Part 26

2.7K 262 24
                                    

Unicode

ညနက်တဲ့ အထိရောက်လာပင်မဲ့ ရှစ်ယင် အိပ်မပျော်နိုင်ခဲ့။ သူ ဘယ်လို ရူးမိုက်တဲ့ ကတိကို ပေးခဲ့မိတာလဲ။ ယဲ့လူကြီးနဲ့ မတွေ့နိုင်ပဲ နေနိုင်မယ်တဲ့လား။ ရူးတောင် သွားဦးမယ်။ ဒီနေ့ဟာ သူ ကတိပေးထားတဲ့ လပြည့်ကျော် နှစ်ရက်နေ့။

ဘယ်ဘက်ရင်အုံက တစ်ဆစ်ဆစ်နဲ့ နာကျင်လာတယ်။ ဘဝမှာ ဒီလောက်ခက်ခဲတဲ့ ဆုံးဖြတ်ချက်ကို လွယ်လင့်တကူ ချမိလိမ့်မယ်လို့ သူ မမျှော် လင့်ထားဖူးဘူး။ ခေါင်းရင်းကို မှီပြီး လက်သီးဆုပ်ကို ကျစ်ကျစ်ဆုပ်လို့ ကိုက်ပြီး အသံတိတ် မျက်ရည်တွေကျဆင်းလာတယ်။

မခံမရပ်နိုင်လောက်အောင်နာကျင်ပြီး လွမ်းတယ်။ဒီလိုတွေ ဖြစ်လာမယ်မှန်းသာ သိရင် သူ ယဲ့လူကြီး လက်ထပ်ခွင့်တောင်းတာကို လက်ခံခဲ့ပါတယ်။ ခုတော့။ ဒါမှမဟုတ် ခိုးထွက်လိုက်ရမလား။ မယ်တော်တို့ မသိခင် ခိုးထွက်....။ ဟာ ဘာမဟုတ်တာတွေ စဉ်းစားနေတာလဲ ရှစ်ယင်။ အသိတရားလေး ဝင်စမ်းပါ။ မွေးရကျိုး မနှပ်တဲ့ သားမိုက် မဖြစ်ချင်စမ်းပါနဲ့။

လမ်းထလျှောက်လိုက် ကုတင်ပေါ် တက်လှဲလိုက်နဲ့ ရှစ်ယင် အတန်ကြာ စဉ်းစားမိတယ်။ဒီတိုင်း သူ့ကိုယ်သူပဲ သတ်သေလိုက်ရမလား။ ယဲ့လူကြီးကို မတွေ့ပဲ နေရင် သေလူနဲ့ဘယ်ခြားတော့မလဲ။ တစ်သက်လုံး အိပ်လာခဲ့တဲ့ အိပ်ယာနဲ့ ဒီအခန်းဟာ သူ့အတွက် အရမ်းကို နာကျည်းစရာကောင်းနေတယ်။ ဒါမဲ့ တစ်လလောက်သာ အိပ်ခဲ့ရတဲ့ ယဲ့လူကြီး အခန်းနဲ့ အိပ်ယာကိုတော့ သူ အရမ်းလွမ်းတယ်။ သူ့မှာ ယဲ့လူကြီးနဲ့ ရာမီကို လွမ်းလွန်းလို့ ဒီကို ပြန်ရောက်လာတဲ့ နှစ်ရက်လုံး ထမင်းတောင် မစားဖြစ်။

မယ်တော်တို့ကို အားနာရင် သူ ဒီတစ်ညတော့ ဘယ်မှသွားလို့မဖြစ်။ အိပ်ပျော်အောင် ကြိုးစားရမယ်။ ဟုတ်တယ်။ ယဲ့လူကြီးနဲ့ တစ်လလောက်ပဲ တွေ့ခဲ့ရတာလေ။ သူ သေချာပေါက် မေ့နိုင်လောက်မှာပါ။ မေ့ပြီးရင် သူလည်း အရမ်းမခံစားရလောက်တော့ဘူးလေ။ ဒီတစ်ညပဲ သည်းခံလိုက် ရှစ်ယင်။

ဒါမဲ့ ဒီည သည်းခံလိုက်ရင် တကယ် တစ်သက်လုံး ယဲ့လူကြီးကို မတွေ့နိုင်တော့ဘူးလေ။ အားတင်းပြီး ကြိုးစား လှဲအိပ်လိုက်တဲ့ အချိန်မှာ သူ့ကျောမှာခံနေသော အရာကြောင့် ဆွဲထုတ်လိုက်တော့ ဓာတ်ပုံလေး။ ရှန်ဟိုင်းမှာ ရိုက်ခဲ့တဲ့ ဓာတ်ပုံလေး။ သူဟာ ယဲ့လူကြီး လက်မောင်းကို ဖက်တွယ်ပြီး ပခုံးပေါ် မှီထားတာ။ ယဲ့လူကြီးကတော့ သူ့ကိုပဲ ကြည့်နေတဲ့ ဓာတ်ပုံလေး။ သူ အသားအယာ ဓာတ်ပုံထဲက ယဲ့လူကြီးရဲ့ ပါးပြင်ကို ထိတွေ့လိုက်မိတယ်။သူ အမြင်တွေ ဝေဝါးလာတော့တယ်။

𝑇𝒉𝑒 𝑀𝑎𝑧𝑒♡.[Completed]Where stories live. Discover now