Part 13

3.3K 169 2
                                    

ပိုင်ရှင်
အပိုင်း (၁၃)
#ပိုင်ရှင်

“မမ..”
“ဟင်..”
ရှပ်အကွက်စိပ်နဲ့ ပုဆိုး နီညိုရောင် ၀တ်ထားတဲ့ လူ တစ်ယောက် ကို ကြည့်ပြီး ဝိုင်း အံသြရသည်..။
“သာဦး..”
“ဟုတ်..”
“အိုး..ငါ့မောင်ရယ် လူတောင် မှားတယ်..”
မနှစ်ကပဲ ရွာကိုရောက်တော့ သားဦးဆိုတာ ပုဆိုးတိုတို စွပ်ကျယ်ချိုင်းပြတ်နဲ့ ခါးကလည်း ခပ်ကိုင်းကိုင်းရယ်...။
အခုတော့ အသားလည်း ပိုဖြူလာသလို အ၀တ်အစားကို လိုက်ဖက်အောင်၀တ်ထားလို့ အတော် ကြည့်ကောင်းလာသည်..။
ဆံပင်ကလည်း ဘုတ်သိုက်မဟုတ်ပဲ သေချာ ဖြီးထားလို့ အမှတ်တမဲ့ တွေ့ရင် တောင် ဒီလူချော တယ်လို့ အကြည့်ခံရမည့် ပုံစံပင်..။
“လာလေ...၀င်လာ..”
အလုပ်ခန်း အ၀ က မှန်တံခါးအနားမှာ ရပ်နေတော့ ဝိုင်း ခေါင်းဆတ်ခေါ်လိုက်မှ ၀င်လာသည်..။
ရှေ့က ခုံမှာ ၀င်ထိုင်လိုက်တော့ ဝိုင်း လုပ်လက်စ စာရင်း စာအုပ် နဲ့ လပ်တော့ကို ပိတ်ချပြီး ပြုံးလိုက်သည်..။
“ဘယ်တုန်းက ထွက်လာတာလည်း..”
“ကျွန်တော် ဖုန်းကုမ္ပဏီမှာ အလုပ်လုပ်နေတယ် မမ..”
“ဟုတ်လား....အခု အလုပ်ကိစ္စလာတာလား..နေဖို့ ထိုင်ဖို့ကော ..မစိစဉ်ရသေးဘူးဟုတ်...အိမ်မှာနေရမယ်...ဒါပဲ...”
“ဟား..ဟား..မမ ကလည်း...မဟုတ်ပါဘူး..ကျွန်တော် ဖုန်းကုမ္ပဏီမှာလုပ်တာပါ...ဟိုတလောကမှ  မကွေးက ပြန်လာရတာလေ..”
“ဟောတော့..တော့် အသားတွေက မဲမသွားပဲ ဖြူလာပါလား..”
“အဲကွန်း တန်ခိုးတွေကြောင့်ပါ...ကျွန်တော်က စာရင်းပဲ လုပ်ရတယ်...သူငယ်ချင်း တစ်ယောက် အကူအညီနဲ့ ရတာလေ....”
“ရန်ကုန်မှာ မလုပ်ဘူးလား..”
“ဟင့်အင်း... အဖေကတော့  ရွာမှာ မနေရမဲ့ အတူတူ ရန်ကုန်မှာ လုပ်စေချင်တယ်လေ...”
“တော် က မနေချင်ဘူးဆိုပါတော့...”
“ဟုတ်...”
“ကဲကွာ...လုပ်မနေနဲ့ အိမ်ကို သွားမယ်...ပုံ့ပုံ့လည်း ပျော်သွားမှာ သိလား...ဟိုနေ့ကပဲ ဖေဖေ က သူ့ အကို ကို သတိရတယ်ပြောသေးတယ်..”
၀ိုင်း စားပွဲက ထလိုက်တော့ သာဦးက လွယ်အိတ်ကို ကောက်လွယ်ခါ ထလာသည်..။
နွယ်လေး ကို အလုပ်ကိစ္စတွေ မှာကြားခဲ့ပြီး  ကားသော့ ယူခါ အိမ်ပြန်ဖို့ ဦးတည်လိုက်ရသည်..။
ဒါ ဝိုင်းရဲ့ အထူးဧည့်သည်လေ...။
တစ်ခါက ဧည့်၀တ်မကျေမှု အကြောင်းတွေးမိရင် အားနာတာကော စိတ်မကောင်းဖြစ်တာကော ရောထွေးခါ ၀မ်းနည်းရသည်..။
“အဒေါ်ကော နေကောင်းလား..”
“ဟုတ်..”
“ညီမလေးကော စာလိုက်နိုင်ရဲ့လား..”
“လိုက်နိုင်တယ်တော့ ပြောတာပဲ....”
“နှင်းငွေကော နေကောင်းလား..”
“အဟဲ....”
သူ့ အကြောင်း သူသိသလို ရယ်လိုက်တော့ ဝိုင်းလည်း မျက်ခုံးပင့်ခါ စလိုက်မိသည်..။
“ကောင်းပါတယ်...ကျွန်တော် လက်ထပ်လိုက်ပြီ..”
“ဟောတော့ ငါ့တောင် မဖိတ်ဘူး...”
“ပွဲကြီး မလုပ်ဖြစ်ပါဘူး...မမရယ်...”
“နှင်းငွေ နဲ့လား..”
“ဟုတ်...”
“ဟား..ဟား...ဒါ ငါရေးပေးခဲ့တဲ့ ဖူးစာနော်...”
လွန်ခဲ့တဲ့ နှစ်များတုန်းက ရှက်တက်သူ သားဦး နဲ့ မိစွာတေးလေး နှင်းငွေ တို့အကြား အောင်သွယ်ပေးခဲ့တာ သတိရပြီး လက်မထောင်ပြောမိသည်။
“အဟွင်း....နှင်းငွေလည်း ပြောတယ်...သူမင်္ဂလာသာ ဆောင်ဖြစ်ရင် ဘယ်သူမှ မဖိတ်တောင် မမ တစ်ယောက်တည်းကို ဖိတ်မယ်တဲ့လေ...”
“ဒါပေါ့...ဒါပေါ့...သူများရဲ့ အဖိုးတန် မောင်လေးကို ပေးထားရတာလေ...နေပါဦး...သားဦးက အလုပ်တွေ သွားနေတော့ နှင်းငွေက အိမ်မှာ တစ်ယောက်တည်းပေါ့...”
“ကျွန်တော်နဲ့ လိုက်နေပါတယ်...အခုက တစ်ရက် နှစ်ရက်ပဲ ကြာမယ်ဆိုလို့ ထားခဲ့တာပါ..”
“တော်သေးတာပေါ့...ငါ့ယောင်းမ ရွာချစ်မ လေး အခုတော့ ပိုချစ်ရတဲ့သူကို တွေ့သွားရှာပြီ...”
သာဦးက ထုံးစံအတိုင်း ခေါင်းငုံ့ လို့ မပွင့်တပွင့် ရယ်နေပြန်သည.်.။
ဘာမှ မပြောင်းလဲဘူး..တကယ်တကယ်...။
“ဟေ့...ဒီမှာ ဘယ်သူလည်း ကြည့်စမ်း..”
အောင်သွေး ခြံထဲမှာ ထိုင်ပြီး စာဖတ်နေတုန်း ဘေးဘက် ယုဇနပင် အရွက်တွေကြားကနေ ဝိုင်းကို လှမ်းမြင်လိုက်ရသည်..။
ကားကိုချိုးကွေ့ပြီးတာနဲ့ သူတို့ ခြံထောင့်က သရက်ပင်အောက်မှာ အမြဲထားတက်သည်မို့ အခုလည်း အနားလေး ကပ်ပြောလိုက်သလိုပင်..။
စာအုပ်က အကြည့်တွေကို ခွါပြီး ကားဆီ တစ်ချက် ကြည့်လိုက်မိသည်..။
ပုံ့ပုံ့ ကို လှမ်းအော်တာသိပေမဲ့ ကားထဲက ထွက်လာမဲ့ သူကို စိတ်လှုပ်ရှားစွာ စောင့်ကြည့်မိသည်..။
သူ့ရဲ့ ကြယ်ပွင့်လိုလက်နေတဲ့ သွားတက်လေးတွေ ပေါ်လောက်အောင် ပြုံးနေတော့ သူ့အတွက် ထူးခြားတဲ့သူ ပါလာမှန်း သိသည်..။
“ဟယ်...ကိုကြီး..သာဦး...”
“ဟင်...”
ကားပေါ်က ဆင်းလာချိန် ကျောပိုးအိတ်ကို ပခုံးပေါ်မတင်ရင်း ပုံ့ပုံ့ကို ကြည့်နေတဲ့ သူ့ ကို ကောင်းကောင်း မမှတ်မိပါ။
နာမည်ကိုတော့ လုံးဝ မမေ့...သားဦးဆိုတဲ့ သုံးဝမ်းကွဲ အကိုကို အိမ်ခေါ်လာတာလား...။
၀ိုင်း စာမေးပွဲမှာ အဆင့်တစ်ရလို့ အောင်သွေး ကိုယ်တိုင် မုန့်ဖိုး စုပြီး ၀ယ်ပေးခဲ့တဲ့ ဖန်လုံးလေးကို ခွဲပစ်တဲ့ကောင်...။
ကလေးဆန်စွာ သူ နဲ့ ခေါ်ရင် ကိုကြီးနဲ့ စကားလာမပြောနဲ့လို့ ပြောခဲ့သည်..။
ထို အချိန်က ကိုယ့်ဘက်က ဝုိင်းရပ်တည်ပေးခဲ့လို့ ဒီကောင့် ကို မကျေနပ်ပေမဲ့ ခွင့်လွှတ်လိုက်ရသည်..။
အခုတော့ ပါးစပ်က နားရွက် တက်ချိတ်နေလောက်အောင် ဖြစ်နေတာ...။
အောင်သွေး ခပ်တိုးတိုး တောက်ခတ်လိုက်ပြီး စာအုပ်ဆီ အကြည့်ပြန်ရွေ့လိုက်ပေမဲ့ စိတ်တွေက ဝိုင်းရဲ့ သွား အထပ်ကလေးတွေဆီမှာသာ...။
“ကိုကြီး သာဦး က မမ  ဆီပဲ ဖုန်းဆက်တယ်..”
“သာဦးက ငါ့ကို ပိုချစ်တာကိုး..”
“အား..ဟုတ်လား...”
သားဦးက ရယ်နေတော့ ဝိုင်း လက်ကိုဆွဲပြီး လက်မောင်းကို ချိတ်ခါ ပုံ့ကို လျှာထုတ်ပြလိုက်သည်..။
နောက်က ကဆုန်ပေါက် လိုက်လာမှန်းသိလို့ မြက်ခင်းပေါ်မှာ ခပ်သွက်သွက်လျှောက်ပြီး အိမ်ထဲ ၀င်ပြေးရသည်..။
“ကိုကြီး သာဦး က အခုမှ လာတယ်..ဒီနေ့ ပုံ့ စာမေးပွဲ ရှိလို့ ကျောင်းက သွားရဦးမယ်..”
“ဟုတ်လား...သွားပေါ့...ညီမလေး..”
“ဟွင့်...သိတယ်...ပုံ့ကိုဆို ဘယ်သူမှ မချစ်ဘူး..”
“အဲလို မဟုတ်ပါဘူး..”
“ဘာမဟုတ်ဘူးလည်း..သတ္တိရှိရှိပြောလိုက်စမ်း...သာဦး...ဟွင်...ဟွင်း..”
၀ိုင်း ကျိန်းလိုက်တော့ သာဦးက စဉ်းစားရခက်သလိုမျိုး ခေါင်းကို တွင်တွင် ကုတ်ပြီး ရယ်နေသည်..။
“မမ ကားကို ယူသွားလိုက်...”
“မမ က...”
“ဒီနေ့ အလုပ်နားမယ်...ငါ့မောင်လေး လာလို့လေ..”
“ဟာ..မဟုတ်ဘူးလေ..”
“ဟုတ်တယ်လေ...”
“ကျွန်တော်ပြောတာ...ဒီလို မဟုတ်ဘူး..”
“ကျွန်မ ပြောတာ ဒီလိုပါ...”
“ဟို..”
“ဗျို..”
“ဟား..ဟား...”
၀ိုင်း သူ့စကားတွေ နောက်က သံယောင်လိုက်ပြီး ပြောတော့ သူခမျာ ရယ်ရခက် ငိုရခက် ဖြစ်နေပြီ ဗျို ဆိုတဲ့ သူ့ လက်သုံး စကားကြောင့် သုံးယောက်သား ပွဲကျအောင် ရယ်မိသည်..။
“ကျွန်တော်က ညနေ ကားနဲ့ ပြန်မှာ မမ ရဲ့..”
“ဟမ်...နှစ်ရက်ဆို..”
“ဟုတ်တယ်လေ..မနေ့ကတည်းက ရောက်နေတာပါ...”
“အိုး...သာဦးကလည်း အဲဒါကို ခုမှလာတယ်ဟာ...”
“ဒါဆို ပုံ့လည်း ကျောင်းမသွားတော့ဘူး..”
“မလုပ်ပါနဲ့..ပြန်ပြေးချင်လာပြီ...”
“ဟား..ဟား...ဧည့်သည်ပျော်သွားပုံရတယ်..”
“ဆရာမ ကြွ...”
ပုံ့ပုံ့ ကို လက်နဲ့ ရှေ့တိုးပြလိုက်တော့ မျက်စောင်းထိုးပြီး မကျေမနပ်ဖြင့် ခြေဆောင့်ထွက်သွားသည်..။
ကျောင်းပြေးချင်လို့ အကြောင်းရှာနေတာ မူလတန်းကလေးလည်း မဟုတ်ပါပဲနဲ့...။
တကယ့် ကလေးဆိုးမလေး...။
“ပုံ့ပုံ့ ကျောင်းသွားမလို့လား..”
“ဟင်...ဟုတ်...”
ကားပေါ်တက်ခါနီးမှာ မေးလိုက်တော့ ပုံ့ပုံ့က ကားတံခါးပိတ်ပြီး သရက်ပင်ဘေးက တံခါးအနိမ့်လေးကို ဖွင့်ခါ ခြံကူးလာသည်..။
“ဧည့်သည်လာတယ် ထင်တယ်..”
“ဟုတ်တယ်..မမ မောင်...ကိုသာဦးလေ...”
“သြော်...”
အောင်သွေး သိပြီးသားပေမဲ့ မမ မောင် ဆိုတဲ့ အသုံးကြောင့် စိတ်ထဲ ဖျဉ်းကနဲ့ ဖြစ်ခါ ရွဲ့ သလိုလို သြော် မိပြန်သည်..။
၀ိုင်း ဆိုတာ အဲလိုမျိုး လူကို ဒုက္ခပေးနေရမှ ကျေနပ်သည့် မျိုး..။
“ကိုကြီး လည်း အိမ်တောင် မလာဘူး..အလုပ်လည်း မသွားရပဲနဲ့..”
“ကိုကြီး လာရင် မိရွှေဝိုင်း က ကြိုက်တာမဟုတ်ဘူး..”
“ခစ်..ခစ်...တစ်ခုခုပဲ..”
“ဘာလည်း..”
“မိရွှေဝိုင်းတဲ့...မမ ကလည်း...ဦးဘ၀င်သွေးတဲ့...ခစ်ခစ်...”
“ဟမ်...ကိုကြီး ကို အဲလို ခေါ်တယ် ဟုတ်လား..”
“ရန်တိုက်ပေးတာ ဟုတ်ဘူးနော်...သွားပြီ...”
ပုံ့ပုံ့ က ပြောပြီး ရှေ့ပန်းကန်ထဲက စပျစ်သီး တစ်လုံးကောက်ယူခါ ဟိုဘက် ခြံကို ပြန်ပြေးသည်..။
အောင်သွေးမှာ သာ စာအုပ်ကြီး ရှေ့ချပြီး မခံချင်စိတ်ဖြင့် ရင်ထဲမှာ တနုံနုံ့...။
ဦးဘ၀င်သွေး...။
ဘာတွေ ဘ၀င်မြင့်မိလို့လည်း..။
အခုတော့ ကွယ်ရာမှာပါ စော်ကားတက်နေပြီလား..ဝိုင်းရယ်...။
မင်း ဘယ်လိုကြောင့် ပြောင်းလဲကုန်ရတာလည်း..။
အိမ်ပေါ်ရောက်တော့ တီဗွီကြည့်ရင်း အကြည့်က နာရီဆီ ရောက်သွားသည်..။
ဆယ်နှစ်နာရီတောင်ထိုးနေပြီ...။
ယောင်္ကျားနဲ့ မိန်းမ နှစ်ယောက်တည်း  တစ်အိမ်ထဲမှာ နေတာ သုံးနာရီတောင် ရှိသွားပြီ...။
ဘယ်လောက်ပဲ ဆွေမျိုးလို့ ပြောပြော..ဦးလေး နှစ်၀မ်းကွဲရဲ့ သား သုံး၀မ်းကွဲမောင်...။
ရှေ့ တီဗွီပေါ်က ရုပ်ရှင်ထဲမှာ အက်ရှင် မင်းသားက သေနတ်နဲ့ အပြင်းအထန် ပြေးလွှားနေသလို
အောင်သွေးလည်း ရင်တွေ ပူလောင်လာရသည်..။
မေမေ ရှိရင်လည်း သွားကြည့်ပါဦး ပြောလိုရသေး...။
အခုတော့ အဖော် ကောင်မလေးကိုပါ ခေါ်ပြီး ဆေးရုံတက်နေရတဲ့  မေမေ့ သူငယ်ချင်း ဆီ လူမမာမေး သွားကြသည်..။
“ဟူး..”
တီဗွီရှေ့က ထပြီး ပြတင်းပေါက်ဆီ ရောက်သွားတော့ တစ်ဖက်ခြံထဲမှာ တိတ်ဆိတ်လွန်းနေသည်..။
အို.. ဝေဒနာ..ဒုက္ခ....။
၀ိုင်း...မင်းကလေ....ကိုယ့် အတွက်တော့ လှိုင်းပဲ...ဒုက္ခအပေးဆုံး လှိုင်း...။
လှေကားတွေကို ပြေးဆင်းလာပြီး အိမ်ရှေ့ တံခါးကို သော့ချိတ်ခါ အရှက်မရှိသူလို ခြံကူးလာခဲ့ရသည်..။
“ဒေါက်...ဒေါက်...”
“ဟော..ဘယ်သူပါလိမ့်...သာဦးရေ...တံခါးဖွင့်လိုက်ပါ..”
တံခါးရှေ့မှာ ပေါ်လာတဲ့ ကောင်ကို မကြည်ပေမဲ့ ပြုံးပြလိုက်ပြီး အိမ်ထဲ ၀င်လာတော့ ဟိုကောင်ကလည်း မကြည်သလို နောက်က ခြေလှမ်းကြဲနဲ့ လိုက်လာသည်...။
မီးဖိုခန်းက အသံထွက်နေတာ သိတော့ ဧည့်ခန်းမှာ မထိုင်ပဲ မီးဖိုခန်းအ၀ထိ လျှောက်၀င်ခဲ့သည်..။
“ဘယ်သူလည်း..သာဦး..”
မီးဖိုပေါ်မှာ ဟင်းအိုးမွှေရင်း လှည့်ကြည့်လိုက်တော့ မထင်ထားပဲ ကိုကြီးက မတ်တတ်ရပ်နေသည်..။
“ဟင်..ကိုကြီ...”
“အင်း...ဘာတွေ လုပ်နေတာလည်း..ဝိုင်း..”
“ဟင်းချက်နေတာလေ...”
ဖြေပုံက ခပ်ပြတ်ပြတ်နဲ့ မသိရကောင်းလားဆိုတဲ့ အပြစ်တင်သံ ပါနေတော့ အောင်သွေး အောင့်သပ်သပ်ဖြင့် ခေါင်းညိတ်လိုက်ရသည်..။
“ကိုကြီးလည်း ဒီမှာပဲ စားမယ်လေ...ရမလား..”
“ဝိုင်း ဟင်းချက်တာ မကောင်းဘူး..ရေကြည်လောင်ပဲ...သားဦးက ဒါပဲစားပါ့မယ် ဆိုလို့ ချက်နေရတာ..”
“တကယ် စားနိုင်ပါတယ်ဗျာ...”
အခွင့်အရေးရတုန်းလေး တစ်ချိန်က နာကျင်စရာ အတိတ်ကိုပါ ဖြည့်စွက်ပြောလိုက်တော့ ကိုကြီး မျက်နှာက ကွက်ကနဲ့ ပျက်သွားသည်..။
ပညာတက် ပီသစွာ မျက်နှာကို အပြုံးတုဖြင့် တန်ဆာတင်လိုက်တော့ ဝိုင်း ဟင်းအိုးဆီ အကြည့်ပြန်ရွေ့လိုက်သည်..။
“ အမှတ် ကြီးလိုက်တာ..”လို့ တိုးတိုး ရေရွတ်စွပ်စွဲတော့ ဝိုင်း မကြားချင်ယောင်ဆောင်နေလိုက်သည်..။
“ကိုကြီး သိမှာပေါ့...အဲဒါ သာဦးလေး...ဝိုင်း ရဲ့ မောင်..”
“အင်း..”
“သားဦး အဲဒါ ဟိုဘက် အိမ်က ကိုကြီး..”
“သြော်..ဟုတ်ကဲ့....”
“ဟင်းကတော့...ငါးရေပြုတ်ရပြီ...ခရမ်းချည်သီး အသုပ်လေး လုပ်ပေးမယ်..”
“ရပြီလေ..မမရဲ့...”
ထမင်းစားပွဲမှာ ဟင်း လေးမျိုးလောက် ပြင်ပြီးသားတွေ့တော့ အောင်သွေး ကို သပ်သပ် နှင် နေမှန်းသိလိုက်သည်..။
ဟင်း ပန်းကန်တွေကို စီချပြီး ထမင်းစားပွဲက ခုံကို ဆွဲထုတ်ခါ ထမင်းပန်းကန် ခူးထည့်ပေးသည်..။
“ထိုင် မောင်လေး..”
“ဟုတ်...အကိုလည်း စားလေ..”
“ကိုယ် စလိုက်တာ ..စားပြီးခဲ့ပြီ..”
“သြော်...ဟုတ်ကဲ့..”
“ခရမ်းချည်သီးက ငရုတ်သီး စပ်စပ်လေးပေါ့နော်..”
“ဟုတ် ရတယ် မမ..”
“အား...”
ကြက်သွန်လှီးနေရင်း နောက်ကို လှည့်ပြောလိုက်တော့ လက်ညိုးအသားကိုပါ ရှပ်လှီးမိသွားသည်..။
ဘေစင်ကို ပြေးပြီး ရေဆေးပေမဲ့ သွေးက တော်တော် များနေသည်..။
“ဟာ....”
“မမရယ်..”
သားဦးက အားနာသလို စိတ်မကောင်းဖြစ်နေတော့ ဝိုင်း ပြုံးပြီး ခေါင်းရမ်း ပြလိုက်ရင်း
အ၀တ်တစ်ခု ဆွဲယူ ပတ်လိုက်ရသည်..။
“များလား...မမ..”
“မင်းက ဘာလုပ်တက်လို့လည်း..”
“ဗျာ..”
သားဦးက ဘေးမှာ ပျာနေချိန် ကိုကြီး အော်လိုက်တော့ မျက်နှာပျက်ပြီး ကြောင်သွားရသည်..။
၀ိုင်းမှာ အားနာတာကော သနားတာကော ကြောင့် ကိုကြီး ကို ပြန်အော်မိမလို ဖြစ်သွားပြီးခါမှ မြိုသိပ်ထားမိသည်..။
“သားဦး..ရေခဲသေတ္တာ ပေါ်မှာ ဆေးဘူး ရှိတယ်...ပလတ်စတာ ယူပေးပါလား..”
“ဟင်...ဟုတ်...”
သားဦးက ငိုင်နေရာမှ ဆက်ကနဲ့ ခေါင်းထောင်ပြိး ရေခဲသေတ္တာဆီ အပြေးလျှောက်သွားသည်..။
ဆေးဘူးကို ကမန်းကတမ်း ဖွင့်ခါ အထဲက ပလတ်စတာကို ယူပြီး အနားကို ရောက်လာချိန်..
“ပေး..”
“ရတယ်...သာဦးပဲ ကပ်လိုက်..ခဏ ရေဆေးလိုက်အုံးမယ်..”
ရေပိုက် အောက်မှာ လက်က သွေးတွေတိတ်အောင် ထိုးဆေးနေတဲ့ ဝိုင်း ကို ဘေးတိုက် ကြည့်ရင်း အောင်သွေး ရင်ထဲ ဒေါသနဲ့ မခံချင်စိတ်တွေ ဝေ့နေသည်..။
ဘာမှ မသိတဲ့ ကောင်ကို ကရုဏာ ဒေါသနဲ့ အော်မိလို့ စိတ်ဆိုး သွားတာလား...ဝိုင်းရယ်...။
ဒါမှ မဟုတ်...ကိုယ့်လိုကောင်ကို မကိုင်စေချင်လို့ တမင်ရှောင်နေတာလား..။
ဟိုတစ်ခါ ဆံပင် ကိစ္စ တုန်းကလည်း ကိုယ့်မှာ ညအိပ်မပျော်အောင် ဒေါသတွေနဲ့ ပူလောင်ခဲ့ရသည်..။
“ရပြီ..”
“ကျေးဇူး..ကဲ..ဧည့်သည် ထမင်းစားလေ..”
“ဟူး...”
“ဘာလည်း မစားချင်တော့ဘူးလား..”
“မဟုတ်ပါဘူး...အားနာလို့ပါ မမရဲ့...”
“အောင်မယ်...မကောင်းရင် မကောင်းဘူးပြောစမ်းပါ..”
“စားကောင်းပါတယ်...မမ ရဲ့ လက်ရာက အထူးပဲ...”
“ကျေးဇူး...ဟိ....အခုလို တော်တယ်ပြောတာ မင်း တစ်ယောက်တည်းပဲ သိလား..သြေ်ာ..ကိုကြီး..စားပါလား..”
“နေပါစေ...ရေလုံပြုတ် မကြိုက်ဘူး..”
“သိပါတယ်...”
၀ိုင်း မျက်စောင်းထိုးပြီး ရယ်ရင်း သားဦးဘေးက ခုံမှာ ၀င်ထိုင်လိုက်ပြီး ထမင်း နဲ့ ဟင်းတွေ ခပ်ထည့်ပေးလိုက်သည်..။
တကယ်ဆို ကိုကြီး ကြိုက်တဲ့ ပုစွန်ဆီပြန်လေးကို ကိုကြီး အကြိုက်ပုံစံ လေးကြမ်းကွဲ ငရုတ်သီးမှုန့်နဲ့ စပ်စပ်လေးကြော်ထားတာပါ..။
ကျွေးချင်တာပေါ့..ဒါပေမဲ့ မကျွေးချင်တော့ဘူး...ကိုကြီး ရဲ့ မကောင်းပါဘူးဆိုတဲ့ ကဲ့ရဲ့ သံတွေကို ထပ်မကြားချင်တော့ဘူး...။
ငါ ဘယ်လောက် ကြိုးစားစား ကိုကြီး အတွက် အထင်သေးစရာပါလားလို့ တွေးမိပြီး ၀မ်းနည်းအားငယ်ရမှာကို သေအောင်ကြောက်နေပြီ..။
ကိုကြီးရဲ့ အထင်သေး စကားတစ်ခွန်းက ဝိုင်း အတွက် အိမ်မက်ဆိုးပါပဲ...။
“ကိုကြီး ပြန်ဦးမယ်..”
“ဟုတ်..”
ဧည့်၀တ်မကျေတဲ့ အိမ်ရှင် ကို ကျောခိုင်းထွက်သွားတဲ့ ကိုကြီး ခြေလှမ်းတွေကို ကြည့်ပြီး ရင်ထဲမောရသည်..။
တစ်ခါတစ်လေ တော့လည်း ..🎼အဝေးဆုံးကို ထွက်ပြေးသွားချင်ပေမဲ့....🎼
စိတ်ထဲကပေါ်လာတဲ့ ခံစားချက်ကို ဝါသနာအရ သီချင်းကောက်ညီးလိုက်တော့ ရှေ့က ကိုယ်လူချောက ပြုံးစေ့စေ့ လုပ်နေပြန်သည်။
.
“ပုံ့...ဘာတွေလည်း သမီး..”
“ကိုကို့ ကို ပြမလို့...”
“ဖေဖေကြီး တို့ကော..”
“ဟိ....မရဘူး..”
ဖေဖေကြီးက ရယ်ရင်း ခေါင်းညိတ်လိုက်တော့မှ ပုံ့ ခြေလှမ်းတွေ ပြန် အသက်၀င်ပြီး လှေကားဆီကို ဦးတည်ပြေးလိုက်သည်..။
ကိုကို့ အခန်းကို တံခါး ခေါက်ပြီးတာနဲ့ ဖွင့်၀င်လိုက်တော့ ကိုကို က အထဲမှာ မရှိပြန်ဘူး..။
“ကိုကို...”
“ဒုန်း...ဒုန်း..”
မာန်သွေး ရေချိုးနေရင်း ခေါင်းထောင်သွားရသည်..။
လက်က ကိုင်လက်စ ဆပ်ပြာတောင် ချောကနဲ့ ကြမ်းပြင်ပေါ် ကျသွားတော့ အပြေးအလွှားလိုက်ကောက်ရသည်..။
အခုမှ ပြန်ရောက်လို့ ရေချိုးနေတုန်းရှိသေး...။
ဒီကောင်မလေး ကား၀င်လာတာ တွေ့တာနဲ့ ပြေးလာတာလား...။
“ပုံ့လား..”
“ဟုတ်..”
“ဘာလို့လည်း..”
“မြန်မြန်လုပ်..ပြောစရာ ရှိလို့...”
“အင်း..”
မာန်သွေး သက်ပြင်းတစ်ချက်ရှိုက်ရင်း ရေဘားဖွင့်ခါ ရေပန်းအောက်မှာ ငုတ်တုတ်ထိုင်ချလိုက်မိသည်..။
သူနဲ့ သူ့ချစ်သူရဲ့ သာယာကြည်နူးစရာလေးတွေ...
ရန်ဖြစ်လို့ စိတ်ကောက်ရတာတွေ...
စိတ်ဆိုးတဲ့ အကြောင်း ကို ခပ်ပြုံးပြုံးလေး ပြောပြနေချိန် သူ့ မျက်၀န်းတွေက အချစ်စိတ်ဖြင့် အရောင်လဲ့နေတာ တွေ့တော့ နာကျင်ပေမဲ့ ဟန်ဆောင် ပြုံးပြရတာ ပင်ပန်းလွန်းပါသည်..။
အလုပ်မှာပဲ အချိန် ကုန်နေပြီး မိုးချူပ်မှ ပြန်လာတောင် ပုံ့ပုံ့ တို့ ဒုက္ခပေးဖို့ ထိုင်စောင့်နေသည်..။
“ဟာကွာ ရှုပ်တယ် မပြောနဲ့” လို့ မပြောရက်နိုင်လောက်အောင် “ကိုကို့ ဒီမှာ နားထောင်ပါဆို” ဆိုတဲ့ အမိန့် တစ်ခုအောက်မှာ တိတ်ဆိတ် ငြိမ်သက်နေရသည်..။
သူပြောထားတဲ့ သူ့ ဒိုင်ယာရီ စာအုပ်လေးဆိုတဲ့ ဘွဲ့ ဂုဏ်ထူးကို မာန်သွေးကိုယ်တိုင်ကလည်း နှစ်သက်နေရသည်မလား..။
“ပုံ့ ...ကိုကို့ အ၀တ်တွေ ပေးဦး..”
“ဟုတ်...”
ကိုကို့ အခန်းက ပုံ့ မွှေနှောက်နေတဲ့ နေရာတစ်ခုပဲလေ...။
ကိုကို မရှိရင် အခန်းထဲ မလာပေမဲ့ ကိုကို ရှိရင်တော့ ကြမ်းခင်က အစ အောက်မှာ ဘာရှိလည်း သိအောင်မွှေနှောက်နေတက်သည်.။
အခုလည်း ဘီဒိုသော့ထားတဲ့ နေရာမှာသော့ယူပြီး ဖွင့်ခါ စပို့ရှပ် အနီ တစ်ထည်နဲ့ ပုဆိုး အပြာ တစ်ထည် ဆွဲထုတ်လိုက်သည်.။
တံခါးကို သော့ပြန်ခတ်ပြီးမှ ထုတ်ထားတဲ့ အ၀တ်တွေ ယူခါ ရေချိုးခန်း တံခါး ခေါက်၍ အချက်ပေးရသည်..။
“ရပြီ..”
“အင်း..”
လက်ထဲ ရောက်လာသည့် အကျီ င်္ အနီ နဲ့ ပုဆိုး အပြာကို ကြည့်ပြီး မာန်သွေး ဟက်ကနဲ့ ရယ်မိသည်..။
တော်တော် လိုက်ဖက်တဲ့ ၀တ်စုံပဲလေ...။
အ၀တ်အစားလဲပြီး ခေါင်းရေခါ ရင်း ထွက်လာတော့ ကုတင်ပေါ်မှာ ခြေချထိုင်နေတဲ့ ပုံ့က ပြုံးပြသည်..။
“ပျော်နေတာလား..”
“အွင်း..”
“ဘာထူးလို့လည်း..”
ခေါင်းရေသုတ်ရင်း မေးလိုက်တော့ သူလည်း ကုတင်ပေါ်က ထပြီး ပြတင်းပေါက် အနားကို ရောက်လာသည်...။
“ကိုကို့ ကို ကြွားစရာ ရှိလို့ပါ..”
“ဘာလည်း..”
“ဒီမှာ...ပုံ့ မွေးနေ့လက်ဆောင်ရတာလေ...”
လက်ထဲက ပါကင် စက္ကူဘူးပန်းရောင် ကို အဖုံးဖွင့်ပြတော့ ကျောက်လေးတွေ တလပ်လပ် ဖြစ်နေတဲ့ အင်္ကျီ   မှန်း သိလိုက်သည်..။
ပုံ့က မရောင့်ရဲ နိုင်ပဲ လက်နှစ်ဖက် နဲ့ တယုတယ ဆွဲမြှောက်လိုက်ပြီး  ကိုယ်မှာ ကပ်ပြတော့ အတ်ာလှပြီး စျေးကြီးမဲ့ ဂါဝန်  ဆိုတာ ခန့်မှန်းမိသည်..။
“လှလား..ဟင်..”
“ပြဲ နေတယ်..”
‘ဟင်..ဘယ်မှာလည်း..”
မာန်သွေး မေးငေါ့ပြလိုက်တော့ ပုံ့က စိုး၇ိမ် တကြီး ငုံ့ကြည့်ပြီး မျက်စောင်းလေး ထိုးခါ ရယ်တော့သည်..။
“ဖြိုးလေး ၀ယ်ပေးတာလေ..”
“သြော်...လှတယ်..အပြာလေး ဆို ပိုလှမယ်..”
အနီရင့်ရင့် က အရိုင်းဆန်နေတော့ ကလေးလိုနေတဲ့ ပုံ့ နဲ့ မလိုက်ဖက်သလိုလို...
ကိုယ့် အထင်နဲ့ အကြံပေး ဝေဖန်လိုက်မိတော့
လူကြီးမလေးက ခေါင်းရမ်းပြီး..
“ပုံ့က အနီကြိုက်တယ် ပြောထားတာ သူက မှတ်ထားတယ်..တကယ်လွန်တယ်..”
“ဘာဖြစ်ပြန်ပြီလည်း..”
ခေါင်းရေသုတ်ပြီး တာဝါကို ကုတင်ခြေရင်း တန်းမှာ လွှားတင်လိုက်ပြီး ခေါင်းဘီး တစ်ခု ကောက်ယူလိုက်သည်..။
“ပုံ့ကို မွေးနေ့ မလုပ်ရဘူးတဲ့...ဘယ်သူကိုမှလည်း အသိမပေးရဘူး..ဘယ်သူ ပေးတဲ့ လက်ဆောင် မှလည်း မယူရဘူးတဲ့...ဟွန့်...မုန်းဖို့ကောင်းတယ်..”
မုန်းပါတယ်လို့ နှုတ်ခမ်းစူပြီး ပြောနေပေမဲ့ စိတ်ထဲက မပါတဲ့ စကား တစ်ခုကို ဘာလို့ ခဏခဏ ပြောနေတာလည်းလို့ မေးခွန်းထုတ်ချင်သည်..။
လက်တွေ့မှာတော့ မာန်သွေး နှုတ်ဖျားမှာ အပြုံးဝေရင်း...
“ဒီအကျီ င်္မျိုးက ပွဲတက်ပဲ ၀တ်ရမှာလေ...မွေးနေ့ပွဲ မလုပ်တော့ ဘယ်လို ၀တ်မလည်း..”
“အင်းလေ...ပုံ့ပြောတာကို မရဘူး..အိမ်မှာ ၀တ်ကြည့်ပြီး ဓာတ်ပုံ ရိုက်ပို့လိုက်တဲ့လေ..အင်္ကျီ  င်္လှလှလေးရတာတောင် မကြွားရတော့ဘူး..”
“ခု ကိုကို့ ကို ကြွားပြီးပြီပဲ ညီမလေးရယ်..”
“ဟိ..မနေနိုင်လို့ပါနော်..”
“ဘာပဲ ဖြစ်ဖြစ်...ဒီနှစ်တော့ လက်ဆောင် မပေးရတော့ဘူး....သက်သာသွားပြီ....”
“အာ...အဲလို ဟုတ်ပါဘူး..”
“ခွင့်ပြုချက် တောင်းပြီး ပြန်လာပြောလေ..”
“ကိုကို ကလည်း..”
သူ့ အကျီ င်္လေးကို တယုတယ ပြန်ခေါက်နေတဲ့ ပုံ့ကို ကြည့်ပြီး မာန်သွေး နာကျင်စွာ ပြုံးလိုက် ရသည်..။
ကိုယ့် ချစ်ရသူကို သူ ချစ်ရတဲ့သူက တန်ဖိုးထားတော့ ကိုယ်လည်း ရင်နာနာနဲ့ ၀မ်းသာပေးရတော့မည်လေ...။
“ပြန်ဦးမယ်..မမ တစ်ယောက်တည်း ကျန်ခဲ့တယ် အော်လိမ့်မယ်..”
“အင်း..”
“ကိုကို လက်ဆောင် ၀ယ်ပေးဖို့ မမေ့နဲ့နော်..”
“မေးပါဦး..”
မာန်သွေး လှမ်းအော်လိုက်ပေမဲ့ မျှော်လင့်ချက်မဲ့စွာ ခြောက်ကပ်ကပ် ရယ်မိသည်။
မနက်ဖြန်သူ့ချစ်သူနဲ့ တွေ့ရင် မေးဖို့ မေ့သွားပါလိမ့်မည်။
သူ့အတွက် ကိုကို ပေးတဲ့ လက်ဆောင်ဆိုတာ တန်ဖိုးထားမြတ်နိုးရမဲ့ အရာမှ မဟုတ်တော့တာပဲ..။
တောင်ကြီး ညစျေး မှာ ခြေတိုအောင်ရှာခဲ့တဲ့ ဆွယ်တာအဖြူလေးကော သူ့ဘီဒိုရဲ့ ဘယ်ချောင်မှာ ကပ်နေမလည်း...။
“ရန်ကုန်မှာ ပိုစုံပါတယ်ကွာ ညီ အပိုတွေ လုပ်နေတယ် ” လို့ ကိုကြီးပြောခဲ့တဲ့
စကားလုံးက အခုမှ မှန်နေကြောင်း သိတော့ နာကျင်ရသည်။
“ဟာ... ဆွဲနေကြပြီ...”
ပုံ့ လှေကားတွေကို ပြေးဆင်းပြီး ထမင်းစားပွဲ ဆီ တစ်ခါ ၀င်လိုက်သည်..။
ဖေဖေကြီးက ထမင်းစားပြီးလို့ ထသွားပေမဲ့ မေမေကြည် နဲ့ ကိုကြီးက ထမင်းစားနေတုန်းပင်...။
“ကိုကြီး စားတာကြာလိုက်တာ..”
“သူ မကြိုက်တဲ့ ဟင်းမို့လေ..”
မေမေကြည်က မေးငေါ့ ပြောတော့ ထမင်းစားပွဲ က ဟင်းကို ငုံ့ကြည့်လိုက်တာ ငါးသလောက်ပေါင်းရယ်...ချည်ရည်ဟင်းရယ်...နောက် ငါးကြော် တစ်မျိုးရယ်သာ ရှိသည်..။
ကိုကြီး က ငါးမှ မကြိုက်တာပဲလေ...။
“အိမ်မှာ မမ ကြော်တဲ့ ပုစွန်ကြော်တော့ ရှိတယ် စားမလား ကိုကြီး ပုံ့ သွားယူပေးမယ်..”
“မစားပါဘူး...စားလို့ မရတဲ့ ဟင်းထက် ဒီဟင်းက ကောင်းတယ်..”
“အိုး ကိုကြီး ကလည်း မမ လက်ရာက ကောင်းလာပါပြီ စားဖိုမှူး သင်တန်းကျောင်းဆင်းပါနော်...”
“ဘယ်လိုဘွဲ့နဲ့ ချက်ချက် ဒီလူပဲချက်တော့ ဒီဟင်းပဲ ထွက်မှာပဲ...”
“အိုး..သားကလည်း..”
အောင်သွေး တမင် ညစ်ပြီး ပြောနေတော့ မေမေကလည်း ဝင်ဟန့်သည်။
“ဟိ...စိတ်ဆိုးနေပြန်ပြီ ထင်တယ်...”
“ဝုိင်းကော ဘာလုပ်နေလည်း သမီး..”
“လက်နာနေတဲ့ ကြားထဲက သူ့မောင် အတွက် အကျီ င်္တွေ တံဆိပ်တပ်ပေးနေတယ် မေမေကြည်ရေ.....တော်တော် အမျိုးချစ်နေတာ သိလား..ဆိုင်သွားအပ်ပေးမယ် ဆိုတာ မရဘူးလေ...မနက်ကား အမှီထည့်ပေးလိုက်ချင်လို့တဲ့..”
“ဟယ်..ဒါဆို ဒီမှာ အိပ်မှာလား..အခန်းပို ရှိလို့လား..”
“ဟုတ်ဘူး..ကိုကြီးသာဦး က ပဲခူးကို ပြန်သွားပြီ...မနက် ကားနဲ့ ထည့်ပေးရမှာလေ...”
“အိုး အချိန်ပင့်တာပဲ အဖက်တင်တာပေါ့..”
“ဟုတ်တယ်..တစ်ခါတလေ မမ ကို နားကို မလည်ဘူး..”
“သူ ကိုယ်တိုင် ချူပ်ပေးချင်လို့ နေမှာပါလေ...ဟိုနေ့ကလည်း မအားတဲ့ကြားက မေမေကြည့် လုံချည်တွေကို ပြန်ပြင်ပေးသေးတယ်...ဝိုင်းလေးက သူနဲ့ ပတ်သက်တဲ့ သူတိုင်းကို သိပ်သိတက်တာ...”
“အွင်း..ဟုတ်တယ်..အာ့ကြောင့် အားလုံးက ဝိုင်းချစ်နေကြတာလေ..ပုံ့ဆို ချစ်ဘူး..ပြန်တော့မယ်..”
“အဲ...အိုး..တကယ် ပြန်သွားပြီ...”
မေမေက ပုံ့ ကို ကြည့်ပြီး ရယ်နေပေမဲ့ အောင်သွေးကတော့ မကျေနပ်စိတ်ကို ဒေါသနဲ့ ပေါင်းပြီး ရေ မျှောချနေရသည်..။
ကိုယ့် ကုတ် အသစ် ကို တံဆိပ်ဖြုတ်ရင်း နည်းနည်းပြဲသွားလို့ ပြင်ပေးပါလားလို့ တောင်းဆိုမိတာ...
ဒီဇိုင်နာမမ ဒေါ်မာန က “ကိုကြီးကလည်း ဒေါက်တာဖြစ်နေပြီ...ဒီလောက် မတွက်ပါနဲ့ အသစ်၀ယ်လိုက်ပါတဲ့လေ..”
ကိုယ့်မှာ အကျီင်္ အသစ်ကလေးကို နမျောလို့ ဆိုတဲ့ စိတ်ပျောက်ပြီး...
“သူများ လက်ဆောင် ပေးတာမို့လို့..တန်ဖိုးထားတာပါ”လို့ ရွဲ့ပြီး ပြန်ပြောခဲ့လိုက်ရသည်..။
အခု သူ့မောင် ကျတော့ လက်မှာ ဓားရှထားတာတောင် ချူပ်ပေးနိုင်သေးသည်..။
တံဆိပ်ကပ်တာကိုပဲ ပဲခူးက အပ်ထည်ယူ ရန်ကုန်မှာ ချူပ်ပေး ကားနဲ့ တင်ပို့ရလောက်အောင် အပိုတွေ လုပ်နေတာ...
ကျစ်...ဒေါသထွက်တာပဲ အဖက်တင်တယ်...ဝိုင်းဆိုရင် စက်ဝိုင်း အကြောင်းတောင် မတွေးတာကောင်းပါတယ်လေ..။
“ဟင်..”
မေမေ က ရှေ့မှာ ထိုင်ပြီး ပြုံး၍ ကြည့်နေတော့ အောင်သွေး ကြောင်ပြီးခါမှ ရှက်ကိုး ရှက်ကန်းဖြင့် ထမင်းပန်းကန် လက်စသတ်ခါ ထလာခဲ့ရသည်..။
စိတ်တွေ ပြောင်းလဲသွားမှာ စိုးပါရဲ့...။


━━━━━━━☆☆━━━━━━━
ဇာတ်လမ်းက ရေမျော နေပြီလားတော့မသိ 😁

တစ်ချိန်တည်း ရေးရတာ မဟုတ်ပဲ
ရေးလိုက်နားလိုက်နဲ့မို့ အဆက် မမိဘူး...

စာလုံးပေါင်းလည်းမမှန် အရေးအသားလည်းမကောင်း
သည်းခံပြီးဖတ်ပေးတဲ့ စာဖတ်သူတိုင်းကို ကျေးဇူးအထူးထူးတင်ပါတယ် ❤

Love U all ❤
#စပိုက်ကာ

ပိုင်ရှင်Where stories live. Discover now