(30)Unicode

978 88 1
                                    

စိန်ပန်းပြာတွေပွင့်တဲ့ နွေဦးနေ့ရက်တွေဟာ ပူလောင်ခြင်းမရှိသေးပေ။ အားလုံးပြီးဆုံးသွားတဲ့ တနေ့ဟာ လက်တွေ့မှာ တကယ်ငြိမ်းချမ်းရေးမရသေး။ သူတစ်ပါးကို ဆွဲချဖို့ ကိုယ်တိုင် တက်လှမ်းခဲ့ရတဲ့ လှေကားထစ်တွေဟာ မသန့်ရှင်းမှုတွေ ရောထွေးနေတေ့ာ ပြန်လည်ဖယ်ရှားဖို့ပါ လုပ်ရသေးသည်။ တရားမဝင် လုပ်ငန်းတွေနဲ့ ရည်ရွယ်ချက်ရှိရှိတည်ထောင်ထားတဲ့ သတင်းမီဒီယာလုပ်ငန်းတွေအားလုံးကို ရပ်တန့်လိုက်တာမျိုး ၊ အသွင်ပြောင်းလိုက်တာမျိုးကြောင့် လွင် နှင့် ကိုကိုကြီး အားလပ်မနေ။ ဒါ့အပြင် နိုင်ငံရေးလောကကနေ အနားယူတယ်လို့ တရားဝင်ကြေညာပြီးတဲ့နောက် မချိတင်ကဲဖြစ်နေတဲ့ ထောက်ခံသူ လူထုကို ချော့မော့နေရသူ ဒေါက်တာသမိုင်းဦးလည်း ရှိလေသည်။ အားလုံးကိုယ်စီ သူ့အလုပ်နဲ့သူမို့ အပယ်ခံလေးဆိုပြီး ကိုယ့်ကိုကိုယ် ကင်းပွန်းတပ်ကာ ဒရမ်မာချိုးနေသူက နေခြည်လင်းလက်လို့ ခေါ်တဲ့ ကိုယ်တွေရဲ့ ပြာကလပ်စိန်လေး။

မနက်ဖြန်တော့ မအားဘူးလို့ပြောရဲပြောကြည့် အကြောင်းသိမယ်လို့ ခြိမ်းခြောက်ထားသူလေးကြောင့် လွင် အလုပ်တွေကို ပစ်ထားကာ မနက်အစောကြီးကတည်းက နေခြည့်တိုက်ခန်းသို့ရောက်နေရသည်။ အခန်းထဲက အထုပ်အပိုးတွေကြောင့် မျက်ခုံးခပ်လှုပ်လှုပ်။

"လွင် ...ငါ ဒီအင်္ကျီနဲ့လိုက်လား ဒါမှမဟုတ် ဟိုခရမ်းရောင် ဝမ်းဆက်လေးပဲ ဝတ်လိုက်ရမလား"

ထူးထူးဆန်းဆန်း မြန်မာရိုးရာဝတ်စုံတွေ ထုတ်ဝတ်နေသူကြောင့် လွင့် ကမ္ဘာကြီး ပြောင်းပြန်ဖြစ်သွားသလို။ ပြီးတော့ မလုပ်စဖူး ဆံပင်ကို ကျစ်ဆံမြီးလေးကျစ်ကာ ပန်းတစ်ပွင့် ပန်ထားသည်။

"ဘာတွေဖြစ်နေတာလဲ အချစ်"

နေခြည့်အနားတိုးကာ နောက်က သိုင်းဖက်လိုက်ရင်း မေးလိုက်သည်။ ခေါင်းမှာ ပန်ထားသည့် စကားဝါပန်းက လွင့် နှလုံးသားကို လာရိုက်သည်။

"တနေရာသွားစရာရှိတယ် လွင် အတူတူသွားရအောင်"

"အင်း သွားမယ် ...ဒါနဲ့ဘယ်ကိုသွားမှာမို့လဲ မဝတ်စဖူး မြန်မာဝတ်စုံတွေ ထုတ်ဝတ်နေတယ်"

ရွှေချည်ကြိုးဆွဲရာ(GL)Where stories live. Discover now