ဓားစွမ်းအား..
မိုရွှီက လင်းဖန်ကို ရေခဲတမျှ အေးစက်စက်မျက်ဝန်းများနှင့် သတ်ဖြတ်ချင်စိတ်အပြည့်ယှက်သန်းနေလျက် ကြည့်နေလေ၏။ ဤရူးမိုက်လွန်းလှသော ကောင်ကလေးက တန်ခိုးအာဏာအကြောင်းကို နကန်းတစ်လုံးမှ မသိပေ။ သူက ပါရမီရှင်ဖြစ်နေရုံမျှနှင့် သူကဲ့သို့ အကြီးအကဲတစ်ယောက်ကို ဒုက္ခရောက်အောင် လုပ်နိုင်မည်ဟူ၍ ထင်နေလေသလား။
" ဒါက ရယ်စရာကောင်းလွန်းတာပဲ "
မိုရွှီက ခက်ထန်တင်းမာစွာ ပြောလိုက်လေ၏။
" ခေါင်းဆောင်..။ သွမ့်တျန်းလန်နဲ့ တစ်ခြားလူတွေက ဒီမှာ လက်ရွေးစင်ကျောင်းတော်သားရွေးချယ်ပွဲကို ကြည့်ဖို့ စောင့်နေကြတယ်။ အဲ့ဒါကို နှောက်နှေးကြန့်ကြာမှု့မရှိစေဘဲ ဆက်လက် ကျင်းပရတော့မလား"
တစ်ချိန်လုံးငြိမ်သက်တိတ်ဆိတ်စွာ ထိုင်နေခဲ့သော မိုချန်လန်၏ ပါးစပ်မှ စကားလုံးအချို့ ထွက်ကျလာခဲ့ပေပြီ။ သူ၏မျက်လုံးတွေကတော့ အေးစက်စက်အငွေ့အသက်များ ထွက်ပေါ်နေလေ၏။ အခြေအနေတွေအားလုံးကို ရှင်းလင်းစွာသူမသိရသေးသောကြောင့် သူက ငြိမ်သက်နေခဲ့ခြင်း ဖြစ်လေ၏။ ကာကွယ်စောင့်ရှောက်သူပေ က ဤကျောင်းတော်သားလေးကြောင့် သူ၏သား မိုရွှီကို ဒေါသတကြီးနှင့် သတ်ရန်ကြိုးစားခဲ့တာလား။
နန်းကုန်းလင်က မိုရွှီကို လူအားလုံးရှေ့မှာ သူ့အမှားအား ဝန်ချတောင်းပန်စေချင်တာက ဤငယ်ရွယ်သော ကျောင်းတော်သားလေးကြောင့်လား။
မိုချန်းလန်၏စကားကို ကြားရသောအခါ နန်းကုန်းလင်၏ မျက်နှာမှာ စိတ်ပျက်သော အပြုံးတစ်ခုပေါ်လာလေသည်။ မိုချန်းလန်သာ ရှိမနေခဲ့လျှင် မိုရွှီကို သူအပြစ်ပေးနေပေပြီ။ မိုချန်းလန်သည် ယွမ်ဟိုင်ကျောင်းတော်ကို သူ့ထက်အရင် ရောက်ခဲ့သူဖြစ်ရာ နန်ကုန်းလင်အနေဖြင့် လင်းဖန်စိတ်ကျေနပ်စေရန် မိုရွှီအား အပြစ်မပေးဝံ့တော့ပေ။
နန်းကုန်းလင်သည် အကျဉ်းအကြပ်ထဲအခြေအနေကို ရောက်နေရ၏။
ခေါင်းဆောင်တစ်ယောက်အနေဖြင့် အခြေအနေကို သင့်တင့်လျောက်ပတ်စွာ ဆန်းစစ်တတ်ရမည်ဖြစ်ရာ ယခုအခြေအနေက သူ့အား ကျောက်တုံးတစ်တုံးနှင့် ဖိနှိပ်ပိတ်ပင်ထားသကဲ့သို့ ဖြစ်နေတော့သည်။
