အပိုင်း(၂၉)

18.3K 1.8K 508
                                    

#For Unicode

ပြိုင်ကားလေးတစ်စီးသည် လမ်းမထက်တွင်
အရှိန်နှုန်း မှန်ကန်စွာဖြင့် မောင်းနှင်လျက်ရှိသည်။ ကားအမိုးကို မဖွင့်ထားသဖြင့် ပြင်ပလေများ တိုက်ခတ်မနေတော့။ သို့တိုင်အောင် ပြတင်းပေါက်ဘက်သာ တစ်စိုက်မတ်မတ် လှည့်ထားသော ကောင်လေးတစ်ယောက်ဟာတော့ ကားနှင့်အတူ လိုက်ပါသော လမင်းကြီးအား ကလေးသဖွယ် ကောင်းကင်သို့ အကြည့်ပို့လွှတ်ထားလေ၏။ တကယ်တော့ ဘေးက လူကို မကြည့်ရဲတာပင်။

'ငါ ဘာလို့ ပြောလိုက်မိပါလိမ့်'

'အခုအခြေနေကြီးက ဘာလဲ။ ရည်စားတစ်ယောက်ကောက်ရသွားတာလား'

ထက်မြက် တွေးလေ နားရွက်ဖျားလေးတွေ ရဲလာလေဖြစ်သည်။ ထိုအရာကို အကင်းပါးသော လူဝီဂျီက ငှဲ့ကြည့်ရင်း ခပ်ပြုံးပြုံးဖြစ်နေ၏။

"ကိုယ့်ဘက် လှည့်ပါအုံးနေခြည်ရယ်။ မင်းမျက်နှာလေးကို မော်ဖူးပါရစေအုံး"

ဩရှရှ စကားသံကြောင့် ထက်မြက်ကြက်သီးမွှေးညင်းများ ထသွားသည်အထိ။

"ခင်ဗျားကြီး ပါးစပ်ပိတ်ထားနော်"

လက်နောက်ပြန်ကြီးနှင့် မမြင်မကန်း သူ့ပါးစပ်ကို လှမ်းပိတ်လိုက်တော့၊ ထိုလက်သည် အလျင်အမြန်ဖမ်းဆွဲခံလိုက်ရကာ လက်ဖမိုးသို့ အနမ်းတစ်ပွင့်ကျရောက်လာသည်မှာ နူးနူးညံ့ညံ့။ ထက်မြက် ဆတ်ခနဲတုန်သွားသည်။ ဦးအဂ္ဂမင်းထင်သည် အနုနည်းဖြင့် နှိပ်စက်တတ်သည်မှာလည်း ပြောင်မြောက်အောင် တော်ပေသည်။

"လွှတ်.."

ထက်မြက် လက်ကို အတင်းရုန်းလိုက်တော့ တိုးဖွဖွ ရယ်သံက အမြင်ကပ်စရာ။ ထက်မြက် ဒိန်းခနဲ အကြည့်ပို့လွှတ်လိုက်သည်။ ထိုအခါ သူ့မျက်ဝန်းတွင် နူးညံ့စွာ ရယ်မြူးရိပ်တွေ စွန်းထင်းနေသဖြင့် ထက်မြက် ခြေချောင်းလေးတွေကို ကုပ်လိုက်မိ၏။ ဒီလူကြီးသည် ခံစားချက်မျိုးစုံကိုတစ်ပြိုင်နက်တည်း ပေးစွမ်းနိုင်သည်။ အမြင်ကပ်စရာကောင်းသလို၊ မမုန်းနိုင်၊ မမေ့နိုင်။

"ကျွန်တော့်ကို အထင်သေးသွားလား.."

ခပ်တိုးတိုးထွက်လာသော စကားကြောင့် လူဝီဂျီ၏ မျက်ခုံးများ တွန့်ချိုးသွားသည်။ သူသည် အေးဆေးစကားပြောချင်၍ အိမ်အနားသို့ရောက်ခါနီးမှ ကားကို အရှိန်တင်လိုက်သည်။

Luigi's Empire (Ongoing) Where stories live. Discover now