Part 3

4.8K 192 3
                                    

ပိုင်ရှင်
အပိုင်း (၃)
#ပိုင်ရှင်

“မေမေကြည်....မေမေကြည်...”
ကျောင်းချိန်ကြီး ပုံ့ပုံ့ အသံကို ကြားလိုက်ရတော့ မာန်သွေး ခုံက ထလာပြီး အိမ်တံခါး၀ ကြည့်လိုက်သည်..။
တကယ်ပင် ပုံ့ပုံ့ တစ်ယောက် ကျောင်းစိမ်း ဖြင့် လွယ်အိတ် လွယ်လျက်သား..။
“ညီမလေး ဘာဖြစ်လို့လည်း..”
အိမ်ရှေ့ သံ တံခါး တစ်ထပ်ကို ဆွဲဖွင့်ပြီး မေးလိုက်တော့ ပုံ့ပုံ့က ခေါင်းရမ်းရင်း ပြေးတက်လာသည်..။
“မေမေကြည်..”
“မေမေ မရှိဘူး ညီမလေးရဲ့...ဘာဖြစ်လို့လည်း..”
“အဟင့်...ဟီး..”
တံခါးနားမှာ ဆောင့်ကြောင့်လေး ထိုင်ချပြီး ငိုနေတော့ မာန်သွေး စိတ်ပူလာရသည်..။
“ညီမလေး ဘာဖြစ်တာလည်း...ကျောင်းမှာ တစ်ခုခု ဖြစ်ခဲ့လို့လား..”
မျက်ရည်တွေကို လက်ခုံနဲ့ သုတ်ပစ်ရင်း မော့ကြည့်ခါ ခေါင်းညိတ်ပြသည်။
“ရန်ဖြစ်လို့လား..”
“ဟင့်အင်း..”
“ဘာဖြစ်လို့လည်း..”
“မသိဘူး...ပုံ့ပုံ့ မသိဘူး...ဆရာမ က အိမ်ပြန်လွှတ်လိုက်တယ်...”
“ဘယ်သူနဲ့ ပြန်လာတာလည်း..”
“အတန်း ခေါင်းဆောင်နဲ့ ပုံ့ပုံ့ သူငယ်ချင်း နှစ်ယောက်လိုက်ပို့တာပါ..”
သူ့လက်ချောင်းလေးတွေကို လိမ်ရင်း မော့မကြည့်ပဲ ဖြေနေတော့ သိပ်ပြီး စိုးရိမ်စရာမရှိတော့ဘူးလို့ တွေးမိသည်..။
“ညီမလေး ကို ဘာဖြစ်လို့ပြန်လွှတ်တာလည်း..”
“ပုံ့ပုံ့ နေမကောင်းလို့ ဆရာမကို ပြောတော့...ဆရာမက အပျိုဖြစ်တာတဲ့ အိမ်ရောက်ရင် မေမေ နဲ့ မမ ကို ပြောလိုက်တဲ့...မမကလည်း အိမ်မှာ မရှိဘူး..”
“ဘာ...ဘာဖြစ်တာ..”
“မသိဘူးလေ....ဆရာမက အပျိုဖြစ်ပြီလို့ပဲ ပြောတယ်..”
“အ...”
မာန်သွေး ဘာပြောရမှန်း မသိအောင်ပင် စကားတွေ ဆွံအ သွားရသည်..။
ကိုယ့်မှာလည်း ညီမ အစ်မ မရှိပေမဲ့ မိန်းကလေး သဘာ၀ကို အနည်းအကျဉ်း သဘောတော့ ပေါက်သည်..။
ဒါပေမဲ့ အသေအချာ သိသလားဆိုတော့ လည်း ဘာမှမရေမရာပင်...။
မိန်းကလေး သူငယ်ချင်းကလည်း မရှိတော့ ပိုလို့စိတ်ရှုပ်ရသည်..။
ပုံ့ပုံ့ ကိုကြည့်လိုက်တော့လည်း မျက်လုံးပြူးလေးဖြင့်  ကူညီပါလို့ တောင်းဆိုနေသလိုပင်....။
“အခု..ဘယ်လိုနေလို့လည်း..”
“ဗိုက်ထဲက နာနေတယ်....ပုံ့ပုံ့ အိမ်သာသွားလိုက်အုံးမယ်..”
ကျောင်းစိမ်း ထဘီ စကပ် နောက်ကို လက်နှစ်ဖက်နဲ့ ကွယ်ပြီး ၀င်ပြေးပုံက ကလေး တစ်ယောက် ရှက်နေသလို ပုံစံမို့လို့  မာန်သွေး စိတ်ညစ်သည့်ကြားက ရယ်မိသည်..။
“ညီမလေး ကိစ္စ ပြီးရင် ထွက်လာလေ..”
“ဟင့်အင်း...ဘာလုပ်ရမလည်း မသိဘူး..ဘာလုပ်ရမလည်း ဟင် ကိုကို”
“အိုး...ကိုကိုလည်း မသိဘူး..နေအုံး...”
ပထမဆုံး သတိရလိုက်မိတာ ကိုကြီး....
အိမ်ဖုန်းဆီ ပြေးသွားပြီး သူပေးထားတဲ့ ဖုန်းနံပါတ်ကို ကောက်နှိပ်လိုက်တော့ တော်တော်နဲ့ မကိုင်...။
“ဟလို..”
“ဟလို...အကိုအောင်သွေး နဲ့ ပြောချင်လို့ပါ..”
“အောင်သွေး ဝေါ့ဒ်ထဲရောက်နေတယ်...ဘယ်သူလို့ပြောလိုက်ရမလည်း..”
“ဟုတ်ရပါတယ်...သူ့သူငယ်ချင်းပါ ကျွန်တော် နောက်မှ တစ်ခါ ပြန်ဆက်ပါ့မယ်..”
“ဟုတ်ကဲ့..”
ဖုန်းချရင်း သက်ပြင်းမောပါရောချလိုက်ပြီး ပိုစိတ်ညစ်ရသည်..။
မေမေကလည်း ဒီနေ့ မှ  သတင်းမေး သွားရတယ်လို့... ကြာလိုက်တာ...။
မာန်သွေး စိတ်မချလို့ တံခါး ခေါက်ကြည့်လိုက်တော့ ငိုသံ နဲ့ အတူ ပြန်ထူးလာသည်..။
“မငိုနဲ့လေ...ဘာမှ မဖြစ်ပါဘူး..လူတိုင်းဖြစ်တာပါ..”
“အင့်..ကိုကိုရော..”
“ဟာ..ကိုကို က ယောင်္ကျားလေ...”
“အင့်..ကိုကို ပဲ လူတိုင်းဖြစ်တယ်ဆို...”
“မဟုတ်ဘူးလေ...ညီမလေး ရယ် ..ဘယ်လို ပြောရမှန်းတောင် မသိတော့ဘူး...”
ဟိုဘက်ခြံက ကောင်မလေးတွေ ရယ်မော စကားပြောနေတဲ့ အသံကြားတော့မှ မာန်သွေး အကြံ တစ်ခု ရတော့သည်..။
တစ်ခါမှ သူတို့ဘက်ကို မသွားဖူးပေမဲ့ ကြောင်ဖို့ သွားတာမဟုတ်လို့ ခပ်တည်တည် ခပ်ရဲရဲ သွားနိုင်သည်..။
“ဟို...အစ်မ...”
“အယ်...ငါလား...”
အဝတ်ကြိုးတန်းမှာ အဝတ်တွေ လှန်းနေတဲ့ ကောင်မလေး တစ်ယောက်က သူ့ကိုယ်သူ လက်ညိုးထိုးပြပြီး မေးသည်။
“ဟုတ်...ဘယ်သူဖြစ်ဖြစ်ပါ..မိန်းကလေးဆိုပြီးရော..”
“ဟား..ဟား....တစ်မျိုးကြီးပါလား...ဘာလည်း ရှင့်..”
ခြံတံခါးအနားကို ရောက်လာတော့ မာန်သွေး မပြောရဲပေမဲ့ ကြိုးစားခါ
“ကျွန်တော့်ကို တစ်ခုလောက် ကူညီပါလား..”
“ပြောကြည့်လေ...”
“ကျွန်တော်က ဟိုဘက်ခြံကပါ..”
“သိသားပဲ ညတိုင်း ထွက်ချောင်းနေတာလေ...”
“ဗျာ...”
“ဘာကူညီရမလည်း...ယောင်္ကျားလေးက ပြန်အကူအညီတောင်းနေတော့ ဟီး..မြှောက်ကြွသွားတယ်..”
“ဒီလိုပါ ကျွန်တော့် ညီမလေး ဓမ ္မတာ ဖြစ်လို့..”
“သြော်..သိပြီ ခဏ...သွားယူပေးမယ်..”
“ဟို..မဟုတ်ပါဘူး...သူက အခုမှ စဖြစ်တော့ ဘယ်လိုတွေ လုပ်ရမှန်း မသိဖြစ်နေလို့ အဲဒါ တစ်ချက် ကူညီပါလား..”
“ဟင်...လူကြီးတွေကော..”
“ကျွန်တော့် မေမေ က အပြင် သွားတာ ပြန်မလာသေးလို့ပါ သူက ငိုချည်းနေတယ်...ရေအိမ်၀င်နေတာလည်း ကြာလှပြီ...”
ကောင်မလေးတွေက တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ခြံတံခါးဖွင့်ခါ သုံးယောက်လောက် ထွက်လာသည်..။
“ညီမလေး ...”
“ဟင်...ကိုကို....ဟီး..ကိုကို ဘယ်သွားနေတာလည်း...ပုံ့ ခေါ်နေတာ ကြာလှပြီ..”
“ကိုကို ဟိုဘက်တိုက်က အစ်မတွေကို သွားခေါ်နေတာ သူတို့ ပြောတဲ့ အတိုင်းလုပ်လိုက်နော်...အခု ထွက်လာအုံးလေ...”
“ဟုတ်...”
မာန်သွေး ခြံတံခါး နဲ့ အိမ်တံခါး နားမှာသာ ရပ်နေလိုက်သည်။ ကောင်မလေးတွေ အိတ်တွေယူပြီး တက်သွားလိုက် ပြန်ဆင်းသွားလိုက် ဘာတွေ အလုပ်ရှုပ်နေကြမှန်း မသိပေမဲ့ နားလည်သလိုတော့ ရှိသည်..။
“ရပြီ..ကိုယ်တော်ချော..”
“ဟုတ်ကဲ့..ကျေးဇူးတင်ပါတယ်...”
“နာမည်..”
“ပုံ့ပုံ့ပါ...”
“ယူ့ နာမည်က ပုံ့ပုံ့တဲ့လား..”
“အဲ...မဟုတ်ပါဘူး..ကျွန်တော်က မာန်သွေး..”
“အိုး နာမည်ကြီးကလည်း ကြောက်စရာကြီး...ကဲသွားမယ်...ကိုဗန္ဓုလသွေး...”
“ဟီး...ဟီး...”
“ခစ်..ခစ်...”
ကောင်မလေးတွေ ထွက်သွားတော့ နောက်ကနေ ပုံ့ပုံ့က အငိုမျက်နှာ အပြုံး နှုတ်ခမ်းဖြင့် ထွက်လာသည်..။
“ညီမလေး....”
သူ့ ကိုယ်ခန္ဓာနဲ့ အတော်ပင် ကြီးနေသည့် စကပ်အဝဲ တစ်ထည်နဲ့ ကျောင်းအကျီ င်္ တွဲ၀တ်ထားတဲ့ ပုံ့ပုံ့ ကို ကြည့်ရင်း မရယ်ရက်တော့ပါ...။
“ထိုင်လေ ညီမလေး...”
ထိုင်လိုက်ပြီးခါမှ ဆက်ကနဲ့ ပြန်ထသွားတော့ မာန်သွေးလည်း မျက်လုံးပြူးမိသည်..။
“ဘာဖြစ်လို့လည်း..”
“ဟင့်အင်း..”
“ဗိုက်နာသေးလား..”
“ဟုတ်...”
“တော်တော် နာနေလား..”
မာန်သွေး အမေးစကားကြောင့် မဲ့ပြီး ခေါင်းညိတ်ခါ မျက်ရည်ကျပြန်တော့ ပို သနားရသည်..။
မိန်းကလေးတွေ ဒုက္ခကလည်း အများအပြားပါလားလို့တွေးရင်း ယောင်္ကျားဘ၀ရထားတာ ကျေးဇူးတင်ရတော့မည်..။
“အိပ်နေမလား ညီမလေး..”
“မအိပ်ပါဘူး..ယောင်္ကျားလေး အနားကိုမနေရဘူး ဘုန်းနိမ့်လိမ့်မယ်တဲ့....ဟီး..ပုံ့ပုံ့ အရင်လို နေလို့ မရတော့ဘူး...ဟီး....ပုံ့ပုံ့ အရင်လို ပြန်နေချင်တယ်...”
“အရင်အတိုင်းပါပဲ...မငိုနဲ့တော့လေ...မောနေပြီလေ”
ခြံရှေ့ မှာ ကားရပ်လိုက်တော့ မာန်သွေး ထခုန်မိမတက် ၀မ်းသာပြီး တံခါးကို အပြေးအလွှားဖွင့်ခါ ပြေးဆင်းသွားမိသည်..။
“အောင်မယ်..ဆင်းကြိုလို့ပါလား..”
“နေအုံး...ကိုကြီး အိမ်မှာ ပြသာနာတက်နေတယ်..”
“ဟင်..ဘာဖြစ်လို့လည်း..”
“ပုံ့ပုံ့..”
“ဟာ..ပုံ့ပုံ့ ဘာဖြစ်တာလည်း..ညီမလေး..တစ်ခုခု ဖြစ်လို့လား..”
ကိုကြီးက ပိုပြီး ပျာပျာသလဲ ဖြစ်ပြတော့ မာန်သွေးရယ်ရင်း လက်ကိုဆွဲခါ စံပယ်ပန်းခြုံနားကို ခေါ်သွားရသည်..။
“ပုံ့ပုံ့ မိန်းကလေးဘာဝြဖစ်လို့..”
“ဟင်..ငယ်ငယ်လေး..”
“အဲဒါတော့ ညီလည်း မသိဘူး..ညီ တစ်ယောက်တည်း ဒုက္ခရောက်သွားတယ်...မကူတက်လို့ ဟိုဘက်ခြံက ကောင်မလေးတွေ ခေါ်ပေးလိုက်ရတယ်..ခုမှ အငိုတိတ်သွားတာ..”
“အိုး..ကလေးကို ဘာတွေ ပြောထားလို့လည်း..အခုချိန်ကို ပေါက်ကရသွားပြောရင် စိတ်အားငယ်နေရတဲ့ကြားထဲကွာ...”
“ညီ မပြောပါဘူး...သူ့ဟာသူ ငိုနေတာ...မေမေလည်း မရှိဘူး..ဝိုင်းဝိုင်းကလည်း အသုံးမကျလိုက်တာ နည်းနည်းပါးပါး ပြောပြမထားဘူး..”
“သူလည်း အချိန်မတန်သေးဘူး ထင်လို့ နေမှာပေါ့ကွာ...”
ကိုကြီးက ရှေ့နေလိုက်ပြောတော့ မာန်သွေး ဟက်ကနဲ့ ရယ်မိပြီး မျက်နှာပိုးသတ်ခါ အိမ်ပေါ်တက်ဖို့ ပြင်ရတော့သည်..။
“ဟ..ညီမလေး...ဘာလို့ အောက်မှာထိုင်နေတာလည်းကွ..”
“ကိုကြီး...”
“လာပါအုံး..”
လက်ကို ဆွဲထူပြီး အရင်အတိုင်း ခေါင်းလေးကို ဖွဖွ ပွတ်ပေးလိုက်တော့ ငိုမဲ့မဲ့လေးဖြင့် ငြိမ်နေရှာသည်..။
“လာ ထိုင်ပါအုံး...ဆရာမ ပြန်လွှတ်တာလား..”
“ဟုတ်..”
လက်ကိုဆွဲချပြီး ထိုင်ခိုင်းတာတောင် ခုံအဖျားစပ်ကလေးမှာ ၀င်ထိုင်တော့ အောင်သွေး ပြုံးရင်း ခုံနောက်ကို ရောက်အောင် မချီပြီးရွေ့ပေးလိုက်သည်..။
“ကဲ အခု နာနေတယ်မလား..”
“ဟုတ်...”
“ဗိုက်အောက်ပိုင်းမလား..”
“အင်း ဗိုက်တစ်ခုလုံး..”
“ဟုတ်ပြီ...အစားတစ်ခုခု စားပြီး ဆေးသောက်ရမယ်နော်..ကောင်းသွားလိမ့်မယ်..”
“ပုံ့ပုံ့ အရင်တိုင်းပြန်ဖြစ်မှာလား ဟင်..”
“ဒါပေါ့...ရာသီသွေးက သုံးရက် ငါးရက်ပဲ လေ..ပြီးရင် လွတ်လွတ်လပ်လပ် ပဲ နေလို့ရပြီ...အကျင့်ဖြစ်သွားရင် အဲလို ရက်တောင် အေးဆေး နေကြတယ်..”
ဆရာ၀န်ကြီးက စတင် ရှင်းပြနေပေမဲ့ မာန်သွေးမှာ မျက်နှာတွေ ပူပြီး ထသွားရမလိုလို ထိုင်နေရမလိုလို...
ထသွားပြန်ရင်လည်း ပုံ့ပုံ့လေး ရှက်သွားမှ ဒုက္ခ..
“ပုံ့က ဒီလိုဖြစ်တာကြီး မကြိုက်ဘူး..”
“အေးပေါ့...ဘယ်ကြိုက်မလည်း...ဒါပေမဲ့ ဒါ မိန်းကလေး သဘာ၀ပဲလေ...အဲလို မဖြစ်မှသာ ပြသာနာ...အပျိုဖော် ၀င်ချိန် ကျော်သွားပြီး ဒီလိုမဖြစ်လို့ ဒုက္ခရောက်တဲ့သူတွေ ရှိတယ်..”
“ကောင်းတာပေါ့..”
“သဘာ၀ကို ဆန့်ကျင်နေတာ ဘယ်ကောင်းမလည်း...ညီမလေးရဲ့...အန္တရယ် ဖြစ်တာပေါ့...အခုလို ပြောင်းလဲလာတော့ ညီမလေးက အသားအရည်တွေ ပိုလှလာမယ်...ကိုယ်ခန္ဓာ အတွင်းက အလုပ်လုပ်မှုတွေ ပုံမှန်ဖြစ်လာမယ်...ညီမလေးက မကြာခင် မင်းသမီးလေးလို လှ လာတော့မှာနော်...အခုဖြစ်တာက ခဏလေးပဲ...တစ်လမှာ သုံးရက်တည်း ဖြစ်မှာပါ သိပ်မတွေးနေနဲ့နော်...အခု တစ်ရက်..မနက်ဖြန်..တစ်ရက်..”
“ဆံပင်တွေကော ရှည်လာမှာလားဟင်..”
“အင်းပေါ့..”
“ကြိုးခုန်လို့ မရဘူးပေါ့နော်..”
“အင်း...ဒါကတော့....မကောင်းဘူး..လူ ပိုပင်ပန်းလိမ့်...နားနားနေနေ ပဲ နေသင့်တာပေါ့..”
“ယောင်္ကျားလေးတွေ အနား ကပ်လို့မရတော့ဘူး..ကိုကြီးတို့ ဆီလည်း လာလို့မရတော့ဘူးပေါ့နော်...”
“ဟား..ဟား..ဘယ်သူပြောလည်း..မဟုတ်ဘူး..”
ကိုကြီးက ပုံ့ပုံ့ ပခုံးကို ဖက်လိုက်တော့ ပုံ့ပုံ့ စိတ်ထဲမှာ ကြောက်စိတ်တွေပျောက်ပြီး ပျော်သွားရသည်..။
“ညီ ရေ...မင်းညီမလေးကို ခေါင်းဖြီးပေးလိုက်အုံးကွာ...”
ကိုကြီးက ပုံ့ပုံ့ အတွေးပျောက်သွားအောင် ပြောမှန်းသိလို့ မာန်သွေး ခေါင်းဖြီးယူခါ ပုံ့ပုံ့ ဆံပင် နူးညံ့ညံ့လေးတွေကို ဖြီးပေးလိုက်ရသည်..။
“ဟယ်...လူစုံလို့ပါလား..ပုံ့ပုံ့လေး ကျောင်းဆင်းတာ စောလှချည်လား..”
မေမေ က လက်ထဲက ထီးကို ပိတ်ရင်း အော်ပြောတော့ ညီအစ်ကို နှစ်ယောက်သား တစ်ယောက် မျက်နှာ တစ်ယောက်ကြည့်ခါ ရယ်လိုက်မိသည်..။
“မေမေ့ သမီးထွေးလေးလေ....ဓမ္မတာ ဖြစ်တာကို ငိုနေလို့ ချော့နေရတယ်..”
“ဟယ်..”
“ဟုတ်တယ်...ယောင်္ကျားလေးတွေ နေတဲ့ ဒီအိမ်ကို လာလို့မရတော့လို့ တစ်ခါတည်း လာနှုတ်ဆက်နေတာတဲ့လေ....”
“အိုး...ပုံ့လေးရယ်..ဘာဖြစ်လို့ မဟုတ်တာတွေ တွေးရတာလည်း....”
“ပုံ့ သူငယ်ချင်းတွေ ပြောတာပါ..”
“အိုး...မဟုတ်တာတွေ..အလကား....”
မေမေ က ပုံ့ အနားမှာ ၀င်ထိုင်ပြီး ပါးလေးကိုဆွဲခါ ပြောတော့ ကိုကြီးက နေရာရွေ့ပေးလိုက်သည်..။
“ပုံ့လေး က ပြန်ချင်ရင်တောင် မေမေကြည်တို့က ပြန်မလွှတ်ဘူး..”
“အပြီးလား..”
“ဒါပေါ့...”
“အပြီးတော့ နေလို့မရဘူး...ဖေဖေ ဆူလိမ့်မယ်...”
“ဒါ ဘယ်သူ့စကပ်လည်း သမီး..”
“ဟိုဘက်အိမ်က မမတို့ဟာတွေပါ...ပြန်မပေးနဲ့ အပြီးယူလိုက်တဲ့လေ...”
“သူတို့ ကူပေးတာလား..တော်သေးတာပေါ့..”
“ဝိုင်းကော..”
“ဟုတ်သားပဲ ဝိုင်းက အပ်ချူပ်ဆိုင်မှာ သင်တန်းတက်နေတာ တစ်ပတ်လောက်ရှိပြီ သားကြီးရဲ့...”
“ဒါဆို ကျောင်းမတက်တော့ဘူးပေါ့...ဟုတ်လား ညီမလေး..”
“အင်း..မတက်တော့ဘူး ကိုကြီး..”
ကိုကြီး မျက်နှာ အပြောင်းအလဲကို ကြည့်ရင်း မာန်သွေး လည်း ဝိုင်း ကျောင်းမတက်တော့တာ စိတ်မကောင်းဖြစ်မိသည်..။
.
“ကိုကိုရေ...”
ပုံ့ပုံ့ လက်ထဲက သီချင်းသံထွက်တဲ့ စာအုပ်ကလေးကို ကိုင်ပြီး အပေါ်ထပ်ကို ပြေးတက်သွားသည်.။
“ကိုကို...”
အပေါ်ထပ် နှစ်ခန်း စလုံး ဘယ်သူမှ မရှိတော့ ပြန် ဆင်းလာခဲ့ရသည်..။
“မေမေကြည်...ကိုကို နဲ့ ကိုကြီး မရှိဘူး.”
“အင်း ကိုကြီးက ကျောင်းမှာလေ...သမီး ကိုကို က အခု ကျောင်းတက်နေပြီ တက္ကသိုလ် ကျောင်းသားကြီး ဖြစ်နေပြီ သမီးရဲ့..”
“ဟွန့်..ကျောင်းက ခုချိန်ထိ မဆင်းသေးဘူး....”
“အမလေး...သမီးကိုကို  သွားရတာ ဝေးလို့ အဆောင်မှာနေပြီး တက်မယ်တဲ့လေ...ပိတ်ရက်မှ ပြန်လာလိမ့်မယ် သမီးရဲ့..”
“ဟင်...ဒါဆို ကိုကို ဒီနေ့ ပြန်မလာဘူးပေါ့နော်..”
“အင်း..”
ပုံ့ပုံ့ စိတ်ပျက်စွာဖြင့် လက်ထဲက စာအုပ်ကလေးကို ငုံ့ကြည့်ပြီး အိမ်ပြန်ဖို့သာ ခြေလှမ်းပြင်ရတော့သည်..။
“သမီး ထမင်းစားသွားပါလား..”
“ဟင့်အင်း..ရေမချိုးရသေးဘူး မေမေကြည်...”
“ဝိုင်းကော ပြန်ရောက်ပြီလား..”
ပုံ့ပုံ့ ခေါင်းညိတ်လိုက်ပြီး မေမေကြည် ရှေ့မှာချထားတဲ့ တို့စရာ ပန်းကန်ထဲက သခွားသီးပိုင်းကို ကောက်ပြီး ပါးစပ်ထဲ ထိုးထည့်လိုက်သည်..။
“ဝိုင်းက အခုတလော အိမ်ဘက်တောင် သိပ်မလာဘူး...”
“ဟုတ်တယ်...မမ က အကျီ င်္တွေချည်း ချူပ်နေတာ..အကုန်တလွဲ ဟီး..ဟီး...”
“အစမို့လို့ပါ သမီးရယ်...”
မေမေကြည် စကားကို ထောက်ခံပြီး ခေါင်းညိတ်ပြ၍ ပုံ့ပုံ့ စာအုပ်ကလေးကို လက်မနဲ့ ညှပ်ခါ အိမ်ဘက်ကို ပြန်ပြေးလာခဲ့ရသည်..။
အိမ်ထဲရောက်တော့ မမ က ထုံးစံ အတိုင်း ပိတ်စတွေကို ညှပ်နေသည်..။
“မမ  ဘာချူပ်မလို့လည်း..”
“ခေါင်းအုံးအစွပ်လေးတွေ ချူပ်မလို့...အိုး..ခုထိရေမချိုးရသေးဘူး..
နေစမ်းပါအုံး လက်ထဲက ဘာလည်း..”
“ဟင်...ဟို...ကိုကို ၀ယ်ပေးတာပါ..”
“ဟမ်..နင်ပူဆာတာလား..”
“ဟုတ်ပါဘူး..”
ပုံ့ပုံ့ လက်နောက်ကို ဖွတ်ပြီး ခေါင်းရမ်းခါ အခန်းထဲ ၀င်ပြေးခဲ့လိုက်သည်..။
သူငယ်ချင်းဆီက လက်ဆောင်ရတာဆို ဘယ်သူပေးတာလည်း ဘာဖြစ်လို့ပေးတာလည်း အခု သွားပြန်ပေး ဆိုတာတွေ ပြောလာမှာ ကြိုသိနေသည်..။
အဲ့ဒါကြောင့် မမ ကို ဘာမှ အမှန်အတိုင်း မပြောချင်တာ..
အမှန်အတိုင်း ပြောတိုင်း ဆူတယ်..ဖေဖေ နဲ့လည်းတိုင်တယ်..
ပုံ့ အမှန်အတိုင်း ပြောရဲတာဆို ကိုကို တစ်ယောက်ပဲ ရှိသည်။
“🎼...ဆေးကျောင်းထဲက ကောင်ကလေး..🎼.သိပ်ချစ်လွန်းလို့ ငါ လိုက်ငေး..ခိုးခိုးပြီးတော့ အကြိမ်ကြိမ်ကြည့် .🎼..ဒါကိုသူလေ မသိ..ဆေးကျောင်းထဲကို ငါ လိုက်သွား.🎼..ကိုယ့်တစ်ယောက်တည်းမို့ အူကြောင်ကြား.🎼.မိုးတိုးမတ်တက် နေရာတကာရပ် ငူငူငိုင်ငိုင်နဲ့.🎼.ကောင်ကလေးရေ မင်းကို သိပ်ချစ်လို့သာ ကိုယ့်မှာ..🎼.”
“ဒေါက်...”
“ ဂန္တ၀င် တေးသံမှ ..ဒုတိယ တစ်ပုဒ် အနေနဲ့”
“ဟာ...မမ..ဆေးကျောင်းသား လာနေတာ...ပြန်ဖွင့်...ပြန်ဖွင့်....”
ရေချိုးခန်းထဲမှာ ဆေးကျောင်းသား သီချင်းနဲ့ က နေတဲ့ ပုံ့ပုံ့ တစ်ယောက် လှမ်းအော်နေပေမဲ့ မကြားချင်ယောင်သာ ဆောင်နေလိုက်သည်..။
“ဆိုင်သူ ရှိရင် အိုး...အိုး...အိုး....နည်းနည်းလောက် ပြန်ပြောပါ....ကိုယ့်ရဲ့ အချစ်ကို စာနာပါကွာ..”
စာသားတလွဲတွေ အော်ဆိုနေတဲ့ ပုံ့ပုံ့ အသံဆိုးဆိုးကြောင့် ဝိုင်း စိတ်ရှုပ်နေသည့်ကြားက ရယ်မိတော့သည်..။
“ရှု့တိ်ုင်းယဉ် ဆိုတဲ့ သီချင်းလေးကို ရုပ်ရှင်အဆိုတော်စာရေးဆရာဖြစ်တဲ့ ရုပ်ရှင်မင်းသားကြီး ၀င်းဦး အသံလေးနဲ့ နားထောင်ရမှာပါ...”
“ရူလေယဉ်လေလှတယ် ချောတဲ့နှမရယ်..🎼..မြင်သူငေးလောက်ရဲ့ကွယ်.🎼..နတ်ပန်းချီ ရှုံးလောက်တဲ့ ..🎼.တော်ဘုန်းခေါင်သက်လှယ်..🎼.. ချစ်စေတနာ ထားမိပါတယ်..🎼.”
“ဂျောက်...”
“မမ ကြိုက်တဲ့ သီချင်းလည်း မရှိဘူးနော်...ဟီး...”
“ဆေးကျောင်းထဲက ကောင်ကလေး....အဟီး..ဟီး...”
ပုံ့ပုံ့က စသလို နောက်သလို ပြောပေမဲ့ ဝိုင်း စိတ်ထဲ ထိတ်ခါ ကတ်ကြေးညှပ်နေရင်း စောင်းလွဲကုန်ရသည်..။
“မမ က ဘာလို့ ဆေးကျောင်းသားကို ဇွတ်မုန်းနေတာလည်း..ဖြေပါ..”
ဘေးမှာ ချထားတဲ့ ဗလာစာအုပ်ကို လိတ်ပြီး မျက်နှာအနားထိုးမေးတော့ ဝိုင်း ပြုံးစေ့စေ့ဖြင့်...မျက်နှာထားပြင်ခါ..။
“ကျွန်မ မတက်ရလို့ပါရှင်...”
“သြော်..ဒါဆို...ဟောဒီက အစ်မ က ဒေါက်တာကြီး ဖြစ်ချင်တာပေါ့နော်...”
ဝိုင်း လက်ပိုက်လိုက်ခါ မျက်နှာလေး မော့ပြီး ခပ်တည်တည်ဖြင့်ပင်...
“ဟုတ်ပါတယ်ရှင်..”
“အခုလို စက်ချူပ်ပြီး ကလေးထိန်းနေရတော့ ဘယ်လို ခံစားရပါသလည်း ရှင်..”
“ဟုတ်ကဲ့..ပျော်ပါတယ်...ဆရာ၀န် ဖြစ်ဖြစ်...စက်ချူပ်သမ ဖြစ်ဖြစ်..အသုံး၀င်နေပါသေးတယ်ရှင်....ကျွန်မက အသုံး၀င်နေတာကိုပဲ ကြိုက်ပါတယ်ရှင်..အသုံးမ၀င်တဲ့ နေရာမှာ နေရတာထက် အခုလို စက်ချုပ်နေတာလေး ပိုကြိုက်ပါတယ်ရှင်...”
“အိုး....အသုံး၀င်တယ်ပေါ့လေ...အခုတော့ အလွဲလွဲတွေချည်းပဲနော်...”
“ခွေးမ..”
“ဟီး..ဟီး...”
မမ ဆီက ကတ်ကြေးတို့ ပေတံတို့ ရောက်မလာခင် ပုံ့ပုံ့ အ၀တ်ဘီဒိုဆီ ပြန်ပြေးလာခဲ့လိုက်ရသည်..။
.
“ဝိုင်းရေ...ဝိုင်း...ပုံ့ပုံ့...”
“ဟဲ့...ပုံ့ပုံ့....အိမ်ရှေ့မှာ ကိုကြီး ခေါ်နေတယ်..သွားလိုက်စမ်း..”
“ဟာ..မမ သွားပါလား...ပုံ့ ဒီမှာ စာရေးနေတယ်..”
“ညီမလေး သွားလိုက်ပါ..မမ ရေချိုးမလို့ ပြင်နေတာ..”
“အိုး...”
ညီမငယ် ပုံ့ပုံ့ ရဲ့ ခြေသံ ပြင်းပြင်းကို နားစွင့်ရင်း ရင်တွေ တဒိတ်ဒိတ် ခုန်နေတာကို အလိုမကျဖြစ်ရသည်..။
“ အိမ်မှာ အသုပ်စုံ လုပ်ထားတယ်...လာခဲ့လေ..”
“ဟုတ်...လာခဲ့မယ် ကိုကြီး..”
“ဝိုင်းရော..”
“ဟို..မမ ရေချိုးနေလို့..”
“သြော်...အင်း...ပြီးရင် လာနော်...”
အောင်သွေး ခေါင်းကုတ်လိုက် လည်ပင်းကိုင်လိုက်ဖြင့် ခြံ တံခါးဆီ ပြန်လျှောက်လာခဲ့လိုက်ရသည်..။
၀ိုင်း ကို အခုတလော မတွေ့ဖြစ်တာ ကြာလှပြီ...
အရင်ကတော့ အိမ်မှာနေတာ များတော့ ပြတင်းပေါက်က ထကြည့်တောင် မြင်ရသည်..။
အခုတော့ Part  2 စကတည်းက လူက နားချိန်တောင် မရ အိမ်ပြန်လာတာတောင် အချိန်ပိုင်းလေးပဲ နား ခွင့်ရသည်..။
အောင်သွေး ကိုယ်တိုင်ကလည်း အိမ်မှာနေရင် စိတ်တွေ လေလွန်းလို့ အဆောင်မှာပဲ နေဖြစ်သည်..။
တစ်ခါတစ်လေ အိမ်ပြန်ရောက်ချိန်လေး ဝိုင်းကို တွေ့ချင်ပေမဲ့ အကြောင်းအမျိုးမျိုးဖြင့် ရှောင်နေသလို ထင်ရသည်..။
စိတ်ထင်တာလည်း ဖြစ်နိုင်ပါရဲ့...။
ခြံထဲမှာ ခဏနေပြီးမှ အိမ်ပေါ်တက်လာတော့ မေမေက ရှေ့ရောက်လာခါ...
“ဘယ်မှာလည်း သား..”
“သြော်...ပုံ့ပုံ့ကိုတွေ့လို့ ပြောခဲ့တယ်...”
“ဝိုင်း ပြန်မလာသေးဘူးလား..ဒီကောင်မလေး ရည်းစား များရှိနေတာလား..အခုတလော အိမ်ဘက်တောင် သိပ်မလာဘူး..”
“မဟုတ်ပါဘူးမေမေရယ်...မဖြစ်နိုင်ပါဘူး..”
“မေမေ က စိတ်မချလို့ပါ ဟိုဘက် အိမ်မှာဆို မိုးလင်း မိုးချူပ် သူ တစ်ယောက်တည်းလေ အရင်က အိမ်ပြန်ချိန်ဆို ၀င်နှုတ်ဆက်ပြီး သူပြန်ရောက်ကြောင်း ပြောပြီးမှ သွားတာပါ..အခုက အဲလို မဟုတ်ဘူး..”
“ရည်းစားမရှိတာတော့ သေချာတယ်..”
“အောင်မယ် ပြောစမ်းပါအုံး..ဘယ်နဲ့ကြောင့် သေချာနေတာလည်း..”
“ဟို..ဟိုလေ...မေမေ ကလည်း..ဝိုင်းက ယောင်္ကျားလေးတွေ စွဲလမ်းလောက်တဲ့ ရုပ်ရည်တို့ အရည်အချင်းတို့မှ မရှိတာ...”
“ဟဲ့..ငါ့သမီးက ချောပါတယ်..”
“ငယ်ရုပ်ကလေး မပျောက်ရုံပါပဲ...အသားကညိုညစ်ညစ်နဲ့ ခေါင်းကလည်း ကပ္ပလီခေါင်းလေးနဲ့လေ...မေမေ့သမီး ချောလေး...”
“အိုး...အမေ မရှိတော့ ဆုံးမ သင်ပြမဲ့လူ မရှိလို့ ဖြစ်သလို နေလို့ပါအေ...”
“ဟုတ်မှာပေါ့...ဘာပဲဖြစ်ဖြစ်...ဘယ်ကောင်မှ မကြိုက်ပါဘူး..စိတ်သာချ..ဒါနဲ့ ..ညီကော ပြန်လာသေးလား..”
“မလာပါဘူးတော်...”
ညီ ကျောင်းတက်ဖို့ကို နာမည်လည်း ပြောင်းပစ် မျက်မှန်ထူထူ ဝတ်ပြီး ဘာလို့ ရုပ်ပြောင်း ရုပ်လွဲနဲ့ ကျောင်းတက်ချင်နေတာလည်း မေးလို့မရ ပဲ လိုက်လျောခဲ့ရသည်။
ဟိုနေ့က အဆောင်လိုက်သွားတော့ လည်း မမှတ်မိလောက်အောင် ပြောင်းလဲနေသည်...။
“ဟူး...သူ့ ကို ကျောင်းဆက်တက်ဖို့ မနည်းအာပေါက်အောင် ပြောလိုက်ရတယ်...”
“...ဘယ်လို ဖြစ်နေမှန်းကို မသိဘူး...ခင်တက်လိုက်တာ လွန်ကော ပြည်မှာပဲ နေချင်နေတာလေ...ဘွားလေးရဲ့ စကားကလည်း အကဲပါတယ်တော်...သူ့ညီမလေးက သတိရလို့..သူ့ညီမလေးက လွမ်းလို့ ဆိုတော့ နင့် အဖေလည်း နည်းနည်း ရိပ်မိတယ်လေ...မသင့်တော်ပါဘူး...”
အောင်သွေး ခေါင်းညိတ်ရင်း ရှေ့ပန်းကန်ထဲက လက်စုံသုပ် တစ်ဇွန်းခပ်စားခါ  ပြတင်းပေါက်မှ တစ်ဆင့် ဟိုဘက်ခြံသို့ မျှော်ကြည့်မိသည်..။
“ဟင်...မမ ပြန်လာတာလား..”
“မဟုတ်ဘူး...အန်တီက ချူပ်စတောင်းလို့ သွားပို့ရမယ်..ညီမလေးပဲ သွားလိုက်နော်...မေမေကြည် မေးရင်..အပ်ချူပ်ဆိုင်ကို သွားတယ်လို့ ပြောလိုက်နော်...”
“အင်..မိုးချူပ်တော့မယ်...”
“အင်း...ရတယ်...မမ မြန်မြန် သွား..မြန်မြန်ပြန် ခဲ့လိုက်မယ်...”
“ဟုတ်...”
စောစောကပဲ ”မေမေကြည် နဲ့ ဖေဖေကြီး  အတွက် ပိုးခေါင်းအုံးစွပ်လေး ချုပ်ထားတာ သွားပေးမယ်...ညီမလေး နောက်မှ လိုက်လာခဲ့” လို့ ပြောပြီးထွက်သွားတာလေ...။
အခုတော့ ခေါင်းအုံးစွပ်ကြီး ကိုင်လို့ အိမ်ထဲ ပြန်၀င် သွားပြန်ပြီ..။
ပုံ့ပုံ့ လက်ထဲက မြက်ခြောက်ကို ဝေ့ယမ်းခါ  ခြံကူးလာခဲ့လိုက်သည်..။
“ဟော..သမီးလာ...”
“ဝိုင်းကော ညီမလေး..”
“ဟင်..မမ..ချူပ်ဆိုင် သွားတယ်...ပစ္စည်းသွားပို့မလို့တဲ့လေ..”
“အိုး ဒီကောင်မလေးကတော့ မိုးကြီးချုပ်ခါမှ သွားရလား...သူ့ အဖေသိရင် ဆူပါလိမ့်အုံးမယ်..”
နေ၀င် ရီတရော အရောင်တောက်နေချိန်လေးကို မိုးချူပ်တယ် ဆိုပြီး သတ်မှတ်လိုက်မှာ စိုးရိမ်လို့အောင်သွေး ရယ်ရင်း
“မေမေ ကလည်း နေရောင်တောင် မပျောက်သေးပါဘူး ..”
“ဟုတ်တယ်..မမက မြန်မြန်သွားမြန်မြန်ပြန် ခဲ့မယ်တဲ့...”
ပုံ့ပုံ့ ရှေ့ က အသုပ်ပန်းကန်ကို ဇွန်းအပြည့်ခပ်စားရင်း ပလုတ်ပလောင်းဖြင့် ပြောတော့ မေမေကြည် နဲ့ ကိုကြီး က ရယ်ကြပြန်သည်..။
“သမီး စာရေးပြီးပြီလား..”
“ဟုတ်..”
“ဒါဖြင့်..ကိုရီးယားကား ကြည့်ပြီးမှ ပြန်မယ် ဆိုပါတော့...”
“ဟီး..ဟုတ်တယ်..”
ပုံ့ပုံ့ နဲ့ မေမေ ကိုရီးယားကား ကြည့်ဖို့ အစီအစဉ်ချနေချိန် အောင်သွေး အခန်းထဲကို ပြန်ရောက်လာရသည်..။
ပြတင်းပေါက် တံခါးကို ခပ်ဟဟဖွင့်ရင်း နေ၀င်ရှုခင်းကို မကြည့်မိပဲ ဟိုဘက် တစ်ထပ်အိမ် ခေါင်းမိုးဆီ အကြည့်ရောက်သွားသည်..။
ကားမီးရောင် ၀င်းကနဲ့ ဖြစ်ချိန် ဝိုင်း အဆူခံရမှာ စိုးရိမ်တဲ့ စိတ်က နှလုံးကို ဒိတ့် ကနဲ့ ဖြစ်စေသည်..။
“ဟင်..”
အိမ်ထဲက ထွက်သွားတဲ့ ဝိုင်းရဲ့ အရိပ်ကို အလင်းရောင် မှုန်ဝါးဝါးဖြင့် ခန့်မှန်းနိုင်သည်..။
ခြံတံခါးဖွင့် ..ကားသွင်းပြီးတဲ့ အထိ စောင့်ခါ ဦးလေးကျော် လက်ထဲက အထုတ်တစ်ခုနဲ့ အိတ်တစ်လုံးကို ကိုင်ပြီး ၀င်သွားသည်..။
ဒါဆို ရှောင်နေတာ သေချာတာပဲ....
မေမေ ပြောသလို ရည်းစားများရှိနေလို့လား....ဦးလေးကျော် က ဆူထားလို့လား...
အောင်သွေး အတွေးတွေနဲ့ အတူ သက်ပြင်းတစ်ချက် မှုတ်ရင်း ပုစွန်ဆီရောင် ကောင်းကင်ကြီး ကို မော့ကြည့်မိသည်..။

“နေကောင်းရဲ့လား သမီးကြီး..”
“ရှင်..ဟုတ်..”
“ငိုထားတာလား...”
“ဟုတ်တယ်...ဖေဖေ...”
“ဟမ်...ဘာဖြစ်လို့လည်း..”
ဖေဖေ့ ရဲ့ စိုးရိမ်တဲ့ မျက်လုံး အစုံကြောင့် ဝိုင်း ဟန်လုပ် ရယ်လိုက်ရင်း..
“အိမ်မြှောင် သမီး ခေါင်းပေါ် ပြုတ်ကျလို့...”
“အိုး...ဟား..ဟား...ဖြစ်ရမယ်...ဝိုင်းရယ်...ခုရွယ်ထိ အိမ်မြှောင် ကြောက်တုန်းလားဟ..”
“ကြောက်တာပေါ့ ဖေဖေ ရဲ့..ပျော့စိစိ နဲ့ တွေးတာတောင် ကြောက်တယ်..”
ဖေဖေ့ ကို ဟန်ဆောင် ရယ်ပြရင်း ထမင်းပွဲပြင်နေချိန် မျက်ရည်တွေစို့လာပြန်သည်..။
ကိုကြီးကို ဝိုင်း စိတ်နှလုံးသားထဲမှာ အထင်ကြီး လေးစားသလောက် ကိုကြီး ရဲ့ စိတ်ထဲမှာ ဝိုင်းရဲ့ အဆင့် သတ်မှတ် ချက် တွေက ပြင်းထန်လွန်းပါသည်..။
ညီမလေး တစ်ယောက်လို မြင်တာ ကျေးဇူးတင် အားကိုးမိပေမဲ့ မိန်းကလေး တစ်ယောက် ဆိုရင်တော့ ကိုကြီး မျက်လုံးထဲမှာ ဘယ်ယောင်္ကျားမှ ရင်မခုန်တဲ့ ရုပ်ဆိုးဆိုး ဝိုင်း က ရယ်စရာကြီးသာ ဖြစ်နေရသည်...။
အမှတ်မထင် ကြားလိုက်ရပေမဲ့
မှန်တာပြောတာပဲလေ လို့ ငိုချင် စိတ်ပျောက်အောင် နှလုံးသွင်းမိ၏....။
ဟင်းပန်ကန်တွေ ကို စားပွဲမှာ အစီအရီ ချထားလိုက်သည်..။
ဖေဖေ ထမင်းစားဖို့ မ၀င်လာခင် ဝိုင်း မျက်ရည်စတွေကို ပုတ်ထုတ်လိုက်ပြီး မျက်နှာသစ်ခါ ၀မ်းနည်းစိတ်ကို ဖျောက်ပစ်လိုက်သည်..။

━━━━━━━☆☆━━━━━━━
ဒီနေ့ကတော့ မသင့်တော်တဲ့ အရေးအသားတွေ ပါသွားတဲ့ အတွက်  တောင်းပန် ပါတယ်နော်.. 🙏
မျက်လုံးနဲ့မနာ ဖဝါးနဲ့ နာပါလို့ ပြောရမလား 😁
ဟိ နားလည် ခွင့်လွှတ် ပေးပါနော်... 🙊
တစ်ချိန်တည်း ရေးရတာ မဟုတ်ပဲ
ရေးလိုက်နားလိုက်နဲ့မို့ အဆက် မမိဘူး...
စာဖတ်သူတွေကို အားနာတယ်..🙏
စာလုံးပေါင်းလည်းမမှန် အရေးအသားလည်းမကောင်း
သည်းခံပြီးဖတ်ပေးတဲ့ စာဖတ်သူတိုင်းကို ကျေးဇူးအထူးထူးတင်ပါတယ် ❤

Love U all ❤
#စပိုက်ကာ

ပိုင်ရှင်Where stories live. Discover now