Part 12

3.4K 184 0
                                    

ပိုင်ရှင်
အပိုင်း (၁၂)
#ပိုင်ရှင်

“အေး စက်စက် ကော်ဖီ တစ်ခွက်
မင်း မျက်နှာလေးကို မြင်ယောင် ရင်း
ကိုယ် မော့ချလိုက်မိချိန်..
ရင်ဘတ် တစ်ခုလုံး နွေးထွေးသွားတယ်..”
“ပုံ့..”
မာန်သွေး မျက်နှာ၀င်သစ်နေတုန်း စားပွဲပေါ်က စာရွက်တွေ မွှေနေပြီလေ...။
သူကတော့ ငယ်ငယ်တုန်းက အတိုင်း မာန်သွေး အခန်းကို စိတ်ရှိတိုင်း ၀င်ထွက် မွှေနှောက်ခွင့်ရှိသည်..။
ခံစားချက်အပိုင်းအစတွေကို ရှာဖွေ ဖတ်ရှုနေပေမဲ့ ရည်ရွယ်သူ ကိုယ်တိုင် ဖတ်နေတော့ လန့်မိသည်..။
တစ်စုံ တစ်ခု ရိပ်မိပြီး ရင်းနှီးမှုမှာ အမုန်းစည်း ခြားသွားမှာ စိုးမိသည်...။
“အမယ်...တို့ ကိုကို မရိုးတော့ဘူး..”
“ဟင်..”
မလုံမလဲ အမူအယာ ဖြင့်သူ့ လက်ထဲက စာရွက်ကို ပြန်ဆွဲယူပြီး ရေပွက်ပမာ ဆိုတဲ့ ညက ဖတ်လက်စ စာအုပ်ကြားထဲ ညှပ်ထည့်လိုက်သည်..။
“ကိုကို့ ရဲ့ နှလုံးသား က ငါးနှစ်ကျော် ကြာမှ ပြန်နိုးကြားလာတာပဲ...”
အနားကို တိုးလာတော့ ရင်ခုန်သံတွေ တဒိန်းဒိန်း ဖြင့် နတ်၀င် သလိုပင် ဖြစ်ရသည်..။
ပုံ့ က အနားကို နီးနီးကပ်ကပ် လျှောက်လာပြီး ဝဲဘတ်ရင်ခွင်မှာ ပါးအပ်လိုက်တော့ လက်ဖျားတွေ အေးလာရသည်..။
“ပြန်လာတာ ကြိုဆိုပါတယ်..ကိုကို နှလုံးသားလေး..”
ရင်ဘတ်ကို လက်ဖျားလေးနဲ့ ပုတ်ပြောပြီး နောက်ကို တစ်လှမ်းဆုတ်ခါ လက်မထောင်ပြတော့မှ မာန်သွေး အသက်ပုံမှန် ရှုရဲတော့သည်..။
“ကိုကို လျှိုလို့မရဘူးနော်...ပုံ့ အကြောင်းတွေကျတော့ အကုန်ပြောပြရတယ်မလား....ဒါ ဘယ်သူလည်း..”
“ဒီတိုင်းပါ..ကိုကို စာဖတ်ပြီး ရေးထားတာ..”
“မလိမ်နဲ့နော်...ကိုကို အရင်ကလည်း ကဗျာတွေ ရေးတယ်လေ...”
“အင်းလေ...ခုလည်း စိတ်ထဲ ရှိတာရေးတာပါ ပုံ့ရယ်..”
မာန်သွေး မျက်နှာချင်းဆိုင်ဖို့ စိတ်မလုံလို့ ကုတင်ပေါ်မှာ ခြေချထိုင်နေတဲ့ ပုံ့ ကို ကျောခိုင်းပြီး ပြတင်းပေါက်ကို မျက်နှာမူခါ ခေါင်းဖြီးနေလိုက်သည်..။
“ဟွန့်....ကိုကို က ကဗျာကို လက်နဲ့ရေးတာမဟုတ်ဘူး..ရင်ခုန်သံနဲ့ ရေးတာဆို...အခု ရင်ခုန်လို့ ရေးတာမဟုတ်ဘူးလား..”
“အဲဒါ ၂၀၀၈ တုန်းကလေ...အခုက ၂၀၁၈ အမိရဲ့...”
မာန်သွေး ပြောပြီး လက်ထဲက ဘီးကို ခုံပေါ်တင်ခါ အခန်းပြင်ထွက်လာတော့ နောက်က ပြေးလိုက်လာပြန်သည်..။
ကိုကြီး အခန်းဘက်ကို သူ အာရုံရောက်သွားတုန်း လှေကားတွေကို အပြေးတစ်ပိုင်း ဆင်းရခဲ့ရသည်..။
ရင်ခုန်သံတွေ ဖုံးဖိနေရတာ ပင်ပန်းလိုက်တာ....။
အရင်စိတ်တွေ ပြန်ဖြစ်မယ် ဆိုရင် ဘာပဲပေးရ ပေးရ ပေးလိုက်ချင်ပါရဲ့...နှလုံးသားရယ်...။
“ကိုကြီး...ကိုကြီးရေ...”
“အင်..”
“မထသေးဘူးလား ကိုကြီး..”
“ထပြီး ဘာလုပ်ရမှန်း မသိလို့ အိပ်နေတာ ညီမလေးရေ...”
ပုံ့ ထုံးစံအတိုင်း အခန်းတံခါးကို ဖွင့်ပြီး အမှောင်ခန်းထဲမှာ ပြတင်းပေါက်တွေကို ဖွင့်ပစ်လိုက်သည်..။
ကိုကြီးက အိပ်ရင် တစ်ခန်းလုံး မှောင်နေမှ အိပ်တက်သည်..။
အလင်း တစ်ပေါက် ၀င်တောင် အိပ်မရဆိုိတဲ့ ကိုကြီး ကို နားမလည်ပေမဲ့ ပြတင်းပေါက်ဖွင့်တာနဲ့ ကိုကြီး မအိပ်တော့ဘူးဆိုတာ သိနေသည်..။
ကိုကြီးက ကုတင်ပေါ်က လူးထရင်း ခေါင်းက ဆံပင်တွေကို လက်နဲ့ သပ်တင်ခါ ငုတ်တုတ် ပြန်အိပ်နေ့ပြန်သည်..။
“ကိုကြီး..ဒီနေ့ ဆေးရုံ မသွားရဘူးပေါ့..”
“အင်း..ကိုကြီး သူငယ်ချင်းက ဆေးရုံ ပြောင်းဖို့ ပြောထားတယ်...အပြောင်းအရွေ့ ရက်ပိုင်းလောက်တော့ အားနေမှာပဲ”
“ဒါဆို ကိုကြီး က အလုပ်လက်မဲ့ပေါ့..”
“ဟား..အဲလို ဖြစ်သွားလား...”
“ပုံ့ အလုပ်ပေးမယ်လေ...ဟိ..အကြိုအပို့ လုပ်ပေးပါလား..”
အောင်သွေး စောင်ကို ဆွဲခွါ ပြီး ရေချိုးခန်းထဲ ၀င်သွားတော့ ပုံ့က ငယ်ငယ် က အတိုင်း စောင်ကို ဖြန့်ခေါက်ပေးသည်..။
“မလုပ်ပေးချင်ဘူးလားဟင်..”
အောင်သွေး သွားတိုက်ဆေး ထည့်နေရင်းက သက်ပြင်း တစ်ချက်ကို ခပ်တိုးတိုး ချလိုက်မိသည်..။
၀ိုင်း ကို အပို့ အကြို လုပ်ခိုင်းမယ် ဆိုတာ သိတော့ ခေါင်းလည်း မရမ်းချင် ခေါင်းလည်း မညိတ်ရဲ ဖြစ်နေရသည်..။
အမြင်ထဲ ဘ၀င်မကျရင် အောင်သွေး သည်းမခံနိုင်ပဲ ပြောမိမှာ စိုးရသည်..။
၀ိုင်းက အရင်လို ကလေးအရွယ်မဟုတ်တော့ ရှက်ပြီး နာသွားရင် အောင်သွေးပိုလို့ ရင်ကွဲရမည်..။
သူ့ကို မျက်နှာချင်း မဆိုင်ဖြစ်အောင် ရှောင်နေရတာ ကိုယ်တိုင်ကော သက်သာလို့လား..။
“နော်လို့...ကိုကြီး..”
“ဝိုင်းမှာ လူ ဒီလောက်ပေါတာ..ကိုကြီး လိုက်ပို့ဖို့ လိုလား ပုံ့ရယ်..”
“ဟာ..ကိုကြီး လို စိတ်မချရလို့ပေါ့...”
“ဟုတ်ပါပြီ ဘယ်တော့ သွားရမှာလည်း...”
“ခု..”
အောင်သွေး သွားတိုက်ရင်း မျက်ခုံးပင့်သွားရသည်..။
မနက် အိပ်ရာထစ မှာ စိတ်က အတက်နိုင်ဆုံး ထိန်းသိမ်း ရတော့မှာ ကြိုသိနေပြီ..။
“အင့်...ဒါ ၀တ်...”
စပို့ရှပ် တစ်ထည် လှမ်းပေးတော့ အောင်သွေး ယူပြီး ရေချိုးခန်းထဲ ၀င်လဲရသည်..။
ပုံ့က အရင်အတိုင်းနေပေမဲ့ သူက ကလေး မှ မဟုတ်တော့တာပဲလေ...။
“ဟ...ကိုကြီး က ဘယ်သွားမလို့လည်း...”
“မမ ကို လိုက်ပို့ ခိုင်းမလို့..”
“အဟွင်း..ကောင်းတယ်..”
မေမေ့ အပြုံး ရိပ်က လှောင်နေသလို ထင်ရတော့ အောင်သွေး စိတ်ထဲမှာ ရှက်မိသည်..။
မနေ့ကပဲ လုံး၀ မပို့ပေးနိုင်ဘူး ဆိုပြီး ခါးခါးသီးသီး ငြင်းပစ်ခဲ့သေးသည်...အခုတော့....။
“ဟာ..ကိုကို လည်း အားနေတာပဲ...”
“မအားပါဘူး..ကိုကို ပစ္စည်းရုံ ကိုသွားရမယ်..”
“ပုံ့ လည်း လိုက်မယ်...”
“ဟော..ဝိုင်း နဲ့ လိုက်သွားလေ...သူ တစ်ယောက်တည်း ဖြစ်နေမှာပေါ့..”
“မလိုက်ချင်ပါဘူး..မမ နဲ့ လိုက်သွားရင် အလုပ်တွေပါ သင်ပေးတာ စိတ်ရှုပ်တယ်..လိုက်မယ်နော် ကိုကို...”
“မဟုတ်ဘူး..တစ်နေ့ကုန် ဆိုတော့..”
“ခေါ်သွားလိုက်ပါ သားငယ်ရယ်.”
မေမေ က ၀င်ပြောတော့ မာန်သွေး မှာ အငြင်းစကားတွေ ထပ်ပြောရင် မခေါ်ချင်လို့ပါဆိုပြီး အမြင်လွဲတော့မှာ သေချာနေပြီ...။
အခုတောင် ဘေးက ကလေးက နှုတ်ခမ်း တဖြည်းဖြည်း ရှေ့ ထွက်လာပြီ...။
“အင်းလေ..ပြီးမှ ပြန်ချင်တယ် မပြောနဲ့နော်...”
“အမ်းပါ...”
အောင်သွေးနဲ့ မာန်သွေး တစ်ယောက် မျက်နှာကြည့်ရင်း ရင်ထဲက စိတ်ရှုပ်မှုတွေကို မြင်ရသလို ပြိုင်တူ ပြုံးစေ့စေ့ ဖြစ်သွားရသည်..။
နှစ်ယောက်စလုံး ဘာတွေ ဖြစ်နေရမှန်း ကို မသိတော့ပါ...။
ဝေးလံ ခေါင်ဖျားတဲ့ ဒေသမှာ နေတုန်းကတောင် အနေအစားကြပ်ပေမဲ့ ဒီလောက် စိတ်မကျဉ်းကြပ်ရပါဘူး...အခုတော့ ...ဟူး...။
“မမရေ...သွားမယ်...”
ပုံ့ အသံကြားတော့မှ ဝိုင်း သက်ပြင်းချရတော့သည်...။
ဒင်းလေးမှ လိုက်မပို့ရင် ကိုယ်တိုင် ကားမောင်းသွားတော့ဖို့ ဆုံးဖြတ်ထားတာလေ...။
ဝေးတယ်ထင်လို့ မသွားရဲ လို့ ခေါ်မိတာ တစ်ရက်ပဲ လိုက်ပို့ပြီး နားကွဲအော် ငြီးတွားပြတော့သည်..။
ဆံပင်ရှည်တွေကို ကျစ်ဆံမြီးခပ်ဖွဖွ ကျစ်နေလက်စ က လက်စသပ်လိုက်ရသည်..။
လိမ်းနေကျ မိတ်ကပ်ပုံစံ အတိုင်း မိတ်ကပ် ပါးပါးလိမ်းပြီး သနပ်ခါး ပါးကွက်လေး တင်ခါ ပေါင်ဒါ ပါးပါး ရိုက်လိုက်သည်..။
ဒူးနာချိတ် မိုးပြာရောင်လေး က ကိုယ်တိုင်ချူပ်ပြီး မ၀တ်ဖြစ်သေးလို့ ထုတ်လိုက်သည်..။
“မမေရ...”
“အိုး..လာပြီ...”
နားထင်ဆံစတွေကို လက်နဲ့ နည်းနည်းဆွဲချလိုက်ပြီး မှန်ထဲ တစ်ချက်ပြန်ကြည့်၍ ပိုက်ဆံအိတ်ကောက်ယူခါ ထွက်လာခဲ့ရသည်..။
“ပြီးမှ မညည်း နဲ့နော်..”
“ဒိနေ့တော့ ပုံ့ မညည်းဘူး စိတ်ချ..”
“ဟွင့်..”
မမ က မျက်စောင်းထိုးပြီး ပိုက်ဆံအိတ်ကို ပခုံးပေါ်လွယ်ခါ ဖိနပ်သေချာစီး၍ ကားအနားကို လျှောက်သွားတော့ ပုံ့ နောက်ကနေ ကြိတ်ရယ်မိသည်..။
အရင်က ကိုကြီးကို ချစ်ကြောက်ရိုသေတဲ့ မမ က အခုတော့ သူစိမ်းလို ဖြစ်နေတာ ပုံ့ မကျေနပ်...။
ကိုကြီး ကို လိုက်ပို့ ခိုင်းပါလားလို့ ပြောတော့ “ငါ သူနဲ့ မျက်နှာချင်းဆိုင်လို့ကို မရဘူး..အပြစ်ချည်းပဲရှာနေတယ် “ ..
သူ ငါ သုံးပြီး ရင့်သီးခဲ့တာလည်း မခံနိုင်ဖြစ်ရသည်..။
အခုတော့ မျက်နှာချင်းမဆိုင်ပေမဲ့ ဘေးချင်းယှဉ်သာသွားတော့ မမ ရေ...။
“ဟင်..”
၀ိုင်း ကားထဲ ၀င်ထိုင်ပြီးခါမှ ဘေးမှာ ထိုင်နေတဲ့ ကိုကြီးကို တွေ့ပြီး အံသြသွားရသည်..။
အိမ်၀ကို ကြည့်လိုက်တော့ ခွေးမလေးက လျှာထုတ်ပြီး တာ့တာတောင် ပြနေတာ ကြည့်စမ်း...
စိတ်တိုဖို့ ကောင်းလိုက်တာ...။
ဟူး..အပြောအဆို ခံရဖို့သာ ပြင်ထားတော့ မူမူစိုးရေ....နင်တော့ ဒီနေ့ထိပြီ...။
ခြံထဲက ချိုးကွေ့ထွက်လာတဲ့ အချိန် သက်ပြင်း တစ်ချက်ပါ ခို၀င်လာရသည်...။
“ကိုကြီး ဆေးရုံ မသွားဘူးလား..”
“မသွားလို့ ဒီမှာရောက်နေတာလေ...”
မီးပွိုင့်မိ တာနဲ့ ကားပိတ်တာကြောင့် ကားမောင်းသူကို အားနာလို့ စကားရှာမိတာ ပြန်ပြောလိုက်တဲ့ စကားသံက ဘုကလန့်...။
အရင်တုန်းက ဝိုင်းအပေါ် နူးညံ့ညင်သာတဲ့ ကိုကြီး ကို လွမ်းလိုက်တာ...။
အဲဒီ့ ကိုကြီး က ဝိုင်းကို သဘောမတွေ့ရင်တောင် ရှေ့မှာ သက်ညှာပြောဆိုပေးသေးသည်..။
အခုကိုကြီးကတော့...။
“ရင်မှာ ခံစားရတဲ့ အဖြစ်ကို မင်းက နားမလည်ဘူး..🎼.ငါ့ရဲ့ ဒဏ်ရာတွေ အ ခုထိတိုင် ရင်ထဲမှာ မကျက်သေးဘူး..🎼
ချိုသာတဲ့ စကားလေးများစွာ ပြောသမျှ အဟုတ်ထင်ခဲ့.🎼....အခုတော့ မှန်ရာကို မှားတယ်..ကြုံလာပြီမို့ မြင်လာပြီမို့..🎼.ငါ အဝေးဆုံးကို ထွက်သွားလိုက်မှာပါ..🎼”
၀ိုင်း ဖုန်းကို အိတ်ထဲက ကပျာကယာ ထုတ်နေရင်း လက်တွေတောင် တုန်သလိုလို ရှိသည်..။
“ဟလို...”
“ဟုတ်ပါတယ်...”
“သြော်....ဟိန်းစိုးလား...အဟင်း သိတာပေါ့..ပြောလေ...အားပါတယ်...”
“မမ ဆီ ကို မရောက်သေးဘူး...ဗိုလ်ချူပ်စျေးမှာ ချသွားပြီထင်တယ်...ဟုတ်လား...ဒါဆို မ ဖုန်းဆက် ပြီး ပြန်ပြောမယ်လေ...ရတယ်..စိတ်မပူပါနဲ့... နေရာမှားသွားတာနေမှာပါ...အိုကေ...ဒါပဲနော်..”အောင်သွေး ကားကို အာရုံစိုက်မောင်းနေပေမဲ့ ဘေးကသူ ဘာလုပ်နေသလည်း မမြင်ချင်ပဲ မြင်ရသည်..။
အခုလည်း မမ နဲ့ မောင်လေး စကားလုံး ညင်ညင်သာသာလေးတွေ အပြန်အလှန်ပြောပြီး ဖုန်းကို တစ်ခုခု နှိပ်နေပြန်သည်..။
ဘယ်သူဆီ ဖုန်းခေါ်ဦးမလို့လည်း..။
ကိုယ်က အားနေတဲ့သူ သူက အလုပ်များနေတဲ့ သဌေးမကြီး ဆိုတဲ့ အထာမျိုး ပြနေတာလား..။
အောင်သွေး ကိုယ့်အတွေးနဲ့ ကိုယ် လုံးထွေး သတ်ပုတ်နေချိန် နောက် မောင်လေး  တစ်ယောက်နဲ့ သူက စကားပြောနေပြန်သည်..။
ကား ကို လမ်းဘေးဘက် မီးချ ရပ်လိုက်ပြီး လမ်းတစ်ဖက် ကူးသွားခါ လက်ဖက်ရည်ဆိုင်ထဲ ၀င်လိုက်သည်..။
“ဟင်...”
၀ိုင်း ဖုန်းပြောနေရင်း ကားရပ်လိုက်တော့ တစ်ခုခု ဖြစ်တယ် ထင်ခဲ့တာ အခုတော့ လက်ဖက်ရည်ဆိုင်ထဲ ၀င်ထိုင်နေပြီ...။
ထင်ပါတယ်...ပြသာနာတော့ စလာပြီ...
ကိုကြီး ကလေ တကယ် အရင်လို မဟုတ်တော့ဘူး...
မာနကလည်း ကြီးလိုက်တာ လွန်ပါရော....။
အေးပေါ့လေ...သူက ဆရာ၀န် ကိုအောင်သွေး ဖြစ်နေပြီကိုး...။
၀ိုင်း သက်ပြင်းချလိုက်၍ ဗိုလ်ချူပ်စျေး ကို ဖုန်းဆက်ပြီး အထည်အိတ်တွေ ရောက်လားမေးရသည်..။
ဟိုဘက်လည်း မရောက်လို့ အန်တီသူသူ ဆီ ဖုန်းတစ်ခါ ဆက်ရသည်..။
“ဟုတ်တယ် သမီးရေ...အန်တီ ပစ္စည်းစစ်တော့ ပိုနေလို့ ယွန်းလေး ဆီလည်း ဖုန်းဆက်မေးပြီးပြီ သမီးကို မေ့သွားတယ်..”
“ဟုတ်ကဲ့..ရပါတယ်...အန်တီ...မူ မနက်မှ ကားလွှတ်လိုက်မယ်..ဖြစ်လားဟင်..”
“ဖြစ်ပါတယ်...သမီးရဲ့..ရတယ်...ရတယ်..”
“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်..အန်တီ...”
“ဒုန်း..”
ကားတံခါး ကို ဆောင့်ပိတ်လိုက်သံကြောင့် ဝိုင်း ဖုန်းပြောနေရင်းက မျက်လုံးပြူးသွားရသည်..။
တစ်ဖက်က ဖုန်းချသွားပေမဲ့ ယောင်ပြီး ဖုန်းကို နားမှာ ကပ်ထားမိဆဲပင်...။
ကားကို အရှိန်နဲ့ မောင်းထွက်သည့် ကိုကြီး ကို နားမလည် နိုင်လို့ ဘေးဘက်ကို မဝံ့မရဲ ငဲ့ကြည့်မိချိန် တင်းတင်းစေ့ပိတ်ထားတဲ့ နှုတ်ခမ်းနဲ့ တွန့်ကုတ်နေတဲ့ မျက်ခုံးကြောင့် ၀မ်းနည်းရသည်.။
မပို့ချင်လည်း အစကတည်းက ဘာလို့ လိုက်လာသေးလည်း..။
ပုံ့ပုံ့ အတင်းသွားခေါ်လို့ မတက်သာ သော အားဖြင့်  လိုက်လာရတာလား...။
ဟိုကောင်မလေးကိုလည်း သေချာ မှာထားရဦးမယ်..နင့်ကိုကြီးက အရင်လို မဟုတ်တော့ဘူးလို့..။
“ဟို...ကိုကြီး...မှော်ဘီ ကိုနော်..”
“ဟား..ဟား...”
လမ်းမှားမှာ စိုးလို့ စကားတစ်ခွန်းလွင့်ကျသွားတော့ ခြောက်ကပ်ကပ်  လှောင် ရယ်သံသာ ထွက်လာခဲ့သည်..။
“ဒီ နဲ့ စပေမဲ့ မြန်မာလိုလည်း မဆင်ဘူး...အင်္ဂလိပ်လို လည်း မတူဘူး..”
“ရှင်..”
“ဒေါက်တာ...နဲ့ ...ဒရိုင်ဘာလေ...”
“အို....ဝိုင်းက ဒီလို သဘောပြောတာ မဟုတ်ပါဘူး..ကိုကြီး လမ်းမှားမှာစိုးလို့ သတိပေးတဲ့ သဘောပါနော်....ဝိုင်း စကားမှားသွားရင် တောင်းပန်ပါတယ်...”
“ကိုယ့် စကားတစ်ခွန်းက ဘယ်လို အဓိပ္ပာယ်တွေ သက်ရောက်နိုင်လည်း ဆိုတာ မပြောခင်ကတည်းက စဉ်းစားသင့်တယ် လေ...”
“ဟုတ်...”
ထပ်ပြောရရင် မြိုသိပ်ထားရတဲ့ မကျေနပ်ချက်တွေ ပွင့်အံ့ ကုန်မှာ စိုးလို့ အောင်သွေး နှုတ်ပိတ်ခါ သီချင်းသံကို ကျယ်ပစ်လိုက်သည်..။
ထူးခြားတိုက်ဆိုင်စွာ သူ ငယ်ငယ်က အော်ဆိုတက်တဲ့ သီချင်းကို ချယ်ရီ အဖ်အမ် က ပြန်လွင့်နေသည်..။
ငယ်ငယ်တုန်းက ဆံပင်ကောက်ကလိမ်နဲ့ တီရှပ်အပွ ကြီး ၀တ်ပြီး အိမ်မှာ မိုက်နဲ့ ဆိုလိုက်  ခြံထဲမှာ အာဗြဲအော်လိုက်နဲ့ တစ်မျိုးစီ လူကို နားဒုက္ခပေးတက်တဲ့ ဒီ သီချင်းကို သူ ဘာကြောင့် ဒီလောက်ကြိုက်လည်း မသိခဲ့တာ အမှန်...။
“ဆေးကျောင်းထဲက ကောင်ကလေး ...🎼..သိပ်ချစ်လွန်းလို့ ငါ လိုက်ငေး..🎼…ခိုးခိုးပြီးတော့ အကြိမ်ကြိမ်ကြည့်.🎼..”
“ဂျောက်...”
“ဘာဖြစ်လို့လည်း...”
“မကြိုက်လို့ပါ..”
“အဟွင်း..ငယ်ငယ် ကတော့ အာဗြဲ ပြီး ဒါပဲ ဆိုနေတာမလား..”
“လူ့ အကြိုက်ဆိုတာ အချိန်နဲ့ အမျှပြောင်းလဲတက်ပါတယ် ကိုကြီးရဲ့..”
“ဒါ သစ္စာမသိတဲ့ သူတွေရဲ့ လက်သုံးစကား...”
အောင်သွေး စကားက အရှိုက်ထိသွားသလိုမျိုး ကူရှင်မှ ဆတ်ခနဲ ခေါင်းထောင်သွားပြီး ကိုယ့်ဘက်လှည့်လာကြောင်း သိလိုက်သည်..။
ရန်တွေ့ဖို့ စကားလုံးတွေ ရှာနေချိန် ကျေနပ်စွာ နှုတ်ခမ်းတွန့်ပြုံးရင်း မသိချင်ယောင်ဆောင်ခါ လေချွန်နေလိုက်သည်.။
“ကိုကြီး ခရမ်းချည်သီး ကြိုက်လား..”
“စားတာပဲလေ...”
လမ်းဘေးမှာ ချရောင်းနေတဲ့ ခရမ်းချည်သီးကို လျှပ်တပြတ် မြင်လိုက်ရတော့ အောင်သွေးလည်း ပြန်ဖြေလိုက်မိသည်..။
“ကိုကြီးက တော်တော် သစ္စာမရှိတာပဲ...”
“ဘာ...”
“ဟုတ်တယ်လေ...ငယ်ငယ် က ခရမ်းချည်သီးပါတဲ့ ဟင်းတောင် မစားချင်ဘူး..မုန်းတယ်ဆို..အခုကျတော့ ပြောခဲ့တဲ့ ပါးစပ်ကြီးနဲ့ စားနေတာလေ...လည်ချောင်းထဲကို ချောချောမောမော ကျရဲ့လား ဟင်....”
“ဟမ်..”
အောင်သွေး ခဏ ကြောင်သွားပြီး ဝိုင်း ပြောလိုက်တဲ့ စကားကို သေချာ ပြန်စဉ်းစားရင်း သီချင်းကိစ္စ သတိရတော့ အော်ရယ်မိတော့သည်..။
“ဟား..ဟား...ဟား...”
တော်တော် လည်တဲ့ ကောင်မလေး...။
လူ့အကြိုက်က အချိန်နဲ့ အမျှ ပြောင်းနေတယ် ဆိုတာကို သက်သေ ပြချင်တယ်ပေါ့လေ...။
အောင်သွေး ရယ်ရင်း ခေါင်းညိတ်နေမိသည်..။
တော်လိုက်တာ...ဝိုင်းရယ်...ကိုယ် ဖြစ်စေချင်သလို ဝိုင်း ပြောင်းလဲလာခဲ့ရင် အားလုံး ပျော်ရမယ် ထင်ခဲ့တယ်...
အခုတော့ မှားနေပြီလား...။
.
“ကိုကို...ပျင်းတယ်..”
“တွေ့လား..”
မာန်သွေး ဂိုဒေါင်ထဲက ပစ္စည်းတွေကို နေရာချတာ ကြီးကြပ်နေတုန်း အနားကို ရောက်လာပြီး အကျီ င်္ လက်စကို ဆွဲနေပြီ...။
နှုတ်ခမ်းစူပြီး မျက်နှာ ညိုးနေတော့ သနားသောအားဖြင့် ခေါင်းညိတ်လိုက်ပြီး ခဏလို့ သူ့ဆီက ပြန် ခွင့်တောင်းမိသည်..။
မျက်နှာလေးက ချက်ချင်း ၀င်းပ သွားပြီး အလှဆုံးပြုံးပြခါ် ခုံမှာ သွားပြန်ထိုင်နေသည်..။
“၆ ပတ်လည် ပိုက်တွေကို အပေါ်ဆုံးမှာတင်နော်..အရင်ဆုံးချရမှာ..”
“ဟုတ်ကဲ့...ကွန်တင်နာဘုံးနဲ့ပဲတင်မှာလား ဆရာ..”
“ဟုတ်တယ်....၁၀၅မိုင် မှာ ကားသုံးစီး ၀င်နေတယ်မလား..အဲဒါကို မန္တလေးရုံမှာပဲ ချခိုင်းလိုက်..ဒီကိုယူလာလည်း ပြန်ပို့ရမှာတွေက အထက်ပိုင်းပဲဆိုတော့ အလုပ်ရှုပ်တာပဲ အဖက်တင်သွားလိမ့်မယ်..”
“ဟုတ်ကဲ့..”
“လိုအပ်ရင် ဖုန်းဆက်လိုက်..”
“ဟုတ်..”
မာန်သွေး လုပ်ငန်းသုံး ဦးထုတ်ကို ချွတ်ပြီး နေရာမှာ ပြန်ချိတ် ခဲ့ခါ အလုပ်စားပွဲဆီ ပြန်လျှောက်လာခဲ့ရသည်..။
ဒီလို ဖြစ်မှာသိလို့ ပြောတာကို မရမက လိုက်လာခဲ့တာ အခုတော့ နှစ်နာရီတောင် မပြည့်သေးပဲ ပြန်ချင်ပြီတဲ့လေ...
ဖုန်းနှိပ်ရတာလည်း ပျင်းသွားပြီထင်ပါရဲ့...နှိပ်တဲ့ ဖုန်းကလည်း မနား..ဘာတွေ ဒီလောက် နှိပ်နေမှန်းကို မသိတာ...။
စားပွဲဘေးက ခုံမှာ ၀င်ထိုင်လိုက်ပြီး ဘာရယ် မဟုတ်ပဲ သူ့ဖုန်းကို ကောက်ယူလိုက်သည်..။
“ဟာ..ကိုကို...”
သူ့ခုံနေရာက ပြေးထလာပြီး အနားကို ရောက်လာကတည်းက မရိုးသားတော့မှန်း ရိပ်မိသည်..။
“အင့်...”
ဖုန်းကို ဘောင်စွန်းလေးက ကိုင်ပြီး စောင်းပေးလိုက်တော့ မျက်နှာငယ်လေးနဲ့ ခေါင်းငုံ့သွားသည်..။
ကလေး မျက်နှာညိုးရင် ကိုကို လည်း စိတ်မချမ်းသာဘူး...သိရဲ့လား..။
မာန်သွေး ရင်ထဲက စကားတွေကို မြိုချခါ အပြုံး တစ်ခုကို လှလှပပ ဖန်တီးရင်း မေးငေါ့ခါ ဖုန်းကို ထပ်တိုးပေးလိုက်သည်..။
“ပြီးရင် မဆူနဲ့နော်..”
“ဆူသင့်ရင်တော့ ဆူမှာပေါ့...”
“ပြီးရော...ဆူလည်းခံမယ်..”
နှုတ်ခမ်းစူ ခေါင်းညိတ်ရင်း  မာန်သွေးနောက်ကို ရောက်လာပြီး  ပခုံးပေါ် မေးတင်ခါ လက်ထဲက ဖုန်းကို ရှေ့ကို ဆွဲယူ ဖွင့်ပေးသည်..။
နီးကပ်လွန်းတဲ့ အနေအထား ကြောင့် သူ့ နှာဖျားက လေငွေ့လေးတွေ ပါးကို လာရိုက်ခတ်နေတော့ ရင်ထဲမှာ ရှိန်းမြမြ ဖြစ်ရသည်..။
“ချစ် အိမ်မှာ မရှိဘူး..”
“ဟာ ဆွေးပြီ..”
“ဟွန့် အပိုတွေ မနေ့ကပဲ ကျောင်းမှာ တွေ့သေး..”
“အဲဒါက သူငယ်ချင်းတွေနဲ့လေ...နှစ်ယောက်တည်းမှ မဟုတ်တာ..”
“နှစ်ယောက်တည်း မတွေ့ရဲပါဘူး...”
“ဘာလို့..”
“ကြောက်လို့..”
“ဘာကို..”
“ဇွတ် နမ်းတယ်..”
“တစ်ခါတည်းပါ ကွာ...”
“ဘာလည်း နှစ်ခါ ရှိပြီ..ငယ်ငယ် ကလည်း တစ်ခါ..”
“ငယ်ချစ်ဦးပါ...”
“ဟိ...ဒါပဲ..ဒါပဲ...ကိုကို သိသွားရင် ဆူမှာစိုးလို့..”
“ယောက်ဖ ကြီးကို ပြောပြလိုက်ဦးနော်..”
“အင်းပါ...နောက်မှ...ဘိုင်..”
လက်နဲ့ ထပ်တွန်းတင်လို့ မရအောင် စာကြောင်း ပြာပြာလေးတွေ အဆုံးသက်သွားတော့ မာန်သွေး လည်ချောင်းတွေ ခြောက်သွေ့လာသည်..။
ပုံ့ က ရှက်တာနဲ့ ကြောက်တာ နှစ်မျိုးကို အချိုးကျကျ ရောစပ်ထားတဲ့ မျက်နှာအသွင်လေးမှာ ပန်းရောင်ပြေးနေသည်..။
မာန်သွေး သူ့ကို ဆူဖို့ထက် ကိုယ့်နှလုံးသားက စို့နစ်သလို ဖြစ်နေတာကို ရောဂါသက်သာအောင် ကြိုးစားမိသည်..။
“ကိုကို....”
“အင်း..”
“တစ်ခုခု ပြောလေ...”
“ဘာပြောရမလည်း..ဟင်..”
မာန်သွေး စကားကြောင့် ပုံ့က ရှေ့ခုံမှာ ဆွေ့ခနဲ့ ၀င်ထိုင်ခါ မျက်နှာကို အကဲခတ်သလို မေးထောက်ကြည့်နေပြန်၏..။
သူ့မျက်နှာ နုနုလေးကို ကြည့်ရင်း သူ့ အပြုအမူကြောင့် ဟက်ခနဲ့ ရယ်မိခါ ဆံမြိတ်အထက်က ဆံပင်လေးတွေကို ပွအောင် ပွတ်ပေးလိုက်သည်..။
“သူ့ကို ကိုကို သိလား..”
“မသိဘူးလေ...”
“အာကာဖြိုးလေ...”
မာန်သွေး ရင်ထဲ တစ်စုံ တစ်ခု လုယူခံလိုက် ရသလိုမျိုး လှိုက်ဟာ သွားရသည်..။
ဘာလို့ ဒီနာမည်ကို လွယ်လွယ် မမေ့ခဲ့တာလည်း..။
ရှပ်ရှင် ရုံ ထဲမှာ ပုံ့ရဲ့ ပထမဆုံး အနမ်းကို သိမ်းပိုက်သွားတဲ့ ကောင်လေး က မာန်သွေးထက် အများကြီး ငယ်ပေမဲ့ ....ထို အချိန်ကတည်းက
ရန်သူ တစ်ယောက်လိုသာ သတ်မှတ်ထားသည်..။
တစ်ချိန်က ကိုကို့ စကားကို နားထောင်ပြီး ကိုယ့်ရန်သူနဲ့ ဝေးရာမှာ နေပေးခဲ့တဲ့ ကလေး..။
အခုကော ကိုကို့ စကားကို နားထောင်ဦးမှာလား...။
အခုချိန်ကော ဘာကို အကြောင်းပြပြီး ဒီကောင့် ကို နှလုံးသားမှာ နေရာမပေးနဲ့လို့ ပိတ်ပင်ရမှာလည်း...။
တားဆီးခွင့်ကော ရှိသေးရဲ့လား..။
အတွေးစတွေကို တိခနဲ့ ဖြတ်ပစ်လိုက်ပြီး ဖုန်းကို ပုံ့ဆီ ပြန်ပေးလိုက်တော့ မျက်လုံးဝိုင်းလေးနဲ့ မျှော်လင့်တကြီး ကြည့်နေသည်..။
“အဲလို မကြည့်နဲ့ ကိုကို မသိဘူး...”
“လုပ်ပါ ကိုကို ရယ်..”
“ဘာလည်း ရိုက်ရမှာလား..”
“အား...မဟုတ်ဘူးလေ...မှားတယ်ဆို မှားတယ်...မှန်တယ် ဆိုလည်း မှန်တယ်..တစ်ခုခုပြောပေါ့...”
“ပုံ့ အရွယ်က အမှားအမှန် သိနေပြီပဲ..”
“ဟုတ်တယ်...ဒါပေမဲ့ ကိုကို ပြောတာ ကြားချင်တယ်..”
“ကိုကို ခွင့်မပြုရင် သူ့ကို လက်မခံတော့ဘူးပေါ့ ဒီလိုလား..”
အဖြေစကား မရှိပဲ တိတ်ဆိတ်ငြိမ်သက်သွားခြင်း က မာန်သွေး နှလုံးကို တစ်စုံတစ်ခုနဲ့ ထိုးခြေလိုက်သလို နာကျင်ရသည်..။
သူ့သက်ပြင်းသံလေးက ကိုယ့်အတွက် ပိုနာကျင်တော့ မသက်သာစွာ  ပြုံးလိုက်မိသည်..။
“အပျော် နဲ့ အပျက် ၊ အချစ် နဲ့ ရမ္မက် ကို  သတိနဲ့ ခွဲခြားပေါ့....ညီမလေး ကို သိပ်ပြောစရာမလိုတော့ဘူး...အားလုံးသိနေပြီပဲလေ...မဟုတ်ဘူးလား...”
သူလိုချင်တာ ရသွားသလို အပြုံးလေး တစ်ခုနဲ့ ခေါင်းညိတ်ပြတော့ မာန်သွေးလည်း အနာသက်သာအောင် ရယ်လိုက်ရသည်..။
“ဒီနေ့ သူက အိမ်လာချင်လို့ လေ..”
“ဝိုင်းလည်း သိလား..”
“သူငယ်ချင်းလို့ပဲ သိတာပါ...”
“သူကော ကျောင်းတက်လား..”
“အင်း....သူက စာတော်နေတုန်းပဲ...ကိုကိုရဲ့ ပုံ့ ကို သူမေ့သွားပြီတောင် ထင်ထားတာ...ခုနှစ်တန်းနှစ်တုန်းက သူ နမ်းလိုက်လို့ စိတ်ဆိုးသွားတယ် ထင်တာတဲ့လေ...သူက ၈တန်းမှာ ကျောင်းပြောင်းသွားတော့ မေ့သွားတယ်..ပြန်သိတာတောင် မကြာသေးဘူး...ဖေ့ဘွတ်မှာတော့ သူငယ်ချင်း ဖြစ်နေတာကြာပြီ  သူက ခေါင်းချည်ကွင်း ပုံလေးတင်တော့ မှတ်မိလိုက်တာ...အဲတုန်းက ကိုကို ပြောသလို လွင့်လည်း မပစ်ရက်ဘူး သိမ်းထားလည်း သတိရမှာစိုးလို့ ပြန်ပေးလိုက်တယ်လေ..သူက အဲဒါကို သိမ်းထားတယ်...ထင်တောင် မထင်ထားဘူး...ဟိ...ပုံ့ကို အဲလို တန်ဖိုးထားတဲ့ ကောင်လေး ရှိတာ ပျော်တယ်...ကျောင်းပိတ်ရက် အိမ်လာလည်ရင်းနဲ့ ဖွင့်ပြောတယ်...တစ်ပတ်ကြာတော့ ပုံ့ အဖြေပေးလိုက်တာ..အခုဆို ချစ်သူ ဖြစ်တာ နှစ်လကျော်လာပြီ...သူပြောတာတော့ အချစ်ဦးမို့လို့ တစ်ယောက်နဲ့ တစ်ယောက်  ပိုနားလည်နေတာတဲ့...သူက အခွင့်အရေးမယူပါဘူး ကိုကိုရဲ့...”
မကြာသော အချိန်လေးကမှ မျက်နှာလေး သုန်မှုန်ပြီး ပြန်ဖို့ တောင်းဆိုခဲ့တဲ့ ကောင်မလေးက အခုတော့ စကားတွေ အများကြီး ခရားရေလွှတ်သလို ပြောရင်း အပျော်ပြုံးလေးတွေ ဝေဆာနေတော့ မာန်သွေး ခေါင်းညိတ်နားထောင်ပေးနေရသည်..။
သူလေး က မိုင်များစွာ ဝေးနေတဲ့ အချိန်တုန်းကတောင် ပျော်ရင် ဖြစ်ဖြစ် ဝမ်းနည်းရင် ဖြစ်ဖြစ် စကားတွေ အများကြီး ရင်ဖွင့်တက်သည် မလား။
“အခွင့်အရေးမယူတာ မပေးလို့နေမှာပါ...ညီမလေးကရော....”
“ဟိ...သူက ပုံ့ရဲ့ အချစ်ဦးပဲလေ...အရင်ကတည်းက ချစ်ခဲ့ရတာပါ...ကိုကို့ ပြောစကားကို နားထောင်ပြီး သူ့ကို စကားမပြောတော့ပေမဲ့ ညဆို ငိုမိတယ်..အဲ့ဒီ အချိန်တုန်းက သူ့ကို သတိရတယ်ဆိုတာ အခုမှ လွမ်းလို့မှန်းသိတော့တယ်..အဲတုန်းကတော့ ငိုပဲငိုချင်နေတာ...တစ်ခါတလေ ကိုကို မသိအောင် ပြန်စကားပြောမိဦးမလို့ သိလား..သူကလည်း ကျောင်းပြောင်းသွားတယ်လေ...ဟူး..သူ့ ပို့စ်က အဲပုံလေး တွေ့လိုက်တော့ ပုံ့ ရင်ခုန်သံတွေ အရင်အတိုင်းပဲ....ပုံ့ အရင် စကားသွားပြောလိုက်တာ...ပေါသွားတယ်..ခစ်..ခစ်...ငါပါ မွန်မွန်စိုး ဆိုတော့...သူက သိပါတယ်တဲ့...စိတ်ဆိုးနေတုန်း မှတ်လို့ စကားမပြောရဲလို့ တဲ့လေ...ရည်းစားစကားပြောတာကော သိလား ကိုကို ..တကယ်ရယ်ရတယ်...အချစ်က ချိုတယ် သိချင်လားတဲ့လေ...ဟိ...ငယ်ငယ်က အတိုင်းပဲ...သူက ဆော်ကြည်ဘဲကောင် ကိုကိုရဲ့...ဟိုနေ့က သူ့ကားမှာ ဖုန်းနံပါတ်ကပ်သွားလို့ ပုံ့ ဖုန်းခေါ်ပြီး ကောင်းကောင်းပွဲကြမ်းလိုက်ရသေးတယ်...ဟူး...သူ့ ကိုချစ်ရတာ မလွယ်ဘူး...ပုံ့ ကို လည်း လိုက်နေတဲ့ ကောင်လေး တွေ အများကြီးပဲ သူကလည်း သ၀န်တိုတာပဲ...တစ်ခါတလေ စိတ်ရှုပ်လို့ ကောင်းကောင်းထုရိုက်ပစ်မိတယ်... တစ်ခါတလေကျတော့လည်း သူနဲ့ ဝေးရမှာစိုးလို့ လက်တွေကို အမြဲ ဆုပ်ကိုင်ထားချင်တယ်...အချစ်ဆိုတာ ချိုသလား ခါးသလား မသိပေမဲ့ ပူသလိုလိုပဲ..”
မာန်သွေး ရေခဲစိမ်ရေသန့်ဘူးကို ဖောက်ပြီး ခွက်ထဲ ငဲ့ထည့်ခါ ရှေ့ကို ကမ်းပေးလိုက်သည်..။
“ဟင်..”
‘မောနေပြီ...စကားတွေ အများကြီးပြောနေတယ်...”
“ဟိ...ကိုကိုကလည်း ရင်ဖွင့်ရလို့ပါ..ကိုကို က ပုံ့ ရဲ့ ဒိုင်ယာရီလေးလေ...ဘယ်သူမှ မသိတာတွေလည်း ကိုကို သိနေရမယ် ဟုတ်ဘူးလား..”
မာန်သွေး မျက်လုံး မှိတ်  ခေါင်းညိတ်ပြလိုက်တော့ ပြုံးရင်း ရေခွက်ကို ဆွဲယူခါ မော့ချသောက်သည်..။
ဖန်ခွက်က နှုတ်ခမ်းနီ အရာကိုတွေ့တော့  မာန်သွေး ရင်မောရသည်..။
ဒီနှုတ်ခမ်း ဒီအနမ်းတွေနဲ့ သူတို့ရဲ့ အချစ်စတင်ခဲ့တာဆို...ကိုယ်ကကော ဘယ်အချိန် က အချစ်စတင်ခဲ့တာလည်း...။
မသိခဲ့ဘူး...ကြာပြီထင်ပါတယ်လေ...။
“ကဲ..ပြန်မယ်ဆို...”
“ဟုတ်..”
ခြေသလုံး အထက်ဝဲနေတဲ့ ဂါ၀န်လေးကို နေကျချအောင် လက်နဲ့ခါပြီး သူ့ဖိနပ်က ကြိုးသိုင်းလေးကို ပြန်တပ်သည်..။
ပိုက်ဆံအိတ်ကို စလွယ်သိုင်းလွယ်ပြီး ဖုန်းကို အိတ်ထဲ ကောက်ထည့်ခါ မာန်သွေးရဲ့  လက်မောင်းကို ချိတ်၍ ဆွဲခေါ်ပြန်သည်..။
သိတိုင်း မကောင်းပါလား..
အခုတော့ ခါးသီးတဲ့ အမှန်တရားတစ်ခုကို လက်ခံလိုက်ရပြီ...။
"ကောင်းကောင်းလျှောက်လေ...”
ဖိနပ်နဲ့ ဦးတိုက်လျှောက်နေလို့ ဘာသဘောမှ မပါပဲ ရိုးသားစွာဖြင့် လက်ကလေးကို ဆွဲ ထိန်းပေးလိုက်သည်။
မျက်ဝန်းချင်း အမှတ်တမဲ့ ဆုံချိန် သူ့ မျက်ဝန်းတွေက အချစ်ကြောင့် ပျော်မြူးနေသလို
ကိုယ့် မျက်ဝန်းတွေက အချစ်ကြောင့် ပူဆွေးနေတာ မသိစေချင်လို့ အကြည့်လွဲလိုက်ရသည်။

━━━━━━━☆☆━━━━━━━
နောက်ကျနေလား စောနေလား 😁

တစ်ချိန်တည်း ရေးရတာ မဟုတ်ပဲ
ရေးလိုက်နားလိုက်နဲ့မို့ အဆက် မမိဘူး...

စာလုံးပေါင်းလည်းမမှန် အရေးအသားလည်းမကောင်း
သည်းခံပြီးဖတ်ပေးတဲ့ စာဖတ်သူတိုင်းကို ကျေးဇူးအထူးထူးတင်ပါတယ် ❤

Love U all ❤
#စပိုက်ကာ

ပိုင်ရှင်Donde viven las historias. Descúbrelo ahora