Extra 1 (U)

43.1K 3.7K 1.5K
                                    

ငြိမ်းက သားကို သွားကြိုရန်အိမ်ပေါ်ကဆင်းလာတော့ အောက်ထပ်မှာ မော်မော်နဲ့ လေးမောင်က အလုပ်ရှုပ်နေကြသည်... အခုဆို မော်မော်က ကျောင်းပြီးသွားတော့ ရုံးအလုပ်တွေသင်နေရပြီ... လေးမောင်နဲ့ အဖေကြီးက ရုံးကို တစ်ပါတ်မှာ ၂ ရက်လောက်ပဲသွားပြီး အိမ်ကနေပဲကူပေးသည်... အခုလည်း လေးမောင်က မော်မော့်ကို အခြေခံကစပြီး သင်ပေးနေသည်...

"အေး... ငါ ဖုန်းနံပါတ်အော်ပေးမယ် ... ညည်းကဆက်လိုက်...ပြီးရင် ပစ္စည်းတွေရောက်မှာသေချာတဲ့အကြောင်း အကြောင်းကြားတာပါလို့ပြော"

"ဟုတ်"

"၀၉ ၂၅၆၈၂၅... ၄ သုံးလုံး နှိပ်လိုက်"

"ဟုတ်... ၀၉ ၂၅၆၈၂၅...၄... ၃ .... ဟင် လေးမောင် ၄ ရယ် ၃ ရယ်ပြီးတော့ နောက်က လုံးက ဘာနှိပ်ရမှာလဲ"

"ဟမ်...ဘာတုန်းဟ"

"လေးမောင်ပဲ ၄ ၃ လုံး ဆို... ၄ ရယ် ၃ ရယ် နှိပ်ပြီး လုံး ဆိုတာကြီးက ဘာနှိပ်ရမှာလဲလို့"

"ဟ! ၄ သုံးလုံးပါဆို ၄၄၄ ဆိုပြီး သုံးလုံးနှိပ်ပေါ့ဟ"

"ဪ... ၄ သုံးလုံးကိုပြောတာလား... လေးမောင်ကလည်း အစကတည်းက ၄၄၄ လို့ပြောပါလားလို့"

"ဪ... ဒီကောင်မလေးကလည်း ပေါက်ပေါက်ရှာရှာ... ငါ့နှယ်"

"ဟိဟိ...ကြောင်သွားလို့ပါ လေးမောင်ရဲ့"

"ညည်းကြောင်တာကလည်း တစ်ရက်မှာ ၂၅ နာရီ"

မော်မော့်ကြောင့် ငြိမ်းပင် ရယ်လိုက်မိတော့သည်... မော်မော်က တကယ်ကို ပေါက်ပေါက်ရှာတွေ တွေးတတ်လုပ်တတ်လွန်းသည်... တစ်ခါတလေဆို စလို့စမှန်းလည်းမသိဘဲ အတည်ထင်နေတတ်သည်...

အိမ်မှာဆို မော်မော်က So sweet စနောက်တာ အမြဲခံရသည်... ငယ်ငယ်တုန်းကဆို So sweet က မော်မော့်ကို လမ်းထိပ်လက်ဖက်ရည်ဆိုင်ကို ခေါ်သွားပြီးမုန့်၀ယ်ကျွေးသည်... မော်မော် မမြင်အောင်ပိုက်ဆံရှင်းထားပြီး ပြန်ခါနီးမှ ပိုက်ဆံမပါသည့်ပုံစံနှင့် ထွက်ပြေးကြဖို့ပြောသည်... So sweet က 1,2,3 လို့အော်လိုက်တာနှင့် ပြေးကြမည်လို့ပြောတော့ မော်မော်တစ်ယောက်တည်း 1,2, ပဲ ရှိသေးသည် လက်ဖက်ရည်ဆိုင်ထဲမှ ထပြီး ဖနောင့်နဲ့တင်ပါး တစ်သားတည်းကျအောင် ပြေးလိုက်တာမှ အိမ်ကိုဘယ်လိုရောက်သွားလဲပင် မသိခဲ့ဟု ပြန်ပြောပြကြ၍ ငြိမ်းမှာ အူတက်အောင် ရယ်ရသေးတော့သည်...

Match Made In Clouds Where stories live. Discover now