Part 6

3.7K 185 1
                                    

ပိုင်ရှင်
အပိုင်း (၆)
#ပိုင်ရှင်

"ငါမေးနေတယ်လေ...ပုံ့ပုံ့..."
"...."
နှုတ်ခမ်းကို တင်းတင်းစေ့ ပိတ်ခါ ကြမ်းပြင်ကိုပဲ ဆိုက်ကြည့်နေတော့ ဒေါသတွေ တနုံ့နုံ့ ထွက်လာရသည်..။
ဒီဇိုင်း သင်တန်းကနေ အပြန် နည်းနည်းစောပေမဲ့ ကျူရှင် ကြိုဖို့ ၀င်လိုက်သည်...။
"ဟော...မွန်မွန်စိုး ..အစ်မ ကြီးပဲ...လာထိုင်လေ..."
"ဟုတ်..."
စာကျင်ဝိုင်းမှာ ပုံ့ပုံ့ ကို မတွေ့တော့ နောက်အဆောင်မှာ စာကျက်နေတယ်လို့ ထင်မိသည်..။
"မွန်မွန်စိုး နေမကောင်းလို့ ခွင့်လာတိုင်တာလား.."
"ရှင်.."
"သူ တို့ လေးယောက်က အဖွဲ့လိုက် ပျက်နေကျဆိုတော့ ဒီအတိုင်း မှတ်နေတာ..."
"သြော်...ဟုတ်ကဲ့..."
၀ိုင်း စိတ်ထဲ သဘောပေါက်သလို ရှိပေမဲ့ ကိုယ့်ညီမ အကျင့်ကို သူများ ကဲရဲ့စရာဖြစ်မှာစိုးလို့ ကာကွယ်ပေးလိုက်မိသည်..။
"ရပါတယ်...ညီမရဲ့..."
"မွန်မွန်စိုး စာလိုက်နိုင်လားလည်း သိချင်လို့ပါ.."
"အင်း..သူ့သူငယ်ချင်းတွေထက် စာရင် တော်တယ် ပြောရမှာပေါ့လေ...အမှတ် ခြောက်ဆယ်ကျော်ရတယ်.."
"ဟုတ်...ဆရာမ လည်း စာသင်နေတော့ မနှောင့်ယှက်တော့ဘူး..ပြန်ခွင့်ပြုပါအုံး ဆရာမ.."
"သြော်..ဟုတ်ကဲ့.."
၀ိုင်း လာကြိုနေကျ သရက်ပင် အောက်မှာ ထိုင်စောင့်နေတာ ကျူရှင် ဆင်းခါနီး အချိန်မှ လေးယောက်သား ဟားတိုက်ပြီး ပြန်ရောက်လာသည်..။
ပုံ့ပုံ့က ထုံစံ အတိုင်း အုတ်ခုံမှာ ထိုင်ပြီး လက်ထဲက နေကြာစေ့ လက်ကျန်ကို စားနေသည်..။
ဟို သုံးယောက်ကတော့ နှုတ်ဆက်လို့ အိမ် တန်းပြန်သွားကြသည်..။
"ပုံ့ပုံ့..."
မမ အသံ ရုတ်တရက် ကြားလိုက်တော့ ပုံ့ ရင်တုန်သွားရသည်..။
မလုံမလဲဖြင့် တံတွေးမြိုချလိုက်ပြီး
"ရောက်နေတာကြာပြီလား မမ..."
"ဟင့်အင်း.."
"နေကြာစေ့ စားမလား.."
"ဟအေး..."
မမ က လုပ်နေကျ အတိုင်း ဝိုင်းလက်ထဲက ထမင်း ချိုင့် ကို ယူခါ ရှေ့က လျှောက်တော့ ပုံ့ပုံ့ စိတ်ကို ငြိမ်အောင်ကြိုးစားပြီး နောက်ကနေ လိုက်ခဲ့သည်..။
အိမ်ကို ရောက်တာနဲ့ မမက အိမ်တံခါးကို ဂျက်ပိတ်လိုက်ခါ ပုံ့ပုံ့ ပါးကို ရိုက်သည်..။
"...မမ..."
"နင်...ဘယ်က ပြန်လာတာလည်း..."
"....."
ပုံ့ပုံ့ ပါးကို ရိုက်လိုက်တာ မနာပေမဲ့ ရင်ဘတ်ထဲက နာလာသည်..။
မမ မို့လို့ ရိုက်ရက်တာ....မေမေ သာ ရှိရင် ဒီလို ရိုက်လို့ ဘယ်ရပါ့မလည်း...။
အခုတော့ မမ က သပ်သပ် အနိုင်ကျင့်နေတာလေ....။
ဖေဖေ့ ကလည်း မမ ကိုပဲ အားလုံးအပ်ပြီး မမ ပြောသမျှသာ အမှန်ထင်နေတာ...။
ပုံ့ ဘက်မှာ ဘယ်သူ ရှိလို့လည်း...ပုံ့ ဘယ်သူ့ကို ရင်ဖွင့်ရမလည်း...။
ကျူရှင် ပြေးမိတာလောက်နဲ့ ပါးရိုက်စရာလို လို့လား...။
"ပုံ့ပုံ့....ငါ ဒေါသထွက်လာပြီနော်..."
"ရုပ်ရှင် သွားကြည့်တာ..."
"ဒီအရွယ်နဲ့ ခိုးထွက်တက်နေပြီ..."
"မမ လိုက်ပို့လား....မမ ကို မုန်းတယ်...."
ပုံ့ပုံ့ ဒေါသထွက်လွန်းလို့ အသံကုန်အော်လိုက် မိသည်..။
"..."
မမ ရဲ့ နှုတ်ခမ်းတွေ တဆတ်ဆတ် တုန်ယင်ပြီး မျက်လုံး နှစ်ဖက်က မျက်ရည်တွေ ပြည့်လာတော့ ပုံ့ အခန်းထဲ ၀င်ခါ တံခါးကို ဒုန်းကနဲ့ မြည်အောင် ပြန်ပိတ်ပြီး ငို မိတော့သည်..။
မနေချင်ဘူး...အိမ်မှာလည်း လုံး၀ မနေချင်ဘူး...အမြဲလိုလို ချူပ်ခြယ်နေတဲ့ မမ နဲ့လည်း မနေချင်ဘူး..။
သံသယ မျက်လုံးတွေကို မုန်းတယ်...။
ညီမ ကို မယုံသင်္ကာ စစ်ဆေးစုံစမ်းနေတဲ့ အစ်မ တစ်ယောက် ကို မလိုချင်ဘူး...။
ပုံ့ ဘ၀ထဲက မေမေ ပျောက်မသွားပဲ မမ ပျောက်သွားသင့်တာ....။
ခေါင်းအုံးပေါ် မျက်နှာ အပ်ပြီး တစ်ကိုယ်လုံး တုန်အောင် ငိုရှိုက်မိသည်..။
ပုံ့ပုံ့ အားရအောင် ငိုပြီး အခန်းပြင် ထွက်လာတော့ ဘယ်သူမှ မရှိ....။
ထမင်းစားဖို့လည်း ဘာမှ မရှိလို့ မေမေကြည် တို့ အိမ်ဘက်ကို ရောက်လာခဲ့ရသည်..။
"မေမေကြည်.."
"သြော်...သမီး ကျူရှင် ဆင်းပြီလား.."
"ဟုတ်..."
"မေမေကြည် ဘာဟင်းချက်လည်း.."
"မုန့်ညှင်းကြော်တယ်...ငါးဟင်းချက်တယ် သမီး....စားမလား.."
"ဟုတ်..."
"မေမေ ပြင်ပေးမယ်.."
"အာ...နေပါစေ...ပုံ့ထည့်စားပါ့မယ်..."
မေမေကြည့် ကို အားနာလို့ ပုံ့ ပန်းကန်ယူ ထမင်းထည့်ပြီး ထိုင်စားနေမိသည်..။
မမ ကိုပြောတာများ လွန်သွားပြီလား...။
မသိဘူး...စိတ်ဆိုးတယ်....။
ပုံ့ပုံ့ ထမင်း အလုပ်ကြီးကြီး စားရင်း ရေနဲ့ လည်း မျှောချသည်..။
"သမီး ညနေ ကျူရှင် ရှိလား.."
"ဟုတ်.."
"ဝိုင်း ကော ပြန်လာပြီလား.."
"အင်း..ဘယ်ကို ပြန်သွားတာလည်း မသ်ိဘူး.."
ပုံ့ပုံ့ ထမင်းစားပြီး မေမေကြည် ရဲ့ အနားမှာ ထိုင်ခါ ပုဇွန်ခြောက်ထဲက ကျောက်ခဲလုံးလေးတွေ ရွေးပေးလိုက်သည်..။
"ပုံ့ပုံ့ရေ...ကျူရှင်သွားဖို့လေ..."
"ဟုတ်ကဲ့.."
ကိုရီးယားကားနဲ့ မျောနေတုန်း မမ ခေါ်သံကြားတော့ အားလုံး ပုံမှန် ပြန်ဖြစ်သွားပြီဆိုတာ သိလိုက်သည်..။
"မမ..."
"...."
"ဖေဖေ နဲ့ မတိုင်ပါနဲ့နော်..."
မမ ဆီက ဘာစကားမှ ထွက်မလာတော့ ပုံ့ စိတ်မကောင်းဖြစ်ရသည်..။
ဖေဖေ့ ကို ပြန်တိုင်မှာလည်း ကြောက်ရသည်..။
"မမ...ဖေဖေ ကို မတိုင်နဲ့နော်..."
ကျူရှင်ရောက်တော့ မ၀င်ခင် ထပ်ပြောလိုက်မှ မမ က ခေါင်းညိတ်ပြီး ပြန်သွားသည်..။
တော်ပါသေးရဲ့...။
"ဟိတ်....နီနီ....ဟိုဘက်တိုး..."
"ဒါ...သဇင့် နေရာ..."
"အပို လုပ်လို့ဟာ...ငါတို့ လေးယောက်တူတူ ထိုင်နေကျပဲဟာ.."
ပုံ့ပုံ့ လွယ်အိတ်ကို ခုံပေါ်တင်လိုက်တော့ နှီနီ၀င်း က တွန်းချလိုက်သည်.။
သူ့ကို ကြည့်တော့လည်း မျက်နှာကြီးက စူပုတ်ပြီး တစ်ခုခု ကို မကျေနပ်သလို...။
"ဘာဖြစ်လို့လည်း..စိတ်ကောက်နေတာလား...ရုပ်ကြီးကလည်း.."
"ဟော..သဇင် လာပြီ..."
"မွန်မွန်စိုး..နင် ဒီမှာထိုင်မှာလား.."
"အေး.."
"ဒါဆို ငါတို့ ရှေ့ခုံမှာ သွားထိုင်မယ်..နီနီ ထ..."
"ဟင်..."
ခုံစွန်းမှာ ထိုင်နေတဲ့ အေးအေးစံ က ပါ ထသွားတော့ ပုံ့ တစ်ယောက်တည်း ကျန်ခဲ့ရသည်.။
မနက်ကတောင် အကောင်းကြီးကို ဘာကို စိတ်ကောက်ကြပြန်ပြီလည်း...မသိဘူး..။
သချာင်္ချိန် ပြီးတော့ ခဏနားချိန် သုံးယောက်သား အပြင်ထွက်သွားသည်..။
အရင်ကဆို အမြဲတူတူသွားနေကျ အခုတော့
ပုံ့ကို မခေါ်ပေမဲ့ ပြေးလိုက်သွားလိုက်သည်..။
"နင်တို့ ဘာဖြစ်နေတာလည်း.."
"အဲဒါ ငါတို့မေးရမှာလေ...နင် က သစ္စာဖောက်ပဲ ပုံ့ပုံ့..."
"ဟင်.."
ပုံ့ကို လက်ညိုးငေါက်ငေါက် ထိုးပြီး ရန်တွေ့တဲ့ နီနီကြောင့် ပုံ့ လည်း ဒေါသထွက်ရသည်..။
"ငါ ဘာ သစ္စာဖောက်လို့လည်း.."
"နင့် ကို နင့် အစ်မ မိတိုင်း ငါတို့ ကိုပါ ဖော်ကောင်လုပ်တယ်..."
"ဟမ်.."
ပုံပုံ့ နဲ့ မမ စကားတောင် မပြောပဲ အရိုက်ခံပြီး ကတည်းက စိတ်ကောက်နေတာ တစ်နေ့ကုန်လေ...။
"နင်တော်တော် ညစ်စုတ်တာပဲ...နင့် အစ်မ ငါတို့ အိမ်မှာ လာတိုင်လို့ ဖေဖေ က ငါ့ကို ရိုက်တယ် သိလား.."
"ဟင်.."
"ဟုတ်တယ်...ပြီးတော့..နင်လို အလိမ်မာလေးက ငါတို့ကြောင့် ကျောင်းပြေးတက်နေပြီလို့ ပြောသွားတယ်...သူ့ညီမက အရင်စသင်ပေးတာ မသိရှာဘူး..နင့် မမ ကလည်း အရူးမကြီးပဲ..ငါတို့ကို ကျူရှင်ပြေးဖို့ စပြောတာ နင်လေ...နင် စိတ်ဓာတ်က မုန်းဖို့ကောင်းတယ်...စကားလာမပြောနဲ့..."
"မဟုတ်ဘူး..ငါ မပြောဘူး.."
"ငါတို့ လိမ်တာလို့ ပြောချင်တာလား...နင့် အစ်မ နေ့ခင်းကလာတုန်းက ငါတို့ အားလုံး အိမ်မှာ ရှိတယ်...တစ်အိမ်ဆင်း တစ်အိမ်တက် လာတိုင်သွားတာ..သူ့ညီမ မနိုင်တိုင်း သူများတွေကို လိုက်တိုင်တာ မရှက်ဘူး...ငါတို့လည်း နင့်ကို ခင်လွန်းလို့ ပေါင်းနေတာ နင့်နဲ့ ပေါင်းလို့ ဘာကောင်းကျိုးမှ မရှိဘူး..အခုကစပြီး လာလည်း စကားမပြောနဲ့...တူတူလည်း မထိုင်ဘူး...ကျောင်းမှာလည်း နင့်အကြောင်းတွေ ပြောလိုက်မယ်.."
"မဟုတ်ဘူး...ငါ နင်တို့ကို တကယ် ခင်တာပါ...သစ္စာမဖောက်ပါဘူး.."
"ရယ်စရာကြီး.."
နီနီ နဲ့ သဇင်က ရယ်ပြီး ထွက်သွားတော့ အေးအေးစံ က နှုတ်ခမ်းမဲ့ ပြီး ရွံသလို ကြည့်ခါ ထွက်သွားသည်..။
မမ ရဲ့ အကြံအစည်တွေကို သိလိုက်ပြီး ပုံ့ပုံ့ ပါးပေါ် မျက်ရည်တွေ စီးကျလာရသည်..။
ကျောင်းစတက်ကတည်းက ပေါင်းနေကျ သူငယ်ချင်းတွေ မရှိတော့လို့ ပုံ့ပုံ့ တစ်ယောက်တည်း ယောင်ချာချာ ဖြစ်နေရသည်..။
အတန်းထဲက ကောင်မလေး တော်တော် များများကလည်း နီနီ တို့ရဲ့ လုပ်ဇာတ်လမ်းကြောင့် ပုံ့ပုံ့ကို သိပ်စကားမပြောချင်...။
ကျောင်းဆင်းချိန် ဆို အပြင်ထွက်ရပ်ပြိး ဖြတ်သွားသမျှကို လိုက်ကြည့်နေရသည်..။
မုန့်စားဆင်းချိန် နဲ့ အပြင်သွားလည်း တစ်ယောက်တည်း...
တစ်ယောက်တည်း နေရတာများတော့ ပျင်းလာသည်...။
ပုံ့ပုံ့ နောက်မှာ အရိပ်လို အမြဲရှိနေသည့် အာကာဖြိုးကို နှုတ်ဆက် ပြုံးပြရင်း သူငယ်ချင်း လုပ်လိုက်ရသည်..။
"ဖြိုးလေး...ငါ ရုပ်ရှင် သွားကြည့်ချင်လို့.."
"အိုး..စာမေးပွဲနီးပြီလေ..."
"နင် မလိုက်ရင် ငါ့ဟာ့ငါ သွားမယ်.."
"ဟာ...တစ်ယောက်တည်း မသွားရဘူး.."
ဖြိုးလေး က စိတ်မချသလို ပြောတော့ ပုံ့ ရိပ်မိပေမဲ့ မသိချင်ယောင်ဆောင်နေလိုက်သည်..။
သေချာဇာတ်တိုက်ပြီး မှ ကျူရှင်ကနေ လစ်ခါ ဖြိုးလေးနဲ့ နှစ်ယောက်တည်း ရုပ်ရှင်သွားကြည့့်ဖြစ်သည်..။
အရင်လို မမ သိမှာလည်း မစိုး၇ိမ်ပါဘူး..ဒါ မမ ခင်းတဲ့ ဇာတ်လမ်း...။
"ဟဲ့ ဖြိုးလေး...ဟိုမှာကြည့်စမ်း.."
ရုပ်ရှင်မှာ အာရုံမရောက်ပဲ ဘေးထောင့်ခုံက စုံတွဲကို အကြည့်ရောက်ပြီး ဖြိုးလေးကို လက်ကုတ်ပြမိသည်..။
ဖြိုးလေးက တစ်ချက်ကြည့်ပြီး ဟက်ကနဲ့ ရီလိုက်တော့ သူ့မေးရိုးပေါ်က အချိုင့်လေး ခွက်၀င်သွားသည်..။
"လုပ်စရာ ရှားလို့..."
"နမ်းတာလေးပါဟာ.."
"ဒါပေမဲ့...မကောင်းပါဘူး..လူမြင်ကွင်းကြီး.."
ပုံ မျက်နှာ တစ်ခုလုံး ရှုံ့မဲ့ပြီးဝေဖန် ကဲ့ရဲ့ လိုက်ခါ ရုပ်ရှင်ဆီ အကြည့်ပြန်ရောက်သည်။
"နင်က ကြည့်တာကိုး...သူတို့ဟာ သူတို့ စာအုပ်ကွယ်ပြီး လုပ်နေတာကိုပဲ..."
ဖြိုးလေးက အပြစ်တင်လည်း တင်ချင်စရာ ...ပုံ့က ရှေ့ကို ကြည့်နေပေမဲ့ သူတို့ ဘယ်လို အဆင့်တက်မလည်း သိချင်စိတ်ဖြင့် မကြာမကြာ အကြည့်ကရောက်သွားရသည်..။
"ဖြိုးလေး..အနမ်းက ချိုတယ်ဆိုတာ တကယ်လား.."
"မသိဘူးလေ...ငါ မနမ်းဖူးဘူး.."
"နင်ပဲလား...ငါလည်း မနမ်းဖူးဘူး.."
"သိချင်လား.."
"အင်း.."
ပုံ့ ရှေ့က ရုပ်ရှင်မြင်ကွင်းပျောက်သွားပြီး ဘာမှန်းမသိခင် ပြန်မြင်လိုက်ရသည်...။
"ဘာ..ဘာ.."
"ချိုလား.."
"ဟင်..."
စက္ကန့်ပိုင်းလေး ဘာမှ မသိလိုက်ခင် ဆိုပေမဲ့ နမ်းလိုက်တယ် ဆိုတာသိတော့ ပါးနှစ်ဖက်လုံးပူခါ ရင်ထဲမှာ ကတုန်ကယင်တွေ ဖြစ်လာသည်..။
"အဟား...နင်ရှက်နေတာလား.."
"ဟအေး...မသိဘူး.."
ရုပ်ရှင်ကို အစကတည်းက စိတ်မပါပေမဲ့ ဘေးခုံက အတွဲကိုလည်း မစပ်စုအားတော့ပါ..။
ရင်တွေခုန်နေရင်း ရှေ့က နေတိုး ရုပ်ပုံကိုသာ ပြူးကြည့်နေမိသည်..။
"နေအုံး...ငါ လက်ဆောင် ၀ယ်ပေးမယ်.."
"မယူဘူး.."
"နင်ကလည်း စျေးကြီးတာ မဟုတ်ပါဘူးဟာ..."
ဖြိုးလေးက လက်ကိုဆွဲကိုင်ပြီး လမ်းဘေးဆိုင်လေးကို ခေါ်သွားခါ ခေါင်းချည်ကွင်းလေးတွေ ရွေးသည်..။
"ဒါလေး လှတယ်.."
နှုတ်ခမ်းတစ်စုံ အလှကပ်ထားသည့် ခေါင်းချည်ကွင်းကို လက်ဆောင်အဖြစ်ပေးတော့ ပုံ့ ရှက်သလို ရှိပေမဲ့ လက်ခံလိုက်သည်..။
ဒီလို ရင်ခုန်တာကို မကြိုက်ပေမဲ့ ရင်ခုန်ရတာလေးကလည်း ခံစားလို့ကောင်းပါသည်..။
"ချစ်လား.."
"ဟအေး...ငါမသိဘူး.."
"အလည်မ..."
ဖြိုးက မျက်စောင်းထိုးပြီး ရယ်ရင်း သူ့ ရင်ဘတ်က လွယ်အိတ်ကြိုးကို လက်နဲ့ အခါခါ ပွတ်ဆွဲနေသည်..။
.
"ပြောပါအုံး..ဘာတွေထူးသလည်း.."
ကိုကိုက အရင်အတိုင်းပဲ မေးပေမဲ့ ပုံ့ ဖုန်းကို ဖိဆုပ်ကိုင်ထားမိသည်။
"ထူးတာမှ အများကြီးပဲ ကိုကို...အခုတော့ ပြောလို့မရဘူး....မေမေကြည်လည်း ရှိတယ်..မမ လည်း ရှိတယ်...မနက်မှ ဖုန်းခေါ်လိုက်..."
"ကိုကို့ ကို အိပ်မပျော်အောင်လုပ်မလို့လား ညီမလေး...အိမ်မှာ ဘာပြသာနာ ဖြစ်လို့လည်း.."
ကိုကိုကတော့ တလွဲတွေ တွေးပြီး စိတ်ပူနေပြန်ပြီ...။
"အိမ်ပြသာနာ မဟုတ်ပါဘူး..ဘာပြသာနာမှ မဟုတ်ဘူး...ပုံ့ အကြောင်းတွေ ပြောမလို့ပါ..."
"သြော်...."
"မမတို့လည်း သိလို့မဖြစ်ဘူး..ဒါပေမဲ့ ကိုကို့ ကိုပဲ ပြောချင်နေတယ်.."
"ဟုတ်ပြီ..ဟုတ်ပြီ...မနက်ကျ အေးပေမဲ့ ဇွဲကောင်းကောင်းနဲ့ စောစောထစောင့်နေပါ့မယ်.."
"ဟိ...ဟုတ်ကဲ့..ကိုကို ..ဒါပဲ..."
ပုံ့ ဖုန်းချလိ်ုက်ပေမဲ့ မနက်ဖြန် ကိုကို ဘာပြောလာမလည်းလို့ ကြိုတွေးကြည့်နေမိသည်..။
.
"သမီး လုပ်ချင်ရင် လုပ်လေ.."
"ဟုတ်ကဲ့...ဒီတိုင်းလည်း စျေးထဲ ရောက်နေတာ ဆိုတော့ အဲဒါ ပိုကောင်းမယ် ထင်လို့ပါ..."
"အကျီ င်္ဆိုင် ဆိုရင်ကော..."
"ဝိုင်း က အထည်လိတ် ဆိုင်တော်တော်များများကို သိတယ်..ဖေဖေ...ထိုင်း နဲ့ တရုတ် က လာတဲ့ ဒိုင်တွေကိုလည်း သိတယ်...အကျီ င်္ လိုင်း ကျတော့ ဝိုင်း မကျွမ်းဘူးလေ...ပြီးတော့ ဆရာမကလည်း အားပေးတယ်...အခု..ဝိုင်းဒီဇိုင်း သင်တန်းလည်း ရှေ့ လဆို ပြီးပြီဆိုတော့ အလုပ်မရှိပဲ မနေချင်လို့ပါ..."
"အင်း..ရောင်းရတာ မရောင်းရတာထက်...သမီး ပင်ပန်းမှာ စိုးလို့ပါ..."
"မပင်ပန်းပါဘူး ဖေဖေ..."
"အေးလေ...ဒီလောက် စိတ်အားထက်သန်နေမှတော့ လုပ်ကြည့်ပေါ့..အကြည်နဲ့ လည်း တိုင်ပင်ကြည့်အုံးလေ.."
"ဟုတ်ကဲ့..."
ဖေဖေ က ထမင်းဆက်စားနေပေမဲ့ ဝိုင်းကတော့ စိတ်ထဲမှာ ကြည်နူးရင်း ပျော်နေမိသည်..။
၀ိုင်း ကိုယ်ပိုင်ဆိုင်လေး မကြာခင် ဖွင့်ရတော့မှာပေါ့လေ...။
နေ့ခင်းဘက် မေမေကြည့်ဆီရောက်တော့ ပြောပြဖြစ်သည်။
မေမေကြည်ကလည်း မကန့်ကွက်ပဲ အားပေးတော့ ဝိုင်း စိတ်ကူးတွေဖြင့် ရှေ့ရက်တွေကို ပုံဖော်မိသည်။
"သမီး နာမည်ရွေးပြီးပြီလား.."
"ဟုတ်...မူမူ ပဲ ထားမယ် မေမေကြည်..."
"မေမေကြည် နဲ့ စိတ်တိုက်ဆိုင်နေတယ် ကြည့်စမ်း.."
"ဟုတ်လား...ဒါဆို ပိုကောင်းတာပေါ့..."
"ဒါနဲ့...ဗိုလ်ချုပ်စျေးထဲမှာ ဆိုရင် အသွားအပြန် ဝေးမလားပဲ သမီးရယ်.."
"ဟုတ်...ဝိုင်းလည်း...အဲဒါ စိတ်ပူတယ်...ညီမလေးကလည်း ငယ်သေးတော့ စိတ်မချဘူး..."
"ဒါဆို ...မခင်မေ ဆိုင်ခန်းတွေ ရောင်းနေတယ်လေ...အဲနေရာလည်း အချက်ကျတာပဲ...လမ်းထိပ် အချိုးလေး ဆိုတော့ နီးလည်းနီးတယ်..."
"အင်း....ဒါပေမဲ့ လမ်းဆုံ ဆိုတော့ စျေးကြီးမယ် ထင်တယ် မေမေ ရဲ့.."
"မေမေကြည်မှာလည်း ရှိပါတယ် သမီးရယ်..ပိုက်ဆံတော့ မပူပါနဲ့.."
"ဝိုင်းက ဝိုင်းနိုင်သလောက် က စလုပ်ချင်လို့ပါ..."
"သမီး သဘောပါပဲ....သူ့အဖေ အတိုင်းပဲ တကယ်.."
မေမေကြည်ရဲ့ ရန်တွေ့မှုလေးကြောင့် ဝိုင်း ပြုံးလိုက်မိသည်..။
ဖေဖေ လည်း မာန မကြီးသလို ဝိုင်းလည်း မာန မကြီးပါဘူး..။
သူများကို အားမကိုးချင်တာလေး ပါပဲ ....
သူတစ်ပါးကို အားကိုးရင် အကျင့်ပါသွားမှာ စိုးလို့ပါ... မေမေကြည်ရယ်....။
.
"ကဲ...ပြောပါတော့ ..ည က အိပ်တောင် မပျော်ဘူး.."
"ဟိ..."
ပုံ့ပုံ့ မီးဖိုခန်းဘက်ကို ခေါင်းလှည့်ကြည့်ပြီး မှ ဖုန်းခွက်ကို ပြန်ကိုင်လိုက်သည်..။
"ကိုကို ဖြိုးလေး ကို သိလား.."
"သိတယ်လေ....ညီမလေး မှာ သူငယ်ချင်းမရှိလို့ သူနဲ့ ပေါင်းနေရတယ်ဆိုတဲ့ တစ်ယောက်မလား.."
"ဟုတ်.."
ကိုကို က မှတ်မိနေတော့ ပုံ့ ရယ်လိုက်မိသည်..။
မမ နဲ့များ ကွာလိုက်တာ...။
"မနေ့ က သူနဲ့ ရုပ်ရှင် သွားကြည့်တယ် ကိုကို.."
"ဟမ်...စာမေးပွဲ ရှိတာကိုကွာ.."
"နေတိုး ကားသစ် တင်လို့ပါ ကိုကို ရဲ့..နားထောင်ပါအုံး.."
"အင်းပြော.."
"သူ....သူကလေ..."
"အင်း.."
"ဟီး...ညီမလေး ကို နမ်းတယ်.."
"ဘာ..."
ကိုကို့ အသံ ဟိန်းကနဲ့ ထွက်လာတော့ ပုံ့ လန့်ဖြတ်ခါ မျက်လုံးပင်ပြူးသွားသည်..။
မမ နဲ့ အတူတူ ပုံစံမျိုး ကိုကို တုန့်ပြန်လာလိမ့်မယ်လို့ ပုံ့ မထင်ခဲ့ပါ..။
"ကိုကို...ပုံ့ ပြောပြလိုက်တာ မှားပြီလား ဟင်..ကိုကို စိတ်ဆိုးသွားလား.."
"ဟူး.."
မာန်သွေး ခေါင်းက ဆံပင်တွေကို စိတ်မရှည်စွာ ထိုးဖွလိုက်ပြီး နှုတ်ခမ်း ကိုက်လိုက်မိသည်..။
ဒိလို ဆယ်ကျော်သက် အရွယ် တစ်ယောက်ကို ဘယ်လို ပြန်ပြောရမလည်း စဉ်းစားရ ကြပ်လှသည်..။
ကိုယ့်စကား တစ်ခွန်းကို သူ့ ကို အားပေးနိုင်သလို..လမ်းလွဲအောင်လည်း လုပ်ပစ်နိုင်သည်..။
"ညီမလေး ကို ကိုကို ဘာပြောထားလည်း.."
"ဟုတ်..ပုံ့ သိပါတယ်...သူ က ရုတ်တရက်ကြီး ထ နမ်းတာပါ...တစ် နှစ် သုံး ပဲ ကြာပါတယ်...ဘာမှန်းတောင် မသိပါဘူး.."
မာန်သွေး ရှင်းပြရခက်နေချိန် ပုံ့ပုံ့ စကားကြောင့် မျက်ခုံးတွန့်ခါ စိတ်ပျက်စွာ ရယ်မိသည်..။
"ဒီလို ဆိုရင် သူက အန္တရယ် ရှိတဲ့သူပဲ ညီမလေး...မိန်းကလေး တစ်ယောက် အလိုမတူပဲ လက်တောင် ကိုင်ခွင့် မရှိဘူးလေ...သူ့ဟာက အဆင့်တွေ တအားကျော်နေတယ်..."
"အဲလိုမဟုတ်ပါဘူး.."
"သူ ဒီလောက် ရဲနေရင် မလွယ်ဘူး..ညီမလေး ဒီလို အစော်ကား ခံရတာ ကိုကို့ အပြစ်လည်း ပါတယ်...ညီမလေး သူငယ်ချင်းတွေနဲ့ ပြသာနာ ဖြစ်တဲ့ ကိစ္စကို သိကတည်းက ဝိုင်းကို ပြောသင့်နေတာ...ညီမလေးက မပြောပါနဲ့ လို့ တောင်းပန်လို့ ငြိမ်နေမိတာ မှားသွားတယ်...ဒီလိုပဲ အာကာဖြိုးနဲ့ သူငယ်ချင်းဆိုတာလည်း ကိုကို့ ကို ပြောသားပဲ ကိုကို မတားလို့ ညီမလေး ဆက်ပေါင်းနေတာ မလား.."
"ဟို..သူက လူဆိုးလို မဟုတ်ပါဘူး ကိုကို.."
"လူဆိုးမဟုတ်ပေမဲ့...လူယုတ်မာလို လုပ်တယ်လေ..."
မာန်သွေး ဒေါသကြောင့် အံကြိတ်ပြီး အသံဖျော့ ခါ ပြောလိုက်ရသည်..။
"ဒါက ပုံ့.. .အပြောမတက်လို့ပါ..."
"ဘာကိုလည်း.."
"ဟို ရုပ်ရှင် ကြည့်နေရင်း အတွဲ တစ်တွဲတွေ့လို့ အနမ်းက ချိုသလားလို့ မေးမိတာပါ...သူက သိချင်လားမေးတော့ ခေါင်းညိတ်မိတာ...သူက အဲတော့မှ နမ်းတာပါ..."
"ကျစ်..."
အတော် ဖြေရှင်းရခက်နေတဲ့ ပုစ္တာ တစ်ပုဒ်ကို တွက်နေရသလို ခေါင်းတွေ မူးနောက်နောက် ဖြစ်လာသည်..။
"ကဲထားတော့..ကြည့်ရတာ ညီမလေးက စိတ်မကောင်းဖြစ်ပြီး ငိုကြွေးနေတာမှ မဟုတ်တာ..."
"ဟုတ်..."
"ပြီးတော့ ဘာတွေဖြစ်သေးလည်း.."
"ပုံ့ ရင်တွေခုန်တယ်..."
မာန်သွေး စိတ်တိုပေမဲ့ မအော်ရက်လို့ ဒေါသကို မြိုချလိုက်ရသည်..။
စိတ်ပူနေတဲ့ ကိစ္စ က တစ်ခုသာ..။
"ရုပ်ရှင် ကြည့်ပြီး ဘယ်တွေ လျှောက်သွားသေးလည်း.."
"ကျူရှင်ကို ပြန်တယ်လေ..သြော်...သူက ပုံ့ အတွက် ခေါင်းချည်ကွင်းလက်ဆောင်ပေးတယ်...နှုတ်ခမ်းပုံ ပါတဲ့ ခေါင်းချည်ကွင်း တစ်ခုပါ ကိုကို..."
"အင်း...ယူထားလား.."
"ဟုတ်..."
"အဲဒါကို ပစ်လိုက်..."
"ဟင်.."
"မပစ်ရက်ရင် သေချာ သိမ်းထား ဘယ်တော့မှ ထုတ်မပန်နဲ့..."
ဖြိုးက ပန်စေချင်လို့ ပေးတဲ့ဟာကို လွင့်ပစ်ဖို့ ပြောလိုက် ထုတ်မ၀တ်ပြောလိုက်နဲ့ ...ပုံ့လည်း နားမလည်နိုင်ပါ..
ကိုကို က ပိုသိပါတယ်လေ...
"ဟုတ်..."
"ဖြိုးလေးနဲ့ နှစ်ယောက်တည်း ဘယ်မှ မသွားရဘူး..အနေနီးအောင်လည်း မနေရဘူး..ခပ်ရှောင်ရှောင်နေပါ...သူက ဘာဖြစ်လို့လည်း မေးရင် ဘယ်လို ပြောရမလည်း သိလား.."
"ငါ့ ကိုကို က မကြိုက်လို့လို့.."
မာန်သွေး အားရကျေနပ်စွာ ပြုံးလိုက်မိသည်..။
မမြင် ကွယ်ရာပေမဲ့ ပုံ့ပုံ့ ပြောတဲ့ အတိုင်း လုပ်မယ် ဆိုတာ သိနေသည်..။
"လိမ်မာတယ်...ကိုကို ဘာလို့ အခုလို လုပ်ခိုင်းတာလည်း သိလား.."
"ဟင့်အင်း.."
"ယောင်္ကျားလေး တစ်ယောက်ရဲ့ စိတ်က ရယူလိုမှု များတယ်..အခု ခဏ အခွင့်အရေးယူပြီးရင် နောက်တစ်ခါဆို ခပ်ကြာကြာ အခွင့်အရေး ယူလိမ့်မယ်..အဆင့်တွေ တက်လာလိမ့်မယ်...ညီမလေး နားလည်အောင် ဘယ်လို ပြောရမလည်း ကိုကို လည်း မသိဘူး..ဒါပေမဲ့ ညီမလေး သဘောပေါက်ဖို့ လိုတယ်.."
"ဟုတ်...ပုံ့ နားလည် ပါတယ်.."
"အင်း...မိန်းကလေး ဘ၀က ပန်းလေးလိုပဲ ညီမလေးတို့ အရွယ်က ပန်းတစ်ပွင့် ရဲ့ အစပဲ...ဒီအချိန်မှာ ပိုအရေးကြီးတယ်...အနားမှာ ဝဲပျံနေတဲ့ ပျားတွေ ပိတုန်းတွေ လိပ်ပြာတွေ မှ အများကြီး...လိပ်ပြာလေး လှလို့ လက်ခံချင်တာ...အန္တရယ် ရှိတယ် ညီမလေး...အနေအထိုင် မတက်ရင် အကြွေစောရတယ်..ကိုကို ပြောတာ သဘောပေါက်လား.."
"ဟုတ်ကဲ့.."
ပုံ့ပုံ့ ဖုန်းကို ကိုင်ထားရင်း ခေါင်းပါ သေချာ ညိတ်ပြလိုက်မိသည်..။
"ညီမလေး သူငယ်ချင်းတွေ ပြန်မခေါ်သေးဘူးလား.."
"ဟုတ်..."
"လူဆိုတာ ခင်တွယ်တက်တဲ့ အမျိုးပဲလေ...ဒါပေမဲ့ အပေါင်းအသင်းမရှိလည်း ဘ၀ ကို ဖြတ်သန်း နိုင်ရတယ်...ညီမလေး မွေူးတုန်းက ဘယ်သူမှမပါဘူးနော်...ညီမလေး တက်မြောက်မှုတိုင်းက ဘေးက ပံ့ပိုးမှု ပါတယ်ဆိုပေမဲ့ ကိုယ်တိုင်ရှိတဲ့ အရည်အချင်းတွေပါ...လမ်းလျှောက်တာ တွဲမဲ့လူ မရှိချိန် ထိုင်လျက်ပြုတ်ကျပေမဲ့ ပြန်ထခဲ့တယ်...ဒါကြောင့် ညီမလေး လမ်းလျှောက်တက်ခဲ့တယ်.."
"ဟုတ်.."
"စက်ဘီးစီးတုန်းကကော....ကိုကြီး မရှိတဲ့ အချိန် တစ်ယောက်တည်း ခိုးစီးလို့ ဒူးစုတ်သေးတယ်မလား..."
"ဟီး..ဟီး...ဟုတ်တယ်..."
"ဒါပေမဲ့...ညီမလေး ကိုယ်တိုင် စီးတက်သွားတယ်လေ...စာရေးစကို ပြန်မြင်ယောင်ကြည့်ပါအုံး...ဆရာမ လက်လွတ်လိုက်ချိန် ၀လုံး ရှည်ရှည်လေးတွေ ရေးခဲ့တယ်လေ...ဒါပေမဲ့...အခု ၀လုံး ဝိုင်းဝိုင်းလေး ရေးနိုင်ခဲ့တာ ညီမလေး တစ်ယောက်တည်း ရဲ့ ကြိုးစားမှုတွေပဲ မလား...အဲတော့ အပေါင်းအသင်းလိုပေမဲ့ ခေါင်းထဲတော့ သိပ်မထားနဲ့...စာကျက်ချိန် ပိုရတယ် လို့ နှလုံးသွင်းထားပါ ညီမလေး.."
"ဟုတ်ကဲ့..."
"ကိုကို... စိတ်ချမယ်နော်.."
"ဟုတ်.."
မာန်သွေး ဖုန်းချပြီးတာနဲ့ ဦးလေးကျော်ဆီ ဖုန်းဆက်ပြီး ဝိုင်း ဖုန်းနံပါတ်ကို တောင်းလိုက်သည်..။
"ဟလို...မူမူစိုး ပြောနေပါတယ်.."
"ဝိုင်းလား.."
၀ိုင်းနာမည် ကိုသိနေတော့ ဘယ်သူလည်း ဆိုတာ အဖြေရှာကြည့်ရင်း..
"ဟုတ်ပါတယ်...ဘယ်သူပါလည်း.."
"ငါပါ မာန်သွေး..."
အိမ်မှာနေရင်တောင် အခေါ်အပြောမရှိသည့် မာန်သွေးဖြစ်နေတော့ ဝိုင်း မျက်ခုံးပင့် မိသည်..။
"ပြောလေ..."
"အေးဆေး ပြောချင်လို့.."
"သူများဆိုင် မှာ ပြောရမှာ မို့လို့ ကြာကြာ တော့မရဘူး.."
"ဟုတ်ပြီ...နင် အိမ်ပြန်ရောက်ရင် ငါ့ကို ဖုန်းခေါ်လိုက်....ငါ့ဖုန်းနံပါတ်ပြောမယ် မှတ်ထားလိုက်အုံး.."
"အင်း...ခဏ.."
ဆိုင် ၀န်ထမ်း ကောင်မလေးက သဘောပေါက်ခါ စာအုပ်နဲ့ ဘောပင်လှမ်းပေးတော့ ကျေးဇူးတင်ရသည်..။
"ရပြီ ပြော.."
"၀၉၄၂၂........"
"ငါ အိမ်ရောက်ရင် ပြန်ခေါ်လိုက်မယ်....တစ်ခုခု ဖြစ်လို့လား.."
"အေး.."
"အရေးကြီးလား.."
"ကြီးတယ်..."
၀ိုင်း ရင်ထဲ ထိတ်သွားပေမဲ့ သူ့ဘက်က ဖုန်းချသွားတော့ မေးဖို့ အချိန်ပင် မရလိုက်...။
ဘာတွေ ဖြစ်လို့ပါလိမ့်...။

━━━━━━━☆☆━━━━━━━
ဒီနေ့လည်း စာတိုသွားပြန်ပြီ...
ရှည်ရှည်လေးရေးပေးပါမယ် လို့ ပြောထားခါမှ😁 ကတိမတည်နိုင်ဘူးဖြစ်သွားတယ်
ဆောရီးပါ တောင်းပန်တယ်နော် 🙏

တစ်ချိန်တည်း ရေးရတာ မဟုတ်ပဲ
ရေးလိုက်နားလိုက်နဲ့မို့ အဆက် မမိဘူး...

စာလုံးပေါင်းလည်းမမှန် အရေးအသားလည်းမကောင်း
သည်းခံပြီးဖတ်ပေးတဲ့ စာဖတ်သူတိုင်းကို ကျေးဇူးအထူးထူးတင်ပါတယ် ❤

Love U all ❤
#စပိုက်ကာ

ပိုင်ရှင်Where stories live. Discover now