ဆင်လိုက်ပြီး “အဲ့လိုဆိုတော့လည်း မိုးသက်မုန်တိုင်း တွေကြား မကောင်းမှုတွေကို လက်စလက်န ဖျောက်လို့ လွယ်တာပေါ့လေ…”
ဒရိုင်ဘာ… “……….”
ဪ လက်စသတ်တော့ ဒီရက်ပိုင်း ရှောင်စုန့်လေး ပူပန်စိတ်တွေများနေတဲ့ အကြောင်းက ကလေးတွေ ကြည့်ဖို့ မသင့်တော်တဲ့ သတ်တဲ့ဖြတ်တဲ့ ကားတွေ.. ဂန်းစတား ကားတွေ ကြည့်နေလို့ကိုး……
နာရီဝက်ခန့် အကြာတွင် ဒရိုင်ဘာကြီးသည် စားသောက်ဆိုင်၏ ကားပါကင်တွင် ကားရပ်လိုက်တော့၏..။
စုန့်ယွင်ရန် ဆင်းရန် တံခါးအား ဖွင့်ပေးကာ မေးလိုက်တော့သည်..။
“ကျွန်တော် မစ္စတာစုန့်ကို ဒီနေရာကပဲ စောင့်နေပေးရမလားဗျ…?”
စုန့်ယွင်ရန်သည် အနည်းငယ် ချီတုံချတုံ ဖြစ်ပြီးနောက် “မလိုဘူး ရတယ်… တစ်ခုခု သွားစားလိုက်လေ..”
ဒီနေ့ သူ တက်ရောက်ရမည့် ပွဲမှာ သူသေကိုယ်သေ တိုက်ပွဲ မြေပြင်ဖြစ်လေရာ…ထိုပွဲတွင် ချင်ကဲက သူ့အား ဒူးထောက်ခိုင်းပြီး တကောဟု ခေါ်ခိုင်းမည့် မြင်ကွင်းအား လူများများ မမြင် စေချင် ၍ပင်…
ဒရိုင်ဘာဦးလေးကြီး ကားမောင်းပြီးပြန်ထွက်သွားရန် ခန္ဓာကိုယ်အား ကားဆီသို့ ပြန် လှည့်လိုက်ချိန်တွင် စုန့်ယွင်ရန် တစ်ယောက် နောက်ကျော ဘက်ဆီမှ အေးစက်စက် ခံစားချက်ကြီး ရလိုက်လေသည်.။
ယခု အချိန်တွင် ချိန်ကျားမင် သည် ဤ နေရာသို့ ချက်ချင်လက်ငင်းကြီး ဗြုန်းခနဲ့ ရောက်မလာနိုင်ကြောင်း သူသိထားသော်လည်း သူ့အား စိုက်ကြည့်နေသူ ရှိသည်ဟု သူခံစားနေရ၏..
“တစ်ယောက်ယောက် က ကျွန်တော့်ကို ကြည့်နေတယ်လို့ ခံစားရတယ်…”ဟု စုန့်ယွင်ရန်သည် ဒရိုင်ဘာကြီးအားတားကာ လေးလေးနက်နက် ဆိုလိုက်၏…
ဒရိုင်ဘာကြီးခမျာ ကြောင်တက်တက်လေး ဖြစ်သွားရှာ၏… လွန်ခဲ့သော နှစ်ပတ်က တည်း က ရှောင်စုန့်တစ်ယောက် ထိုစကားအား ပြောနေကြဖြစ်သော်လည်း ကြားလိုက်ရသည့် အချိန်တိုင်း သူ အံဩသွားမြဲပင်…
သို့သော် အံ့ဩစိတ်လေးသည်ကား များမကြာမီ အချိန်အတွင်း ပျောက်ကွယ်သွားတော့ ၏ ….. အတွေ့အကြုံများအား အသုံးချကာ စုန့်ယွင်ရန် စိတ်သက်သာရာ ရသွားစေရန်
“အဲ့ဒါဆို မစ္စတာစုန့်ကို စားသောက်ဆိုင်ထဲထိ လိုက်ပို့ပေးရမလားဗျ…?”
“ထားလိုက်ပါတော့ …”
စုန့်ယွင်ရန်သည် ဒရိုင်ဘာကြီးက သူ့စကားအား မယုံကြောင်း သိသည်ဖြစ်လေရာ လက်ကိုဝေ့ယမ်းပြလိုက်ကာ …. “သွားလို့ ရပြီ”
ဒရိုင်ဘာကြီး သူ့လမ်းသူ ထွက်သွားချိန်တွင် စုန့်ယွင်ရန်သည် ကားပါကင်ရှိ လမ်းပြမြေပုံအတိုင်း  လိုက်ကာ ဓါတ်လှေကား ရှိရာသို့ သွားတော့၏..။
လမ်းတစ်ဝက် ရောက်ချိန်တွင် ချင်ကဲက စာတို လှမ်းပို့ကာ စားသောက်ဆိုင်သို့ သူရောက်လာပြီ ဖြစ်ကြောင်း အကြောင်းကြားလေ၏..။စုန့်ယွင်ရန်လည်း စားသောက် ဆိုင် ထဲတွင် တွေ့ကြမည် ဖြစ်ကြောင်း စာပြန်ပြီးနောက် ဓါတ်လှေကား ခလုတ် အားနှိပ်လိုက်ချိန်တွင် ဖုန်းက တုန်ခါလာပြန်၏…
စုန့်ယွင်ရန်သည် ဆွံ့အ သွားရှာကာ မနေနိုင် မထိုင်နိုင် တွေးပြန် သည်…
ဘာများဖြစ်နေပြန်တယ်မသိ… ဒီပါးပါး လမ်းမပြတာနဲ့ ဒီဆန်ကုန်မြေလေး သားကလေး ကတော့ ဓါတ်လှေကား ရှိတဲ့နေရာကိုတောင် မရှာတတ် တော့ဘူးလား … ဟမ့်
မျက်မှောင်ကြုတ်ကာ ဖုန်းအား ထုတ်ကြည့်လိုက်ချိန်တွင် နံပါတ်စိမ်း တစ်ခုဆီမှ သူ့အား စာပို့ထားခြင်း ဖြစ်ကြောင်း တွေ့လိုက်ရလေသည်…
(ငါ မင်းကို တွေ့ပြီ )
စုန့်ယွင်၏ ခေါင်းတစ်ခုလုံး အချက်ပေးသံများ မြည်လာလေပြီ…စိတ်လှုပ်ရှား စေတတ်သည့် အဒရီနယ်ဂလင်းများက ချက်ချင်းပင်ထွက်လာကာ နှလုံးခုန်နှုန်းများ မြန်လာလေတော့သည်…
ဓါတ်လှေကား နံပါတ်အား လှမ်းကြည့်လိုက်ချိန်တွင် ထို ဓါတ်လှေကားမှာ သူ့ဆီသို့ ရောက်လာရန် အချိန်အတော်ကြာ စောင့်ရဦးမည် ဖြစ်ကြောင်း သိလိုက်ရ၏..
ထိုအချိန်တွင် ခြေသံပြင်းပြင်း သံကြီးသည်လည်း သူနားထဲသို့ ပဲ့ထင်ဝင်ရောက် လာလေ ၏..
ဒေါက်…. ဒေါက်….ဒေါက်….
နှစ်စက္ကန့် ခန့်အကြာတွင် ထို ထူးဆန်းသော ခြေသံကြီးက သူ့နောက်ထံပါးတွင် ရပ်သွား လေပြီ….
“မ စ္စ တာ စုန့် …. နေ ကောင်း ရဲ့ လား…?” တက်ကြွမှု ကင်းမဲ့ပြီး အက်ကွဲနေသော စကားသံကြီးက ဝိဉာဉ်တစ်ကောင်၏ အော်မြည်သံကြီးကဲ့သို့ပင်….
စုန့်ယွင်ရန် ခေါင်းလှည့်ကြည့်လိုက်ချိန်တွင် ရင်းနှီးနေသော မျက်နှာအား တွေ့လိုက်ရ လေသည်…
ချက်ချင်းဆိုသလို…. ထိုလူအား သူမှတ်မိ သွားတော့၏…..
အနှီလူမှာ ချူရှောင်ချန်း ပင်……
(စာရေးဆရာ မှာ ပြောစရာရှိပါတယ်….. တို့ရှောင်စုန့်လေးက ထင်ယောင်ထင်မှား ဖြစ်တာမျိုး လုံးဝမဟုတ်ပါဘူးနော်  ⊙▽⊙ )
(ဘာသာပြန်သူမှာ ပြောစရာရှိပါတယ် …. နောက်တစ်ပိုင်း တင်နိုင်ပြီ…. ဟီး)
Click ကြဖို့ မမေ့ကြနဲ့ဦးနော်……

ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်Where stories live. Discover now