(9)zawgi (new version)

55 8 0
                                    

ကိုယ့်အိမ်ကိုယ့်ယာဟာ သူ့အိမ်သူ့ယာလိုပဲ ဖြစ်သွားတယ်၊ တသားတည်းဖြစ်ရခြင်းတွေဟာ ထပ်တူညီတဲ့ စိတ်နှလုံးသားက အခြေခံတယ် ။ လွင့်အိမ်ကို ပထမဆုံးအကြိမ်ရောက်ဖူးတာပါလို့ပြောရင် ယုံနိုင်ဖွယ်မရှိအောင် အသားကျသွားတဲ့ နေခြည်ငယ်။ မေမေနဲ့ မမကိုသာ မက အိမ်ရှိအလုပ်သမားတွေနဲ့ပါမကျန်ရင်းနှီးသွားတဲ့ ကောင်မလေးဟာ နာမည်ကျော် နိုင်ငံရေးသမားဖခင်နဲ့ လူကုံထံ အသိုင်းဝိုင်းကမိခင်တို့မှ ပေါက်ဖွားလာတယ်လို့ ယုံနိုင်စရာမရှိလောက်အောင် မာနကင်းလွန်းတယ်။ ဟင်းချက်လက်ရာကောင်းတဲ့ မေမေဟာ သူ့ကို လှကြောင်းပကြောင်းချီးကျုးတဲ့ ကောင်မလေးအတွက် အနပ်တိုင်းကို ဖွယ်ဖွယ်ရာရာ ချက်လို့ ဧည့်ခံပြန်တယ်။ ဆရာဝန်တစ်ယောက်ဖြစ်တဲ့ အပြင် အိမ်က စီးပွားရေးလုပ်ငန်းတွေကိုပါ နိုင်နိုင်နင်းနင်းလုပ်နိင်တဲ့ မမကိုတော့ ဘယ်လောက်အားကျရကြောင်းပြောလေ့ရှိတဲ့ ကောင်မလေးငယ်။ "လွင် .... ခြံထဲ သွားချင်လို့ လိုက်ပို့ပါဆို "နေ့လယ်စာ စားပြီးကတည်းက လွင့်ကို ပူဆာနေတဲ့ ကောင်မလေးက တစ်ယောက်တည်းခြံထဲ ဆင်းဖို့ရာတော့ အုပ်လိုက်ရှိနေတဲ့ ငန်းတွေ လိုက်ဆိတ်မှာကို ကြောက်ပါသတဲ့။ လွင် လည်း လိုက်ပို့ဖို့ အစီအစဉ်ရှိပေမယ့် နေပူသည်မဟုတ်လား။ နူးညံ့လှတဲ့ အသားအရေပိုင်ရှင်မို့ စိတ်ပူရသည်ကို သူလေးကတော့ ကိုယ့်မှာ ခြံထဲက အသီးအနှံတွေကို နှမြောသည် ထင်နေလေရဲ့။ ပြောမရတဲ့အတူတူ အင်္ကျီလက်ရှည် ဘောင်းဘီရှည်နဲ့ ခြံလုပ်သားတွေဆောင်းတဲ့ မျက်နှာပြင်တစ်ခုလုံးလုံခြုံသည့် ခေါင်းဆောင်းကိုပါ ဆင်ယင်ပေးရသည်။ အမည်းရောင် ရာဘာ လည်ရှည်ဖိနပ်ကိုတော့ စတိုင်ပဲ့လို့ မစီးချင်ဘူးတဲ့။ ဒါနဲ့ လွင် ဝယ်ထားပြီး တခါမှ မစီးရသေးသည့် biker boot အဖြူရောင်လေးကို ထုတ်ပေးရတော့သည်။ စတိုင်မလိုင်အပြည့်နဲ့ ကောင်မလေးဟာ မေမေဆီက ကြိမ်ခြင်းတောင်း အကြီးကြီးတစ်လုံးပါ တောင်းလာသေး၏။ လွင်တော့ ခြံထဲက အသီးအနှံတွေကို ကြိုပြီးရေစက်ချထားလိုက်သည်။ လွင်တို့ ဖေဖေက သစ်ပင်ပန်းမန်တွေကို ချစ်တတ်ကာ စိုက်ပျိုးရေးကို ဝါသနာပါသူဖြစ်တာကြောင့် မေမေက ထို အမွေအနှစ်ကို လွင်တို့ ညီအစ်မတွေကိုပါ လက်ဆင့်ကမ်းပေးထားသည်။ ငယ်စဉ်ကတည်းက သစ်ပင် ပန်းပင်တွေကို စိုက်ပျိုးဖို့ အိမ်မြေနေရာလွတ်တွေချန်ပေးထားသည်။ ကျောင်းပိတ်ရက်တိုင်း၌လည်း ကြိုက်နှစ်သက်ရာ ပျိုးပင်တွေကို ဝယ်ပြီး စိုက်စေတာမို့ အခုဆို လွင်တို့ ခြံထဲမှာ သီးပင်စားပင်တွေ အတော်ကို စုံနေလေပြီ။ "လွင် စားကြည့်ချိုတယ်ရော "လူတစ်ရပ်စာ အမြင့်ရှိသည့် သလဲပင်မှာ ပြွတ်သိပ်စွာ သီးနေသည့် သလဲခိုင်မှ အသီးတစ်လုံးကို မခူးသေးဘဲ ဓါးနှင့် ခွဲစားနေသည့် နေခြည်ငယ်။ အရောင်ရဲသည့် သလဲသီးစေ့တွေမှာ စားချင့်စဖွယ် ။ကိုယ်တိုင် ခူးဖဲ့ကာ ပါးစပ်ထဲ တမြုံ့မြုံဝါးနေရင်းမှ လွင့်ကို လာခွံ့သည်။ ရုတ်တရက်နီးကပ်လာသော ကိုယ်ခန္ဓာနှစ်ခု၏ အကွာအဝေးကြောင့် လွင် အကြည့် မလွဲနိုင်သည်က ပတ္တမြားလို ဆွေးဆွေးနီနေသည့် သလဲရည်တချို့ စီးကျလာသည့် နှုတ်ခမ်းဖူးဖူးလေး။ စွဲမက်စရာ ငယ်..... မြတ်နိုးစရာ ငယ် ..... ကိုယ့်ရဲ့ ငယ်.....လွင့်ရဲ့ နေခြည်ငယ်"ဝါး ချိုလိုက်တာ လွင်ရယ်" "ခူး....ခူးခဲ့လေ သလဲသီးဂျယ်လီလုပ်ပေးမယ် "တကယ်နော် ဟုပြန်မေးကာ သလဲသီးအခိုင်လိုက် ခူးကာ ကြိမ်ခြင်းထဲ ထည့်နေပြန်သည့် နေခြည်။ လွင် သူမလေးလက်ထဲမှ ကြိမ်ခြင်းကို ပြောင်းယူလိုက်သည်။ အစားပုတ်လေးက တွေ့သမျှ အသီးအနှံတွေကိုအလွတ်ပေးမှာ မဟုတ်တာမို့ ကြိမ်ခြင်းက လေးသထက်လေးလာဖို့ပဲ ရှိသည်လေ။ ရှေ့ဆက်သွားတော့ ဝါထိန်နေသော စောင်းလျာသီးမှည့်တွေကို သဘောကျနေသူ။ ကိုင်းဆက်မျိုးမို့ ဆယ့်နှစ်ရာသီသီးသော စောင်းလျားသီးတွေကို မေမေက တခါတလေ ဟင်းချက်စရာ အနေနဲ့ပါသုံးသည်။ "လွင် အခုနက အန်တီချက်ပေးတဲ့ ငါးမြင်းနဲ့ စောင်းလျားသီးဟင်းက ဒီအပင်က အသီးတွေနဲ့ မို့လား ""အင်း ဟုတ်တယ် စားချင်ခူးလေ "သူပြောတဲ့ ခူးလေဆိုတာ နောက်ကျပါသေးတယ် နေခြည်ငယ်ရဲ့ လက်ထဲမှာ လတ်လတ်ဆတ်ဆတ်ပါလာသော စောင်းလျားသီး အခိုင်ကြီး က ကြိမ်ခြင်းထဲ ဘုတ်ခနဲ။ ကြွတ်ဆပ်နေသော ကီလိုမာလကာပွပွကြီးတွေကိုလည်း အလွတ်မပေး၊ ရွှေနီရောင် သန်းနေသော ရွှေငှက်ပျောခိုင်ကြီးကိုတွေ့တော့ မျက်နှာက မှိုရသလိုခုန်ပေါက်ပြီး ခူးနေခဲ့တာ၊ ယုတ်စွအဆုံး အင်မတန်ချဉ်လို့ ဘယ်သူမှ မခူးတဲ့ တောရှောက်သီးတွေကိုပင် ဆေးဖက်ဝင်တယ်ဆိုပြီး ခူးယူလာတဲ့ နေခြည်ငယ်။ "လွင်ရေ ဟိုဟာ တရုတ်မန်ကျဉ်းပင်မဟုတ်လား ခူးပေးလေနော် စားချင်စရာကြီး အသီးတွေက နီရဲနေတာပဲရော"ခြံထောင့် တစ်နေရာက တရုတ်မန်ကျဉ်းပင်မှာ လွင့်ဖေဖေစိုက်ခဲ့သည့်အပင်တွေထဲက တစ်ခု။ လွင်တို့ ညီအစ်မတွေလည်း အင်မတန်ကြိုက်ကြသည်။ မမကတော့ ဖေဖေအမှတ်တရမို့ အလေးထားတာလောက်ပဲ ရှိပေမယ့် လွင်ကတော့ ငယ်ငယ်ကတည်းက ထို အပင်က အရသာရှိသည့် နီရဲရဲ အသီးတွေစားရတာကို သဘောကျသည်။ ပြီးတော့ လွင် အဲ့ဒီအပင်က အသီးတွေကို ဘယ်သူ့ကိုမှမပေး ။ ငယ်ငယ်တုန်းက မောင်တစ်ဝမ်းကွဲတစ်ယောက်ကို လွင်မသိအောင် မေမေခူးပေးလိုက်တုန်းကဆို ဒေါသထွက်ပြီး အကုန်လုံးကို စိတ်ကောက်ခဲ့ဖူးသည်။ ကိုယ့်ရဲ့ ပိုင်ဆိုင်မှု့အားလုံးဟာ မင်းအတွက်ဆိုရင် နှမြောတွန့်တိုမှု ကင်းပါရဲ့ နေခြည်ငယ်။ တရုတ်မန်ကျဉ်းသီးအခွေလိုက်ကို တခုချင်းခွာပြီး ပါးစပ်ထဲ ပစ်ထည့်ရင်း လမ်းလျှောက်နေသူလေးက ကြိမ်ခြင်းတောင်းသယ်ထားလို့ လက်မအားသည့် လွင့်ကိုလည်း ခွံ့ကျွေးဖို့မမေ့။ ခြံထဲမှာ လျှောက်ကြည့်ရင်း ဘယ်နေရာမှာ ဘယ်အပင်တွေရှိတယ် ဘယ်ချိန်မှာ ဘာစားလို့ရတယ်ဆိုတာကိုလည်း မှတ်သားထားပြန်သည့် နေခြည်။ အဲ့ဒီအချိန်ကစလို့ ကိုယ့် ခြံထဲက အသီးအနှံတွေရဲ့ ပိုင်ရှင် တစ်ယောက်ထပ်တိုးလာခဲ့တယ်။ ကျောင်းပိတ်ရက်တိုင်း ကိုယ်ပြန်တဲ့ အခါ မမေ့မလျော့ ယူလာမယ့် အသီးအနှံတွေကို တစ်ယောက်တည်း အပိုင်စားယူတဲ့ မင်း။နွေကျောင်းပိတ်ချိန် အနေဝေးတဲ့ ကိုယ်တို့နှစ်ယောက်ရဲ့ အွန်လိုင်းပေါ်က နှုတ်ဆတ်စကားအစဟာ .....လွင် ဩဇာသီးတွေ သီးနေပြီလား လွင် ကြံရိုးတွေ ခုတ်ပြီဆို ငါ့အတွက်ပို့လိုက်ဦးလေ လွင် သရက်သီးစိမ်းစားချင်တယ် မခူးသေးဘူးလားဟင် အန်တီကပြောတယ် သံပရိုသီးတွေထည့်ပေးလိုက်မယ်တဲ့ လွင် အဲ့တာ ကားကြုံနဲ့ တင်ပေးလိုက်နော် လွင် ကျောင်းဖွင့်ရင် မမကြီးလုပ်ပေးတဲ့ ခရမ်းချဉ်သီးယိုတွေယူလာပေးမှာလား အဲ့ဒီလိုပဲ မင်းက အစားအသောက်ထက် ကိုယ့်ကို အရေးမပေးဘူး။ အတိတ်တွေတိုင်းမှာ ချိုမြိန်ခဲ့သလောက် ..... ကိုယ် ဉာဏ်မဲ့ခဲ့ပုံများ တွေးလို့တောင်မရခဲ့။ တကယ်ဆို ကိုယ်က မင်းကို မုန့်ပေးရင် အာဘွားအကြီးကြီးပြန်ပေးမယ်ဆိုတဲ့ သုံးနှစ်အရွယ် ကလေးလို သဘောထားခဲ့မိလေသလား။ ကိုယ် မင်းဆီက ဘာမှ ပြန်မရခဲ့ ။ ဒါမှ မဟုတ် နှုတ်ခမ်းပါးထက်က အပြုံးတွေနဲ့ပဲ ကျေနပ်ခဲ့မိလို့များလား။ပြောပါရဲ့ နေခြည်ငယ် ကိုယ်ဟာ မင်းနဲ့ ပတ်သတ်ရင် လောဘနည်းတယ်။ ကိုယ့်အိမ်သားတွေကလည်း ကျောင်းပိတ်ရက်တိုင်း ကိုယ့်ထက် မင်းကို ပိုမျှော်ကြတယ်။ တကူးတက ဖိတ်ခေါ်ခြင်းတွေဟာ မင်းက ဘယ်သူဘယ်ဝါ ဘယ်အသိုက်အဝန်းက ဆိုတာကို မသိဘဲ အပြုံးတွေနဲ့ အတူ ကိုယ့်နှုတ်က တဖွဖွ ရေရွတ်မိတဲ့ အမည်နာမရဲ့ ပိုင်ရှင်မို့လို့တဲ့။ အလှအပဆိုင်ရာ အထူးကု ဆရာဝန်ဖြစ်တဲ့ မမနဲ့ မင်းဟာ ပဏာစားတယ်။ တားရဆီးရပြန်သေးတယ် နေခြည်ရယ်...... ကိုယ့်အစ်မဟာလေ ချစ်လှခင်လှချည်ရဲ့ ဆိုပြီး နဂိုလှပြီးသားမင်းကို သူ့ပညာတွေနဲ့ ဟိုဟာ ပြင်ပေးချင် ဒီဟာပြင်ပေးချင်နဲ့ ... ကိုယ်နဲ့ သိပ်တောင်မတည့်တော့ဘူး။ ကိုယ့် နေခြည်က ပြည့်စုံပြီးသားဆိုတော့ ဒီလိုချေပပြန်တယ်။ သူငယ်ချင်းသိပ်လှသွားမှာကို သဝန်တိုနေသလားတဲ့ သူငယ်ချင်းတွေဆိုတာ သဝန်မတိုဘူး မမရဲ့ .....ဒါပေမယ့် မင်းဟာ ကိုယ့် သက်ဆိုင်သူလေ သဝန်တိုတာပေါ့ မင်းဒီထက် ပိုလှသွားရင် ကိုယ် လူစင်စစ်ကနေ တာနောယက္ခဘီလူးဖြစ်သွားနိုင်တယ် နေခြည်။ "လွင် ငါတို့ကြာပန်းတွေခူးရအောင်လေ "မမကြီး ဆေးခန်းကနေ ဇွတ်ဆွဲခေါ်လာခံရလို့ မကျေမနပ်ဖြစ်နေတဲ့ ကောင်မလေးဟာ တလမ်းလုံးစကားတွေ မပြောခဲ့တာ မြို့လယ်က ရေကန်ကို ရောက်မှ အသံထွက်လာသည်။ အဖြူရောင် ပဒုမ္မာကြာဖြူတွေဟာ ရေကန်စပ်မှာ ဖွေးလို့လှုပ်လို့။ လွင်တို့မြို့လယ်မှာ ရေကန်ရှိပေမယ့် ရေမကြိုက်တဲ့ ကောင်မလေးကို တခါမှ ခေါ်မလာဖြစ်။ အခုမှ ကြုံကြိုက်လို့ ရောက်လာပါတယ် ဇောင်းက လွှတ်တဲ့ မြင်းလို ခုန်ပေါက်ပြီး ရေကန်စပ်ကို ဘောင်းဘီကြီးမပြီးဆင်းသွားသည်။ "လွင်ရေ လွင်ရေ ဒီမှာ ကြာခွက်တွေ ခူးလို့ရတယ် လာ လာ ငါ့ကိုခူးပေးပါလား ""နွံ့ထဲ အရမ်းရမ်းမဆင်းနဲ့ နေခြည် ကန်စပ်မှာ ကျွတ်တွေရှိတယ် "ဂရုမစိုက်ပါ။ လက်ထဲမှာ ကြာခွက်တွေ လေးငါးခုထက်မနည်းရအောင် ခူးပြီးပြီမို့ လွင့်မှာ ဆိုင်ကယ်ကို သေချာမရပ်အားဘဲ နောက်ကပြေးဆင်းရသည်။ ထို့နောက် အမိန့်တော်အတိုင်း လက်ညှိုးညွှန်ရာ ကြာပွင့်တွေ ကြာခွက်တွေကို ခူးပေးရတာက ကိုယ်ပါ။ ကြာရွက်စိမ်းစိမ်းတွေကို ခေါင်းပေါ်အုပ်ကာ ကြာပန်းဖြူတွေပိုက်လို့ ဓါတ်ပုံရိုက်ပြန်တဲ့ မင်းကို ကိုယ် နည်းနည်း အကျင့်ယုတ်ခဲ့မိတယ်။ အင်စတာဂရမ်ကို သိပ်ကြိုက်တဲ့ မင်းက ပုံရိပ်လှလှတွေကို သူများမြင်အောင် မျှဝေမှာ ကိုယ် နည်းနည်းမှ သဘောမကျဘူးလေ။ "လွင် နင် ဓါတ်ပုံရိုက်တာ ပိုဆိုးလာတယ် ကြည်ဦး ပုံတွေအကုန်ဝါးတားတားနဲ့ တပုံမှ ကြည့်မလှဘူး "ဆူပုတ်ပုတ်လေးနဲ့ ဆောင့်အောင့်ကာပြောလာသည့် ကောင်မလေးကို ပြုံးရယ်ရင် ကြာခွက်ထဲက ကြာစေ့တွေပဲ ခွာပေးနေလိုက်တယ်။ ကိုယ်ရိုက်ပေးတဲ့ မသေမသပ်ဓါတ်ပုံတွေကို စိတ်ရှည်လက်ရှည်ရွေးနေရင်းမှ ကိုယ်ခွံ့တဲ့ ကြာစေ့ တွေကိုလည်း အားရပါးရစားနေပြန်တဲ့ နေခြည်ငယ်။ တိမ်ရောင်တွေခြယ်တဲ့ ဆည်းဆာနေရောင်ဟာ ကန်စပ်က လူသားနှစ်ယောက်ပေါ် ဖြာကျလို့ အစွမ်းကုန်လှနေသည်။ "ရုတ်တရက်ငြိမ်ကျသွားတာ ဘာလို့လဲ လွင် "ကြာစေ့တွေပါးစပ်ထဲ ရောက်မလာတော့ ချစ်ရသူဟာ ကိုယ့်ကို မော့ကြည့်ရင်းမေးရှာသည်။ "ကောင်းကင်ကို မော့ကြည့်လိုက် နေခြည် "တိမ်တောက်ချိန် ညနေဆည်းဆာကို လွင် အကြိုက်ဆုံး။ "လှလိုက်တာ "ရေကန်ပေါ်မှ ဖြတ်ပျံသွားသည့် ငွေရောင်ဗျိုင်းငှက်တို့မှာလည်း ဆည်းဆာနေရောင်ကြောင့် အသွင်တစ်မျိုးပြောင်းသွားသလို။ လိမ္မော်နီရောင် တိမ်တိုက်တွေကြား တိုးဝင်ပျံသန်းသွားသည့် အိမ်တန်းတက် ငှက်များ၊ ၎င်းတိမ်စိုင်တွေကြားမှ ကန်ရေပြင်ထက်ကို ကျရောက်လျှက်ရှိသည့် နေရောင်ခြည်များ..... အရာရာအားလုံးဟာ ရပ်တန့်ထားချင်စရာ အမှတ်တရများအဖြစ်သို့။ ကိုယ် နေခြည့်ကို သဘောကျတယ် ဖွင့်ဟဝန်ခံခြင်းတွေဟာ စိမ်းကားခြင်းဆီသို့ ဦးတည်သွားလေမလား။သိုဝှက်သိမ်းဆည်းထားခြင်းများဟာ နောင်တတရားတွေအဖြစ်ကျန်ခဲ့မလား။ မရေရာခြင်းများစွာကို ကြိုတွေးလို့ ကိုယ် အဲ့ဒီနေ့က မပြောဖြစ်တဲ့ စကားတစ်ခွန်းရှိခဲ့တယ်။ "ကိုယ်လေ နေခြည်ဆိုတဲ့ မင်းကို ချစ်ခင်မြတ်နိုးရပါတယ်"တတိုင်းမွှေး( 29/11/22)

ရွှေချည်ကြိုးဆွဲရာ(GL)Where stories live. Discover now