အဆင့်မြင့်အရာရှိ လော်ရွှယ်
“ အစွမ်းထက်လိုက်တာ။ ရွှမ်ချီအဆင့်စွမ်းအားပဲ ”
လူအားလုံးအေးခဲလာသကဲ့သို့ ခံစားလာရ၏။ အထူးသဖြင့် မိန်ချင်းနှင့်အနီးဆုံးနေရာမှာရှိနေသော ဝံ့ကြွားလှသည့် မိန်းမပျိုလေး၏ကိုယ်တွင် ရေခဲအလွှာများက တစ်ဖြည်းဖြည်းထူထပ်စွာ ဖြစ်ပေါ်လာ၏။ ဤအစွမ်းသည် ရေကန်တစ်ခုလုံးသို့မဟုတ် မြစ်ရေပြင်တစ်ခုလုံးအား အေးခဲသွားစေနိုင်သည်။ မည်မျှကြောက်မက်ဖွယ်ကောင်းလိုက်သည့် မွန်းစတားစွမ်းရည်ပါနည်း။
ရွှီယွဲ့တစ်နိုင်ငံလုံး၌ ရွှမ်ချီအဆင့်ရောက်ရှိနေသူမည်သူ့ကိုမဆို ထူးချွန်ထက်မြက်သော စွမ်းရည်ရှိသူသိုင်းပညာရှင်တစ်ယောက်အဖြစ် ယူဆထား၏။ သူတို့သည် တိုင်းပြည်၏ကျောင်းတော်ကြီးများမှာ အကြီးအကဲတွေဖြစ်လာနိင်သကဲ့သို့ တစ်ချို့ကျောင်းတော်များမှာ ခေါင်းဆောင်ပင်ဖြစ်လာနိုင်သည်။
မိန်ချင်း၏မျက်နှာကို အဝတ်နှင့်ဖုံးလွှမ်းထားတာတောင်မှ ရေခဲများက ဖုံးလွှမ်းလာ၏။ သူမကိုယ်မှထွက်ပေါ်နေသည့် ချီစွမ်းအားများမှာ သန့်စင်နေသည်။ သူမအသက်က မည်မျှဖြစ်လေမည်နည်း။ မည်သူမျှပြောနိုင်ကြလိမ့်မည် မဟုတ်ပေ။ သူမ၏မျက်လုံးလေးများမှာ မူလကထက် ပိုမိုလှပ၍လာ၏။
ချင်ရှင်းသည် ခေါင်းမှခြေဖျားသို့တိုင် ကြောက်ရွံ့တုန်လှုပ်နေ၏။ သူမသည် လင်းဖန်အားခြောက်လှန့်ရန်ကြိုးစားခဲ့သော်လည်း အလုပ်မဖြစ်ခဲ့ပေ။ ထိုအစား သူမ၏မျက်နှာမှာ သိသာထင်ရှားစွာပျက်ယွင်းနေပြီး ကြောက်ရွံ့တုန်လှုပ်နေတော့၏။ မိန်ချင်းကို သူမစတင်ကြည့်ရှု့စဉ်ကတည်းက ထူးခြားသူတစ်ယောက်ဖြစ်ကြောင်း သူမသတိထားမိသွားသည်။ လူတစ်ချို့သည် သူတို့၏အစွမ်းကို ထုတ်ဖော်မပြသကြဘဲ သူတို့ကိုယ်မှထွက်ပေါ်နေသော အငွေ့အသက်နှင့်ပင် သူတို့စွမ်းအားကို တစ်ခြားသူအားသိရှိသွားစေ၏။ မိန်ချင်းသည် ထိုကဲ့သို့အစွမ်းရှိသူများထဲမှ တစ်ယောက်ဖြစ်ပေသည်။
ကြောက်စရာအကောင်းဆုံးမှာ သူမ၏စွမ်းရည်ဖြစ်သည်။ နောက်ကျောမှ ချွေးအေးများထွက်လာသလို လူအားလုံးခံစားနေရ၏။ မိန်ချင်းသာ ရှေ့ဆက်တိုးလိုက်လျှင် စားသောက်ဆိုင်တစ်ခုလုံး ပြိုကျသွားရပြီး သူတို့လည်း သေသွားနိုင်ပေသည်။
