Part 2

5.8K 429 8
                                    

Unicode

ရှစ်ယင်ဟာ အနည်းငယ် မူးဝေသွားတဲ့ ခေါင်းကို ကိုင်ကြည့်မလို့ ပြင်တော့ သူ့လက်က သူ့ရဲ့ခေါင်းကို မမှီဘူး ဖြစ်နေတယ်။ဟုတ်သား။ သူ သားရဲပုံစံကနေ မပြောင်းသေးဘူးပဲ။ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ ခြေထောက်တွေ။ရုတ်တရက် သူ့စိတ်ထဲမှာ ဗလာဖြစ်သွားတယ်။ သူ ဘယ်နေရာကို ရောက်နေတာလဲ။

"အာ့"

အကန်ခံလိုက်ရတာကြောင့် ဘေးဘက်ကို နှစ်ပတ်လောက် လှိမ့်သွားတယ်။ ဒါပင်မဲ့ ကန်မိတဲ့ သူဟာ သူ့ကို သတိထားမိပုံ မပေါ်ဘူး။ ခပ်အေးအေးပဲ ဆက်လျှောက်သွားတယ်။ ဒီနေရာမှာသာ ကြာကြာနေရင် လူတွေ နင်းလို့ သေရချည်ရဲ့။

သွားလာလှုပ်ရှားနေတဲ့ ခြေထောက်တွေကြားထဲကနေ သူပြေးလာပင်မဲ့ မာကျောလှတဲ့ ဖိနပ်တွေရဲ့ အကန်ကိုတော့ ခံနေရတယ်။ မြေကြီးပေါ်ကို ဘောလုံးလေး လှိမ့်သလို လှိမ့်သွားပြီး ဟိုဘက်ရောက်လိုက် ဒီဘက်ရောက်လိုက်နဲ့ သူ မျက်လုံးကို တင်းနေအောင် ပိတ်ထားလိုက်တယ်။ ဆူးအောင့်နေအောင် ဟိုလူကန်မိလိုက် ဒီလူကန်မိလိုက်နဲ့ နောက်ဆုံးမှာ သစ်သားဘုတ်ပြားနဲ့ တိုက်မိပြီး ရပ်သွားတယ်။

မြေကြီးပေါ်လှိမ့်ခဲ့လို့ အဖြူကောင် ပုံစံကနေ အညိုရောင်ကိုတောင် ပြောင်းချင်နေပြီ။ သူ ခဲယင်းစွာ မတ်တပ်ရပ်လိုက်တယ်။ ဒီလူတွေက ဘာလို့ ဘောင်းဘီတွေပဲ ဝတ်ထားတာလဲ။ ရုတ်တရက် သူ့ရှေ့ဖြတ်လျှောက်သွားတဲ့ မိန်းကလေးဟာ စကတ်ကို ပေါင်လယ်လောက်ထိသာ ဝတ်ထားတာမို့ သူမျက်လုံးအုပ်ပြီး နောက်ဘက်လှည့်လိုက်တယ်။ သူက တစ်ပေတောင် မပြည့်တဲ့ အကောင်လေးမို့လို့ အောက်ကနေ အကုန်မြင်ရမှာ။

ဘာလို့ အမျိုးသမီးတွေက အတွင်းဝတ်လေးတွေနဲ့ လျှောက်သွားနေရတာလဲ။အဲ့တာက ရှက်စရာ မကောင်းဘူးလား။ သူနောက်ပြန်လှည့်ကြည့်တော့ ထူးဆန်းတဲ့ ဝတ်ဆင်ပုံတွေနဲ့ လူတွေအများအပြား။

"တီ......"

ရုတ်တရက် ကျယ်လောင်တဲ့ အသံကြောင့် သူ လှည့်ကြည့်မိတော့ လိပ်ပုံစံ ခပ်ကြီးကြီးအရာတစ်ခုဟာ တစ်လှိမ့်လှိမ့် ရွေ့လို့လာတယ်။ အဲ့ဒီ လိပ်အကြီးစားကြီးကကော ဘာကြီးလဲ။ ထူးဆန်းတဲ့ နေရာကို သူဘယ်လို ​ရောက်လာတာလဲ မတွေးတတ်။သူနောက်ဆုံးမြင်ခဲ့တာက တောနက်ကြီးထဲမှာပါ။ ဘယ်နှယ့်ကြောင့် ဒီလို နေရာကို ရောက်လာရတာလဲ။

𝑇𝒉𝑒 𝑀𝑎𝑧𝑒♡.[Completed]Where stories live. Discover now