(27)Unicode

919 95 4
                                    

ရေတမာပင်တန်းတွေဝိုင်းနေတဲ့ တက္ကသိုလ်ဝန်းထဲက ရေကန်စပ်မှာ ထိုင်နေတဲ့ ကောင်မလေးနှစ်ယောက်ရဲ့ ရယ်မောသံတွေဟာ အိမ်မက်ဆိုသော်ငြား ပြတ်ထင်လွန်းနေသည်မှာ သူတို့၏ အမူအယာကြောင့်ပင်ဖြစ်လိမ့်မည်။ စားပြီးသား အမှိုက်ခွံ့တွေကို ကြွပ်ကြွပ်အိတ်ကြီးတစ်လုံးထဲသို့ စုထည့်နေသော ကောင်မလေးသည် သူ့ဘေးနားက မြက်ခင်းပေါ်လှဲအိပ်နေသည့် တခြားကောင်မလေးအား မေးမြန်းလိုက်ပုံမှာ....

"လွင် ကျောင်းပြီးရင် ဘာလုပ်မယ် စိတ်ကူးထားလဲ"

"ကျောင်းပြီးမှတော့ ရေစက်ချတရားနာရုံပဲ ရှိမှာပေါ့ ...အာ့ ဟား မလုပ်နဲ့လေ နေခြည်ရဲ့ နာတယ်"

"သေစမ်း လွင် ငါမေးတာ ကောင်းကောင်းမဖြေဘူး အင့်ဟာ အင့်ဟာ"

ခပ်နောက်နောက်ပြန်ဖြေတဲ့ ကောင်မလေးကို လက်ထဲက ကြွပ်ကြွပ်အိတ်ထုပ်နဲ့ လွှဲရိုက်တော့ မြက်ခင်းပေါ်မှာ နှစ်ယောက်သား လူးလိမ့်ကာ သတ်ပုတ်ကြတော့သည်။ တခဏကြာမှ ဘေးချင်းကပ်ရပ် မြက်ခင်းပေါ်လှဲပြီး အိပ်လိုက်ကြသည်။ နှစ်ယောက်စလုံးမောနေပြီဆိုတော့ ရန်ပွဲကလည်း ယာယီရပ်စဲထားသည့် သဘောရှိသည်။

"လာ ငါ့လက်မောင်းပေါ် ခေါင်းအုံးလိုက် ဆံပင်တွေပေကုန်မယ် မနက်ကမှ ခေါင်းလျှော်လာတာမလား နေခြည်"

အလိုက်သင့် တိုးဝင်လာတဲ့ ခေါင်းလုံးလုံးလေးကို မသိမသာ မွှေးကြူလိုက်တာကိုတော့ ကာယကံရှင်မှ လွဲ၍မသိနိုင်။

"ငါအကောင်းမေးတာ လွင်ရဲ့ ကျောင်းပြီး ဘွဲ့ရရင် ဘာလုပ်မှာလဲလို့"

အမေးခံရသူမော့ကြည့်လိုက်တဲ့ ကောင်းကင်မှာ မိုးတိမ်လိပ်တွေက ခပ်ပါးပါး တက်လာသည်။

"အရင်တုန်းကတော့ အိမ်ရဲ့ စီးပွားရေးကိုပဲ ဆက်လုပ်မယ်လို့ စဉ်းစားထားတာ"

"မိုက်တာပေါ့ လွင်ရဲ့ အိမ်စီးပွားရေးဆို ဆောက်လုပ်ရေးလုပ်ငန်းပေါ့ ဟုတ်လား အဲ့ဒီလုပ်ငန်းက ဝင်ငွေသိပ်ကောင်းတာဆိုပဲ"

"ငါ့ကိုပဲ မေးမနေနဲ့ မင်းရော ဘာတွေမျှော်လင့်ထားလဲ"

"ဆရာမလေး တက္ကသိုလ်ဆရာမလေး မေမေကပြောတယ် တက္ကသိုလ်မှာ ဆရာမလေးဖြစ်ရင် သေပျော်ပြီတဲ့"

ရွှေချည်ကြိုးဆွဲရာ(GL)Where stories live. Discover now