(10)Zawgi (new version)

57 11 0
                                    

ကျောင်းပိတ်ရက်မှာ လွင်တယောက် ပျင်းချိန်ကို မရှိခဲ့။ မနက်မိုးမလင်းခင်ကတည်းက ဖုန်းဆက်တတ်သည့် ကလေးမတစ်ယောက်ကြောင့်ပေါ့။ အကြောင်းပြချက်ကတော့ သူ့ကို အိပ်ယာနှိုးပေးတာတဲ့။ အခုလည်း ည ဆယ်နာရီခွဲမှ ဖုန်းချသွားသည်။ တကယ်တော့ နေ့လည်ဆိုလည်း နေ့လည်အလျှောက် ညဆိုလည်း ညအလျှောက် ပြောစရာတွေ မကုန်တဲ့ ဒီကောင်မလေးဟာ ကျောင်းပိတ်ရက်ကို မုန်းပါသတဲ့။ဒီလိုဆိုပြန်တော့လည်း ကျောင်းမှာ ရှိနေတုန်းက ကောင်းကောင်းနေခဲ့တာမဟုတ်။ ဟိုနေရာသွားချင် ဒီနေရာလိုက်ပို့ခိုင်းနဲ့ လစ်လိုက်တဲ့ အတန်းတွေဆိုတာ တချို့ဆရာမတွေတောင် အတန်းခေါင်းဆောင် ပျောက်လို့လိုက် လိုက်ရှာရသည်။ "လွင် ငါ ကျောင်းပိတ်ရက်မှာ အကျိုးရှိအောင် သင်တန်းတွေ ပတ်တက်နေတယ် "အဲ့ဒီလိုဆိုလို့ ကွန်ပျူတာသင်တန်းတို့ ဘာသာစကားသင်တန်းတို့ စာရင်းကိုင် သင်တန်းတို့ မမှတ်ပါနဲ့။ မုန့်ဖုတ်သင်တန်း ဟင်းချက်သင်တန်းနဲ့ အဖျော်ဆရာသင်တန်းတို့ဖြစ်သည်။ ဟင်းချက်သင်တန်းစတတ်တုန်းက ဆိုရင် လွင်နဲ့ ဗီဒီယီုကောခေါ်ကာ သင်ထားသမျှကို ချက်ပြတတ်သည်။ ဘာမဆို ကောင်းကောင်းမွန်မွန်လုပ်တတ်သော ကောင်မလေးက သင်သမျှလည်း တကယ်တတ်ပါသည်။ ပြဿနာက နည်းနည်းလေး ချီးကျူးခံရတာနဲ့ ထဖောက်လာတာပင်။ တရက်ကဆို ဖုန်းခေါ်ကာ ငိုနေလို့ မေးကြည့်လိုက်တော့...."လွင် သိလား ငါ့အပေါ် ဘယ်သူမှမကောင်းဘူး" အင်း တစ်မိသားစုလုံးရဲ့ အချစ်ခံလေးက ဘာများဖြစ်ရပြန်တာတုန်း။ "မေမေတို့ကလေ ငါ့ကို မချစ်ဘူးသိလား ""ဘာလို့လဲ နေခြည် ""အဟင့် သိလား လွင် ငါ့မှာတော့သူတို့စားချင်တာချက်ကျွေးလို့ရအောင်ဆိုပြီး တကူးတက သင်တန်းတောင်သွားတတ်ထားသေးတာ အဲ့တာကိုဟာ သူတို့က ဝတ်ကျေတန်းကျေပဲ စားကြတယ် နောက်ပိုင်း ငါဟင်းချက်တဲ့ နေ့ဆို မေမေက ဥပုဘ်စောင့်တယ်ဆိုပြီး ညစာမစားဘူး ဖေဖေနဲ့ ကိုကိုကြီးက ချိန်းထားတယ်ဆိုပြီး အပြင်မှာစားတယ် ယောင်းမက ဝိတ်ချနေတယ်ဆိုပြီး မစားဘူး အဲ့တော့ ငါနဲ့ လပ်ကီးလေးပဲ စားရတယ် အဟင့် သူများက အပင်ပန်းခံ ချက်ထားတဲ့ဟာကို "တကယ်ကြီးကြေကွဲဝမ်းနည်းနေသည့် အသံဖြင့်လှမ်းတိုင်တတ်သည့် ကောင်မလေး။ ဘာတွေများ ချက်ထားလို့မစားပါလိမ့်ဆိုပြီး လွင်မေးကြည့်လိုက်တော့ ......"အယ် ငါချက်ထားတာ ကောင်းပါတယ်လွင်ရဲ့ သိလား မေမေတို့ နေ့တိုင်းစားရမှာ ရိုးနေမှာစိုးလို့ ငါးချဉ်စပ်လေးချက်တယ် အီမှာစိုးလို့ ကြက်ဟင်းခါးသီးလေး ခပ်လိုက်တယ် ""ဟမ် အအီပြေအောင် အချဉ်ခပ်ရမှာ မဟုတ်ဘူးလား နေဦး ငါးကဘာငါးမို့လဲ ""အချဉ်ကအိမ်ရှင်မတိုင်း သုံးတယ်လေ ငါက အရသာလေးနည်းနည်းကွဲသွားအောင် ကြက်ဟင်းခါးသီးထည့်လိုက်တာ ... အင်း ငါးက ဘာငါးလဲဆိုတော့ ဒီနေ့စေ◌ျးမှာ ရာသီစာ ငါးသလောက်တွေပေါ်နေလို့ ငါးသလောက်ချက်တာလေ "လွင် အသံကြားတာနဲ့တင် ဇက်ကြောတွေတက်ပြီး သွေးတွေတိုးလာသလိုပင်။ ဒါတောင် အရံဟင်းက တမာချဉ်ကို မြေပဲဆံထောင်းလေးနဲ့ သုပ်တယ်တဲ့။ ဟင်းချိုကရော ဆိုတော့ အိမ်ရှေ့က မယ်ဇလီပင်မှာ အရွက်တွေနုနေလို့ ခူးပြီး ဟင်းချိုချက်ထားတယ်တဲ့။ အန်တီတို့မမှားဘူး သူသာဆို ဘယ်တော့မှ သင်းလေးကို မီးဖိုချောင်ထဲ မဝင်ရအောင် လုပ်ထားလိုက်မှာ။ ချက်ရဲ ချက်ကြည့် ကမ္ဘာအပြင်ဘက် ကန်ထုတ်ပစ်မယ်ဆိုပြီးတော့ပေါ့။ နောက်တစ်ပတ်လောက်နေတော့ ဝါသနာက ပြောင်းသွားပြန်သည်။ အားကစားခန်းမကို နေ့စဉ်သွားပါသတဲ့။ အိပ်ရာက ဘယ်တော့မှ အစောမထတတ်သူလေးဟာ ကိုယ်ခန္ဓာကြံ့ခိုင်ဖို့ အတော်လေးကြိုးစားခဲပါတယ်။ ဒါလည်း ရက်သတ္တပတ်သာသာပါပဲ။ နောက်တော့ Battle ropes ရိုက်ခိုင်းတဲ့ နည်းပြနဲ့ ရန်ဖြစ်ပြီး ပြန်လာခဲ့ပါတယ်တဲ့။ ဒါတင်ပဲလားဆိုတော့ သူ့အမေတတ်တဲ့ ယောဂသင်တန်းကိုလည်း လိုက်သွားပြီး ယောဂနည်းအသစ်ထွင်ခဲ့ပြန်ပါသတဲ့။ Flying Yoga တို့ Yin Yoga တို့ထက် တမူထူးတဲ့ နေခြည်လင်းလက် အထူးတီထွင်သည့် Sleeping Yogaပါတဲ့။ အချိန်တိုင်းယောဂဖျာပေါ်မှာ အိပ်ပျော်သွားတတ်တဲ့ ကောင်မလေးကို နည်းပြခင်မျာ တော်တော်သည်းခံထားရရှာမှာ။ "လွင် ငါလေ အရမ်းလွမ်းတယ် "ပုံမှန်မဟုတ်တဲ့ လေသံနဲ့ ဖုန်းကိုင်လိုက်ချင်းကြားရတဲ့ စကားလုံးကြောင့် လွင် အိပ်ချင်ပြေကာ မျက်လုံးတွေ ပြူးသွားရသည်။ အချိန်က မနက် ၂ နာရီခွဲ။ ရင်တွေတင်မက တစ်ကိုယ်လုံးပါ တုန်သွားရသည်။ ကိုယ့်ကိုများ လွမ်းနေရှာတာ မချိန်မဟုတ်အခါမဟုတ်ဖုန်းဆက်ပြောသည်အထိ။ "ဘယ်သူ့ကိုလွမ်းလို့လဲ နေခြည်" "မသိဘူး အကုန်လုံးကို လွမ်းတယ် ကျောင်းစာကြည့်တိုက်ကိုရော ၊ ကန်တင်းက လက်ဖက်ရည်ချိုချိုကိုရော၊ အတန်းထဲက သူငယ်ချင်းတွေကိုရော ပြီးတော့ လွင့်ကိုရောပဲ "လွင့်ကိုရောလို့ ပြောလိုက်တဲ့ အချိန်ကိုယ့်ရင်ထဲ ဗြောင်းဆန်သွားတာများပြောစရာမရှိ။ "နေ့တိုင်း ဖုန်းပြောနေရတာကို""လူချင်းမှ မတွေ့ရတာ" "ကိုယ် မင်းဆီလာခဲ့ရမလား နေခြည်""တကယ်လာမှာလား လွင် ""အင်း မင်းတွေ့ချင်တယ်ဆိုရင် လာခဲ့မယ်လေ ""ဟီး အဲ့တာကြောင့်ပြောတာ လွင်လောက် ငါ့အပေါ်ဘယ်သူမှမကောင်းဘူးလို့ အော် ဒါနဲ့လွင် လာရင်လေ ငါ့ဖို့ ပစ္စည်းတစ်ခုနှစ်ခုလောက် ယူလာခဲ့ပေးပါလား ""ပြောလေ ဘာလိုချင်လဲ ""အဟီး အန်တီချက်တဲ့ ငါးပိလိမ္မာချက်ရယ်၊ မြေပဲဆံချက်ရယ်၊ မမကြီးလုပ်ပေးတဲ့ နာနတ်ယိုဖြစ်ဖြစ် ခရမ်းချဉ်သီးယိုဖြစ်ဖြစ် အာ ....ပြီးတော့ နင်တို့မြို့ကထွက်တဲ့ ပဲပုပ်ကြော်ရယ် ယူခဲ့ပေးနော် ""ဒါပဲလား ""အင်း ...မေ့တော့မလို့ မြို့အနောက်ဖက်မုန့်တိုက်က ပဲကိတ်ရော ဝယ်ခဲ့ပေး ဒါနဲ့လေ လမ်းကြုံရင် ဒိန်ချဉ်တစ်အိုးပါ ဆွဲခဲ့ပေး သိလား လွင် နင်တို့မြို့က ဒိန်ချဉ်သောက်ပြီးကတည်းက ဘယ်ဒိန်ချဉ်မှ မတိုးတော့တာ အဲ့ဒီဒိန်ချဉ်က အရမ်းကောင်း ""တော်ပြီလား ""အင်း စုံသလောက်တော့ရှိနေပါပြီ တကယ်လို့ ဝယ်ချင်လို့ရှိရင်လည်း ဝယ်လက်စနဲ့ ထန်းရည်ချိုမုန့်ပါ ဝယ်ခဲ့ နော် လွင် မြန်မြန်လာနော် ငါတကယ် နင့်ကို လွမ်းနေပြီ "ကိုယ်ဖတ်ဖူးတဲ့ ဝတ္ထုတွေထဲမှာဆို မင်းသားက မင်းသမီးလွမ်းတယ်ပြောလို့ရှိရင် အပြေးလေးသွားတွေ့.... ပန်းစည်းတွေ အမှတ်တရလက်ဆောင်တွေနဲ့ ဘယ်လောက် စိတ်ကူးယဉ်ဆန်လိုက်လဲ။ အော် ... ကိုယ့်သဝကတော့ ကိုယ့်ကိုလွမ်းလို့တွေ့ချင်တာမဟုတ်ဘဲ ကိုယ့်ဆီက စားချင်တာ စားရဖို့ လွမ်းတယ်လို့ပြောတဲ့ ညာစားလေးတစ်ယောက်ကို ချစ်မိနေတာပါလား။ အဲ့လိုဆိုတိုင်းလည်း မင်းတောင်းဆိုသမျှကိုယ်မငြင်းခဲ့ပါ.... ပြောပြီးပါရောလေားကွယ် ကိုယ်သာ မင်းကို ထာဝစဉ် ကြည့်နေမယ် မင်းကတော့ ကိုယ့်ကို စောင်းငဲ့မကြည့်ရင်နေ တခြားဘယ်သူတွေကိုမှလည်း အကြည့်တစ်ချက်မပေးရင်ရပါပြီ နေခြည်.... မင်းကို ချစ်ရခြင်းတွေမှာ ရောင့်ရဲတင်းတိမ်ခြင်းတွေလည်း ရှိတာမို့ အရာအားလုံး အဆင်ပြေပါတယ်။ ကျောင်းဖွင့်ရက်မရောက်ခင် ရက်ပေါင်းအတော်ကြာမှာလည်း ကိုယ်ဟာ မင်းရှိရာ အရပ်ဆီ အရောက်ပြန်လာနေကျ။ သံသရာ တစ်ကွေ့မှာ ကိုယ်အတွက် ခိုဝင်မှေးစက်စရာ အိမ်ငယ်လေး သည် မြတ်နိုးရပါတဲ့ မင်းဖြစ်စေ။တခါတလေ ကိုယ့်အခန်းထဲမှာ ပိုင်စိုးပိုင်နင်းနဲ့ ပြုမူတတ်တဲ့ မင်းကို ငေးကြည့်ရခြင်းသည်လည်း ကိုယ့်ပျော်ရွှင်မှု့ ဖြစ်ခဲ့သည်။ တစ်အိပ်ယာတည်းရှိခိုက် ရင်းနှီးတဲ့ ကိုယ်သင်းရနံ့ ကြောင့် လှိုက်ဖိုခဲ့ရသော စိတ်နှလုံးအစုံသည်လည်း မင်းကြောင့် ဖြစ်တည်ခဲ့ရသည်။ ပျော့ပျောင်းတဲ့ အညိုရောင် ဆံနွယ်တွေကြား ပန်းတပွင့် ပန်ဆင်ပေးခြင်းကြောင့် ဖြစ်တည်လာတဲ့ မင်းအပြုံးတွေကို ငေးကြည့်ရင်း ကိုယ့်အသက်ရှည်ဆေးကို တွေ့ခဲ့ရပြန်သည်။ အို .... အရာရာဟာ ကောင်းခြင်းတွေနဲ့ ပြည့်စုံသော အတိတ်မှသည် ပစ္စုပ္ပန်သို့ဦးတည်ခဲ့လေ၏။ ရေစီးကြောင်းလိုပဲ လျှင်မြန်စွာ စီးဆင်းသွားတဲ့ ဒီအချိန်တွေကို ပြန်တွေးကြည့်ရင် ကိုယ်ဟာ နောင်တ ကင်းကင်းနဲ့ မင်းကို ချစ်ခဲ့ခြင်းပါ နေခြည်ငယ်။တတိုင်းမွှေး (30/11/22)A/N-ဖတ်ပေးတဲ့ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်။ဒီဇင်ဘာကိုတောင် ရောက်ပါပြီ။ နှစ်တောင်ကူးတော့မှာပဲ။ ကိုယ်တွေလည်း အသက်တစ်နှစ် ပိုကြီးလာပြီ။ နောက်အပိုင်းတွေကစပြီး အကုန်အသစ်သစ်သော အကြောင်းအရာတွေမို့ caption မှာ new versionလို့ ထည့်မရေးတော့ပါဘူးနော်။ သီချင်းက နားထောင်ဖို့ဆန္ဒရှိတယ်ဆိုရင် နားထောင်ရအောင်လို့ပါ။

ရွှေချည်ကြိုးဆွဲရာ(GL)Where stories live. Discover now