ရက်စက်ကြမ်းကြုတ်သော မိုရွှီ
ရောင်ပြန်တောင်မှ လင်းဖန်ထွက်ခွာလာခဲ့လေသည်။ သူ၏ရှေ့တည့်တည့်မှ လျင်မြန်စွာပြေးလာနေသော လူများကို သူတွေ့မြင်လိုက်လေသည်။
" ဟေး..ဘာတွေဖြစ်နေတာလဲ "
ကျောင်းသားတစ်ယောက်က တစ်ခြားတစ်ယောက်ကို လှမ်းမေးလိုက်လေသည်။
" မင်းမသိဘူးလား။ လေရူးတောင်မှာ ကြောက်စရာကောင်းတဲ့ တောရိုင်းကောင်တွေ အများကြီး ရောက်နေတယ်။ အဲ့ဒီကောင်တွေက သွေးရူးသွေးတမ်းနဲ့ မြင်မြင်ရာကို လိုက်လံတိုက်ခိုက်နေတာ။ အဲ့ဒါကြောင့် ယွမ်ဟိုင်ကျောင်းသားတွေအကုန်လုံး အခြေအနေတွေကို ထိန်းချုပ်ဖို့ အဲ့ဒီနေရာကို သွားရတာ "
" တောရိုင်းကောင်တွေ ကျူးကျော်လာတာလား "
တစ်ခြားတစ်ယောက်က စိတ်လှုပ်ရှားစွာ ပြန်ပြောလိုက်လေသည်။ ပြောရင်းဆိုရင်းနှင့် သူတိုအားလုံး လေရူးတောင်သို့ သွားနေသော လူအုပ်ကြီးရှိရာသို့ ချက်ချင်း ပြေးသွားကြလေ၏။
ယွမ်ဟိုင်ကျောင်းတော်၏ သက်တမ်းက ကြာရှည်နေပြီ။ သို့သော် လေရူးတောင်၏ သက်တမ်းက ပိုကြာမြင့်နေခဲ့သည်။ တောရိုင်းကောင်များ ကျူးကျော်ဝင်ရောက်လာခြင်းက ကြုံတောင့်ကြုံခဲ ကိစ္စတစ်ခုတော့ မဟုတ်ပေ။ သို့သော် အများစုသော ဖြစ်ရပ်တွေမှာ အဆင့်နိမ့်တောရိုင်းကောင်များသာ ကျူးကျော်ဝင်ရောက်ခဲ့ကြခြင်း ဖြစ်၏။ ကျောင်းသားများက လေရူးတောင်သို့ အဖိုးတန်ပစ္စည်းနှင့် တိုက်ပွဲအတွေ့အကြုံရရှိရန်အတွက် လာရောက်နေခဲ့ကြသည်ဖြစ်ရာ တောရိုင်းကောင်များ ကျူးကျော်ဝင်ရောက်လာသည်နှင့် သိရှိနေခဲ့လေသည်။
လွန်ခဲ့သော နှစ်တစ်ရာခန့်က အစွမ်းထက်တောရိုင်းကောင်များ ကျူးကျော်ဝင်ရောက်လာမှု့ကြောင့် ယွမ်ဟိုင်ကျောင်းတော် ပျက်စီးသွားတော့မလို ဖြစ်ခဲ့ရသည်။ သာမန်တောရိုင်းကောင်များနှင့် လင်းအဆင့် တောရိုင်းကောင်များက ပြဿ နာမရှိပေ။ အလွယ်တကူ သတ်ဖြတ်နိုင်၏။ သို့သော် ထိုအချိန်က ကျူးကျော်ဝင်ရောက်လာသော တောရိုင်းကောင်များထဲတွင် အလွန်ကြီးမားသော ရွှမ်အဆင့် တောရိုင်းကောင်များ ပါဝင်လာလေ၏။ ထိုတောရိုင်းကောင်များသည် အဆင့်ချင်းတူသည့် သိုင်းပညာရှင်များနှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်သည်။ ၎င်းအကောင်များကို သတ်ဖြတ်ရန် အလွန် ခက်ခဲသည်။ ၎င်းတို့၏ လှုပ်ရှားမှု့တိုင်းက ငလျင်လှုပ်လိုက်သကဲ့သို့ ရှိပြီး လူပေါင်းများစွာကို သေစေခဲ့သည်။ ကျောင်းတော်လည်း ပျက်စီးလုနီးပါး ဖြစ်ခဲ့ရ၏။
