မြှားဝိဥာဉ်
..................
ယွမ်ဟိုင်ကျောင်းကို တောင်ကြီးရှစ်လုံး၏ ထိပ်စွန်းများဖြင့် ပတ်ပတ်လည် ဝန်းရံထား၏။တောင်များသည်ဆက်စပ်နေကာ ယွမ်ဟိုင်ကျောင်းကို ဝန်းရံထားပုံမှာ နတ်ဘုံနတ်နန်းအလား သာယာလှပချေသည်။ယွမ်ဟိုင်ကျောင်းသားများမှာမူကား တောင်များ၏ထိပ်ဆုံးသို့ လွယ်ကူစွာသွားနိုင်ကြ၏။ကောင်းကင်ဘုံသဖွယ်ဖြစ်နေသော တောင်များမှာ လှိုဏ်ဂူတွေ များစွာရှိနေကာ ယွမ်ဟိုင်ကျောင်းသားများအတွက် သိုင်းပညာလေ့ကျင့်ရန် အသင့်တော်ဆုံးနေရာပင်ဖြစ်သည်။ထိုတောင်များသည် အလွန်ပင်မြင့်မားကာ ထိပ်ဆုံးတွင် ကျယ်ပြန့်သော မြေနေရာတစ်ခုရှိ၏။ စိတ်စွမ်းအားလေ့ကျင့်ရန်နှင့် ငြိမ်းချမ်းစွာနေလိုလျှင်ကား အထူးပင်သင့်လျော်လေသည်။
လင်းဖန်က ကျောက်တုံးကြီးများတိုးထွက်နေသော ချောက်ကမ်းပါးနံရံကို လျှောက်လာလိုက်၏။ထို့နောက် သူ့ပတ်လည်၌ရှိသော မြင့်မားမတ်စောက်သော တောင်နံရံတွေနှင့် ကြောက်လန့်ဖွယ်ချောက်ကမ်းပါးများကိုကြည့်လိုက်သည်။အဆုံးအစမဲ့ တိမ်တိုက်တွေကို ပင်လယ်ပြင်သဖွယ် သူမြင်နေရ၏။ထိုမြင်ကွင်းသည် မြင်ရသူတိုင်းကို စိတ်လက်ပေါ့ပါးမှု့တွေ လွတ်လပ်မှု့တွေ ခံစားရစေသည်။
သို့သော် လင်းဖန်မှာကား သာယာလှပသော ရှု့ခင်းအပေါ် ပျော်ရွှင်ခြင်းဖြစ်မနေပေ။ ဓားမြန်သိုင်းကိုသာ ထပ်ကာ ထပ်ကာလေ့ကျင့်နေလေ၏။
"ဘုန်း "
လင်းဖန်၏ ဓားချက်ထိလိုက်သော ကျောက်တုံးကြီးများမှ အသံတွေထွက်လာသည်။ကျောက်တုံးကြီးများမှာ သေးငယ်ရှည်လျားသော အက်ကြောင်းရာများ ထင်နေ၏။
လင်းဖန်သည် ရောင်နီလာစ မိုးသောက်ယံမှသည် ညအချိန် လမင်းကြီးထွက်ပေါ်လာချိန်အထိ ခုနှစ်ရက်တိုင်တိုင် မရပ်မနားပဲ ဓားမြန်သိုင်းကိုသာ လေ့ကျင့်နေခဲ့သည်။
ဓားမြန်သိုင်းကျင့်စဉ်သည် လျင်မြန်မှု့နှင့် အတွင်းအားသုံးစွဲမှု့ကို အဓိကထားသော သိုင်းကျင့်စဉ်တစ်ခုဖြစ်၏။လျင်မြန်မှု့နှင့် အတွင်းအားကို အချိုးကျကျသုံးစွဲနိုင်လျှင်ကား ဓားမြန်သိုင်း၏ အထွတ်အထိပ်သို့ ရောက်ပြီဟူ၍ ပြောနိုင်ပေသည်။ဓားကို ဆွဲထုတ်လိုက်သောအချိန်၌ လည်း အားစိုက်ထုတ်ရန်လို၏။ဓားကို လျင်မြန်စွာ ဆွဲထုတ်ကာ ရန်သူ၏ အားနည်းချက်ကို အမြန်ဆုံးနည်းဖြင့် တစ်ချက်တည်းတိုက်ခိုက်ရလေသည်။သို့ဖြစ်၍ ဓားမြန်သိုင်းကား တမူထူးခြားသည့် သိုင်းကျင့်စဉ်တစ်ခုပင် ဖြစ်လေသည်။
