Part 21

3.5K 165 0
                                    

ပိုင်ရှင်
အပိုင်း (၂၁)
#ပိုင်ရှင်

“ဟင်...”
ပုံ့ တံခါးကို ဆွဲကြည့်လိုက်တော့ အထဲက ဂျက်ချထားသည်..။
ကိုကို တစ်ခါမှ ဒီလို ဂျက်မချထားပါဘူး...။
“ကိုကို...ကိုကိုရေ....ထတော့လေ...ဒုန်း..ဒုန်း...”
တံခါးကို လက်သီးဆုပ် နဲ့ ထုပြီး အော်ခေါ်တာတောင်  တုန့်ပြန်မှု မရှိ
အရင်တုန်းက အကြောင်းတွေ ပြန်မြင်ယောင်မိတော့  စိတ်ပူလာရသည်..။
“ကိုကိုး..”
“  အင်း...ထပြီ..”
“တံခါးဖွင့်ပေးဦးလေ..”
“ကိုကို ဆင်းလာခဲ့မယ်...ပုံ့ အောက်က စောင့်နေလေ...”
“မရဘူး..ခုဖွင့်ပေး..”
“....”
“ကိုကို ဖွင့်ပေးဆို..”
“ဂျောက်..”
ပုံ့ အခန်းထဲကို ခြေလှမ်းပြင်းပြင်း နဲ့ ၀င်သွားလိုက်ပြီး ဘေးက ကိုကို့ ကို မော့ကြည့်တော့ အိပ်ရာနိုးစ မှ မဟုတ်တာ..။
အလုပ်သွားဖို့တောင် ပြင်ဆင်ပြီးနေပြီပဲ..။
“ကိုကို ဘာလို့ ဂျက်ထိုးတာလည်း..”
“အ၀တ်အစားလဲနေလို့ပါ..”
ကိုကို က သူ့ ခေါင်းကိုကုတ်ရင်း ရယ်ကြဲကြဲ ဖြင့် အကြောင်းပြချက်ပေးတော့ ပုံ့ နှုတ်ခမ်းစူမိသည်..။
“ဟွန့်..အရင်ကတော့ ဂျက်မထိုးဘူး..”
“မသင့်တော်ဘူးထင်လို့ပါ...”
“ဘာကိုလည်း..”
“သြော်..ပုံ့ က ကိုကို ကို လာနှိုးနေရတာ အားနာတယ်...ပြီးတော့...”
“ပြီးတော့..ဘာဖြစ်လည်း..မမ က ပြောလို့လား...မကြိုက်လို့လား..”
“ဟာ...မဟုတ်ပါဘူး..”
ကိုကို့ရဲ့ ပျာပျာသလဲ အဖြေမှာ တစ်ခုခု သိလိုက်သည်..။
ကိုကို ကိုယ်တိုင်က ရှောင်နေချင်တာမလား...
ဟုတ်တာပေါ့..ခယ်မ နဲ့ ခယ်အို ဆိုတဲ့ စည်းတွေ ရှိလာတော့ အနေအထိုင်တွေ ဆင်ခြင်ရတော့မှာပေါ့လေ...။
“ဟာ...အိုး...ပုံ့ရယ်...ဘာဖြစ်လို့လည်း...ကိုကို က ဒီတိုင်းပါ... နောက်ဂျက်မထိုးတော့ဘူးနော်...”
မျက်၀န်းနက်ကလေးတွေမှာ ကြည်လဲ့လဲ့ အရည်လေးတွေပြည့်လာပြီး မော့ကြည့်တော့ မာန်သွေး ရင်တွေပူရသည်..။
ချစ်ရသူရဲ့ မျက်ရည်တစ်စက်က  နှလုံးသားကို တဆစ်ဆစ် နာကျင်စေပါသည်..။
မော့ကြည့်နေရင်းက ဖျက်ခနဲ့ ခေါင်းငုံ့လိုက်တော့ အခွင့်သာ ရှိရင် မေးဖျားလေးကို ပင့်ယူပြီး မျက်လုံးချင်းဆုံအောင် ကြည့်ခါ ပြောလိုက်ချင်ပါရဲ့...။
“ပုံ့ ပြန်တော့မယ်...”
“ဟင်..”
“ကျောင်းနောက်ကျမှာ စိုးလို့..”
“ပုံ့....”
မာန်သွေး လှမ်းခေါ်ပေမဲ့ လှေကားတွေကို ပြေးဆင်းသွားတော့ ကြောက်လန့်နေတဲ့ နှလုံးသားက ပိုခုန်လာသည်..။
စိတ်ဆိုးသွားပြီလား....ပုံ့ရယ်...။
ပုံ့ အတွက် ကိုကို့ နှလုံးသားတွေ နာကျင်ခံစားပြီး အိမ်နီးချင်း အကိုကြီး တစ်ယောက်လို နေဖို့ ကြိုးစားမိတာပါ...။
ကိုကို မှားနေလို့လား...။
“အင့်..”
“ဟာ..သမီးငယ်..ဘာဖြစ်လို့ငိုနေတာလည်း..”
“ဟင့်အင်း..”
မျက်ရည်တွေကို လက်နှစ်ဖက်နှင့် ဖိသုတ်ပစ်လိုက်ပြီး လက်ဖနှောင့်နဲ့ပါ မျက်လုံးကို ဖိပွတ်လိုက်သည်..။
ဘာကြောင့်လည်း....ဒီမျက်ရည်တွေရဲ့ အကြောင်းအရင်းက ဘာများလည်း...။
“တစ်ခုခု ဖြစ်တာပါ ဖေဖေ့ ကို ပြောစမ်း...”
“ကိုကို က အခန်းတံခါး ဂျက်ထိုးထားတယ်..”
“သြော်..ဘာများလည်းလို့...မရှိလို့နေမှာပေါ့ သမီးရယ်...နေစမ်းပါဦး ..ဒါ ငိုစရာလား..”
“ပုံ့ မနက်တိုင်း သွားနှိုးနေကျလေ...အခုတော့ ရှိရဲ့သားနဲ့ ဂျက်ထိုးထားတယ်...အ၀တ်အစားလဲနေလို့ မသင့်တော်လို့တဲ့...အင့်....ပုံ့ပုံ့ တို့က မောင်နှမတွေပဲကို...ကိုကို က ခု သူစိမ်းလို လုပ်နေတယ်...”
“ဟုတ်သားပဲ သမီးငယ်ကို ဖေဖေ ပြောချင်တာ ကြာလှပြီ...မိန်းကလေး တစ်ယောက်က ယောင်္ကျားလေး တစ်ယောက် အိမ် ကို သွားလည်ရင်တောင် ဧည့်ခန်းမှာပဲ နေသင့်တာမလား..အခု သမီး က တလွှားလွှားနဲ့
အခန်းထဲ အထိ တက်သွားပြီး အိပ်ပျော်နေတဲ့ သူကို နှိုးတာ နည်းနည်း သဘာ၀မကျဘူး...”
“ပုံ့ ငယ်ငယ်က..”
“မငယ်တော့ဘူးလေ..”
“ဖေဖေကလည်း..”
“ဝိုင်း ဒီလို လုပ်ရင်လည်း ဖေဖေ တားမှာပဲ..သမီးငယ် အနေအထိုင် ဆင်ခြင်ပါ..”
“ဟုတ်..”
ဖေဖေ့ရဲ့ မာထန်ထန် စကားကြောင့် ပုံ့ နှုတ်ခမ်းစူပြီး ခေါင်းညိတ်လိုက်ရသည်.။
ကိုကို နဲ့ ပုံ့ ငယ်ငယ် ကတည်းက ဒီလိုပဲနေလာတာပဲလေ...
အခုတော့ ပုံ့ မှားနေတယ်တဲ့လား..။
ကိုကိုကလည်း ပြောင်းလဲသွားပြီ...။
ပုံ့ အခန်းထဲရောက်တော့ ခေါင်းအုံးကို မျက်နှာအပ်ပြီး အသံမထွက်အောင် ကြိတ်ငိုမိသည်..။
ကိုကို့ကိုလည်း စိတ်ဆိုးတယ်...အကုန်လုံးကို စိတ်ဆိုးတယ်...။
ပုံ့ စိတ်မကောင်းဖြစ်လာတော့ ထပ်၇ှိုက်ပြီး ငိုမိပြန်ပြီ...။
.
“သြော်..ဝိုင်းလာလေ..”
“မာန်သွေးကော ကိုကြီး..”
“အပေါ်မှာ ...”
အိမ်ရှေ့ ဆိုဖာတွေမှာ ထိုင်နေတော့ ဝိုင်းလည်း အိမ်ထဲ ဆက်မ၀င်တော့ပဲ ဆိုဖာမှာ ၀င်ထိုင်လိုက်ရသည်..။
မာန်သွေး ပြီးရင်တော့ ဆင်းလာ မှာပဲလေ...သူ့ကို ဖုန်းဆက်ထားပြီးသားမို့ ဝိုင်း ရှေ့က တီဗွီဆီကို အကြည့်ရွေ့လိုက်သည်..။
သီချင်းခွေမှန်း သိပေမဲ့ ကိုကြီး  လက်ထဲ ရီမုကို နှိပ်နေတော့ ဘာမှန်းမသိ...။
“ဝိုင်း ..🎼.မြင်တဲ့သူတိုင်း ချစ်ကြလို့ ဝိုင်းတဲ့...
မင်း နာမည် ဝိုင်း..🎼”
အင်...ဒုက္ခပါပဲ... သီချင်းကြီးကလည်း...စိတ်ရှုပ်စရာကြီး...
၀ိုင်း ထိုင်ပြီးခါမှ ပြန်ထလို့လည်း မကောင်းတော့ ဘာမှ မဖြစ်သလို တီဗွီကိုသာ ကြည့်နေရသည်..။
“လှိုင်း လူတိုင်းရင်ထဲ ရိုက်ခတ်လို့ လှိုင်းတဲ့..🎼
ပြင်းထန်မယ် လှိုင်း....🎼
ကိုင်း ..🎼.ခြေလှမ်းစတိုင်း နောက်ကနေ မဝိုင်းနဲ့...ငြင်းဆန်မယ်  ဝိုင်း ..🎼
မြင်သူတိုင်းက လှည့်ကြည့်ရတယ် အချစ်ရယ်...🎼
သာမန်လှသူ ထက်တော့ထူးမယ်..🎼 ဝိုင်း...
ခင်သူတိုင်းက ချစ်မိကြတယ် အမြဲကွယ်..🎼
သာမန်လှိုင်းတွေထက်တော့ မူးမယ်...လှိုင်း🎼...လှိုင်းရယ်...
၀ိုင်းရယ် ချစ်ခဲ့ပြီးမှ မုန်းမယ်...
ရင်မှာ တကယ်ဆို လက်တွေ့ မဖြစ်နိုင်ဘူး
လှိုင်းရယ် ဖြစ်ခဲ့ပြီးမှ မဆုံးခင်
ရေလွှာပြင်တားဆီး မကြည့်နိုင်ဘူး..
အို နစ်ပါစေ  ဝိုင်း..🎼...”
“ကိုကြီး ရယ် ကျော်လိုက်ပါ..”
“ဟမ်...ဘာလို့...”
ကိုကြီး ရဲ့ မတည်မပြုံး ဖြစ်နေတဲ့ ရုပ်ကြီးကို ကြည့်ပြီး မျက်စောင်းထိုးလိုက်မိသည်..။
သူပဲ အပြောကောင်း....ဒီလောက် နာမည်ကြီး တပ်ခေါ်နေမှာတော့ ဘယ်လို နားထောင်လို့ ကောင်းပါ့မလည်း...။
သီချင်းစာသားတွေကလည်း ဝိုင်းကို စောင်းပြောနေသလိုလို...။
သူ ကိုယ်တိုင် ရန်မတွေ့ရလို့ သီချင်းဖွင့်ပြီး ရန်ရှာခိုင်းနေသလား မှတ်ရတယ်....ဟူး....မှားပြန်ပြီ...။
ဘယ်လိုနေနေ..အပြောမလွတ်ပါလားနော်...။
“ကဲ..ကဲ...ကျော်မယ်..ဆေးကျောင်းသား သီချင်းကော ကြိုက်တယ်မလား..”
“အာ..မကြိုက်ဘူး....”
“အရင်က ကြိုက်တယ်လေ...အိမ်မှာ မိုက်နဲ့ အာဗြဲပြီး အော်တာ မလား..ဘာ နားထောင်မလည်း..”
“နေပါစေ...”
၀ိုင်း ဆိုဖာတွေကနေ ပြန်ထပြီး လှေကားခြေရင်း ဆီ ဦးတည်လိုက်ရသည်..။
ကိုကြီး ရဲ့ စကားတွေကို တုန့်ပြန်နေမိရင် နှစ်ယောက်စလုံး ဒေါသထွက်စရာတွေ ပဲ ဖြစ်နေတာ့မှာ...
“မာန်သွေး..”
“အေး..လာပြီ...”
“နင်ကလည်း ကြာလိုက်တာ..”
“နင်စောစော နှိုးပါလား..”
“ဟုတ်ပါတယ်...ကျွန်မ မှားတာ...လာပါ မြန်မြန်.....ဟူး...အောက်ကျလိုက်တာနော်...ကားတစ်စီး အမြန်၀ယ်သင့်နေပြီ...”
မာန်သွေးက လှေကားတွေကို ပြေးဆင်းလာရင်း ရယ်နေတာ ပါးစပ်က မပိတ်...
ညီအစ်ကို နှစ်ယောက်စလုံး အရမ်း အနိုင်ကျင့်တာပဲ...
ဖေဖေကလည်း ဘာကိ်ုကြည့်ပြီး သမီးတွေကို ဒီအိမ် အသိုင်းအဝိုင်းထဲ ထည့်ချင်တာလည်း မသိဘူး..။
“မင်းကို လာစောင့်နေရတာ မမိုက်ဘူးနော် ညီ..”
“ဒါဆို ကိုကြီး လိုက်ပို့လိုက်ပါလား..”
“ကိုကြီး လိုက်ပို့ရင် ဝိုင်းက မကြိုက်ဘူး....”
“အဲလို မဟုတ်ပါဘူး..”
၀ိုင်း စကားအဖြစ်ငြင်းဆန်ရင်း ပိုက်ဆံအိတ်ကို လက်မှာ ချိတ်ခါ မာန်သွေး လက်မောင်းကိုလည်း ဆွဲချလာခဲ့ရသည်..။
စကားတွေ ရှည်လာရင် ရှုပ်လာတော့မှာလေ...။
“ကိုကို..”
“ပုံ့ နှိုးပြီလား..”
ကိုကို က ပုံ့တို့ ခြံတံခါးနားမှာ ရပ်နေတော့ ပုံ့ ပြေးသွားလိုက်ပြီး....
“ဟုတ်...ပုံ့ကို ကျောင်းပို့....သြော်..မမ ကို သွားပို့မလို့လား...ပြန်လာရင်..”
“ကိုကို ပြန်မလာတော့ဘူး..အိမ်မှာ ကိုကြီး ရှိတယ် လိုက်ပို့လိမ့်မယ်နော်...”
“ဟုတ်..”
ပုံ့ ကျောခိုင်းသွားတော့မှ မာန်သွေး သက်ပြင်းရှည် တစ်ခု ချလိုက်မိသည်..။
ဘေးမှာ ထိုင်နေတဲ့ ဝိုင်းက ပြုံးစေ့စေ့ လုပ်နေတော့ နေရခက်ပြန်သည်..။
“ဘာလည်း..”
“ဘာမှ မဟုတ်ပါဘူး...ဒါနဲ့ နင် ချစ်တဲ့သူကို ဖွင့်မပြောတော့ဘူးလား.”
“ဟမ်..”
မာန်သွေး အလန့်တကြား လှည့်ကြည့်လိုက်တော့ ဝိုင်းက နှုတ်ခမ်းကို လက်ခုံနဲ့ ကွယ်ပြီး ရယ်နေပြန်သည်..။
သူ ရယ်လေ...မာန်သွေး အနေရခက်လေမို့ ကားကို စက်နှိုးလိုက်ရတော့သည်..။
“နေပါဦး..နင် က ပုံ့ကို ဘာလို့ အခန်းထဲ မ၀င်ခိုင်းတာလည်း..”
“ဟာ..မဟုတ်ပါဘူး...ဟိုနေ့က ဂျက်ချထားတော့ သူ စိတ်ဆိုးသွားတာပါ...”
“သူ့မှာ ဒီကိစ္စ အတွက် ၀မ်းနည်းပက်လက် ကို ဖြစ်နေတာပဲ....ငါ့ ညီမလေး နင့်ကြောင့် အသည်းတွေ ကွဲနေပြီ...”
မာန်သွေး သက်ပြင်း ချလိုက်ပြီး ကားကို လည်း အရှိန်လျော့လိုက်ရသည်..။
ပုံ့ စိတ်ညစ်ရမှာ စိုးလို့ ဆင်ခြင် ခဲ့တာပါ ပုံ့ရယ်...။
“သူ့ ကောင်လေး နဲ့ အဆင်ပြေအောင်ပါ...ဟိုကောင်လေး ဘက်က ကြည့်ရင်လည်း အထင်လွဲစရာ ဖြစ်နေတာကိုး..”
“သြော်...ဒါလည်း  ဟုတ်တာပဲ..ဖြိုးလေးကလည်း သ၀န်တိုတက်တယ်..အခုတလော အိမ်ကိုတောင် သိပ်မလာတော့ဘူး...ရန်ဖြစ်ထားကြပြန်ပြီထင်တယ်... ပုံ့ နင့်ကို ပြောသေးလား..”
“ငါနဲ့သူ မျက်နှာချင်းတောင် မဆိုင်ဖြစ်ဘူး...တမင် ရှောင်နေတာလေ...”
“ဒီကောင်လေး လည်း ငါ ကြည့်မရပါဘူး..”
“နင် ကြည့်ရဖို့လည်း မလိုပါဘူး..”
“ဟား..ဟား...ဟုတ်သားပဲ...”
မာန်သွေး ရဲ့ စကားကြောင့် ဝိုင်းက ခေါင်းညိတ်ပြီး အော်ရယ်တော့မှ စိတ်သက်သာတော့သည်..။
မဟုတ်ရင် ရိပ်မိသွားမှ နေရခက်နေမှာ စိုးရသည်..။
.
“ဟယ် ပုံ့ ငိုနေတာလား..”
“ဘာဖြစ်လို့လည်း ဟာ...”
“ဟိုကောင် သစ္စာဖောက်ကြောင့် ခံစားနေရတာလား...”
“မေ့လိုက်စမ်းပါဟာ...”
ပုံ့ အနားမှာရှိတဲ့ သူငယ်ချင်းတွေက  သူတို့ ထင်တာတွေဝေဖန်နေကြတော့ ပိုပြီး ငိုချင်လာရသည်..။
တကယ်ဆို ဖြိုးလေး နဲ့ လမ်းခွဲလိုက်တာ ဘာမှ မခံစားရပေမဲ့ ကိုကို ကြောင့် မျက်ရည်ကျနေရတာ အဓိပ္ပာယ်မရှိ သော်လည်း  ငိုချင်နေသည်..။
“နင့် ကို အဲကောင် ဘာပြောလို့လည်း..”
“မဟုတ်ပါဘူးဟာ..”
ပုံ မျက်ရည်တွေကို ပြီးစလွယ် သုတ်ပစ်လိုက်ပြီး အိတ်ထဲက တူးဝေး ဘူးလေးထုတ်ခါ  မျက်ရည်ကြောင့် ပျက်သွားတဲ့ မိတ်ကပ်နေရာကို လိုက်ဖို့ရသည်..။
ကိုကို က ငါ့ကို စိမ်းသွားလို့ ငိုနေတာပါလို့ ပြောပြလိုက်ရင် သူငယ်ချင်းတွေက လှောင်ကြတော့မှာ ကြိုသိနေသည်.။
ကိုကိုရယ်...ဒီတစ်ခါ ဘယ်သူ့ကို ရင်ဖွင့်ရမလည်း....ပုံ့ မွန်းကြပ်လိုက်တာ ကိုကိုရယ်..။
“ဟဲ့...နင့်ကိုကို လာမပို့ဘူးနော်...အခုလာပို့နေတာ ဘယ်သူလည်း..”
“ကိုကြီးလေ...”
“နင့်ကို ယောင်းမတော်ချင်လိုက်တာ...နှစ်ယောက်စလုံးချောတယ်နော်....အဲကိုကြီးက ဘာလုပ်လည်းဟင်..”
“ဆရာ၀န်ကြီးပါနော်...ကိုကြီးက အခုလည်း F.R.C.S ဘွဲ့ယူဦးမှာတဲ့...”
“အမလေး..နှုတ်ခမ်းကို စုချွန်ပြီး ကြွားနေလိုက်တာ မြင်မကောင်းဘူး..နည်းနည်းလျော့သိလား..”
“သူတို့ပဲမေးပြီး..”
ပုံ့ မျက်စောင်းထိုးပြီး လွယ်အိတ်ကို ကောက်လွယ်ခါ ခရေပင်အောက်က ထွက်လာခဲ့လိုက်သည်.။
မမ နဲ့ ကိုကြီးသာ လက်ထပ်လိုက်ရင် ပိုကောင်းမှာပဲလို့ စိတ်ကူးယဉ်တွေးရင်း ခြေလှမ်းတွေက အားလျော့သွားရပြန်ပြီ..။
.
“ဟင်...ကိုကြီး..”
၀ိုင်း ဒီဇိုင်းစာအုပ်ကို ပိုက်ပြီး ကောင်မလေးတွေကို ပန်းကပ်ဖို့ ပြောနေတုန်း ဆိုင်ထဲ ၀င်လာတဲ့ ကိုကြီးကြောင့် မျက်လုံးပြူးသွားရသည်...။
ဆိုဖာခုံပုလေးမှာ ၀င်ထိုင်လိုက်ပြီး  ချိတ်ထားတဲ့ သတို့သမီး ထိုင်မသိမ်းဝတ်စုံတွေကို ခေါင်းလှည့်ကြည့်ပြန်သည်..။
“ဘာလည်း..သတိုးသမီး ၀တ်စုံ လာအပ်တာလား..”
“တကယ်လိုအပ်ရင်တော့ ဒီဆိုင်မှာ မအပ်ပါဘူး..ဒီဇိုင်းတွေက ရိုးတယ်..”
“အမလေး...ကြီးကျယ်လိုက်တာနော်...အဲ...ဒါဒါရေ.. .ဖျော်ရည်လေး တစ်ခွက်လောက် လုပ်ပေးပါ...”
“ညီ က ဒီနေ့ နောက်ကျမယ်ဆိုလို့ ၀င်ခေါ်တာ..”
၀ိုင်း ခေါင်းညိတ်ရင်း လုပ်လက်စ ပန်းကပ်တွေကို လက်နဲ့ အဆက်မပြတ် ဆွဲ ပြနေရသည်..။
“ကိုကြီး ခုမှ အိမ် ပြန်မှာမလား..ဝိုင်းက ကြာဦးမှာ...အားနာတယ်..”
“အားနာရင် ကုတ်တစ်ထည် ချုပ်ပေးလေ...”
“အဟွန်း....ဒီဇိုင်းရိုးရိုးတွေပဲ ချုပ်တက်တယ်....တကယ်လိုအပ်ရင် ဝိုင်း သူငယ်ချင်း တစ်ယောက်ဆီမှာ အပ်ပေးမယ်လေ..”
"မချုပ်ပေးချင်တာ သိသာတယ် အဟွင်း..”
“ကိုကြီးကိုပေးလိုက်ပါ....”
ဖျော်ရည် လာကမ်းပေးတဲ့ ကောင်မလေးကို ပြုံးပြပြီး ဖျော်ရည်ခွက်ကို ခုံပေါ် ပြန်ချထားလိုက်ရသည်..။
ရှေ့မှာ ပေကြိုးကို လည်ဂုတ်မှာ ချိတ်ပြီး ခဲတံ စာအုပ်နဲ့ အလုပ်ရှုပ်နေတဲ့ ဝိုင်းကို ကြည့်ခါ ပြုံးလိုက်မိသည်..။
ငယ်ငယ်က သူ အရမ်းဖြစ်ချင်ခဲ့တဲ့ ဆရာ၀န် ဘ၀ မရတော့ ..ရတာနဲ့ ဖြစ်အောင် လုပ်နေသလား မှတ်ရတယ်...
အောင်သွေး အတွေးတွေနဲ့ ပြုံးလိုက်ပြီး အတိတ်တွေဆီကို ခရီးဆန့်မိသည်..။
ဦးလေးကျော် မိန်းမ မရှိတော့ကတည်းက ပုံ့က ဒီဘက်အိမ်ကို လုံးလုံးရောက်လာသည်..။
၀ိုင်းကတော့အိမ်အလုပ်တွေလုပ်ပြီးမှ လာလည်တက်သည်..။
အသက်ငယ်ငယ်နဲ့ လူကြီးတာ၀န်တွေယူရတဲ့ ဝိုင်းကို ကရုဏာ ဖြစ်ပြီး ပိုချစ်ရပါသည်..။
မာန်သွေးနဲ့ ရန်ဖြစ်တိုင်း ဝိုင်းဘက်ကလိုက်ပြီး ကာကွယ်ပေးမိသည်..။
ညပိုင်း စာပြပြီးလို့ သူစာတွေ ကောင်းကောင်း လုပ်နိုင်တဲ့နေ့ဆိုရင်
တောင်းဆိုတာ တစ်ခုတည်း..။
“ကိုကြီး..ဒီနေ့ ဝိုင်း အင်္ဂလိပ်တွေ အကုန်ပြီးပြီနော်..”
“အဲဒီတော့...”
“ကိုကြီးကလည်း သိရဲ့သားနဲ့လေ..”
“မသိပါဘူး..”
အသားညိုညစ်ညစ်နဲ့ ဆံပင်ကောက်လိမ်နေတဲ့ ဝိုင်းက အတက်နိုင်ဆုံး လှလှပပလေး ဖြစ်အောင် ကြိုးစားပြီး ရယ်ပြရှာသည်...။
ထိုအခါတွင်တော့ အောင်သွေး ပြုံးရင်း ဘီဒိုထဲက ဂျူတီကုတ်နဲ့ Stethoscope ကို ထုတ်လိုက်ရတော့သည်..။
ဒီလိုညမျိုးဆို ဝိုင်းတို့ မျက်နှာ မှိုရထားတဲ့ အတိုင်း...။
အရပ်ရှည်တဲ့ အောင်သွေးရဲ့ ကုတ်က  ဝိုင်း ၀တ်လိုက်ရင် ခြေသလုံးအနားထိ ရောက်သွားပြီး လက်တွေကလည်း ရှည်ထွက်နေသည်..။
နားကြပ်ကို ပခုံးပေါ်တင်ပြီး စာအုပ်ပိုက်ခါ အခန်းထဲမှာ လမ်းလျှောက်တိုင်း အောင်သွေး ရယ်ခဲ့ရသည်..။
“ကိုကြီးကလည်း မရယ်ပါနဲ့..”
“ရယ်စရာကိုး...”
“ဝိုင်း ကြီးလာလို့ ဒီလို ၀တ်ရရင် အရမ်းလှမှာ သိလား..”
“ဟုတ်ပါပြီ..”
ပခုံးပေါ်က နားကြပ်ကို ဖြုတ်ပြီး နားမှာ ပြောင်းပြန်တက်တုန်းကလည်း အတော်ရယ်ခဲ့ရသေးသည်။
ထိုင်ကြည့်နေတဲ့ အောင်သွေး အနားကို ကပ်လာပြီး ရင်ဘတ်ကို နားကြပ်လာကပ်တော့လည်း ရယ်ရပြန်သည်..။
“မျကားဘူး..”
“ဘာမကြားတာလည်း...”
“နှလုံးခုန်သံလေ...”
“နှလုံးက ဘယ်မှာလည်း သိလို့လား....”
“ရင်ဘတ်မှာလေ...အလယ်မှာလေ...”
“ဟား..ဟား..ဒီမှာပါဗျာ....”
နားကြပ်ကို နေရာရွေ့ပေးလိုက်တော့ မျက်လုံးလေးအပေါ်လှန်ပြီး အာရုံစိုက်၍ သေချာနားထောင်နေပြန်သည်..။
အောက်နှုတ်ခမ်းကို သွားဖြင့်ကိုက်ခါ မျက်လုံးဝိုင်းပြီး နားထောင်နေတဲ့ ဝိုင်းကြောင့် အသက်ရှုနှုန်းတွေနှေးကျသွားသလို ထင်ရသည်..။
“ဟ...ကြားပြီ...ကြားပြီ..ကိုကြီး..”
အရောင်လက်နေတဲ့ မျက်လုံးဝိုင်းလေးတွေနဲ့ ပျော်ရွှင်နေတဲ့ မျက်နှာလေးကြောင့်  အောင်သွေးလည်း ပြုံးမိသည်.။
ဆရာ၀န် မဖြစ်ခဲ့ပေမဲ့....သူ့နယ်ပယ်မှာ သူ ကျွမ်းကျင်နေတာတွေ သိပါသည်..။
ဟိုနေ့က မထင်ထားပဲ တီဗွီထဲမှာတွေ့လိုက်ရတော့ သူ့အတွက် ဂုဏ်ယူမိသည်..။
“ကိုကြီး စောင့်ရတာ ကြာလို့ ပျင်းနေပြီလား..”
အောင်သွေး ခေါင်းရမ်းပြလိုက်တော့မှ သွားထပ် ကလေးတွေ ပေါ်အောင်ပြုံးပြပြီး ရှေ့က အလုပ်ဆီ ပြန်လှည့်သွားသည်..။
လည်တိုင် ဖြူဖြူမှာ ရွှေဆွဲကြိုးမျှင်လေးက ထင်းနေသည်..။
ဆံပင်ရှည်တွေကို ဆံထုံးထားပြီး ဆံထိုး တစ်ခု ထိုးထားတာ မျက်နှာလေးက ပိုပေါ်သည်..။
“ဝိုင်း...ဟာ...ဆံပင်ညှပ်ပြန်ပြီလား..”
“အင်းလေ....ကျောင်းမှာ ကပ္ပလီမလေးလို့ စကြလို့...”
တစ်လက်မသာသာ ကျန်တော့သည့် ဝိုင်း ခေါင်းကို ကြည့်ပြီး ညီ က ရယ်နေပေမဲ့ အောင်သွေးကတော့ သက်ပြင်းချခဲ့ရသည်..။
“နောက်ဆို မညှပ်နဲ့တော့နော်...ဝိုင်းက ဆံပင်ရှည်ကြီးနဲ့ဆို လှမှာကွ..အခုတော့ ဘာပုံလေးမှန်းကို မသိတော့ဘူး..”
“ဝိုင်းက အသားလည်းမဲတယ်...”
“နေပူထဲအမြဲ သွားရတာကိုး..နောက်တော့ ဖြူမှာပေါ့...ဝိုင်းငယ်ငယ်က အသားဖြူတယ်..”
“ကိုကြီး နဲ့ စကားပြောရတာ စိတ်ချမ်းသာတယ်...ဟိုကောင်မာန်သွေးက ဝိုင်းကိုတွေ့တာနဲ့ ကပ္ပလီမလေးလို့ပဲ ခေါ်နေတာပဲ...အဲဒါကြောင့် ဝိုင်းက ကိုကြီးကိုပဲ ချစ်တာသိလား..”
ခဏခဏ ကြွေးကြော်ဖူးခဲ့တဲ့ ဒီစကားကို မရိုးမသား မျှော်လင့် ရင်ခုန်ခဲ့တယ်ဆိုတာ ကိုယ်တိုင်က လွဲလို့ ဘယ်သူမှ သိမယ် မထင်..။
“မမူ..”
“သြော်...ကိုနိုင်ဦး...လာလေ...”
ဆိုင်ထဲက တစ်ဆင့် ဖြတ်ပြီး အလုပ်ခန်းထဲ ၀င်လာတဲ့ ထိုသူကို အကဲခတ်ရင်း ကြည့်နေမိသည်..။
၀ိုင်းကတော့ သူ့ ထုံးစံအတိုင်း အပြုံးတွေ လှိုင်လှိုင်ဖြင့် ကြိုဆိုနေပြန်ပြီ..။
“ဧည့်သည် ရှိနေတာလား..”
“ရပါတယ်...ခဏထိုင်နော် ကိုနိုင်ဦး...သီတာ ကိုယ်တိုင်းက ဖုန်းနဲ့ပဲ ရတာဆိုတော့ တစ်ခေါက်စမ်း၀တ်ဖို့ လိုတယ်လေ...”
“ဟုတ်တယ်...မယ်သီတာကလည်း...မမူ ၀တ်စုံမှ မဟုတ်ရင် မ၀တ်ချင်ဘူး..”
“ကျွန်မ က သိပ်မအားလို့ ငြင်းပါသေးတယ်..မရပါဘူး..ဒီကလေး သိပ်ပူဆာတာလေ...”
“ပူဆာရင် ရမယ်ဆိုတာ သိနေတာကိုးဗျ...”
“အဟွင်း..ဟုတ်မယ်...”
၀ိုင်းက နီညိုရောင် ဂါ၀န်ကို ချိတ်နဲ့ ပဲ လှမ်းပေးပြီး ထိုသူကလည်း လှမ်းယူချိန် လက်ချင်းထိသွားတော့ အောင်သွေး မျက်မှေုာင်ကြုတ်မိပြန်သည်..။
“ကိုနိုင် ကားနဲ့ လာတာလား..”
“ဟုတ်တယ် မမူ..”
“ဒါဆို ချိတ်မဖြုတ်တော့ဘူး...မီးပူထိုးပြီးသားပဲ..”
“အင်း...ပြင်စရာ ရှိရင် မမူရှိမလား..”
“အိုး ကိုနိုင်ကလည်း အခုကတည်းပြောနေတော့ အားတောင်ငယ်တယ်...ပြင်စရာမလိုအောင်ကြိုးစားထားပါတယ်..လိုရင် ပြန်သာယူလာခဲ့..”
ကလေး တစ်ယောက်လို နှုတ်ခမ်းစူပြီးပြောတော့ အောင်သွေး မျက်ခုံးတွန့် လိုက်မိသည်..။
သူ့ကိုယ်သူ ကလေးများ မှတ်နေတာလား မသိဘူး...။
လူတကာကို ကလေးလို ဆက်ဆံနေတာ
အဲဒီ့ လူတွေက ဘယ်လိုမျက်လုံးတွေနဲ့ ကြည့်နေလည်း ဆိုတာ နည်းနည်းမှ သတိမထားဘူးလေ..။
“ဟူး...”
“မမ ဒီတစ်ခါတော့တော်တော် ပင်ပန်းတယ်နော်..”
“အေးလေ..အနားနီးမှ ကပ်ပြောတာကိုး..ဒါတောင် အားလုံး ကူလို့ပြီးသွားတါပါ..ဒီဇိုင်းအတွက် တစ်ညလုံး စဉ်းစားလိုက်ရတယ်..”
ဘေးမှာထိုင်နေတဲ့ အောင်သွေးကို သတိမေ့ပြီး ဇက်ချိုးခါ ညီးတွားပြောနေသည်။
“နေမကောင်းဖြစ်ထားတာတောင် မအိပ်ဘူးလား..”
“အဲ....ဒေါက်တာကြီး သိသွားပြီ....ဒါဒါရေ....တို့တော့ အဆူခံထိတော့မယ်..”
“ဝိုင်း အတွက်ပြောတာပါ...”
“ဟုတ်ပါတယ်....ဝိုင်းလည်း သိပါတယ်..ကိုကြီးရဲ့....အခုက အရေးကြီးလို့ပါ မိတ်လည်း မပျက်ချင်ဘူးလေ...ဝိုင်း အလုပ်စလုပ်ခါစ လူသိပ်မသိခင် ကတည်းက  အမြဲ ဝိုင်းဆီကို အပ်တာ..”
“ဟုတ်တာပေါ့...”
အောင်သွေး နှုတ်ခမ်းမဲ့ပြီး ထောက်ခံလိုက်တော့ မျက်ခုံးလေး နှစ်ခု ဆိုင်သွားအောင် လူကို စူးဆိုက်ကြည့်ခါ...
“ရွဲ့ပြန်တာလား..”
“ဟား..ဟား..မဟုတ်ပါဘူး...အလုပ်ပြီးတဲ့ အထိ ထိုင်စောင့်ရမှာနော်..”
“သြော်..ဟုတ်သား...ခဏပဲ ကိုကြီး...”
အ၀တ်စတွေနဲ့ ပြန်အလုပ်ရှုပ်နေတဲ့ ဝိုင်းကို ကြည့်ရင်း သက်ပြင်းခိုးချလိုက်မိသည်..။
၀ိုင်း နဲ့ ညီ က တစ်ယောက်ကို တစ်ယောက် မချစ်ပဲနဲ့ ဘာလို့ လက်ထပ်ဖို့ စီစဉ်နေကြတာလည်း...။
မေးခွန်းတွေ အတွက် အဖြေ မရှိသေးပေမဲ့ စိတ်ပင်ပန်းရသည်..။
တစ်နေ့ထက် တစ်နေ့ ပိုဝေးလာသလိုပါပဲလား ဝိုင်းရယ်...။
.
“ကိုကို...”
အနားကိုရောက်လာတဲ့ ခြေတစ်စုံ ပိုင်ရှင် ကို မော့ကြည့်ပြီး ပုံ့ ပြုံးပြလိုက်သည်။
“ဘာတွေ လုပ်နေတာလည်း..”
“ကျောက်တုံးတွေ စီနေတာလေ...”
“ပုံ့ကလည်း ဒီကျောက်တုံးတွေကိုပဲ အလုပ်ရှာနေတာပဲ...ပြန်စီလိုက် ပြန်ရွေ့လိုက်နဲ့ တစ်နေ့ တစ်မျိုးလုပ်နေတယ်...”
“ဟိ..ပျင်းလို့ပါ ကိုကိုရဲ့...”
“ဝိုင်းကော..”
“ပြန်မလာသေးဘူးလေ...”
ဒီဘက်ခြံကို ကိုကိုရောက်လာတော့ ပုံ့ ဆီကို လာတယ်လို့ ထင်ခဲ့မိတာ အခုတော့ မမကြောင့် ရောက်လာတာပဲ...။
မနက်ကို သွားမတွေ့တာ သုံးရက်ရှိပြီ ကိုကိုကတော့ ဘာမှ မဖြစ်သလိုပါပဲ...။
ဘာဖြစ်လို့ မလာတာလည်း ဆိုတဲ့ မေးခွန်း အတွက် အဖြေမရှိပေမဲ့ ကိုကို မေးလာရင်လို့ မျှော်လင့်ခဲ့မိသေးသည်..။
ကိုကိုက ပုံ့ကို စိတ်ထဲတောင် မရှိတော့ပါဘူးလေ...။
“ဟော..ပြန်လာပြီ..”
ခြံထဲကို ကားချိုးကွေ့ ၀င်လာတော့ ကိုကို က ခြေလှမ်းကြဲနဲ့ ကားအနားကို ခပ်သွက်သွက် လျှောက်သွားသည်..။
ပုံ့ လက်က မြေကြီးတွေကို ခါ လိုက်ပြီး ကိုကို့ နောက်ကနေ ပြေးလိုက်သွားလိုက်သည်..။
“အိုး..နောက်ကျလိုက်တာ...”
“ဟုတ်တယ်...အလုပ် လက်စသတ်နေရလို့..”
“ကိုကြီး လာမခေါ်လို့ မပြန်ရဘူး ထင်နေတာ..”
“ကျွန်တော်မျိုး ညနေ လေးနာရီကတည်းက သွားကြိုပါတယ်ဗျာ..”
“ဟား..ဟား...ကိုကြီး ကလည်း..ညီပြောတာက..”
“တော်ပါပြီ...မောင်ရင် ပြောတာ ကိုယ် သဘောပေါက်ပါတယ်..”
“ဟိ..တကယ်တူတယ်နော်...”
“သွားပြီ...”
“ဟုတ်...”
ကိုကြီးက လက်ပြပြီး ခြံကူးသွားတော့မှ ပုံ့ နဲ့ မမ က အိမ်ဘက်ကို လျှောက်လာခဲ့ရသည်..။
“သြော်...မာန်...မပြန်နဲ့ဦးနော်...နင့် အတွက် ကြက်ကြော်ပေးမယ်..”
“စားရပြီပေါ့လေ...ဒါပေမဲ့ ငါ ရေမချိုးရသေးဘူးဟ...”
“ဒါဆို ငါ ပြီးရင် လာပို့ပေးမယ်..”
“အိုကေ...”
ကိုကို ပြန်သွားတော့ မမ က ပြုံးရင်း အခန်းထဲကို ၀င်သွားသည်..။
မာန် တဲ့...မမ ရဲ့ အခေါ်အဝေါ်လေးတွေ ပြောင်းသွားတာ သတိထားမိတော့ ပုံ့ရင်ထဲမှာ ဘယ်လိုကြီး ခံစားရမှန်းမသိ...။
အိုး..မကောင်းတဲ့ ဒီ ခံစားချက်တွေကို မုန်းလိုက်တာ....မုန်းတယ်...။
ပုံ့ ခေါင်းအုံးကို ထုရိုက်ရင်း မျက်ရည်မကျပဲ ရှိုက်လိုက်မိသည်..။
“ပုံ့ရေ...”
“ရှင်...”
“လာလေ..ဟိုဘက်အိမ်သွားမယ်..”
“မမ သွားလိုက်..ပုံ့  ဂိမ်းဆော့နေလို့ ပြီးရင် လိုက်လာမယ်..”
“အိုး...အဖော်လိုက်ပါဆိုမှ...လာရင် သော့ချိတ်ခဲ့နော်..”
“ဟုတ်...”
မမ တံခါး ပိတ်သံကိုကြားတော့မှ မျက်ရည်တစ်စက်ထပ် ကျသွားရသည်..။
ကိုကို နဲ့ ပုံ့က အခုတော့ သူစိမ်းတွေ ဖြစ်သွားရပြီ...။
မမ နဲ့ ကိုကို့ ကို သဘောတူပါတယ်...ဒါပေမဲ့ အရင်တုန်းက ကိုကို့ ကို လွမ်းရသည်..။
.
“ဟော....သမီး”
“ဖေဖေကြီး စားပြီးပြီလား..”
“ပြီးပြီ..သမီးရဲ့..”
“ဝိုင်းက ကြက်ကြော်လာတာ...”
“သမီး မေမေ တို့ စားနေတယ်..”
“ဟုတ်...”
၀ိုင်း ထမင်းစားခန်းထဲကို ရောက်တော့ မေမေကြည်က ထမင်းလက်စ သတ်နေပြီ..။
ကိုကြီး နဲ့ မာန်သွေးကတော့ စားလက်စ ပဲ ရှိသေးလို့ ခုံမှာ ၀င်ထိုင်လိုက်ရသည်..။
“နင့် ကြက်ကြော်စောင့်နေရတာ အူကျုံ့နေပြီ..”
“အဝေးကြီးဆိုတော့...မလာနိုင်ရှာဘူးနော်..”
“ဟား..ဟား....”
“မေမေကြည် စားကြည့်ပါဦး....ဝိုင်း...အင်တာနက်က ကြည့်ပြီး ကြော်ထားတာ..”
“သမီးလက်ရာ က ကောင်းပြီးသားပါ...နောက်ဆို သမီးလက်ရာ အမြဲတမ်း  စားရတော့မှာနော်...”
“မေမေ ကလည်း ခုလည်း ဝိုင်း ဘာချက်ချက် လာကြွားနေတာပဲမလား..”
မာန်သွေးက ဝိုင်းကို ပြောဆိုပြီး ဝိုင်းယူလာတဲ့ ပန်းကန်ကို သူ့ဘက်ကိုဆွဲယူသည်။
“အိုး...မျကြားပါဘူး..”
“ကိုကြီး စားကြည့်ပါလား..”
မာန်သွေး လှမ်းပေးလိုက်တော့ ကိုကြီးက ပန်းကန်ကြည့်ပြီး ခေါင်းရမ်းပြသည်..။
၀ိုင်း လက်ရာဆို ကဲ့ရဲ့ ဖို့က လွဲလို့ တစ်ခါမျှ ကိုင် မကြည့်ဖို့ ဆုံးဖြတ်ထားတယ် ထင်ပါရဲ့...။
“ဝိုင်း..မနက်ကျရင် လိုက်ပို့ဖို့ အဆင်မပြေဘူး....”
“ရပါတယ်..ကိုယ့်ဟာ့ကို သွားလိုက်မယ်..”
“ကိုကြီး လိုက်ပို့လိုက်ပါလား..”
မာန်သွေးက ကိုကြီးကို လှည့်ပြောတော့ ဝိုင်း စိတ်ရှုပ်ရသည်..။
သူလိုက်မပို့နိုင်လည်း တက္ကစီနဲ့ သွားရင်ရရဲ့သားနဲ့ ရှည်လိုက်တဲ့ မာန်သွေး...။
“ရတယ်လေ...ကိုကြီးက ၈ခွဲ သွားတာဆိုတော့ ဝိုင်း စောနေမလား..”
“ဟို...ကိုကြီးကို အားနာလို့ပါ..”
“ဟား..ဟား..မလိုပါဘူးကွာ...”
ကိုကြီးတို့ ထမင်းပန်းကန် လက်စသတ်နေတော့ ဝိုင်း ပြန်ဖို့ သတိရတော့သည်..။
ပုံ့ကလည်း ဂိမ်းထဲ ၀င်နေပြီ ထင်ပါရဲ့...
“ပြန်တော့မယ်...မေမေကြည်..”
“နေဦး...ငါ လိုက်ပို့မယ်..”
မာန်သွေးက ထမင်းပန်းကန်းယူသွားပြီး တစ်ခါတည်း ဆေးခါ မှောက်လိုက်သည်..။
ကိုကြီး နဲ့ အဲဒါတွေ ကွာတာပေါ့...။
အခုလည်း ကြည့်ပါလား ဘာမှမရှိတဲ့
ထမင်း ပန်းကန်ထဲ လက်ထည့်ပြီး ထိုင်နေတာ ကြာလှပြီ...
ဘာတွေ တွေးပြီး ဘာတွေ ငေးနေမှန်းကို မသိဘူး..။
ဆရာဝန်ဖြစ်ပြီး လေးလံနေလိုက်တာ....။
နေများမကောင်းလို့လား....။
"အင်”
အကြည့်ချင်း ဆုံသွားချိန်ရင်ထဲဒိန်းခနဲ့ ဖြစ်ခါ အိမ်ရှေ့ခန်းကို မြန်မြန်ထွက်လာ
ခဲ့ရသည်။
━━━━━━━☆☆━━━━━━━

ဒီနေ့ တအားစောသွားတယ် အားနာစရာကြီး ခစ်ခစ် 😁

အလုပ်ကလေးတွေ ရှိလို့ ညပိုင်းကွန့်မန့်မပြန်နိုင်ရင် ဆောရီးပါနော်....🙏
မနက်ဖြန်လည်း စာမတင်နိုင်ဘူး ထင်ပါရဲ့ 😧
အတက်နိုင်ဆုံးတော့ ကြိုးစားပါမယ်
လွဲနေတဲ့ ပိုင်ရှင်လေး တစ်ရက်မတင်ဖြစ်ရင် စိတ်မဆိုးပါနဲ့လို့
ကြိုတောင်းပန်ထားပါရစေ 💔😢

တစ်ချိန်တည်း ရေးရတာ မဟုတ်ပဲ
ရေးလိုက်နားလိုက်နဲ့မို့ အဆက် မမိဘူး...

စာလုံးပေါင်းလည်းမမှန် အရေးအသားလည်းမကောင်း
သည်းခံပြီးဖတ်ပေးတဲ့ စာဖတ်သူတိုင်းကို ကျေးဇူးအထူးထူးတင်ပါတယ် ❤

Love u all ❤
#စပိုက်ကာ

ပိုင်ရှင်Where stories live. Discover now