Chapter(20-2)

673 159 11
                                    

Unicode

အခန်း(၂၀-၂) - မင်းနှလုံးသားက ညစ်ပတ်လွန်းတယ်!!!

မဟော်ဂနီတံခါးကြီးက မြေပြင်ပေါ်သို့ ပစ်ကျသွားပြီး အလွန်ပေါ့ပါးသော ဖုန်မှုန့်များ တက်လာသည်။

အိမ်ထဲမှာ ရန်သူတစ်ယောက်မှ မရှိကြောင်း အတည်ပြုပြီးနောက် လီဝမ်က အပေါ်ထပ်သို့ ပြေးတက်သွားပြီး သူ့မိဘများကို အော်ခေါ်လေသည်။ သို့ပေမယ့်လည်း ပြန်ဖြေမည့်သူမရှိ။

ထန်မော့၏ မိဘများ ကွယ်လွန်ခဲ့တာ ကြာခဲ့လေပြီ။ သူက အိမ်ထဲကို လိုက်မဝင်ခဲ့ပေ။ သူက ဝင်ပေါက်နားမှာသာရပ်ပြီး လီဝမ်က သူ့မိဘများအား အော်ခေါ်နေသည်ကို နားထောင်နေသည်။

လီဝမ်က အိမ်ထဲမှာ ပတ်ပြေးနေသော်လည်း လူတစ်ယောက်ပင် ရှာမတွေ့ခဲ့။ သူ့အသံက မျှော်လင့်ချက် မရှိဖြစ်လာသည်။

ရုတ်တရက် သူက စိတ်လှုပ်ရှားတကြီး ထအော်သည်။

"ငါ့အမေ အသက်ရှင်နေသေးတယ်။ ငါ့အမေ အသက်ရှင်နေသေးတယ်!'

ထန်မော့က အံ့အားတစ်သင့်ဖြင့် ဧည့်ခန်းသို့ ကြည့်လိုက်သောအခါ လီဝမ်က စာရွက်ပိုင်းလေး တစ်ခုဖြင့် ပြေးထွက်လာသည်ကို မြင်လိုက်ရလေသည်။ သူ့မျက်နှာက ပျော်ရွှင်မှုများ ပြည့်နှက်နေပြီး သူ့ခန္တာကိုယ်က ဆက်တိုက်တုန်ယင်နေသည်။

"ထန်မော့, ငါ့အမေ အသက်ရှင်နေသေးတယ်။ ကြည့်! ငါ့အမေ အသက်ရှင်နေသေးတယ်! ငါ့အမေက ပြောထားတယ် ငါ့အဖေက ရုတ်တရက် ပျောက်ကွယ်သွားပြီး တစ်ခြားလူတွေကို ဆက်သွယ်ဖို့လည်း ဖုန်းလိုင်းမရတော့ဘူးတဲ့။ ရှန်ဟိုင်းက နည်းနည်း ဖရိုဖရဲ ဖြစ်နေလို့ သူက သူ့ဇာတိရွာကို ခေတ္တရှောင်လွှဲနေဖို့ စီစဉ်လိုက်တယ်ပြောတယ်။ အကယ်၍ ငါသာ အသက်ရှင်နေသေးရင် သူ့ကို လာရှာပါတဲ့။ ထန်မော့, ငါ့အမေ အသက်ရှင်နေသေးတယ်!"

ထန်မော့က ရယ်လိုက်သည်။

"ဂုဏ်ယူပါတယ်ကွာ"

လီဝမ်က ခဏလောက် စိတ်လှုပ်ရှားနေပြီးမှ သူ့ရယ်သံက ရုတ်တရက် ပျောက်ကွယ်သွားသည်။

"ငါ့အဖေကတော့ ပျောက်ကွယ်သွားခဲ့တယ်....."

ထန်မော့က ပြောလာသည်။

The Earth is OnlineWhere stories live. Discover now