ပါသောက်
လေလံပွဲကား ဆက်လက်၍ ကျင်းပနေလေ၏။ လိုက်ကာများ ပွင့်လာ၍ လူနှစ်ယောက်ထွက်လာသည်။ထိုလူနှစ်ယောက်မှာ အဘိုးအိုနှင့် မျက်နှာတွင် ကြီးမားသော အမှတ်အသားတစ်ခု ထွင်းထုထားသော ကျေးကျွန်တစ်ယောက်ပင်။ ထိုအမှတ်အသားမှာ သူ၏ ကျွန်အမှတ်အသားဖြစ်သော " ပါ "ဟူသော စာလုံးပင်ဖြစ်၏။ သူ၏ လက်များ၊ ခြေထောက်များကို သံကြိုးများနှင့် ချုပ်နှောင်ထား၏။
သူ၏ ရှည်လျား ညစ်ပတ်ရှုပ်ပွနေသော ဆံပင်က ကျွန်အမှတ်အသားနှင့်လိုက်ဖက်စွာ သူ့ကို လူရိုင်းပုံစံ ပေါက်နေစေ၏။
"သိုင်း ကျေးကျွန်... "
လင်းဖန် တအံ့တဩ တွေးလိုက်မိသည်။ အံ့ဩစရာကောင်းလောက်အောင် လေလံပွဲ၌ သိုင်းကျွန် တစ်ယောက် ရှိနေလေ၏။
အံဩစရာကောင်းလောက်အောင် တစ်စုံတစ်ယောက်က လူများကိုပင် လေလံပွဲများ၌ ဝယ်ယူနိုင်လေ၏။
ထိုအချိန်၌ လူအုပ်ကြီးမှာ အမှန်တကယ် စိတ်လှုပ်ရှားသွားသည်။ အထူးသဖြင့် တိုက်ပွဲများကိုသာ မကြာမခဏကြည့်ရသော အကျဉ်းသားသတ်ကွင်းမှ လာသည့်လူများပင်။
" ပါသောက်.. အဲ့တာ ပါသောက်ပဲ ... "
နောက်ဆုံးတော့ ပါသောက် ပြန်ထွက်ပေါ်လာပြီ။ လူအုပ်ကြီးထဲမှ တစ်ချို့တစ်ဝက်မှာ သူ့ကို မြင်တွေ့ရန် အချိန်အတော်ကြာ စောင့်ခဲ့ရလေ၏။
အဘိုးအိုက လူအုပ်ကြီးကို လှည့်ကြည့်လိုက်ရာ သူတို့အားလုံး အလွန်စိတ်လှုပ်ရှားနေသည်ကို မြင်လိုက်ရသည်။ သူ့မျက်နှာတွင် အပြုံးတစ်ခု ဖြတ်သန်းသွားလေ၏။
" ပါသောက် က လင်းချီစုဆောင်းမှု အဆင့်ခြောက်ကို ရောက်နေတဲ့သူပဲ။ သူက အကျဉ်းသားသတ်ကွင်းမှာ တိုက်ပွဲ ရှစ်ဆယ့်တစ်ပွဲ အနိုင်ရခဲ့တယ်.."
အဘိုးအိုက အံ့အားသင့်နေသော လူအုပ်ကြီးကို မထူးခြားသည့်လေသံဖြင့် ပြောလိုက်သည်။ တိုက်ပွဲ ရှစ်ဆယ့်တစ်ပွဲ အနိုင်ရခဲ့တာလား..?
သူက တိုက်ပွဲ တစ်ပွဲတောင် ရှုံးနိမ့်ခဲ့ခြင်းမရှိဘဲ လူရှစ်ဆယ့်တစ်ယောက် သတ်ခဲ့သည်။ မည်မျှကြောက်စရာ ကောင်းလိုက်လဲ..!
