Part 18

3.2K 172 5
                                    

ပိုင်ရှင်
အပိုင်း (၁၈)
#ပိုင်ရှင်

“ကိုကြီး နဲ့ မမ ရန်ဖြစ်ထားလို့လား..”
“မဟုတ်ပါဘူး..”
မာန်သွေး က ၀င်ပြောလိုက်တော့ ကိုကြီး ဆီကို ရောက်နေတဲ့ ပုံ့ အကြည့်တွေက နေရာရွေ့လာသည်..။
“ဘာဖြစ်လို့လည်း ပုံ့..”
ရှေ့ခုံမှာ တင်ထားတဲ့ လိမ္မော်သီးလေးကို အခွံနွှာပြီး တစ်၀က်ခြမ်းခါ လှမ်းပေးရင်း မေးလိုက်သည်..။
ပုံ့ လိမ္မော်သီးကို လှမ်းယူလိုက်ပေမဲ့ ခုံမှာပဲ ပြန်ထား လိုက်ပြီး
“ပုံ့ စိတ်ထဲ ထင်နေတာပါ...”
“စိတ်ထဲ ထင်နေတာချည်းပဲလည်း မဟုတ်ဘူး..ကိုကြီး နဲ့  ဝိုင်း ရန်ဖြစ်ထားတာ မဟုတ်ဘူး..ဝိုင်းက အပြစ်လုပ်ထားလို့ စိတ်ဆိုးနေတာပါ...”
“ဟင်..မမ က အပြစ်လုပ်တယ်..”
“ဟုတ်တယ်..”
ကိုကြီးကတော့ ပုံ့ နဲ့ မာန်သွေးဘက်ကို လှည့်မကြည့်ပဲ တီဗွီကိုသာ စိတ်၀င်တစားကြည့်နေသည်..။
“ဘာလုပ်တာလည်းဟင်..”
“ဝိုင်း နဲ့ ဇော့် ကို တွဲတွေ့လို့ပါ..”
“အိုး..မမ နဲ့ ဇော် က ဘာမှ မဟုတ်ပါဘူး..”
“ဘာမှ မဟုတ်လို့ပဲ..”
ကိုကြီးဆီက တုန့်ပြန်သံ တစ်ချက်ကြားလိုက်ရတော့ ကိုကြီးလည်း ဒီ ကိစ္စကို ဖြေရှင်းချင်ပုံ ရသည်လို့ သတ်မှတ်လိုက်သည်..။
“ဟုတ်တယ် ဝိုင်း နဲ့ ဇော် ဆိုတဲ့ ကောင်လေးကို ဟိုဘက်လမ်း ရွက်ဝါ တည်းခိုခန်းက အတူတူ တွဲထွက်လာကြတာ ကိုကို တို့ နှစ်ယောက်စလုံးမြင်တယ်...ကိုကိုလည်း ဒေါသထွက်တယ် ကိုကြီးလည်း ဒေါသထွက်တယ်...ကိုကြီးကတော့ စိတ်မထိန်းနိုင်လို့ နည်းနည်းပါးပါး အော်မိသွားတယ်လေ..”
“မဟုတ်သေးပါဘူး..အဲဒါ ပုံ့ သူငယ်ချင်း နီနီ့ ကို သွားခေါ်တာပါ..”
“ဘယ်လို..”
“ပြောရမှာ တစ်မျိုးကြီးပဲ...နီနီက သူ့ကောင်လေးနဲ့ အိမ်ပြန်တာ အိမ်မပို့ပဲ အဲဒီ့တည်းခိုခန်းကို ခေါ်သွားတယ်လေ...မနက်ကျတော့ နီနီက အိမ်မပြန်ရဲပဲ သူ့ကိုယ်သူ တစ်ခုခု လုပ်ဖို့စီစဉ်နေတာ...ကျောင်းမှာ ပုံ့ တို့နဲ့ ဇော် က အတူတူ မုန့်စားနေချိန် ဖုန်း ကြည့်ရင်း  သိသွားတာ...ဇော်က မမ ကို သွားခေါ်ပြီး လိုက်သွားတယ်...အားလုံးပြိးတော့လည်း..မမ နဲ့ ဇော် က ပြန်သွားတာပါ...ပုံတို့လည်း တူတူပါတယ်..တကယ် သူတို့ က ဘာမှမဟုတ်ဘူး ကိုကိုရဲ့...မမ သာ ဇော့် အပေါ် စိတ်ဝင်စားရင် အစောကြီးကတည်းက လက်ခံလိုက်မှာပေါ့...အခု အချိန်ထိလည်း မမ ဘက်က ဖြူဖြူစင်စင်ပါပဲ...”
“ဒါဆို...သူတို့ နှစ်ယောက်က..”
“ဟာ..ဘာမှ မဟုတ်ဘူး..မမ က ရိုးရိုးအေးအေးပေမဲ့ အရမ်းမာနကြီးတာ ကိုကို မသိဘူးလား..”
“ကိုကို တွေ့လိုက်တာ....အင်း..ထားလိုက်ပါတော့...အမြင်နဲ့ အထင် တစ်ခုဖြစ်သွားတာပါ...ကိုကြီးလည်း မှားသွားတယ်..”
“အင်း...မမ က ဒီလို မဟုတ်ပါဘူး ကိုကိုရယ်....ဒါကြောင့် ညတိုင်းငိုနေတာကိုး...မမ သနားပါတယ်...မမ က ရှင်းပြလိုက်ပြီးရော....ကိုကြီး လည်း အမှန်သိရင် ဘယ်ဆူမလည်းနော့်..”
မာန်သွေး နဲ့ ကိုကြီး အကြည့်ချင်းဆုံသွားတော့ နောင်တအခိုးဝေနေတဲ့ မျက်အိမ်မှာ ရီဝေ၀ ဖြစ်နေသည်..။
ကိုကြီးလည်း စိတ်ထိခိုက်သွားမှာပါ...အမှားတစ်ခုနဲ့  ဝိုင်း ကို နာကျင်စေမိတာ သူ့ကိုယ်သူ အပြစ်တင်နေရပြီလေ...။
ကိုကြီးက သူ့ကိုယ်သူ မကျေနပ်သလို မျက်မှောင်ကြုတ်ခါ လက်သီးဆုတ်ရင်း ထရပ်တော့ မာန်သွေးလိုက်ကြည့်မိသည်..။
“ကိုကြီး..”
“ပုံ့...ဝိုင်း အိမ်မှာ ရှိလား...”
“အင်း...”
ကိုကြီးက အိမ်ရှေ့ တံခါး၀ က ထွက်သွားတော့မှ မာန်သွေး အကြည့်တွေ ပုံ့ဆီကို ပြန်ရောက်လာသည်..။
နောက် တစ်မှု လက်ကျန်ရှင်းရဦးမည်..။
“ပုံ့...”
“ဟင်...”
“ညီမလေး နဲ့ ဖြိုး အဆင်ပြေလား..”
“ဟုတ်...”
“ကိုကို့ ကို မလိမ်နဲ့နော်...”
“မလိမ်ပါဘူး ကိုကိုရဲ့.....”
ပုံ့ အကြည့်တွေ လိမ္မော်သီးလေးတွေဆီပို့ပြီး တစ်စိပ်ယူခါ စားလိုက်တော့ ကိုကို က လိုက်ငေးကြည့်နေသည်..။
ဖြိုးလေးနဲ့ ပုံ့ စကားမပြောတာ နှစ်ပတ်တောင် ကျော်လာခဲ့ပြီပဲ...
ကိုကို့ ကို ရင်ဖွင့်ချင်ပေမဲ့ အားနာသည်..။
ကိုကို့ ပခုံးကို မှီ ပြီး မမ ငိုနေတာ တွေ့တော့ စိတ်ထဲမှာ ဘယ်လို ခံစားရမှန်း မသိ...။
တစ်စုံတစ်ခု လစ်ဟာသွားသလို ပျောက်ဆုံးသွားသလိုသာ ခံစားရသည်..။
ကိုကို က မမ ကို အားပေး နှစ်သိမ့်တာလည်း ဖြစ်နိုင်ပါတယ်...။
ဒါပေမဲ့ ပုံ့ စိတ်ထဲမှာ အတွေးတွေဖြင့် ရှုပ်နေရသည်..။
ကိုကို နဲ့ မမ တစ်ခုခု ပတ်သက်နေရင်တောင် ပုံ့က ၀မ်းသာရမဲ့ သူပါ...
အခုတော့ ဘာတွေဖြစ်နေတာလည်း...။
ကိုယ့်စိတ်ကို ကိုယ် ဒေါသထွက်မိသလို ကိုကို့ အနားကို ရောက်ရင် ၀မ်းနည်းရသည်..။
အရင်လို ရင်ဖွင့်ဖို့ စဉ်းစားမိတိုင်း မြိုသိပ်နိုင်ဖို့ ကြိုးစားနေရသည်။
“ကိုကို ကဗျာ ရေးသေးလား..”
“ဟင့်အင်း...”
“လိမ်ပြန်ပြီ...ယုံဘူး...”
ပုံ့ လှေကားတွေကိုပြေးတက်လာခါ ကိုကို့ အခန်းထဲကို အရင်အတိုင်း ၀င်လိုက်သည်..။
ပြတင်းပေါက်တစ်ဆင့် ပုံ့တို့ အိမ်ဘက်ကို လှမ်းကြည့်လိုက်မိတော့ ရင်ထဲ တစ်မျိုး ဖြစ်သွားသည်..။
ကိုကိုက ဒီပြတင်းပေါက် က တစ်ဆင့် မမ ကို အမြဲတမ်း ငေးကြည့်နေခဲ့တာလား...။
ပုံ့ ရဲ့ စိတ်တွေကို ပြန်စုစည်းပြီး စားပွဲပေါ်က စာအုပ်မှာ ညှပ်ထားတဲ့ စက္ကူခေါက်လေးကို ဆွဲယူလိုက်သည်..။
“တစ်ပါးသူ ရင်ခွင်မှာ
ပျော်နေတယ် ဆို
ကိုယ့် နှလုံးသား
နာကျင်ပေမဲ့
ပြုံးနေပေးမယ်
ပုလဲမျက်ရည်လေး
နုပါးပြင်၀ယ်
ဖြတ်သန်းခွင့်မပြု
မင်း မျက်ရည်က
ကိုယ့် နှလုံးသားရဲ့
သွေးစက်စက်ပါ...။
စာရွက်ကလေးကို ခေါက်ပြီး သက်ပြင်းချရင်း ငိုင်နေမိသည်..။
ကိုကို့ရဲ့ ကဗျာတွေက မမ ကို ရည်ရွယ်ထားတာလား..။
မမ ကံကောင်းပါတယ်...ကိုကို့လို အချစ်ကြီး ချစ်တက်သူ ရဲ့ အချစ်ကို ရထားတာလေ...။
ပုံ့လည်း မမ အတွက် ၀မ်းသာသင့်ပါတယ်လေ...။
.
“ဝိုင်း..”
“ဟင်..”
အိမ်ရှေ့က ခေါ်သံနဲ့ အတူ ၀င်လာတာကိုကြီး ဖြစ်နေတော့ ဝိုင်း မယုံနိုင်ခြင်း များစွာဖြင့် မျက်လုံးပြူးနေမိသည်..။
လက်ထဲက ဆွဲလက်စ ဒီဇိုင်းစာအုပ်ကို ခုံမှာ ချပြီး ထသွားလိုက်တော့ ကိုကြီးက အခန်း၀ကိုရောက်နေပြီ..။
“ဝိုင်း..”
“...”
နှုတ်ဆိတ်လို့ မျက်နှာထား တည်တည် ဖြင့် ရပ်နေတဲ့ ဝိုင်း အနားကို တိုးသွားလိုက်မိသည်..။
“ဝိုင်း..”
“...”
စကားသံတိုးတိုး ကို ပြောဖို့တောင် အောင်သွေး မှာ လည်ချောင်းတွေခြောက်ပြီး ပြောဖို့ခက်နေရသည်..။
အကောင်းဆုံး စကားလုံးတွေကို ရှာဖွေနေချိန်...
“ဘယ်သူ နဲ့ တွေ့ချင်လို့လည်း “
“ဟင်...ကိုကြီး...ဝိုင်းဆီ လာတာပါ..”
“ဟုတ်ကဲ့...ဘာပြောစရာ ရှိလို့လည်း..”
သူစိမ်းဆန်တဲ့ စကားလုံးတွေ နဲ့အတူ တင်းမာ ပြတ်သားလွန်းသည့် မျက်နှာထားကို အောင်သွေး စိတ်မဆိုးမိတော့ပါ...
စကားလုံးတွေ အများကြီးနဲ့ ဝိုင်းကို စော်ကားခဲ့မိတယ်...။
ဒါတွေကို ဘယ်လို ပြန်ပေးဆပ်ရမလည်း ကြိုတင် မတွေးရဲပါ..။
“ကိုကြီး မှားခဲ့တယ်...ဝိုင်းကို အထင်လွဲပြီး..”
“ပြန်ပါတော့...”
“ဝိုင်း..”
“ကျွန်မ က အဲလို မိန်းမ ပါ ဒါကြောင့် နှစ်ယောက်တည်း ရှိနေရင် ဒေါက်တာ သိက္ခာ ကျနေပါ့မယ်..ပြန်ပါ...”
“ဝိုင်း...ကိုကြီး တောင်းပန်နေတာပါ...ဒါကရုဏာ ဒေါသဆိုတာ ဝိုင်းသိသင့်တယ်..”
“သိတာပေါ့...ကျေးဇူးလည်း တင်ပါတယ်...ပြန်ပါတော့...”
“ဝိုင်း...ကျေနပ်တဲ့ အထိ ကိုကြီး တောင်းပန် ပါရစေ...”
“မကျေနပ်စရာ အကြောင်းလည်း မရှိဘူး..ဒေါက်တာ သိက္ခာ ကျမှာစိုးလို့ပါ...”
“ဝိုင်း..”
“နေပါ...ကျွန်မ ထွက်သွားမယ်...ဆိုင်သွားစရာ ရှိတယ်...”
၀ိုင်း ထွက်သွားတော့ အောင်သွေး ပြေးလိုက်ပေမဲ့ ကားပေါ်ရောက်ပြီး ကားတောင် စက်နှိုးနေပြီ...။
ကိုယ် မှားခဲ့တဲ့ အမှားကို ကိုယ်သိပါတယ်...။
ဒါပေမဲ့ ခွင့်လွှတ်မှုကို လိုချင်နေပြန်ပြီ...။
.
“ကိုကြီး..”
“ဟင်..”
“ဝိုင်းနဲ့ တွေ့ဖြစ်လား..”
“အင်း.... တစ်ပတ်လုံး ကိုကြီးကို ရှောင်နေတယ်..”
“အရမ်းတော့ မပြောပါနဲ့ အဝေးကို ထွက်သွားမှ ပိုဆိုးနေမယ်..”
“ဟုတ်တယ်...သူ ကျေနပ်တဲ့ အထိ တောင်းပန်ရဦးမယ်..”
မာန်သွေး သက်ပြင်းချရင်း အခန်းထဲက ထွက်လာခဲ့လိုက်ရသည်..။
အောက်ထပ်ဆင်းလာတော့ မေမေ့ နဲ့ ပုံ့ က တီဗွီ ထိုင်ကြည့်နေကြသည်.။
“ပုံ့ မနက်ကျရင် ဝိုင်း အလုပ်ရှိတယ်ဆို..”
“ဟုတ်တယ် ကိုကို...အိမ်က ကားက ၀ပ်ရှော့ ပို့ထားရတယ်...”
“ဒါဆို ကိုကို့ ကို လာနှိုးလိုက်လေ...မနက်ကျ အလုပ်သွားရင်း တစ်ခါတည်း ပိုပေးခဲ့မယ်..”
“ဟုတ်...”
မာန်သွေး အိမ်ရှေ့ခြံထဲ ဆင်းလာတော့ ယုဇန ပန်းတွေက တစ်ပင်လုံး ဖွေးလှုပ်အောင်ပွင့်နေသည်..။
စံပယ်ပန်းကို ဖြူလို့ ကြိုက်တာဆို ယုဇန ဆိုရင်ကော သူ ငြင်းမလား..။
ယုဇန ပန်းခက်ကလေးတွေကို ချိုးပြီး အစုတ်လိုက် ခြင်းထဲကို ထည့်သည်...။
ခြင်းအပြည့်ရတော့မှ အိမ်ပေါ် ပြန်တက်လာခဲ့ပြီး ပန်းခွေလေး လုပ်ဖို့ ပြင်ရသည်..။
“သား ဘာရှာနေတာလည်း..”
“သံကြိုးခွေ ဖေဖေ...”
“သြော်...စတိုထဲမှာလေ...”
“ဟုတ်...”
သံကြိုးခွေကို ပိုင်းဖြတ်ပြီး အဝိုင်းလေး လုပ်ခါ ခေါင်းမှာ စွပ်ရင်း သေချာ တိုင်းထွာရသည်..။
တီဗွီ ကြည့်နေရင်း ယုဇန အခက်လေးတွေကို သံကြိုးခွေမှာ ကပ်ပြီး တိပ်နဲ့ ပတ်နေမိသည်..။
“ဘာလုပ်နေတာလည်း ညီ..”
“ပန်းခွေ လုပ်နေတာလေ..”
“ဟဲ့..”
မေမေရဲ့ ဟန့်တား သံကြောင့် မာန်သွေး လုပ်လက်စကို ရပ်ပြီး ကြောင်သွားရသည်..။
ပြီးတော့မှ သဘောပေါက်ပြီး တဟာဟား အော်ရယ်မိတော့သည်..။
“ပန်းခွေ မဟုတ်ဘူး..ခေါင်းမှာ ပန်တဲ့ ပန်းကွင်းလေးကို ပြောတာပါ မေမေရဲ့..”
“သြော်...မသိပါဘူး..”
ကိုကြီး ကလည်း တီင်္ဗွီ ပြန်ကြည့်နေသလို အားလုံး အကြည့်တွေ တီဗွီဆီ ရောက်သွားတော့မှ မာန်သွေးလည်း ကိုယ့်အလုပ် ကိုယ်ပြန်လုပ်ရသည်..။
“ပြီးပြီ..”
တိတ်နဲ့ ကတ်ကြေးကို  ခုံပေါ်တင်လိုက်ပြီး ပန်းခွေလေးကို လှည့်ခါ ခေါင်းမှာစွပ်ကြည့်လိုက်သည်..။
“ဒီလိုကျတော့ လှသား..”
မေမေ့ရဲ့ ဝေဖန်ချက်ကြောင့် ပုံ့ကလည်း လှည့်ကြည့်ပြီး မျက်လုံးပြူးလေးဖြင့်...
‘အွင်း အဖြူအစိမ်းလေး ပန်းတွေများတော့ မွှေးနေမှာပဲနော်ကိုိကို...”
“အင်း...”
“မင်းက ပန်းပန်ဖို့ ဟုတ်လား ညီ...”
“မဟုတ်ပါဘူး..”
မာန်သွေး ပန်းခွေလေးကို ခေါင်းကနေ ချွတ်ပြီး အိမ်ရှေ့ဘက်ကို ထွက်လာခဲ့လိုက်သည်..
ညမိုးချူပ်ကြီး သူတို့ အိမ်ဘက် သွားရတာ မကောင်းလို့ အခြေအနေ ကို ကြည့်လိုက်တော့ ဝိုင်းက ဒန်းပေါ်မှာ ထိုင်နေသည်..။
ခြံတံခါး  သေးလေးကို တွန်းဖွင့်ပြီး ဟိုဘက်ခြံကို ကူးသွားတဲ့ အထိ ဒန်းပေါ်မှာ အ၀တ်စ တစ်ခုနဲ့ အလုပ်ရှုပ်နေတုန်းပင်..။
“ဟဲ့...”
“ဟင်..မာန်သွေး..”
“ငါ့ အကိုကြီး ကို မောင်းထုတ်တယ်ဆို...”
‘မမောင်းထုတ်ပါ ဘူး..ငါပဲ ထွက်ပြေးနေရတာ..”
“ဘယ် အချိန်ထိပြေးမှာလည်း..သူကတော့ လိုက်နေမှာပဲ..”
“အဲဒါ ပြောဖို့လာတာလား..”
မာန်သွေး ခြံထဲကို တစ်ပတ်လည်အောင် လိုက်ကြည့်ပြီး..
“အင်း ကျန်သေးတယ်...နင်တို့ ခြံထဲမှာ နှင်းဆီ ပဲ ရှိတယ်နော်...ငါတို့ ခြံထဲမှာ ယုဇနတွေ အများကြီးပွင့်နေတယ်..”
‘ဟုတ်လား..”
“အရမ်းမွှေးတာ..”
“အင်း ညလေ မို့လို့ ဖြစ်မယ်..ဒီကတောင် အနံ့ရတယ်...”
“အဟား..နှာခေါင်းအာရုံ ကောင်းတာပဲ...”
“ဟင်...”
“ဒီမှာ...”
ဒန်းပေါ်မှာ ထိုင်နေတဲ့ ဝိုင်းရဲ့ ခေါင်းပေါ်ကို ပန်းခွေလေး စွပ်ပေးလိုက်တော့ မော့ကြည့်ပြီး လက်နဲ့ လိုက်စမ်းသည်.။
“ဟဲ့..ဖြည်းဖြည်း..ကြွေကုန်မယ်..”
“ဟယ်....”
၀ိုင်းက ဆွဲချွတ်ပြိး မျက်လုံးပြူးဖြင့် သေချာ လှည့်ပတ်ကြည့်နေတော့ မာန်သွေး ပြုံးမိသည်..။
ဆံပင်ရှည်တွေသာ ဖြန့်ချလိုက်ပြီး ဒါလေး ပန်ထားရင် တကယ့် မင်းသမီး နဲ့ တူမှာပါ...။
“ကြိုက်လား..”
“အင်း..နင် လုပ်တာလား..”
‘ဟုတ်တယ်..လက်ညောင်းတယ်...အများကြီးပွင့်နေတော့ နင့် ဆံပင်ရှည်တွေကို သတိရလို့လုပ်ဖြစ်တာ..”
“ကျေးဇူးပဲ...နင်က ဒါလည်း ရတာပဲ...”
“ဟား..ဟား...ဒီတိုင်းလုပ်ကြည့်တာပ ါ... ပြန်မယ်...ဦးလေးကျော် ကော..”
“အထဲမှာ တီဗွီကြည့်နေတယ်...”
“ပုံ့ က ငါတို့ အိမ်မှာ နင်က တစ်ယောက်တည်းလား... အိမ်ကိုလာလေ...”
“အင်း...ဂါဝန်ဆွဲနေလို့...မနက်မှ လာမယ်..”
“အိုး မနက်ကျ ငါ့ကို လာနှိုးဦးနော်...ငါ လိုက်ပို့ပေးမယ်..”
“ငါက ညင်ညင်သာသာ မနှိုးတက်ဘူး...”
“ပါးကိုလိမ်ရင် နိုးပါတယ်ဟာ....”
“အေး ပြီးရော...”
မာန်သွေး လက်ပြ နှုတ်ဆက်ပြီး ခြံတံခါး အနားရောက်တော့မှ ထမင်းစားခန်း ပြတင်းပေါက်က ကိုကြီး အရိပ်က ရွေ့သွားသည်..။
ဒီလောက်ဖြစ်နေလည်း ကိုယ်တိုင် တစ်ခုခုလုပ်ပေးပြီး ချော့လိုက်ပါလား...
အိမ်မှာလည်း အားလုံး အမျိုးမျိုးတွေ...။
ဒီလိုနဲ့ လူပျို ကျန်ရစ်ကြီး ဖြစ်မှာ မြင်ယောင်ပါသေးတယ်...။
.
“ညီမလေး...အဆင်ပြေရဲ့လား..”
ပုံ့ကို အိမ်ပြန်လိုက်ပို့ရင်း စိတ်ထဲမှာ နှိပ်စက်နေတဲ့ မေးခွန်းတွေကြောင့် စံပယ်ပင်ရုံနားမှာ ခြေစုံရပ်ပြီး မေးလိုက်ရသည်..။
“အင်း..”
“ရန်ဖြစ်ကြသေးတယ်မလား..”
“နည်းနည်းပါ...”
“ကောင်လေး အိမ်ကိုမလာတာ ကြာပြီနော်...”
“အင်း..”
“ဆောရီး ကိုကို အနေအထိုင် မတက်လို့ပါ...လိုအပ်ရင်..ကိုကိုလည်း ရှင်းပြပေးပါ့မယ်”
“သူ့ကိုယ်က သ၀န်တိုလွန်းတာပါ ကိုကိုရာ...”
ပုံ့က ၀န်ခံလိုက်တော့ မာန်သွေး ရင်ထဲ ဆွေးသွားရသည်.။
ကိုယ့်ကြောင့် သူတို့ ပြဿနာတက်နေတာ သေချာသွားပြီ....။
“သူလည်း မလွန်ပါဘူး...ယောင်္ကျား တစ်ယောက် က သူ့ချစ်သူကို သူ တစ်ယောက်တည်း ပိုင်ဆိုင် ချင်တာလေ...နားလည်ပေးလိုက်ပေါ့...ညီမလေး လည်း စိတ်ညစ်နေမှာပဲ...”
“ဟင့်အင်း..”
ခေါင်းရမ်း ငြင်းဆန်နေပေမဲ့ မျက်ရည်စတို့ တွဲခိုနေတော့ မာန်သွေး ရင်မောရသည်..။
ဒီလို ကလေးဆန်တဲ့ မျက်နှာနုနုလေးမှာ မျက်ရည်တွေတင်တာ ကိုယ့်ကြောင့်ဆိုတော့ ပိုခံစားရသည်..။
နောက်ဆို အနေအထိုင် ဆင်ခြင်မှပါလေ...။
ခြံတံခါး အ၀အထိ လိုက်ပို့ပေးလိုက်ပြီး ရွေ့လျားကျောခိုင်းသွားတဲ့ ပုံ့ရဲ့ ပုံရိပ်က အမြင်တွေ၀၀ါးသွားသည်..။
.
“ကိုကို..”
မျက်တောင်ဖျားတွေ ဖိကပ်နေတဲ့ ကိုကို့ ကိုငေးကြည့်နေမိသည်..။
မျက်ခုံး နှစ်ခု အဆက် အကြားမှာ နှာတံ ကို ပုံဖော်ထားသလို ဖြောင့်စင်းခါ တန်းနေသည်..။
နဖူးစပ် ဆံပင်တွေက တိုကပ်ကပ်မို့ အိပ်နေပေမဲ့ ပွဖောင်း မနေ...
စောင်ခြုံ ကွေးခါ အိပ်နေတဲ့ ကိုကို့ ပုံရိပ်ကို အခုလောက် တစ်ခါမှ ကြာအောင်ငေးမကြည့်ဖူးခဲ့ပါ။
ငယ်ငယ်ကတည်းက အခန်းထဲရောက်ရင် စောင်ကို ဆွဲချပြီး လှုပ်နိုးမည်..။
မရရင် ကုတင်ပေါ် တက်ခုန်မည်...။
ထိုမျှ မရသေးရင် ကိုကို့ ခြေထောက်ကို ကလိထိုးပစ်မည်..။
ကိုကို ဆံပင်တွေကို ထိုးဖွ ဆွဲဆုပ်ကိုင်ခါ လှုပ်နှိုးမည်။
အခုတော့ တစ်ခါမှ စိတ်မဝင်စားခဲ့ဖူးသည့် ကိုကို့ မျက်နှာကိုသာ မျက်တောင်မခတ် ကြည့်နေမိသည်။
နားသယ်စပ်က စလို့ပါး တစ်လျှောက် ဆင်းလာသည့် အမွှေးအမျှင် ခပ်စစ ကို  ထိကိုင်ကြည့်ချင်သည်.။
“သြော်..ညီမလေး ရောက်နေတာကိုး..နှိုးမရဘူးလား..”
“ဟင်..”
အခန်းဝကနေ ဝင်လာတဲ့ မမ အသံကြောင့် ပုံ့ ရုတ်တရက် လန့်ခါ တုန်သွားရသည်။
‘ဖယ်..ဒီကောင်က ဒီလို နှိုးမှရတာ..”
မမက ပုံ့ကို ကျော်ပြီး အိပ်ပျော်နေတဲ့ ကိုကို့ အနားကို လျှောက်သွားသည်..။
မမ ခေါင်းမှာ စွပ်ထားတဲ့ ပန်းကွင်းလေးက တစ်ညကြာပြီးတာတောင် မွှေးပျံနေဆဲပင်..။
ဒီပန်းကွင်းလေးကို ကိုကို သေချာအာရုံစိုက်လုပ်နေတုန်းက ပုံ့ အတွက်လို့ တွေးပြီး ကြိတ်ပျော်နေခဲ့တာ...။
ပန်းကွင်းလေး ကိုင်ပြီး ကိုကို အိမ်ထဲက ထွက်သွားတော့မှ မမ အတွက် ရည်ရွယ်ပြီး လုပ်မှန်း သိလိုက်သည်..။
“ဟဲ့...မာန်...”
“အိုး..”
ကိုကို့ နှာခေါင်းကို မမ က ဖိဖျစ်လိုက်တော့ ကိုကို က လက်ကို ပြန်ဆွဲချပြီး ကိုင်ထားရင်း ပြန်အိပ်နေသည်..။
မမ က လက်ကို ရအောင် ရုန်းထွက်ပြီး နားကို လိမ်တော့ ကိုကို ထထိုင်တော့သည်.။
“နင်ကလေ....တကယ်...နာလိုက်တာ..”
ကိုကို က မျက်လုံးကို လက်ဖနှောင့်နဲ့ ဖိပွတ်ပြီး သေချာ ကြည့်ခါ ပုံ့ကို တွေ့တော့ ပြုံးပြသည်..။
“ညီအစ်မ နှစ်ယောက်စလုံး လာနှိုးရတာလား..ဆောရီး..”
“ဆောရီး မနေနဲ့ မြန်မြန်လုပ် ငါ နောက်ကျတော့မယ်...ဒီနေ့ ပစ္စည်း၀င်မှာလေ..”
“အေးပါ...အံမယ်...ဒါငါလုပ်ပေးတဲ့ ပန်းခွေလေးမလား...”
“ဟုတ်တယ်...မွေးလို့..”
“ကျေးဇူးတင်..”
ကိုကိုက ပုံ့ကို ရည်ရွယ်ပြီး စကား တစ်ခွန်းမှ မပြောပဲ ရေချိုးခန်းထဲ ၀င်သွားသည်..။
မျက်နှာသစ် သွားတိုက်နေချိန် ပုံ့လည်း အပြင်မထွက်သလို မမ ကလည်း အခန်းထဲ လိုက်စပ်စုနေသည်..။
“ပုံ့ ရေ ဒီမှာ ကြည့်စမ်း နင့်ကိုကို က ကာတွန်းစာအုပ် သိမ်းထားတုန်း...သမိန်ပေါသွပ် နေပါအုံး ဘယ်တုန်းကလည်း...အိုး...၂၀၀၁ တဲ့...ဆယ်ခုနှစ်တောင် ကျော်ပြီနော်...နောက်ဆို ပြတိုက်တွေဘာတွေထဲ ထည့်တော့မယ် ထင်တယ်...”
ပုံ့ သိတာပေါ့ ဒီစာအုပ်က ပုံ့ ငှါးပြီး ပြန်မအပ်ပဲ သိမ်းထားတာလေ...
ပုံ့ ကိုယ်စား ကိုကိုကပဲ စာအုပ်ဆိုင် ပိုင်ရှင်ကို တောင်းပန်၍ အလျော်ပေးခဲ့ရသည်။
“အင်း...ဒီမှာလည်း တစ်အုပ်...”
မမ က ကိုကို့ စာအုပ်စင်ကို လျှောက်မွှေနေတော့ ကဗျာ စာရွက်တွေ တွေ့သွားမှ စိုးရိမ်မိသည်..။
ကိုကို က မသိစေချင်လို့ ဖွက်ရေးနေတာမို့ ပုံ့လည်း ကာကွယ်ပေးရမည်။
ပုံ့ အနားကို လျှောက်သွားလိုက်ပြီး စားပွဲဘေးမှာ ကွယ် ရပ်ခါ စာအုပ်တွေကို လိုက်ကြည့်မိသည်..။
“ဝိုင်း...ရှိသေးလား..”
‘အေး..”
“ငါ့ ကို ပုဆိုး အကျီ င်္လေး ယူပေးပါလားဟာ..”
“ဟအေး..”
“နင်နော်...နင် နောက်ကျမှာသိလား...”
ကိုကို့ အ၀တ်အစားဘီဒိုနဲ့ သော့ကို ပုံ့ပဲ သိလို့ သော့ယူပြီး ဖွင့်ခါ ပုဆိုး နဲ့ အကျီ် ထုတ်လိုက်သည်..။
“ညီမလေး...အပြာနဲ့ အစိမ်းကြီး မလိုက်ဘူးလေ ညီမလေးရဲ့..”
“သြော်..ဟုတ်သား..”
ပုံ့ မသိပေမဲ့ ယောင်ပြီး တံခါးဖွင့် ခါ အရောင်လိုက်ရွေးနေမိသည်..။
မမ က အနားရောက်လာ၍ အပြာရောင် ရှပ်အကျ င်္ီ တစ်ထည် ထုတ်ခါ ပုဆိုးကို လှမ်းယူပြီး ထွက်သွားတော့မှ ဘီဒို ပိတ်ရင်း ကျန်ခဲ့လိုက်ရသည်.။
“ကျေးဇူး..”
ကိုကို က ခေါင်းရေ သုတ်ရင်း ထွက်လာပြီး တာဝါကို လှမ်းတင်လိုက်တော့ မမ က ခေါင်းကို ကိုင်ပြီး နှုတ်ခမ်းမဲ့ခါ
“နင့် ခေါင်းစိုနေတုန်း..”
“ရပါတယ်...”
“ဟဲ့ ..နင် တစ်နေ့ကုန် နေပူထဲမှာ လျှောက်သွားနေတာလေ...စင်အောင်သုတ်...”
“အဘွားကြီး ကျနေတာပဲ...ဒါကြောင့် အပျိုကြီး ဖြစ်နေတာ..”
“ဟုတ်တယ်...နင်ကျတော့...”
“ငါက ဆယ်ခြောက်နှစ်လေ...ဟား..ဟား...”
ကိုကို က မမ ကို စပြီး အခန်းထဲက ထွက်ပြေးတော့ မမ က နောက်က ပြေးလိုက်သွားလိုက်သည်..။
ပုံ့မှာတော့ ရင်ထဲ တစ်ခုခု  ပျောက်ဆုံး သွားသလို ခံစားနေရသည်....။
ကိုကို ပုံ့ကို မတွေ့တော့ဘူးလား...။
သတိမထားမိတော့တာလား.....။
မနက်တိုင်း လုပ်နေကျ ကိုကို့ ကဗျာ စာရွက်ခေါက်လေးကို ယူပြီး ဖြည်းဖြည်းချင်း ဖြန့်လိုက်သည်...။
“ကိုယ့်ရင်ထဲက
ချစ်စကားကို
ကြယ်လေးတွေကို ပြောဖြစ်တယ်...။
ပန်းကလေးတွေကို ပြောဖြစ်တယ်...။
လေညှင်းလေးတွေကို ပြောဖြစ်တယ်....။
ငှက်ကလေးတွေကို ပြောဖြစ်တယ်....။
တစ်လောကလုံးကို ပြောဖြစ်တယ်....။
ကိုယ့် နှလုံးသားကို ပိုင်စိုးထားတဲ့ ...
မင်းက လွဲလို့ပေါ့....။
စာရွက်ကလေးကို ခေါက်ပြီး ထုံးစံ အတိုင်း စာအုပ်ကြားကို ညှပ်ခါ အပြင်ထွက်လာခဲ့လိုက်သည်..။
အောက်ထပ် ထမင်းစားခန်းထဲမှာ ကိုကို ၊ မမ နဲ့ ဖေဖေကြီး ရယ်သံတွေ ပျံ့လွင်နေသည်..။
ပုံ့သက်ပြင်းတစ်ချက်ချမိသည်။
ထမင်းစားခန်းဆီ မသွားတေါ့ပဲ နွမ်းလျစွာဖြင့် အိမ်ဘက်ကို ပြန်လာခဲ့လိုက်သည်..။
.
“ဝိုင်း ကော်ဖီ သောက်လေ...”
လူကြီး တွေရှေ့မှာမို့ မကောင်းတက်လို့  ပြုံးရင်းလက်ခံလိုက်ရပေမဲ့ စိတ်တိုမိသည်.။
အခုမှ အတင်းလိုက်ကပ်နေတာ ခံစားခဲ့ရတဲ့သူက အရုပ်လို့ သတ်မှတ်ထားတာလား...။
“အင့်...ကိတ်...”
“တော်ပြီ ကိုကြီး...ဝိုင်း အိမ်မှာ မုန့်စားခဲ့လို့ပါ...”
“သမီးကြီး က ဒီ ပန်းကွင်းကို တော်တော် ကြိုက်ပုံရတယ် ဟား..ဟား...”
“မွှေးလို့ဖေဖေကြီးရဲ့...”
“လက်ညောင်းခံ ပြီးလုပ်ပေးထားတာ ကျေးဇူးတင်...”
“ကျေးဇူးတင်ပါတယ်ရှင် လက်၀င်တာကို ရအောင် လုပ်ထားတာ တော်လိုက်တာ...”
“ဟား..ဟား...အရူးဘုံမြှောက်နေပြန်ပြီ...”
“ဖေဖေကလည်း..”
“ဟေ...ကျော်စိုး..”
“အေးကွာ...မင်းကားနဲ့ လိုက်ရမယ်..”
“ရတယ်လေ...လာကော်ဖီသောက်..”
ဖေဖေ ကပါ ထမင်းစားခန်းထဲ ၀င်လာတော့ နေရာ ရွေ့ပေးရင်း သှူုဘေးနားကို ကပ်ခါရောက်သွားရသည်..။
သူက အပိုတွေလုပ်ပြီး ပန်းကန်တွေရွှေ့ပေးတော့  ကျေးဇူးတင်စိတ် မရှိပဲ အမြင်ကပ်မိသည်..။
“သမီးကြီးကော..တက္ကစီနဲ့ပဲလား..”
“မဟုတ်ဘူး ဖေဖေ...မာန်သွေး လိုက်ပို့မယ်တဲ့လေ...”
“ကိုကြီးလည်း ဆေးရုံ သွားရမယ်...ကိုကြီးနဲ့ လမ်းကြုံတယ် ညီမလေး..”
ဘေးကနေ အလိုက်မသိစွာ ၀င်ပြောနေတော့ ဖေဖေ နဲ့ ဖေဖေကြီး နှစ်ယောက်စလုံး ရှေ့မှာ ဝိုင်းပြန်ပြောဖို့ အခက်တွေ့နေရသည်..။
“ဝိုင်း နဲ့ ကျွန်တော် က မင်္ဂလာဒုံဘက်ကို သွားရဦးမယ် အပြန်ဆို ကိုကြီး နောက်ကျသွားလိမ့်မယ်...”
“သြော်...အင်း..”
မာန်သွေး ၀င်ကယ်လိုက်လို့ ဝိုင်းမှာ အသက်ရှု ချောင်သွားရသည်..။
၀ိုင်း ကျေးဇူးတင်ဦးညွတ်ဖို့ ကြည့်တော့ ကိုယ်တော်က ရှမ်းခေါက်ဆွဲ ကို ပြုံးစေ့စေ့ ဖြင့် ဆက်စားနေသည်..။
“သမီးကြီးလည်း အခုတလော အလုပ်များနေတယ်နော်...”
“ဟုတ်ကဲ့ ဖေဖေကြီး..အဲဒါကြောင့် သိပ်မရောက်ဖြစ်ဘူး..”
“မင်း သမီးက အလုပ်များမှာပေါ့ကွ...တစ်အိုး တစ်အိမ်ထူထောင်ဖို့ ကြိုးစားနေတယ်လေ...”
အောင်သွေး စားလက်စ မုန့်ဖက်က လည်ချောင်း၀မှာ ထစ်ဆို့သွားသလို ဖြစ်ရသည်..။
ဘာကို တစ်အိုးတစ်အိမ်ထူထောင်မှာလည်း ဘယ်သူနဲ့လည်း...
မျက်လုံးအကြည့်တွေက ဒိုင်းကနဲ့ ဘေးဘက်ကပ်သွားတော့ ပြုံးပြီး ကော်ဖီကို တစ်ငုံ သောက်ခါ ပြန်ချထားသည်..။
သူ့အပြုအမူနဲ့ ဦးကျော်ရဲ့ စကားတွေကြောင့် အောင်သွေး ရင်တွေ ပူလာရသည်..။
လုပ်ပိုင်ခွင့်သာ ရှိရင် တစ်နေရာကို ဆွဲခေါ်သွားပြီး ပခုံးလှုပ်ခါ မေးလိုက်မိမှာပါ..။
“ဘယ်လိုမျိုးလည်းကွ...”
“မသိပါဘူးကွာ...သူ့ကားကိုလည်းရောင်းလိုက်တယ်..အလုပ်ကရတဲ့ ငွေနဲ့ထပ်ပေါင်းပြီး ၈မိုင်မှာ အိမ်အသေးလေးတစ်လုံး၀ယ်ထားတယ်...”
“ဟေ...တယ်ဟုတ်ပါလား..သမီးရဲ့...ဘယ်လိုလည်း..ပတ်၀န်းကျင်ကော..”
“အိမ်နဲ့ ခြံတွဲလျက်ပါ ဖေဖေကြီး...အိမ်ကတော့သေးသေးပဲ အိမ်ရှေ့မှာတော့နေရာကျယ်တယ်...အပင်တွေစိုက်တာတောင် နေရာလွတ်ကျန်သေးတယ်....ဘေးမှာတော့ ခြံကျယ်တိုက်တွေပါပဲ လူလည်း သန့်ပါတယ်...”
“အေး ကောင်းတာပေါ့...ဒီလို စီးပွားရေး အမြင်ရှိတာ အားပေးရမယ်...”
ဖေဖေက အားပါးတရပြောနေသော်လည်း မေမေ့ မျက်နှာက ညိုးကျသွားတော့ အောင်သွေးလည်း စိတ်မကောင်းဖြစ်ရသည်.။
၀ိုင်းက ကိုယ်နဲ့ အဝေးကြီးကို ထွက်သွားမယ်ဆိုတာ မယုံနိုင်သေး..။
ပြတင်းပေါက်ကလေးတွေက ငေးကြည့်လိုက်တိုင်း အိမ်မှာရှိတဲ့ အချိန်ဆို ပန်းပင်တွေနဲ့ အလုပ်ရှုပ်နေတက်တဲ့ ဝိုင်းကို ဆေးရုံက ပြန်လာတိုင်း ပြေးကြည့်မိသည်..။
ဆံပင်ရှည်ကြီးကို မြေကြီးပေါ်ကျလို့ စိတ်မရှည်ရင် ပြေးပြီး ဆံပင်ချည်ပေးချင်မိသည်..။
ကိုယ် စိတ်ဆိုးနေရင်တောင်မှ သူ့ရဲ့ အလုပ်လုပ်နေတဲ့ ပုံရိပ်လေးတွေကို ကြည့်ရင်း မမုန်းမိတော့အောင် စွဲလမ်း ရူးသွပ်ရသည်..။
ညနေစောင်းဆို အပင်တွေရေလောင်းပြီး ညပိုင်းဆို ခြံထဲက ဒန်းမှာထိုင်ခါ ပုံဆွဲနေတက်တဲ့ သူ့ကို ညီ အခန်းဘက်ကနေ တစ်ခါတစ်လေ ချောင်းကြည့်မိသည်..။
ဒါတွေအကုန် ဆိတ်သုန်းပျောက်ကွယ်သွားတော့မဲ့ ပုံရိပ်တွေဆိုတာ သိချိန် ဘာတွေနဲ့ ဖမ်းချူပ်ထားရမလည်း မတွေးတက်တော့ပါ...။
ကော်ဖီခွက်ကို ချပြီး ပြုံးရင်း အကြည့်ရောက်လာတော့ မျက်၀န်းချင်း ခဏလေး ဆုံသွားရသည်..။
အဝေးကြီးကို ထပ်မပြေးပါနဲ့တော့ ကိုယ့်ဆီကနေ ငါးနှစ်ကျော်တောင် ထွက်ပြေး နေခဲ့တာ မကျေနပ်သေးဘူးလား.။
ကိုယ့် ရင်ထဲက နောင်တတွေ ကို မြင်အောင်ကြည့်ပေးပါ ဝိုင်းရယ်...။

━━━━━━━☆☆━━━━━━━
အဟမ်း...အတွဲတွေ လွဲကုန်ရင် စိတ်ဆိုးမှာလားပြော...😁

တစ်ချိန်တည်း ရေးရတာ မဟုတ်ပဲ
ရေးလိုက်နားလိုက်နဲ့မို့ အဆက် မမိဘူး...

စာလုံးပေါင်းလည်းမမှန် အရေးအသားလည်းမကောင်း
သည်းခံပြီးဖတ်ပေးတဲ့ စာဖတ်သူတိုင်းကို ကျေးဇူးအထူးထူးတင်ပါတယ် ❤

Love u all ❤
#စပိုက်ကာ

ပိုင်ရှင်Tempat cerita menjadi hidup. Temukan sekarang