(5)unicode (new version)

1.2K 144 0
                                    

မနက်ငါးနာရီထိုးပြီဖြစ်ကြောင့် နာရီနိုးစက်က အသံမြည်လာတာနဲ့ တပြိုင်နက် လွင်လည်း ချက်ချင်းအိပ်ယာက နိုးပြီးသားဖြစ်သည်။ အကျင့်ဖြစ်နေကျမို့ ရေချိုးခန်းဝင်ကာ ကိုယ်လက်သန့်စင်ရသည်။ ပြီးတာနဲ့ မနက်အစော ကိုယ်လက်လေ့ကျင့်ခန်းလုပ်ဖို့ အားကစားခန်းမကို သွားရမည်မဟုတ်ပါလား။ လွင်က ပြင်ပဆောင်မှာ ငှားနေတာမို့ တော်ရုံတန်ရုံတော့ လွတ်လပ်သည်။ မိန်းကလေးဆောင် ဖြစ်တာကြောင့် ယောကျာ်းလေးဧည့်သည်မလာရတာရယ် ညနေခြောက်နာရီမထိုးခင် အဆောင်ပြန်ရောက်ရမယ်ဆိုတာက လွဲရင် အထွေအထူး စည်းကမ်းတင်းကြပ်တာမရှိ။

လွင် အခန်းကဆင်းလာတော့ အဆောင်ရှင် အန်တီကြီးပင် ခြံထဲမှာ အမှိုက်လှဲကျင်းနေသည်။

"လွင် အချိန်မှန်ပဲနော် "

"ဟုတ်တယ် အန်တီနွဲ့ မြို့ထဲကနေ ဂျင်ခန်းကို လမ်းလျှောက်သွားမှာ ဆိုတော့ ဒီအချိန်မှ အကိုက်ရယ်"


"အေးကွယ် အသွားအလာ ဂရုစိုက်နော် တခုခုဆို အန်တီနွဲ့ကို ဖုန်းလှမ်းဆက် "

"ဟုတ်ကဲ့ပါအန်တီနွဲ့"

အဆောင်ရှင် အန်တီကြီးက လွင့်အမေတို့ အရွယ်ဖြစ်ပြီး အငြိမ်းစားယူထားသော ကျောင်းဆရာမဟောင်းလည်းဖြစ်သည်။ အဆောင်ကျောင်းသူတွေအပေါ် မိဘသဖွယ် ဆိုဆုံးမတတ်သူလည်းဖြစ်တော့ လွင်တို့တတွေမှာ အန်တီနွဲ့ကို ချစ်ကြောက်ရိုသေရသည်။ လွင်တို့အဆောင်က တက္ကသိုလ်နားနီးပေမယ့် မြို့ထဲနဲ့ဆိုရင် အစွန်အဖျားကျတာမို့ လူသူပြတ်လပ်ချိန်တွေဆို အသွားအလာဂရုစိုက်ရသည်။

လွင်သွားရာ လမ်းတလျှောက် လူအရမ်းကြီး ပြတ်တာမျိုးမဟုတ်ဘဲ မနက်စောစောဖွင့်တဲ့ အကြော်ဆိုင် မုန့်ဟင်းခါးဆိုင်တွေနဲ့ လူအနည်းငယ်တော့ရှိသည်။ တခါတရံ သူ့လိုပဲ လမ်းလျှောက်ထွက်တဲ့ လူတချို့တော့ရှိပေမယ့် အများစုက လူကြီးပိုင်းများသာ။ မေမေ အကျင့်လုပ်ပေးထားတာမို့ လွင်တို့ ညီအစ်မ နှစ်ယောက်လုံး ဘယ်တော့မှ အိပ်ယာထချိန် ခြောက်နာရီမကျော်။ အိမ်မှာရှိတုန်းကဆို ဘယ်သူအိပ်ယာအရင်နိုးနိုး မီးဖိုချောင်ဝင်ကာ ရေနွေးအိုးတည် ထမင်းချက် စသည်ဖြင့် လုပ်ပေးရလေ့ရှိသည်။ မေမေ့ကျေးဇူးကြောင့်ပဲ လွင်တို့ ထမင်းဟင်းချက်က အစ အိမ်မှူကိစ္စအစုံ မလုပ်တတ်တာမရှိ။

ရွှေချည်ကြိုးဆွဲရာ(GL)Where stories live. Discover now