(29)Zawgi

58 6 0
                                    

Warning---ဤအပိုင်းရှိ စာသားများ၊ အကြောင်းအရာများကို စကရင်ရှော့ရိုက်ခြင်း၊ ဆိုရှယ်မီဒီယာပေါ်တွင် မျှဝေခြင်းများ လုံးဝ(လုံးဝ) မပြုလုပ်ကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်။ လူကုံထံရပ်ကွက်တစ်ခုမှာ တည်ရှိသော စားသောက်ဆိုင်၏ သီးသန့်ခန်းတစ်ခုတွင် ဖြစ်သည်။ ခတ္တာနှင့် လွင်ပြန်တွေ့ကြပြီ။ "မနက်ဖြန် တရားရုံးမှာ တင်ဖို့ အချက်အလက်တွေပါတယ် အဲ့တာတွေနဲ့ဆို ဖိုးဖိုးကြီးကို တရားစွဲဖို့ လုံလောက်တာထက်ကို ပိုပါတယ်" စားပွဲပေါ်မှာတင်ထားသည့် ဖိုင်တချို့ မန်မိုရီစတစ်များကို ရည်ညွှန်းရင်း ခတ္တာပြောဆိုလိုက်သည်။ အရှေ့က သက်သေခံပစ္စည်းတွေကို အသင့်ပါလာသည့် လက်ဆွဲအိတ်ထဲသို့ ပြောင်းထည့်ရင်း လွင်မေးလိုက်သည်က .... "ဒါတွေနဲ့ဆို မင်းအဖိုးပိုင်တဲ့ အရာအားလုံးလက်လွှတ်လိုက်ရလိမ့်မယ် ..... သေချာရော စဉ်းစားပြီးပြီလား" "အချစ်ကအရေးကြီးဆုံး"ခတ္တာရဲ့ အဖြေကို လွင် မရယ်ရက်။ သူတောင်မှ အရာအားလုံးကို စွန့်လွှတ်နိုင်သေးတာပဲလေ။ "ပူးပေါင်းပေးတာ ကျေးဇူးတင်ပေမယ့် ထပ်ပြီးသတိပေးရဦးမယ် နေခြည့်က ငါ့ကိုပဲချစ်တာ" "တခါတလေ အချစ်ဆိုတာကို နိုင်တဲ့အရာရှိတယ်ဆိုတာ ခင်ဗျားယုံလား ဒေါ်လွင်မီမီခိုင်""ဒီတသက်တော့ အဲ့ဒီအကြောင်းအရာကလည်း မင်းကို ကယ်နိုင်မယ်မထင်ဘူး ချာတိတ်ရဲ့ နေခြည်ကလေ သူ့မိဘတွေကို သတ်တဲ့သူနဲ့ ဘယ်လိုမှ ပေါင်းဖက်ဖို့ တွေးတောင်တွေးနိုင်မှာ မဟုတ်ဘူး ...အခုတောင် အကြောင်းစုံသိသွားပြီးနောက် မင်းနဲ့ သွားတွေ့မယ်ဆိုတာတောင် မလိုက်တော့ဘူးလေ သူဘယ်လောက်တောင် စိတ်နာနေမလဲ စဉ်းစားကြည့်""ခင်ဗျား..""စိတ်ဆိုးသွားလား ချာတိတ်...ဟင်း ဟင်း ဟင်း .... ကြိုးစားလိုက်ဦး"ယူစရာရှိတာတွေ ယူပြီးတော့ လွင် အခန်းထဲက ထွက်လာလိုက်သည်။ အဲ့ဒီကောင်မလေးကို သူ သိပ်သနားပေမယ့် နည်းနည်းလေးမှ မျက်နှာသာမပေးနိုင်ပါ။ အရာအားလုံးကို စွန့်လွှတ်ပြီးတော့ ဘဝတစ်ခုကို အလဲအလှယ်လုပ်ခဲ့တာ နေခြည့်ကို တခြားသူ လက်ထဲရောက်စေဖို့မှ မဟုတ်တာ။ "အားလုံးအဆင်ပြေခဲ့လားလွင်" ကားထဲပြန်ရောက်တော့ သူ့ကိုစောင့်နေသည့် နေခြည်က မျှော်လင့်ချက်ကြီးစွာမေးသည်။ လွင်က နေခြည့်ဘေးမှာ ဝင်ထိုင်လိုက်ပြီး ဒရိုင်ဘာကို သွားရမည့်နေရာ ညွှန်လိုက်သည်။ "ဟင် အဆင်ပြေရဲ့လားလို့ ဖြေပါဦး ခတ္တာ သူ အတော်လေး စိတ်မကောင်းဖြစ်နေမှာပေါ့" လွင်ပြောသမျှကို ယုံရှာသည့် ကောင်မလေးဟာ တခါတလေ ကျေနပ်စရာ။ လွင်မဖြေသေးဘဲ စားသောက်ဆိုင်က ဝယ်ယူလာသည့် နို့လက်ဖက်ရည်ဗူးကို ပိုက်တပ်ကာ နေခြည့်ရှေ့တိုးပေးလိုက်သည်။ "သောက်ကြည့် အဲ့ဒီဆိုင်က နို့လက်ဖက်ရည်က နာမည်ကြီးပဲ" "ဟင် အင်းပါ ... အရသာရှိတယ် ငါမေးတာ ဖြေပါဦး လွင်ရဲ့ ...ပြီးတော့ ငါပြောခိုင်းလိုက်တဲ့ စကားရောသေချာပြောလိုက်ရဲ့လားဟင်" "အင်း သူအဆင်ပြေပါတယ် မင်းကို အားနာနေတုန်းပဲတဲ့ သူကူညီနိုင်သလောက်ကူညီပေးပါ့မယ်တဲ့ မင်းကို မျက်နှာလည်းမပြရဲဘူးတဲ့" "အင်းပေါ့လေ သူနဲ့ ဘာမှတော့ မဆိုင်ပေမယ့် အဖိုးအရင်းကြီးဆိုတော့လည်း သူ အားနာနေမှာပေါ့ ...ငါကိုယ်တိုင် မျက်နှာချင်းဆိုင်ပြီး ဘာမှမဖြစ်ဖို့ ပြောချင်ပေမယ့် သူက အတွေ့မခံတော့လည်း ဘယ်လိုလုပ်ရပါ့မလဲ" "ဒီအတိုင်းပဲထားလိုက်ပါ သူကလည်း မကြာခင် အမေရိကန်ကို ပြန်သွားတော့မှာတဲ့ ဟိုမှာ စိတ်သစ်ကိုယ်သစ်နဲ့ နေပါစေ နေခြည်ရဲ့ မင်းကို တွေ့ရင် သူစိတ်မကောင်းရုံက လွဲလို့ ဘာတတ်နိုင်မှာလဲ" လွင် ပြောသမျှ စကားတွေကို သံသယ မဝင်ဘဲ ခေါင်းတငြိတ်ငြိတ်နဲ့ ထောက်ခံသွားဖို့တော့ အတော်ကြိုးစားလိုက်ရသည်။ ခတ္တာခင်ရေ....စစ်နဲ့ အချစ်မှာ မတရားတာမရှိဘူးတဲ့နော်။ ကိုယ်တိုက်တဲ့ ဒီပွဲမှာ ဘယ်ဗျူဟာပဲ သုံးသုံး မသုံးသုံး နေခြည့်ကိုတော့ မင်းရမယ် မထင်ဘူး။ အော် မထင်တာတောင်မဟုတ်ဘူး သေချာတာ။ ............................................တရားရုံးမှ ပြန်လည်စီရင်ချက်ချပြီးနောက် နိုင်ငံရေးလောကနဲ့ ပြည်သူတွေကြား ထိုသတင်းဟာ တောမီးလို ပျံ့နှံ့သွားတယ်။ ကြိုတင်စီစဉ်ထားတဲ့ အတိုင်းအချိန်ကိုက်ပဲ သူတို့ပိုင်သည့် မီဒီယာမှာ အဖိုးကြီးနဲ့ အပေါင်းအပါတစ်စုရဲ့ အခြားသော ပြစ်မှုတွေကိုပါ အစဆွဲထုတ်ထားတာမို့ အခုတော့ နေခြည်တို့ အေးအေးဆေးဆေးပွဲကြည့်နေရသလို။ "အခုပဲ ဖုန်းဆက်လာတယ် အဖိုးကြီးကို ဖမ်းဖို့ဝရမ်းထွက်လာပြီတဲ့" ကိုကိုကြီးက ဖုန်းထဲဝင်လာသည့် စာတိုလေးကို နေခြည်တို့ အားလုံးကြားအောင် ဖတ်ပြသည်။ သူတို့လေးယောက်လုံး အခုမှပဲ အခုမှပင် သက်ပြင်းချနိုင်တော့သည်။ ပြီးပြီ...အခုတော့ နှစ်ရှည်လများ စီစဉ်ထားတာတွေ အကုန်ဖြစ်လာပြီလေ။ နေခြည်က လွင့်ဘေးကပ်ရပ် ဆိုဖာပေါ်မှာ ထိုင်နေရင်း..."တကယ်လို့ ထပ်ပြီး လွတ်သွားရင်ရော ...အဲ့လိုဖြစ်နိုင်တယ်မလား ကိုကိုကြီး သူတို့က နေရာအစုံမှာ လူတွေရှိတယ်လေ" "အဲ့လိုဖြစ်နိုင်စရာမရှိပါဘူး...ဒီတခါ ပြည်သူတွေရော တလောကလုံးကပါ သိသွားပြီလေ သက်သေတွေလည်းထင်ရှားနေတာပဲ ငယ်လေးပြောတဲ့ သူတို့လူတွေဆိုတာလည်း အမှုတွဲနဲ့ အကုန်စစ်ဆေးခံရတော့မှာ" "ဟုတ်တယ် ညီထွေးပြောတာ မှန်တယ် ... ကိုယ်တို့လုပ်လိုက်တဲ့ ကိစ္စက သေချာပေါက် တသီတတန်းကြီး ခံရမှာမို့ အပြောင်းအလဲတွေလည်းဖြစ်လာနိုင်တယ် ဘယ်လောက်ရာထူးကြီးကြီး ဆက်စပ်နေသူတွေအကုန်လုံး ခံရမှာပဲ" အမတ်မင်းရဲ့ စကားဟာ ဖြစ်နိုင်ချေရှိတာမို့ နေခြည် စိတ်အေးချမ်းသာစွာ ပြုံးလိုက်မိသည်။ ဘေးနားက လွင်က နေခြည့်လက်ဖဝါးလေးကို အုပ်မိုးကိုင်ပြီး ခပ်ဖွဖွလေး ပုတ်ပေးသည်။ "အားလုံးအဆင်ပြေသွားပါပြီနေခြည်ရဲ့" "အင်း တော်သေးတယ် အဆုံးထိ မထိမခိုက်ဘဲ ငါ့နားမှာ ရှိနေပေးလို့ကျေးဇူးပါ လွင် အရမ်းချစ်တယ်သိလား" "အင်း ...ကိုယ်က ပိုချစ်တယ်" နေခြည့်နဖူးထက် ကျရောက်လာသည့် အနမ်းတစ်ပွင့်နှင့် အတူ...."အဟမ်း ...အဟမ်း... ပတ်ဝန်းကျင်လည်း ဂရုစိုက်ကြပါဦး" ကိုကိုကြီးက မျက်နှာပူစွာ ထအော်တော့သည်။ အမတ်မင်းကတော့ တဖက်ကို လှည့်ကာ ပြုံးနေပြီး အခန်းထဲက ထွက်ဖို့ပြင်သည်။ အဲ့ဒီတော့မှ လွင်လည်း အမတ်မင်းကို လိုက်ပို့ဖို့ မတ်တပ်ရပ်လိုက်မိသည်။"နေ နေ ..လွင် လိုက်မပို့နဲ့တော့ ငယ်လေးနဲ့ပဲ နေပေးလိုက် အခုရက်ပိုင်း ဘာပဲပြောပြော အပြင်မထွက်နဲ့ဦးနော် အားလုံးကိုပြောတာ" "ဟုတ်ကဲ့ အမတ်မင်း" "ကိုကို ကျွန်တော်ပါ လိုက်မယ် အပြင်တော့မထွက်ဘူး ဒါပေမယ့် ဒီမှာလည်းမနေနိုင်ဘူး ကိုယ့်ဘာသာ ဂျာနယ်တိုက်မှာ သွားနေမယ်" ကိုကိုကြီးစကားကြောင့် နေခြည်က မျက်စောင်းလှမ်းထိုးလိုက်သည်။လွင်ကတော့ ရှက်ရမ်းရမ်းကာ လက်နှစ်ဖက်ကို ပူးလိမ်ကာ မီးထွက်မတတ်ပွတ်နေမိသည်။ "ကလေးတွေအတွက် စိတ်အေးရရင်တော်ပါပြီ" ကားထဲရောက်တော့ သော်ဇင်ပြောတဲ့ စကားကြောင့် သမိုင်းဦး ပြုံးလိုက်မိသည်။ ဟုတ်တယ် သူ့ကလေးလေးတွေ တော်တော်ပင်ပန်းနေပြီ။ "ညီထွေး ကိုယ်မေးစရာရှိတယ်" "အင်း မေးလေ ကိုကိုဘာလဲ" "ကျေနပ်ပြီလား ..... အဖိုးကြီးနဲ့ သူ့နောက်လိုက်တွေ အကုန် ပြစ်ဒါဏ်ခံရတော့မယ်လေသေချာပါတယ် ... ကိုယ်ပြောချင်တာက ညီထွေးသူတို့ကို တရားဥပဒေအရ အပြစ်ပေးခံရတာကိုပဲ ကျေနပ်ပြီလား ဒါမှမဟုတ် တစ်ခုခု လုပ်ချင်သေးလား" "ကိုကိုပြောတဲ့ တစ်ခုခုဆိုတာ ဥပဒေမဲ့ လုပ်ရပ်တစ်ခုခုနဲ့ လက်တုံ့ပြန်တာမျိုးလား" အမတ်မင်းက ခေါင်းညိတ်ပြသည်။ "ကျွန်တော်သာ အဲ့ဒီလမ်းကို ရွေးချယ်ခဲ့မယ်ဆိုရင် အစကတည်းက သူတို့ကို တရားဥပဒေအတိုင်း စီရင်ဖို့ လုပ်ခဲ့မှာ မဟုတ်ဘူး ပြီးတော့ ကိုကိုပဲ ပြောတယ်လေ အရာအားလုံးမှာ လက်စားချေတယ်ဆိုတာ မရှိဘူး .... ပြန်လည်ပေးဆပ်ရတယ်ဆိုတာပဲ ရှိတယ်လေ အခုသူတို့ထိုက်နဲ့ သူတို့ကံ ခံရတော့မှာလေ ကျွန်တော် ကျေနပ်ပါပြီ ... အငယ်လေးရော အတူတူပါပဲ" "အင်းပါ မင်းတို့ အဆင်ပြေရင် ပြီးတာပဲ" "ကိုကို" "အင်း" "ကျေးဇူးတင်ပါတယ် တကယ်ကို ကျေးဇူးတင်ပါတယ် ကိုကို" "အဲ့ဒီ ကျေးဇူးဆိုတဲ့ စကားက မလိုပါဘူးကွာ ... တပည့်တစ်ယောက်က ဆရာ့အတွက် လုပ်ဆောင်ပေးရမယ့် တာဝန်ဝတ္တရားကြောင့်လည်း မဟုတ်ဘူး ၊ နိုင်ငံရေးသမားတစ်ယောက်အနေနဲ့ သိက္ခာပိုင်းဆိုင်ရာ အကျိုးအမြတ်ကို မျှော်ကိုးလို့လည်းမဟုတ်ဘူး .... ကိုယ်တိုင် လိုလိုလားလား ဒီကိစ္စကို ဖော်ထုတ်ချင်ခဲ့တာက အကြောင်းပြချက်တစ်ခုတည်းပဲ" ".....""တက္ကသိုလ်ကျောင်းသားဘဝအစ ယုံကြည်ချက်တစ်ခုကို ကိုင်ဆွဲပြီး နိုင်ငံရေးနယ်ပယ်ထဲမယောင်မလည်ရောက်လာချိန် ဖခင်တစ်ယောက်လို ရှေ့ဆောင်လမ်းပြခဲ့တဲ့ ဆရာ၊ အိမ်နဲ့ ဝေးနေချိန် အနေဆင်းရဲ အစားဆင်းရဲ ဒုက္ခရောက်ချိန် မိခင်တစ်ဦးရဲ့ မေတ္တာနဲ့ ပြုစုစောင့်ရှောက်ခဲ့တဲ့ ဆရာကတော်၊ အဟင်း ပြီးတော့... သူငယ်ချင်းအရင်းတွေကတောင် ကိုယ့်ခံယူချက်ကြောင့် ဘဝပျက်မယ့်ကောင်လို့ ပြောတာခံရချိန် ကိုယ်နဲ့တွေ့တဲ့ အချိန်တိုင်း ကိုယ့်တယူသန် အသိဉာဏ်တွေကို နားထောင်ပြီး နောင်တချိန်ကိုယ့်လိုဖြစ်ချင်တယ် ကိုယ်က သူသိသမျှလူတွေထဲမှာ အတော်ဆုံးလူပဲလို့ ချီးကျူးခဲ့တဲ့ အလယ်တန်းကျောင်းသားလေး၊ ကိုယ့်ကို တွေ့တိုင်း လက်လေးနှစ်ဖက်ဆန့်တန်းလို့ ပွေ့ချီခိုင်းတဲ့ ကောင်မလေးသေးသေးလေးတစ်ယောက်ရယ်ကို ကိုယ်က မိသားစုလို့ သတ်မှတ်ခဲ့တာကြောင့် ဒီကိစ္စတွေကို နောင်တမရတမ်းကိုယ် လုပ်ဆောင်ခဲ့တာပါ ကျေးဇူးတင်ပါတယ် ဆိုတဲ့ စကားက ကိုယ်ကြားဖို့တောင် မလိုတဲ့ စကားပါ ညီထွေးငယ်" "ဟိုးတုန်းက စကားကိုပဲ ပြန်ပြောရင် ကိုကိုက အမြဲတမ်း ကျွန်တော့်အတွက် ရှေ့ဆောင်လမ်းပြဖြစ်နေတုန်းပဲ ကိုကိုကြောင့်သာ မဟုတ်ရင် ကျွန်တော်တစ်ယောက်တည်း ငယ်လေးကို ကာကွယ်နိုင်မှာ မဟုတ်သလို အဖေရဲ့ နာမည်ကိုလည်း ပြန်အဖက်ဆယ်နိုင်မှာ မဟုတ်ဘူး ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားထက်များ ပိုလေးနက်တာ ရှိရင်တောင် ကိုကို့အတွက် လုံလောက်မယ်မထင်ဘူး" "ညီထွေး" "ဗျာ" "နောက်မှပြော...နောက်မှ စဉ်းစားပြီးပြော ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားထက် ပိုလေးနက်တဲ့ စကားလုံး၊ ကိုယ့်ကို ပြောဖို့သင့်တော်မယ့် စကားလုံးကို နောက်မှ သေချာစဉ်းစားပြီးပြောလို့ရတယ် ညီထွေး" "ဘယ်များပါလိမ့်""အရေးမကြီးပါဘူး နောက်မှ သေချာစဉ်းစားပြောပါ ကိုယ်စောင့်နိုင်ပါတယ် ညီထွေးငယ်" အမတ်မင်းက ထိုမျှသာပြောပြီး တဖက်ကို လှည့်သွားသည်။ ကားမောင်းနေသည့် သော်ဇင်လင်းလက် တစ်ယောက်ကတော့ အသည်းအသန်စဉ်းစားတုန်းဖြစ်သည်။ .......................လွန်ခဲ့သော နှစ်ရက်ခန့်က ... သာမန်လူများ ဝင်ခွင့်မရနိုင်သည့် နိုင်ငံတော်အဆင့်ရှိ အဆောက်အဦးတစ်ခု၏ သီးသန့်တွေ့ဆုံခန်းတွင် မျက်နှာချင်းဆိုင် ထိုင်နေသော လူနှစ်ယောက်ရှိလေသည်။ သန်းပေါင်းများစွာသော ပြည်သူပြည်သားတွေသာ မြင်လျှင်သိနိုင်သော ထိပ်သီးပုဂ္ဂိုလ်နှစ်ဦး ဖြစ်ပြီး....တစ်ဦးမှာ လက်ရှိသမ္မတ နှင့် ကျန်တစ်ဦးမှာ နောက်လာမယ့် သက်တမ်း အတွက် သမ္မအဖြစ် ရေပန်းစားလျှက်ရှိသော အမတ်မင်းတစ်ဦး။ သူက ...."ဒေါက်တာ သမိုင်းဦးနဲ့ မတွေ့ရတာ နှစ်တော်တော်ကြာပြီပဲ နောက်ဆုံးတွေ့တာ ဘယ်တုန်းကပါလိမ့် အော် ကိုယ်မှတ်မိပြီ ဝန်ကြီးဦးလင်းလက်ရဲ့ စ◌ျာပန မှာပဲနော်" "သမ္မကြီးက နိုင်ငံတော်ရဲ့ အရေးပါတဲ့ ပုဂ္ဂိုလ်ပါ ကျွန်တော့်လိုသာမာန် အမတ်တစ်ယောက်အတွက် အချိန်တွေအလဟသ ဖြစ်မှာ စိုးပါတယ် ပြောစရာရှိတာ သွယ်ဝိုက်မနေဘဲပြောလို့ရပါတယ်" "အဟင်း ဦးလင်းလက်ရဲ့ တပည့်ပီသတာပဲ ....ဟုတ်ပြီလေ ကိုယ်မပြောခင် တခုတော့ ကြိုတင်သတိပေးပါရစေ ဦးလင်းလက်ဟာ ရိုးသားတယ် ဖြောင့်မတ်တယ် ဒါပေမယ့် သူက ကျင်လည်ရမယ့် လောကမှာ လိုက်လျောညီထွေ မနေတတ်ဘူး .....လောကကြီးမှာ သိပ်ကို ဖြောင့်မတ်လွန်းရင် နေရာမရှိတတ်ဘူးတဲ့ ဒေါက်တာ သမိုင်းဦးလည်း အဲ့ဒီလိုမဖြစ်စေနဲ့ပေါ့ ကိုယ်က ကြိုတင်သတိပေးတာပါ ....ဘယ်ပြောလို့ရနိုင်မလဲ ကိုယ့်နောက်တက်မယ့် သမ္မတက သူ့ဆရာလိုဖြစ်သွားရင် ပြည်သူတွေ ဝမ်းနည်း နေမှာ စိုးလို့" "အရာအားလုံးဟာ ပုံသေပြောလို့မရပါဘူး .... ဝမ်းနည်းမလား ဂုဏ်ယူမလား ဒါမှမဟုတ် တရားခံတွေကိုပဲ ခြောက်လှန့်ပြီး တရားမျှတမှု ရှာပေးမလား မသိနိုင်ဘူးလေ ဦးလင်းလက်အတွက် သမိုင်းဦးက လုပ်ပေးသလို သမိုင်းဦးအတွက်လည်း နောက်ထပ် နောက်ထပ် နောက်ထပ် သမိုင်းဦးလို လူတွေရှိလာဦးမှာလေ လောကကြီးမှာ တရားမျှတမှုက နောက်ကျချင် ကျလိမ့်မယ် တစ်နေ့တော့ သေချာပေါက် ရောက်လာမှာမို့ ကျွန်တော်ကတော့ တွေးပူမနေပါဘူး သမ္မတကြီးလည်း ဘာမှစိုးရိမ်မနေနဲ့" အခန်းကျယ်ကြီးမှာ လက်နက်မပါတဲ့ တိုက်ပွဲဟာ ပြင်းထန်ခဲ့သည်။ နှစ်ဦးစလုံးက သာမာန်လူတွေမှ မဟုတ်တာ။ အသက်ငါးဆယ်သာ ရှိသေးတဲ့ သမ္မတဟာ ကြည့်ကောင်းသော အပြုံးတစ်ချက်ကို ဖန်တီးလိုက်ပြီး... "မင်းတို့ လုပ်နေတဲ့ ကိစ္စတွေကို ကိုယ်သိတယ် မင်းရယ် ဦးလင်းလက်ရဲ့ ကလေးနှစ်ယောက်ရယ် ဘာတွေလုပ်နေတယ် ဘာဆက်လုပ်နေတယ်ဆိုတာ ကိုယ်သိတယ်" "ဟုတ်ကဲ့ မျှော်လင့်ထားပြီးသားပါ" "အဲ့တော့ လိုရင်းပဲပြောမယ် .....ကိစ္စတွေကိုရပ်သင့်တဲ့ နေရာမှာ ရပ်ပေးပါ ...အာဏာဆိုတာ ငွေကြေးမရှိဘဲ မတည်တံ့နိုင်ဘူး ...ငွေကြေးဥစ္စာဆိုတာလည်း အာဏာပါဝါမရှိရင် ဒီအတိုင်း ဖြုန်းတီးစရာ သပ်သပ်ပဲ ဖြစ်မယ် ...အဲ့တော့ အဖိုးကြီးက အဓိက တရားခံပဲမဟုတ်လား ကျေနပ်လိုက်ပါတော့ ကျန်တာတွေကို မတူးဖော်နဲ့တော့" "အဲ့ဒီလိုဆိုရင် အပေးအယူတစ်ခုတော့ ရှိရမှာပဲမဟုတ်လား ကျွန်တော်လိုချင်တာ တစ်ခုရှိတယ်" "ပြောကြည့်လေ" "အဖိုးကြီးကို စီရင်တဲ့နေရာမှာ ဝင်မစွက်ဖက်ပါနဲ့ တရားဥပဒေကို ဘယ်လို အာဏာမှ သုံးပြီးမချုပ်ကိုင်ပါနဲ့ ....ဘယ်သူတွေ ဘယ်အတိုင်းတာထိ ပါဝင်ပတ်သတ်နေလဲဆိုတဲ့ သက်သေတွေရှိပါတယ် သူတို့တွေရဲ့ အင်အားကို မသုံးပါစေနဲ့" "ကတိပေးတယ် ....မင်းတို့ အလိုရှိတဲ့ သူကို ကြိုက်သလိုလုပ် ငါတို့ဝင်မစွက်ဖက်တော့ဘူး နောက်ထပ် ငါတို့နဲ့ ပတ်သတ်နဲ့ သက်သေတွေကိုတော့ ..... တစ်ခုမကျန် လာအပ်....ပြီးတော့"သမ္မတဆိုသူက ဆက်ပြောလာသည့် စကားကြောင့် သူ အသံထွက်အောင်ပင် ရယ်လိုက်မိသည်။ "ဒေါက်တာ သမိုင်းဦးဆိုတဲ့ နာမည်ကို နိုင်ငံရေးလောကထဲမှာ ဘယ်တော့မှ မကြားချင်ဘူး ..... အပြီး ထွက်သွားပေး" နိုင်ငံရေးလောကက နှုတ်ထွက်ပေးတဲ့။ သမိုင်း အားရပါးရ အော်ရယ်လိုက်မိသည်။ ထို့နောက် ထိုင်နေရာမှ ထရပ်ကာ ဝတ်ထားသည့် အင်္ကျီကို အနည်းငယ် သပ်ရပ်အောင် ဆွဲဆန့်လိုက်ပြီးနောက် သမ္မတဆိုသူနဲ့ မျက်နှာချင်းဆိုင်ဖြစ်အောင် ရပ်လိုက်သည်။ ဆိုဖာပေါ်ထိုင်နေသည့် ထိုလူကို ခေါင်းကို အနည်းငယ် ငုံ့လိုက်ပြီးနောက် .... "အမြင့်ဆုံးမှာ ရောက်နေတာတောင် ကြောက်နေရသလား .... ဟိုလူ့ကို ထွက်သွားပေး ဒီလူ့ကို ထွက်သွားပေးလို့ ပြောနေမယ့်အစား ပြည်သူတွေ လိုလိုလားလား ထည့်တဲ့ မဲလေး တစ်မဲလောက်ရဖို့ စည်းရုံးကြည့်ပါ့လား ... သေနတ်ထောက်ပြီး ဓါးပြမတိုက်နဲ့ ပိုက်ဆံနဲ့လည်း မဝယ်နဲ့ ဒီအတိုင်း သူတို့ လိုလိုလားလား ထည့်တဲ့ မဲလေးတစ်မဲလောက်များ ရဖူးတယ်ရှိအောင် ကြိုးစားကြည့်ပါ စေတနာနဲ့ အကြံပေးတာ" ရှူးရှူးရှားရှားဖြစ်သွားတဲ့ အနှီပုဂ္ဂိုလ်ရဲ့ မျက်နှာကို စေ့စေ့ကြည့်ပြီးမှ သမိုင်း လှည့်ထွက်ခဲ့သည်။ နောက်က ထွက်လာတဲ့ တောက်ခတ်သံဟာ ကျယ်ကျယ်လောင်လောင်။ "နေဦး" တံခါးလက်ကိုင်ကို လှည့်ဖွင့်စဉ် ထွက်လာသံဟာ တင်းမာခက်ထန်လွန်းသည်။ "ငါပြောတဲ့ အတိုင်းမလုပ်ရင် မင်းဆရာကို သွားတွေ့ဖို့ ပြင်ထားလိုက်....အဟမ်း တစ်ယောက်တည်းတော့ မဟုတ်ဘူး မင်းကာကွယ်ပေးချင်တဲ့ အဲ့ဒီကလေး နှစ်ယောက်ကို ပါ ခေါ်သွားလိုက် သမိုင်းဦး .... ငါတို့က မင်းပြောသလို ထိပ်ဆုံးမှာ ရောက်နေတာမို့ မလုပ်ရဲတာ ဘာမှ မရှိဘူး" ခြိမ်းခြောက်ခြင်းမမည်တဲ့ သတိပေးစကားဟာ သူ့ခေါင်းထဲမှာ တဝဲလည်လည် ရှိနေတာတော့ အမှန်ပင်။ ခေါင်းမာလွန်းတဲ့ သူဟာ ခံယူချက်တစ်ခုကြောင့် ရောက်လာခဲ့ရတဲ့ ဒီလောကထဲ သေသည်အထိ နေထိုင်မယ်လို့ သံဓိဌာန်ချထားသူဖြစ်သောကြောင့် အဆိုပါ ကိစ္စဟာ မလွယ်ကူ။ ဒါပေမယ့် အကြိမ်ကြိမ်စဉ်းစားပြီးတဲ့နောက်.... လက်ခံတယ် ဟူသော စာတိုလေးကို ဖုန်းနံပါတ်တစ်ခုသို့ ပို့လိုက်သည်။ သူ့ထံက အကြောင်းပြန်စာကို စောင့်မျှော်နေဟန်တူသူသည် ချက်ချင်းပင် ဖွင့်ဖတ်ကာ စာပြန်ပို့လေသည်။ အဖိုးကြီးကို မနက်ဖြန် သေဒဏ်ချလိမ့်မယ် ဦးလင်းလက်ရဲ့ အမည်ပျက်စာရင်းတွေလည်းဖျက်ပေးထားတယ် ကျိန်းသေ ကတိတည်ပါ ပြန်စာ ပို့ရန်မလိုသည့် ဖုန်းကို စက်ပါပိတ်ကာ ကားမှန်ပြတင်းကနေ ပစ်ချလိုက်သည်။ နောက်ကားတစ်စီးရဲ့ သွားနေသော ဘီးအောက်မှာ တစစီဖြစ်သွားတာကို တွေ့ရပြီးမှ ကားမှန်ကို ပြန်တင်လိုက်သည်။ ကားမောင်းနေသူဟာ သူ့ကို လှည့်ကြည့်ပြီး တအံ့မဩဖြစ်နေဟန်နဲ့ မေးလာသည်။ "ကိုကို ဘာဖြစ်လို့လဲ" "ဖုန်းက ဟောင်းနေပြီး အသစ်တစ်လုံး ဝယ်ချင်လို့" ယုံကြည်ဟန် တစက်မှ မရှိပေမယ့် သူ့ကို လုံးဝ အထွန့်မတက်သူကြောင့် သမိုင်းဦး ကျေနပ်စွာ ရယ်လိုက်မိသည်။ အနာဂတ်မှာ အတူတူ ရယ်မောချင်တယ် အတူတူ ငိုကြွေးချင်တယ်.....ထို့ကြောင့် သူ့အိမ်မက်တွေကို စွန့်လွှတ်ရလဲ ဘာအရေးလဲလေ။ နှလုံးသားဝယ် နောင်တရခြင်းမရှိစွန့်ဝံ့သည်များဟာ ပြန်လည်ရယူလိုသော ဆန္ဒတစ်စုံတစ်ရာမပါပေအပြစ်တင်ခြင်း ဂုဏ်ဖော်လိုခြင်းကင်းဝေးရာပေးဆပ်မှုများသည် တစုံတစ်ယောက်၏ နှုတ်ခမ်းပါးထက်ဝယ် အပြုံးလေးတစ်ပွင့် ထာဝစဉ်တွဲခိုနေစေဖို့ရာဖြစ်ကြောင်း ကာကယကံရှင်များသာ သိပါသည်။ တတိုင်းမွှေး(31/1/23)A/N- ထပ်ပြောပါမယ်။ ဒီဝတ္ထုဟာ စာရေးသူရဲ့ စိတ်ကူးယဉ်ဖန်တီးမှုသာဖြစ်ပါသောကြောင့် မည်သည့် ပြင်ပ ပုဂ္ဂိုလ်၊ အဖွဲ့အစည်း တစ်ခုနှင့်မျှ သက်ဆိုင်ခြင်းမရှိပါ။

ရွှေချည်ကြိုးဆွဲရာ(GL)Where stories live. Discover now