(10)unicode (new version )

1K 122 2
                                    

ကျောင်းပိတ်ရက်မှာ လွင်တယောက် ပျင်းချိန်ကို မရှိခဲ့။ မနက်မိုးမလင်းခင်ကတည်းက ဖုန်းဆက်တတ်သည့် ကလေးမတစ်ယောက်ကြောင့်ပေါ့။ အကြောင်းပြချက်ကတော့ သူ့ကို အိပ်ယာနှိုးပေးတာတဲ့။ အခုလည်း ည ဆယ်နာရီခွဲမှ ဖုန်းချသွားသည်။ တကယ်တော့ နေ့လည်ဆိုလည်း နေ့လည်အလျှောက် ညဆိုလည်း ညအလျှောက် ပြောစရာတွေ မကုန်တဲ့ ဒီကောင်မလေးဟာ ကျောင်းပိတ်ရက်ကို မုန်းပါသတဲ့။

ဒီလိုဆိုပြန်တော့လည်း ကျောင်းမှာ ရှိနေတုန်းက ကောင်းကောင်းနေခဲ့တာမဟုတ်။ ဟိုနေရာသွားချင် ဒီနေရာလိုက်ပို့ခိုင်းနဲ့ လစ်လိုက်တဲ့ အတန်းတွေဆိုတာ တချို့ဆရာမတွေတောင် အတန်းခေါင်းဆောင် ပျောက်လို့လိုက် လိုက်ရှာရသည်။ 

"လွင် ငါ ကျောင်းပိတ်ရက်မှာ အကျိုးရှိအောင် သင်တန်းတွေ ပတ်တက်နေတယ် "

အဲ့ဒီလိုဆိုလို့ ကွန်ပျူတာသင်တန်းတို့ ဘာသာစကားသင်တန်းတို့ စာရင်းကိုင် သင်တန်းတို့ မမှတ်ပါနဲ့။ မုန့်ဖုတ်သင်တန်း ဟင်းချက်သင်တန်းနဲ့ အဖျော်ဆရာသင်တန်းတို့ဖြစ်သည်။ ဟင်းချက်သင်တန်းစတတ်တုန်းက ဆိုရင် လွင်နဲ့ ဗီဒီယီုကောခေါ်ကာ သင်ထားသမျှကို ချက်ပြတတ်သည်။ ဘာမဆို ကောင်းကောင်းမွန်မွန်လုပ်တတ်သော ကောင်မလေးက သင်သမျှလည်း တကယ်တတ်ပါသည်။ ပြဿနာက နည်းနည်းလေး ချီးကျူးခံရတာနဲ့ ထဖောက်လာတာပင်။ တရက်ကဆို ဖုန်းခေါ်ကာ ငိုနေလို့ မေးကြည့်လိုက်တော့....

"လွင် သိလား ငါ့အပေါ် ဘယ်သူမှမကောင်းဘူး" 

အင်း တစ်မိသားစုလုံးရဲ့ အချစ်ခံလေးက ဘာများဖြစ်ရပြန်တာတုန်း။ 

"မေမေတို့ကလေ ငါ့ကို မချစ်ဘူးသိလား "

"ဘာလို့လဲ နေခြည် "

"အဟင့် သိလား လွင် ငါ့မှာတော့သူတို့စားချင်တာချက်ကျွေးလို့ရအောင်ဆိုပြီး တကူးတက သင်တန်းတောင်သွားတတ်ထားသေးတာ အဲ့တာကိုဟာ သူတို့က ဝတ်ကျေတန်းကျေပဲ စားကြတယ် နောက်ပိုင်း ငါဟင်းချက်တဲ့ နေ့ဆို  မေမေက ဥပုဘ်စောင့်တယ်ဆိုပြီး ညစာမစားဘူး ဖေဖေနဲ့ ကိုကိုကြီးက ချိန်းထားတယ်ဆိုပြီး အပြင်မှာစားတယ် ယောင်းမက ဝိတ်ချနေတယ်ဆိုပြီး မစားဘူး အဲ့တော့ ငါနဲ့ လပ်ကီးလေးပဲ စားရတယ် အဟင့် သူများက အပင်ပန်းခံ ချက်ထားတဲ့ဟာကို "

ရွှေချည်ကြိုးဆွဲရာ(GL)Where stories live. Discover now