လေလံပွဲ
“ ဂျွတ်... ”
“ ဂါး....... ”
ရှင်းလင်းပြတ်သားသည့် အသံနှစ်ခုက ပတ်ဝန်းကျင်တစ်ခုလုံးသို့ ထွက်ပေါ်လာ၏။ ပထမအသံသည် အရိုးကျိုးကြေသွားသည့်အသံဖြစ်ပြီး ဒုတိယအသံသည် အလွန်နာနာကျင်ကျင်နှင့် ရှည်လျားစွာအော်မြည်လိုက်သော အသံဖြစ်ပေသည်။ အသံနှစ်ခုလုံးက မီးနတ်ဆိုးခြင်္သေ့၏အသံများပင် ဖြစ်လေသည်။
ကြီးမားနက်ရှိုင်းသည့် ဓားဒဏ်ရာကြီးက မီးနတ်ဆိုးခြင်္သေ့၏ ကျောပေါ်၌ ဖြစ်ပေါ်နေရာ ၎င်း၏အမွှေးများမှာ သွေးများဖြင့် စွန်းထင်းနေပေတော့၏။
လင်းဖန်သည်လည်း အံ့ဩသွားခဲ့ရ၏။ သို့သော် ချက်ချင်းပင် သူ့မျက်နှာထက်၌ အားရကျေနပ်သည့်အပြုံးတစ်ရပ်က ဝင်ရောက်လာသည်။ ဤတိုက်ပွဲကား စိတ်ဝင်စားဖွယ်ရာကောင်းလှပေ၏။ မီးနတ်ဆိုးခြင်္သေ့သည် သူ၏တိုက်ကွက်တစ်ကွက်ကိုပင် မခံနိုင်ခဲ့ခြင်းက စီစဉ်ထားခဲ့ခြင်းကြောင့်သာဖြစ်ရပေမည်။
“ မင်းရဲ့လက်ဆောင်အတွက် ကျေးဇူးတင်တယ်။ ဒီအကောင်ကြီးကို ငါတကယ်သဘောကျတယ် ”
လင်းဖန်က ပွဲကြည့်စင်မှာရှိနေသော မြင့်မြတ်သည့်မျိုးနွယ်စုမှလူငယ်အား ခေါင်းမော့၍ကြည့်ရင်း ပြောလိုက်လေ၏။ လင်းဖန်၏မျက်လုံးတွေမှာ ပျော်ရွှင်မှု့များနှင့်ကြည့်နေပြီး ထိုလူငယ်အား လှောင်ပြောင်သရော်နေသလိုလည်း ဖြစ်နေပေသည်။
မီးနတ်ဆိုးခြင်္သေ့သည် သူ၏တိုက်ကွက်တစ်ကွက်ကိုပင် မခုခံနိုင်ခြင်းက စဉ်းစားစရာတစ်ခုသာလျှင် ရှိပေ၏။ တိုက်ပွဲမစခင်ကပင် မီးနတ်ဆိုးခြင်္သေ့သည် အားနည်းနေပြီးသား ဖြစ်နေရပေမည်။ သူတို့သည် ၎င်းအကောင်ကြီးအား မုလန်ကို လက်ဆောင်အဖြစ်ပေးအပ်မည်ဖြစ်ပြီး မုလန်က တိုက်ကွက်တစ်ကွက်တည်းနှင့် လွယ်ကူစွာအနိုင်ရရှိလိမ့်မည်။ ရွှီယွဲ့နိုင်ငံအနာဂတ်သစ်အဖွဲ့မှ ကျောင်းတော်သားတစ်ယောက်က ဤကဲ့သို့ အစွမ်းထက်မြက်သည့် တောရိုင်းကောင်ကြီးကို အနိုင်ရရှိခဲ့လျှင် ကျောင်းတော်လည်း ဂုဏ်တက်လာပေမည်။
ရွှီယွဲ့နိုင်ငံအနာဂတ်သစ်အဖွဲ့မှ လူအားလုံး၏အတွေးများက ကစဥ့်ကလျားဖြစ်နေကြသည်။ အစီအစဉ်အတိုင်းဖြစ်မလာခဲ့သောကြောင့် သူတို့စိတ်တွေ ရှုပ်ထွေးနေ၏။ လင်းဖန်သည် မုဖန်ကို တစ်ချက်တည်းနှင့်သတ်ဖြတ်ခဲ့ပြီး မီးနတ်ဆိုးခြင်္သေ့ကိုလည်း လိမ္မာအောင်ပြုလုပ်နိုင်လေပြီ။
