Part 16

3.1K 165 4
                                    

ပိုင်ရှင်
အပိုင်း (၁၆)
#ပိုင်ရှင်

“မေမေကြည်...”
“ဟိတ်..အဲဒီ့မှာ ရပ်နေ....”
“ဟင်...”
မာန်သွေး ဖတ်လက် စ စာအုပ်ကို ပစ်ချပြီး လှေကားတွေကို ပြေးဆင်းသွားလိုက်ရသည်.။
ထင်တဲ့ အတိုင်း ဝိုင်းက အိမ်အ၀ လှေကားထစ်မှာရပ်နေပြီး ကိုကြီးက ခါးထောက်ထားသည်..။
“ပြန်...”
“ကျွန်မ မေမေကြည့် ဆီ လာတာပါ..”
“မေမေ က ငါ့ အမေ....ဒီအိမ်က ငါ့အိမ်...”
“ဟုတ်ပါတယ်...မေမေကြည့် အတွက် ကြက်ဥပေါင်မုန့် လာပို့တာ...ဒီမှာ တင်ခဲ့မယ်..”
လှေကားထစ်ကနေ အိမ်တံခါး၀ ဆီကို လှမ်းတင်ပြီး ပြန်ဆင်းသွားတော့ ကိုကြီး က ခြေလှမ်းကြဲနဲ့ အနားကို ေ၇ာက်သွားပြီး...
“ဟာ..”
“ခွမ်း...”
“ကိုကြီး..”
မာန်သွေး အိမ်ရှေ့ကို အမြန်ထွက်ပြီး လှေကားတွေကို ပြေးဆင်းသွားလိုက်ရသည်..။
မြေကြီးပေါ်မှာ ပြန့်ကျဲနေတဲ့ အနီကြွပ်ကြွပ် ပေါင်မုန့်တွေ နဲ့ အတူ ပန်းကန်ကွဲစတွေကို မျက်လုံးပြူးလေးဖြင့် ကြည့်နေရှာတဲ့ ဝိုင်းကို စိတ်ပူမိသည်..။
“ဝိုင်း..”
“အင့်...”
“ဝိုင်း...”
ခြံတံခါးလေးကို တွန်းဖွင့်ရင်း ပြေးထွက်သွားတဲ့ ဝိုင်းနောက်ကိုသာ အလောတကြီး လိုက်သွားမိသည်..။
ထင်တဲ့ အတိုင်း ပန်းအိုးတွေအနားမှာ ခလုတ်တိုက်ပြီး ဟက်ထိုးလဲပြီလေ...။
“အိုး...ဘယ်နားထိသွားလည်း..”
“နင်ဟာ...”
ခြေသည်းလှန်ပြီး သွေးတွေဖြာဆင်းလာတော့ မာန်သွေး ဘာလုပ်ရမှန်း မသိဖြစ်ရသည်..။
၀ိုင်းက မျက်ရည်တွေ သုတ်ပစ်ရင်း ကျုံးထတော့ မာန်သွေး လက်ကိုဆွဲထားမိသည်..။
“ငြိမ်ငြိမ်နေပါ...”
“ဖြည်းဖြည်းထ....ငါတွဲပို့ပေးမယ်...”
“နေပါစေ...နင်တို့ အတွက် ငါ က မိန်းမပျက်ကြီး မလား..”
“မဟုတ်ပါဘူးဟာ..ကိုကြီးက နင့်ကို ချစ်လို့ အခုလို ဖြစ်နေတာပါ....”
“ငါ့ကို ချစ်လို့...ဟုတ်လား..မာန်သွေး...ချစ်လို့...ဟား..ဟား..”
မျက်ရည်စတွေနဲ့ ရယ်နေတဲ့ ဝိုင်းရဲ့ မျက်၀န်းတွေမှာ နာကျင်ရိပ်တွေ တွေ့လိုက်ရတော့ မာန်သွေး သက်ပြင်းချမိသည်..။
ဒီကိစ္စက ကြာလေ ရှုပ်လေ ဖြစ်လာရပြီ...။
.
“ဟင်...ဘယ်လို...”
“ဟုတ်တယ်...ကိုကို....မမ က အဲလိုပဲ ပြောနေတာ...ပုံ့ အတွက် အိမ်မက်ဆိုးလိုပဲ ...စိတ်မကောင်းဘူး..”
“ဦးလေးကျော် က ကော ဘာပြောလည်း..”
“မမ တစ်ယောက်တည်းတော့ ဘယ်စိတ်ချမလည်း...အားလုံး ပြောင်းရတော့မှာပေါ့...”
“ဟာ...”
မာန်သွေး တွေးကြည့်ရုံဖြင့် ရင်ဘတ်ထဲမှာ ဟာကျန်ခဲ့ရသည်..။
မာန်သွေး လေးနှစ်သားကတည်းက ခြံချင်းကပ်နေတဲ့ အိမ်လေး မကြာခင် ပျောက်သွားတော့မယ် ဆိုတာ စိတ်ကူးတောင် မယဉ်ရဲပါ...။
အိမ်မက်ဆိုး တစ်ခုဆိုရင်တောင် လန့်နိုးဖို့ ဆုတောင်းမိမှာ အမှန်ပါပဲ...။
“ဖေဖေ က တစ်ခြား အကြောင်းရှိမယ် ထင်နေတယ်...ပုံ့ လည်း ဒီလို ထင်တယ်...မမ ကရုတ်တရက်ကြီး အိမ်တွေ ထ၀ယ်...မိသားစုနဲ့ ခွဲနေဖို့တွေ ပြောလာတာ စဉ်းစားစရာပဲမလား...”
“အင်း...”
“မသေချာသေးပေမဲ့...မမ က ဆုံးဖြတ်ပြီးရင် နောက်မဆုတ်ဘူး...ဘာပဲဖြစ်ဖြစ် ပုံ့ကတော့ ဒီအိမ်မှာ နေ့ခင်းပိုင်း လာနေမှာပါ...”
“အင်း...”
“ကိုကို ကလည်း...အင်းချည်းပဲ...”
“ကိုကို လည်း စိတ်မကောင်းလို့ပါ...”
မာန်သွေး သက်ပြင်းရှည် တစ်ခုချပြီး ပြတင်းပေါက်က တစ်ဆင့် ဟိုဘက်ခြံက တစ်ထပ်တိုက် ခေါင်မိုးနီလေးကို ငေးကြည့်နေမိသည်..။
ဘယ်လိုတွေ ဖြေရှင်းရမှာလည်း ကိုကြီးရာ....။
“ကိုကြီး...အိပ်ပြီလား..”
“မအိပ်သေးဘူး..”
“၀င်လာမယ်..”
“အင်း..”
ကိုကြီးက ပြတင်းပေါက် ဘောင်ကို လက်ထောက်ပြီး အပြင်ဘက်ကို ရပ်ကြည့်နေတော့ မျက်နှာကို မခန့်မှန်းနိုင်...။
မာန်သွေး ကုတင်ပေါ်မှာ ထိုက်လိုက်ပြီး ကိုကြီး ကျောဘက်ကို မျက်နှာ လှည့်လိုက်သည်..။
“ဝိုင်းတို့ အိမ်ပြောင်းမယ်တဲ့..”
“ကောင်းတာပေါ့...”
“ကိုကြီး စကားကို လက်လွတ်စပယ် မပြောပါနဲ့....ဒီလောက် ရင်းနှီး ချစ်ခင်လာတဲ့ မိသားစုက ဘာမဟုတ်တာနဲ့ ဝေးသွားရမှာ ကျွန်တော် လက်မခံနိုင်ဘူး..”
“ခံစားမနေစမ်းပါနဲ့ ညီရာ...မကောင်းတဲ့ ပတ်၀န်းကျင်လျော့တယ်ပဲ သဘောထားစမ်းပါ...”
“တော်ပါတော့ ဗျာ...ဝိုင်း ကို ချစ်လွန်း လို့ ခံစားရတိုင်း လျှောက်ပြောနေတာ ကျွန်တော်နားလည်ပေးနိုင်တယ်...ဒါပေမဲ့ တစ်ဖက်မှာ အပြောခံနေရတဲ့ သူက အရွယ်ရောက်ပြီးသား  မိန်းကလေးဗျ....သူ့ရဲ့ အရှက် နဲ့ သိက္ခာကို နည်းနည်းတော့ငဲ့သင့်ပါတယ်...”
“ဟား...ဟား...မင်းမှားနေပြီ..ညီ...ငါ က ဒီလို မိန်းမ ကို ဘာလို့ ချစ်ရမှာလည်း..”
“မလိမ်ပါနဲ့..ဘာမှ မဟုတ်ရင် ဒီလောက် ခံစားနေစရာမလိုဘူး..”
“ခံစားတယ်ဆိုတာ...ကိုယ် အထင်ကြီးခဲ့တဲ့ မိန်းကလေးက ကိုယ်ထင်သလို မဟုတ်လို့ စိတ်ပျက်ရွံရှာတဲ့ ခံစားချက်သပ်သပ် တစ်ခုပါကွာ..”
“ဟုတ်ပြီလေ...ကျွန်တေ်ာ ထပ်မေးမယ်...ဝိုင်း ကို တကယ်မချစ်တာလား..”
“ရှင်းတာကို လာရှုပ်နေပြန်ပြီ...ငါ ကြိုက်လောက်စရာ သူ့မှာ ဘာအရည်အချင်းတွေ ရှိလို့လည်း...အခု ပိုတောင်ဆိုးသွားပြီ...”
“ဒါဆို ဒီနေ့က စပြီး ဝိုင်းကို စကားလုံးတွေနဲ့ မတိုက်ခိုက်နဲ့တော့ ကိုကြီး..”
“ငါ့ရှေ့ရောက်လာရင်တော့ ပြောမိမှာပဲ...”
“ကိုကြီးရှေ့ကို ရောက်လာမှာ ဟိုဘက် အိမ်က ဝိုင်း မဟုတ်ဘူး...ကျွန်တော့် ဧည့်သည် ဝိုင်း..”
“ဘာ....”
“အခုချိန်ကစပြီး အိမ်ကိုလာမှာ ကိုကြီး သိခဲ့တဲ့ အရည်အချင်းမရှိတဲ့ ဝိုင်းမဟုတ်ဘူး..”
“ကိုကြီး လူကြီး လူကောင်း ပညာတက် တစ်ယောက်လို ဆက်ဆံပေးပါလို့ တောင်းဆိုချင်တာပါ...”
ကိုကြီး ဆီက စကားသံတွေ ထွက်မလာခင် မာန်သွေး အခန်းထဲက ထွက်လာခဲ့လိုက်သည်..။
မိန်းကလေး တစ်ယောက်ရဲ့ အရှက်နဲ့ သိက္ခာကို စကားလုံးတွေနဲ့ ထိုးနှပ်တာ လူကြီးလူကောင်း တစ်ယောက်ရဲ့ လုပ်ရပ်လား ကိုကြီးရာ...။
.
“ဝိုင်းလား..”
“အင်း..”
“ငါတို့အိမ်မှာ ကြေးအိုးလုပ်စားတယ်...လာခဲ့လေ...”
“မလာတော့ဘူး..ဟာ..”
“ကိုကြီး...မရှိပါဘူး..”
“သူ မရှိလည်း..သူ့အိမ်ဆိုတာ ငါသိတာပဲ...မလာချင်ဘူးဟာ...”
မာန်သွေး ဖုန်းချလိုက်ပြီးတာနဲ့ စိတ်ဆင်းရဲခြင်း များစွာဖြင့် ဟိုဘက် တိုက်အိမ်ကလေး ကို ကြည့်မိသည်..။
ခြံထဲက ပန်းပင်တွေကို မြေစွပြီး ကိုင်းခွဲစိုက်ရင်း အလုပ်များနေတဲ့ ဝိုင်းက သူ့ဆံပင်ကိုတော့ ဂရုမစိုက်ပဲ မြေကြီးချထားသည်.။
ဒီလို ယဉ်ယဉ်လေးနဲ့ လှတဲ့ မိန်းကလေးမျိုးကို
ဘာတွေပဲ ဖြစ်နေနေ   လက်တွဲလို့ဖေးကူဆုံးမသင့်တယ်မလား..။
ကိုကြီးက ဆရာ၀န် တစ်ယောက် ဖြစ်ပြီး ဘာလို့ ဝိုင်းအပေါ်ကျမှ ကရုဏာမထားနိုင် ရတာလည်း..။
၀ိုင်းက သူ့လက်က မြေကြီးတွေကို ခါပြီး ရေခရားယူခါ ပန်းပျိုးပင်တွေကို ရေထပ်လောင်းသည်..။
မာန်သွေး ပြတင်းပေါက် ဘေးမှာ တင်ထားတဲ့ သံဂေါ်လီလေးကို ယူပြီး ပန်းအိုးကို ဦးတည်ပြီး ပေါက်လိုက်တော့ လှည့်ကြည့်လာသည်..။
“မာန်သွေးနော်..ငါ သိတယ်..”
ပြတင်းပေါက်ကနေ လက်ပြလိုက်တော့ လက်ဝါး ထောင်ပြပြီး အိမ်ထဲသို့ ၀င်သွားသည်..။
မာန်သွေး ပြုံးလိုက်ပြီး အိမ်အောက်ထပ်ကို ဆင်းလာခဲ့လိုက်တော့ ကိုကြီးက ဧည့်ခန်းမှာ အခန့်သား...။
ကျစ်...။
.
“ဆုတောင်းနေပါတယ်...🎼..ပျော်နေပါစေ...🎼..အချိန်တိုင်းမှာ.…🎼..လိုချင်တာအကုန်သိမ်းသွား ငါ့ဆီက မင်းရဲ့ အပြုံးကို မြင်ယောင်နေတယ် ညတိုင်းမှာ 🎼 ခံနိုင်ရည် မရှိလို့ ငါရူးသွား...စွန့်လွှတ်ခဲ့တယ် ငါ ...နင်ပျော်နေမယ်ဆို မေ့ထားပါ🎼...ကျောခိုင်း လှည့်ထွက်သွား...”
၀ိုင်း မျက်နှာသစ်ြ့ပီးလို့ ဆံပင် ဖြီးလက်စကိုချခါ  ဖုန်းကို ကောက်ကိုင်လိုက်ရသည်..။
“ဟလို...”
“ဝိုင်း...နင် မြန်မြန်လာပါ..”
“ဟင်...ဘာဖြစ်လို့လည်း...”
“မေမေ...မူးလဲလို့..”
“ဟမ်...”
“မြန်မြန်...”
“အင်း...လာပြီ....လာပြီ...”
၀ိုင်း လက်ထဲက ဘီးနဲ့ ဖုန်းကို ကိုင်ရင်း မဖြတ်တာ နှစ်ပတ်ကြာပြီဖြစ်တဲ့ ခြံတံခါး ကို တွန်းဖွင့်ခါ ပြေး၀င်လာခဲ့မိသည်..။
ဖိနပ် မစီးခဲ့တာ သတိရတော့ ခြေသုတ်၀တ်ကို နင်းပြီး အိမ်ပေါ် တက်သွားလိုက်ရသည်..။
“မေမေကြည်..”
“မေမေကြည်...”
“သြော်...သမီး..ဝိုင်းလေး...အိုး ကလေးရယ်...မတွေ့ရတာ ဘယ်လောက်ကြာနေပြီလည်း..”
မေမေကြည်က ကြောင်နေတဲ့ ဝိုင်းကို ဆွဲဖက်လိုက်တော့မှ ဝိုင်းရင်ထဲက အပူလုံးကြီး ကျသွားရတော့သည်..။
“မေမေကြည်ရယ်..အိုး..”
၀ိုင်း မျက်ရည်စတွေကို လက်နဲ့ သုတ်ပစ်လိုက်ပြီး ပိုတိုးလို့ ဖက်လိုက်မိသည်..။
တစ်ခုခုသာ ဖြစ်သွားရင်...
“အိမ်မက်တွေ မကောင်းလို့လား..ကလေး”
“ဟုတ်..”
“မေမေ့ ကို ဘာလို့ ပစ်ထားတာလည်း သမီးလေးရယ်....မေမေ...တကယ် စိတ်မကောင်းဘူး....”
“ဝိုင်းလေ....အင့်...”
“သြော်...ဝိုင်းရောက်နေတာကိုး...”
“ဟင်..”
မျက်နှာ စပ်ဖြဲဖြဲနဲ့ ထမင်းစားခန်းထဲ ၀င်လာတဲ့ မာန်သွေးကို မျက်စောင်းထိုးပြီး လက်သီးပါ ထောင်ပြလိုက်သည်..။
ကိုယ့် အမေကို မူးလဲတယ်လို့ သူ့မို့လို့ ပြောထွက်တယ်...မွေးရကျိုး မနပ်တဲ့ သားမျိုး...။
“ထိုင်လေ..သမီး..”
“အယ်...ဟို...”
ထမင်းစားပွဲခုံထောင့် မှာ ထိုင် နေတဲ့ သူ့ကိုတွေ့တော့မှ ဝိုင်း အခြေအနေကို ပြန်သတိ၀င်ခါ အကြောင်းရှာရတော့သည်..။
“ဟို...နောက်မှ..”
“ထိုင်ပါဟာ..မေမေ က နင့်ကို အရမ်းသတိရနေတာ...နင်ကလည်း အလုပ်များလိုက်တာ လွန်ပါရော...”
“ဟမ်...အမ်း..”
၀ိုင်းမှာ ခေါင်းညိတ်နေတုန်း မာန်သွေးက ပခုံးကို တွန်ြး့ပီး ခုံဆွဲ ထိုင်ခိုင်းတော့ ၀င်ထိုင်လိုက်ရသည်..။
ရှက်ဖို့ ကောင်းလိုက်တာ...
ည၀တ်ဂါ၀န်ကြီးနဲ့ ဆံပင်ကလည်း ဖျားလျားချလို့ မျက်နှာက ရေတွေတောင် မသုတ်ရသေးဘူး..။
မာန်သွေးဆိုတဲ့ အကောင်စုတ်ဟာလေ...။
၀ိုင်း နှုတ်ခမ်းစူရင်း မှုန်ကြုပ်ကြုပ် ကြည့်လိုက်တော့  အသံမထွက်ပဲ ပခုံးလှုပ်အောင် ရယ်ပြီး ကေ်ာဖီ ပန်းကန်ကို ရှေ့တိုးပေးသည်..။
“ဖေဖေကြီးကော..”
“..မန္တလေး သွားတယ် သမီးရဲ့...မနက်ဖြန် ညနေမှ ပြန်ရောက်မယ်..”
“သြော်..”
“သမီး ဖေဖေ ကတော့ ကြက်ဥပေါင်မုန့် မစားရလို့ ညီးတွားနေတာ..သမီး အလုပ်ရှုပ်နေတာသိတော့ မတောင်းဆိုပါနဲ့တဲ့လေ...”
“ဟို...အင်း...ဝိုင်း... ကြော်ပေးပါ့မယ်..”
“နင် က ဘာ အလုပ်ရှိလို့လည်း..”
“ဟို..လေ....ဟိုဟာ..”
“သားငယ်ကလည်း စပြန်ပြီ...”
“ဟား..ဟား..မေမေ့ သမီး လိမ်နေတာလေ...”
၀ိုင်း သည်းမခံနိုင်တော့လို့ ရှေ့မှာ ချထားတဲ့ သူ့လက်ကို ခါးကိုင်းပြီး ရိုက်လိုက်ချိန်
ဆံပင်တွေဆီ လက် တစ်ဖက်က ရောက်လာသည်..။
ဆတ်ကနဲ့ ထိုင်ချလိုက်ပြီး မသိချင်ယောင်ဆောင်ခါ ကော်ဖီ ကို စိတ်မပါပဲ တစ်ငုံ့ သောက်လိုက်ရသည်..။
ဘာလို့ သူများ ဆံပင်ကို လာကိုင်တာလည်း..ကိုယ့်သိက္ခာနဲ့ ကိုယ် နေပါလား..။
“နင့် ဆံပင်က ဖျားလားကိုး ပန်းကန်ထဲ ၀င်ကုန်မှာစိုးလို့ပေါ့..”
ရှေ့က မာန်သွေးက ဖြေရှင်းစကားကြီး ထပြောတော့ ဝိုင်းမလုံမလဲဖြင့် မျက်စောင်းထိုးမိသည်..။
မာန်သွေးက ထိုင် နေရာက ထလာပြီး ဆံပင်တွေကို စုသိမ်းယူခါ  ခေါက်ထုံးပေးလိုက်တော့မှာ နည်းနည်း အဆင်ပြေသွားသည်..။
“နင့်ဆံပင်တွေက ထူလိုက်တာ လေးမှာပဲနော်..”
“အင်း..တစ်ခါတစ်လေ ညှပ်ချင်တယ်..”
“အမလေး...မလုပ်ပါနဲ့ သမီးရယ်...”
“ဟိ...မလုပ်ပါဘူး..မေမေကြည်ရဲ့...ညှပ်ချင်စိတ် ဖြစ်တာကို ပြောပြတာပါ..”
“မေမေ က အရမ်းချစ်တာနော်...”
“ဟုတ်...”
“နင်လိုချင်တဲ့ ဒီဇိုင်းစာအုပ် ငါမှာထားတာရပြီ..”
“ဟယ်...ဘယ်တုန်းက ဘယ်မှာ မှာလိုက်တာလည်း..”
“ဟဲ..ဟဲ...ဒီလိုပါပဲ...လိုချင်ရင် အခန်းထဲ သွားယူလိုက်..”
“ကျေးဇူးပဲ..”
လှေကားတွေကို ခပ်သွက်သွက် ပြေးတက်သွားသည့် ဝိုင်း ပုံရိပ်တွေကို ကြည့်ခါ အရင်အတိုင်း ပြန် အသက်၀င်ပါစေလို့ ဆုတောင်းမိသည်..။
“မာန်သွေး....ဘယ်နားမှာလည်း...”
အိမ်ပေါ်ထပ်က ဝိုင်း အသံ စီကနဲ့ ထွက်လာတော့မှ...
“ဟား...ဟား...ဆိုင်မှာလေ...”
“အိုး..သားကလည်း...”
မာန်သွေးရယ်ရင်း ကော်ဖီခွက်ကို ကောက်ကိုင်လိုက်တော့ ကိုကြီး က မှုန်ကြုပ်ကြုပ်ဖြင့် ငဲ့ကြည့်နေသည်..။
လူတိုင်းမှာ တန်ဖိုး ကိုယ်စီ ရှိကြသည်ပဲလေ...။
.
“မေမေကြည်...”
“.....”
အိမ်ရှေ့မှာ သူထိုင်နေလို့ ဝိုင်းခြေလှမ်းတွေ ရပ်တန့်သွားရပြီး ဆက်ခေါ်ဖို့လည်း မဝံ့မရဲ ဖြစ်နေရသည်..။
သူ့ဘေးမှာ ကောင်မလေး တစ်ယောက်ပါ ထိုင်နေတော့ လှည့်ပြန်ရင် ကောင်းမလား စဉ်းစားမိသည်..။
“မေမေ အနောက်မှာ..”
“သြော်....အင်း...”
“အို....ဆံပင်အရှည်ကြီးပဲနော်...”
၀ိုင်း အိမ်ရှေ့ခန်းကို ဖြတ်တော့ ကောင်မလေးဆီက အသံထွက်လာချိန် လှည့်ကြည့်ပြီး ပြုံးပြလိုက်ရသည်..။
ငယ်ငယ်ချောချော ဆရာ၀န်မလေး နဲ့ ကျတော့ သူ နဲ့ လိုက်ဖက်သားပဲ....။
စာအုပ်တွေ ရှေ့ချပြီး စာသင်ပြနေတာ တကယ့် ကျူရှင်ဆရာကြီးကျနေတာပဲ...။
သူ့အမြင်မှာ ဝိုင်းက အထင်သေးစရာ မိန်းကလေး ဖြစ်နေတာ တွေးမိပြီး စိတ်မကောင်းဖြစ်ရပြန်သည်..။
“သြော်..သမီး..”
“ဘာလုပ်နေတာလည်း မေမေကြည်...”
“သား အတွက် မုန့်ပြင်နေတာလေ...”
“ညနေတောင် စောင်းနေပြီ..”
“ဟုတ်တယ်..ဗိုက်ဆာတယ်ပြောလို့...”
၀ိုင်း ပန်းကန်ထဲ ငုံ့ကြည့်လိုက်တော့ အသုပ်စုံ ဖြစ်နေတာ ညနေစောင်း ရင်ပြည့်မှာ စိုးမိသေးသည်..။
မေမေကြည်က ပန်းကန်တွေကို စုကိုင်ပြီး ခုံက ထတော့ မကောင်းတက်တာနဲ့
“သမီး သွားပို့ပေးမယ်လေ...”
“အင်း...မိုးမိုး က အ၀တ်တွေလျှော်နေလို့ သမီးရယ်..”
“ပေး..မေမေကြည်...”
၀ိုင်း ပန်းကန် နှစ်ခုကို ကိုင်ပြီး သူတို့ရှေ့ကို ရောက်လာတော့ မော့ကြည့်ပြီး စာအုပ်တွေ နေရာရွေ့ပေးသည်..။
ကောင်မလေးက ပြုံးပြတော့ ဝိုင်းလည်း ပြုံးပြနှုတ်ဆက်လိုက်ပြီး ပန်းကန်တွေ နေရာချခါ
“စားလိုက်ပါဦး ညီမလေး..”
“ဟုတ်ကဲ့..မမ..မမ ဆံပင်တွေကို ကြိုက်လိုက်တာ...”
“သမျောလို့မညှပ်ဖြစ်တာ...ဒုက္ခတော့များတယ်...”
“ဟုတ်တယ်နော်...ဏီတောင် ကျောလည်လေးကို စိတ်ညစ်နေတယ်...ဟိ...”
“အင်း..စားလိုက်ပါဦးနော်...”
“ဟုတ်...”
၀ိုင်းကို ကြည့်နေတာ သိပေမဲ့ ကောင်မလေးကိုပဲ စကားဖိပြောလိုက်ပြီး မီးဖိုခန်းဘက် ပြန်လျှောက်လာခဲ့ရသည်..။
“ဧည့်သည် ရောက်နေတာလား..”
မာန်သွေး ဖိနပ်ချွတ်ရင်း ကတ္တီပါ ဖိနပ် နီညိုလေးကို တွေ့ပြီး ပြုံးမိခါ အော်ပြောလိုက်သည်..။
ဧည့်ခန်းရောက်တော့မှ ကိုကြီး နဲ့ နောက် ဧည့်သည် တစ်ယောက်ထိုင်နေတော့ အားနာရသည်..။
“ဆောရီး...”
ကောင်မလေးကို ရယ်ကြဲကြဲဖြင့် တောင်းပန်လိုက်တော့ ပြုံးပြီး ခေါင်းညိတ်ပြပေမဲ့ ကိုကြီးကတော့ မှုန်သုန်နေသည်.။
“ပြန်လာပြီလား..”
၀ိုင်းကို မီးဖိုခန်းက ထွက်လာတဲ့ လမ်းခုလပ်မှာ တွေ့တော့လှေကားကို မတက်သေးပဲ ရပ်လိုက်သည်..။
“အေး...ငါ ဘာပါလာလည်း မှန်းကြည့်စမ်း..”
“ကြာဇံချက်...”
“ဟ...နင်စားချင်တာတွေလျှောက်မတွေးနဲ့လေ...”
“မသိဘူးလေ...”
“သဲလွန်စ ပေးလိုက်မယ်...စားတဲ့ ဟာ လုံး၀ မဟုတ်ဘူး..”
၀ိုင်းက မျက်လုံးလေး ထောင့်ကပ်ပြီး သေချာစဉ်းစားနေသေးသည်..။
“အရုပ်လား..”
“နင်က အရုပ်နဲ့ ကစားချင်သေးလို့လား..”
“အာ..မသိတော့ဘူးဟာ...”
“ဒီမှာ...”
မာန်သွေး အိတ်ထဲက စာအုပ်ကို ထုတ်ပေးလိုက်တော့ ဝိုင်းရဲ့ မျက်လုံးဝိုင်းတွေက အရောင်တောက်ြ့ပီး ပြူးကျယ်သွားသည်..။
“အား.....တကယ်ရတာလား..”
“ဒါပေါ့...”
“ငါ ၀ယ်တာ ကုန်သွားပြီတဲ့..”
“ဟုတ်တယ်...၀ယ်သူ တစ်ယောက်ဆီက စျေးကြီးပေးပြီး ပြန်၀ယ်လာရတာ...”
“အိုး...တော်လိုက်တာ...”
“အလကား မရဘူးနော်....”
“ဟမ်...”
“ဟုတ်တယ် မနက်ဖြန် တနင်္ဂနွေနေ့ဆိုတော့ နင် ကြာဇံချက် လုပ်ကျွေးရမယ် ဒါပဲ...”
“အိုး...ငါက ပင်ပန်းဦးမယ်...”
“မလုပ်ကျွေးရင် ပြန်ပေး..”
“အဲ....လုပ်ကျွေးမယ်....ကျွေးမယ်.....ကျွေးမယ်..”
ဒီဇိုင်း စာအုပ်ကို ရင်ခွင်မှာ ပိုက်ပြီး ထွက်သွားတဲ့ ဝိုင်းကို လိုက်ကြည့်ပြီး မာန်သွေး ပြုံးလိုက်မိသည်..။
မနက်ဖြန်တော့ ပွဲလှပြီလေ...။
.
“ကိုကို..”
မာန်သွေး အပြုံး တစ်ခုနဲ့ အတူ ခေါင်းထောင် ကြည့်ပြီးမှ သူ့ ဆံပင်လေးတွေကို စုချည်ထားတဲ့ ခေါင်းချည်ကွင်းဆီ အကြည့်ရောက်ပြီး အပြုံးနွမ်းသွားရသည်..။
“ကိုကို က အိမ်နဲ့ အလုပ်ပဲ သွားနေတော့မှာလား...”
“မဟုတ်ရင် ဘယ်သွားရမလည်း...ကိုကို က ပုံ့လို တွဲဖက်မှ မရှိတာ...”
“ရှာပေါ့လို့...”
“ရှာတွေ့ရင်တော့ ပုံ့ အတွက် အချိန်မရှိတော့ဘူးနော်...”
“အဲဒါတော့ မကောင်းဘူး...”
လောဘကြီးတဲ့ ကလေးလေး ကို ငေးကြည့်ရင်း ရင်ထဲမှာ ကြည်နူးတစ်၀က် သောက တစ်၀က်ဖြစ်ရသည်..။
ကိုယ်က ချစ်နေမိတာ ဘာတက်နိုင်မှာလည်း ကလေးရယ်..။
“ဘယ်က ပြန်လာကြတာလည်း..”
ပုံ့ ကောင်လေး  ကားနဲ့ လိုက်ပို့တာ တွေ့လိုက်တော့ နာကျင်မှာ သိရဲ့သားနဲ့ မနေနိုင်ပဲ မေးမိပြန်သည်..။
ရှေ့က စာရွက်ကလေး ကို ခေါက်သိမ်းလိုက်ပြီး သူပြောလာမဲ့ စကားလုံးတွေကို စောင့်ကြိုနေမိသည်..။
“ရုပ်ရှင် သွားကြည့်တာပါ...နောက် တစ်ခါ ဆို ကိုကိုလည်း လိုက်ခဲ့လေ..”
“နေပါစေ...မရှုပ်ချင်ဘူး...”
“ဟိ..ကိုကို ပါရင် မရှုပ်ပါဘူး...ကိုကို ကို ပုံ့က မကြောက်ပါဘူး..ကိုကို က ပုံ့ရဲ့ ဝိညာဉ်ခွဲ တစ်ခုလိုပဲ သိလား...”
“အခုလည်း ပြောစရာတွေ ရှိနေပြီမလား...”
“အင်း...ပုံ့တို့ ခိုးနမ်းနေတာ...နောက်မှာ ဘယ်သူ ရှိနေလည်း သိလား..”
“...”
“ဖြိုးလေး မမကြီးနဲ့ သူ့ယောက်ဖ လေ...ဟိ....သေချင်တာပဲ....”
ပါးစပ် ကလေးကို လက်နဲ့ အုပ်ပြီး ကြောက်သလိုပြောပေမဲ့ သူ့ မျက်လုံးတွေ ပြုံးနေတာပဲမလား...။
မပြောပါနဲ့ ပုံ့ရယ်...ကိုကို မထိရက် မကိုင်ရက်တဲ့ ပန်းကလေးကို တစ်ပါးသူက အကြိမ်ကြိမ် နမ်းရှိုက်ခွင့် ရနေတာ ကိုကို တစ်ခါတလေ ကျရင် ၀န်တိုမိတယ်ကွယ်....
တစ်ခါတလေ နာကျင်ခံစားရလွန်းလို့ စိတ်တွေ ပေါက်ကွဲပစ်ချင်တယ်..။
တစ်ခါတလေ မြိုသိပ်ခံစားရလွန်းလို့ ဘာတွေလုပ်ရမှန်း မသိတော့ပါဘူး...။
ကိုကို က သာ ဖွင့်ပြောလိုက်ရင် ပုံ့ ဘယ်လို တုန့်ပြန်လာမှာလည်း..။
မဖြူစင်တဲ့ ခံစားချက်တွေကို ရွံရှာ စက်ဆုတ်သွားမှာပဲလေ...။
တိတ်တိတ်လေး ချစ်နေရတာ တန်နေပါပြီ...။
“ကိုကိုး..”
“ဟင်..”
လက်မောင်းကို လှုပ်ခေါ်လိုက်မှ ဘေးက ပုံ့ဆီ အကြည့်ရောက်သွားပြီး မေးငေါ့မိသည်..။
“ဘာတွေတွေးနေတာလည်း..”
“သူတို့က ဘယ်လို တုန့်ပြန်သလည်းလို့ပါ...”
အတွေးစကား တစ်စွန်းတစ ပါဝင်သွားတဲ့ အမေးစကားကို ပုံ့က ပြုံးရင်း
“သြော်...မသိချင်ယောင်ဆောင်နေတာပေါ့...ဖြိုးလေး နဲ့ ပုံ့လည်း  ပြေးတာ ပေါ့...ဟိ...”
“.......”
“ဒီမှာလေ....ဒီခေါင်းစည်းကြိုးလေး ပြန်ပေးတယ်..နောက် ဘယ်တော့မှ ပြန်မပေးရဘူးလည်း ကျိန်းသွားသေးတယ်..”
အခန်းထဲ ၀င်လာကတည်း သိပြီးသား ကိစ္စပေမဲ့ သူ ညွန်ပြတဲ့ ဆံပင်တွေဆီ အကြည့်ပို့ပေးလိုက်ရသည်..။
မပီပြင်တဲ့ အပြုံး တစ်ခုဖြင့် လက်နဲ့ တို့ကြည့်ပြီး ခေါင်းညိတ်လိုက်တော့ ဆွဲချွတ်ပြသည်..။
“ဒီ ခေါင်းကြိုးကွင်းလေးကို တွေ့ရင် ဖြိုးလေး ကို ပိုချစ်တယ်...သူ မြတ်မြတ်နိုးနိုး သိမ်းထားတာလေ...ပုံ့ ကို တန်ဖိုးထားတဲ့ သူနဲ့ ချစ်သူ ဖြစ်ရတာ ပုံ့ ကံကောင်းလို့ပေါ့နော်..”
အားတက်သရော ဂုဏ်ယူ ၀င့်ကြွားစွာ ပြောနေတဲ့ မျက်နှာလေးကို ငေးရင်း မာန်သွေး ပြုံးလိုက်ခါ ခေါင်းညိတ် ထောက်ခံမိသည်..။
ကိုကို့ ညီမလေးမှာ ဖွင့်ဟ ကြေငြာပြီး ချစ်ရဲတဲ့ ချစ်သူ တစ်ယောက်လည်း ရှိသလို
မဖွင့်ဟ မ၀န်ခံပဲ ချစ်ရသူလည်း ရှိနေတော့ ညီမလေး ကံကောင်းတာပေါ့..။
မြင်ရတဲ့ အမှတ်တရလေးကို သိမ်းထားပြီး ပြန်ပေးရင်း ချစ်ခွင့်ပန်သူကို ညီမလေးက အရမ်းချစ်တယ်ဆိုရင်
အမြင်ရတဲ့ အမှတ်တရတွေ အများကြီး သိမ်းထားမိတဲ့ ကိုကို့ ကိုကော ဘယ်လို တုန့်ပြန်လာမလည်း...။
မမြင်ရတဲ့ သက်သေတွေကို ဘယ်သူမှ အလေးအနက်မထားဘူးဆိုရင် ကိုကို့ ဖွင့်ချမပြတာ အကောင်းဆုံးပါပဲလေ...။
“ကိုကို မသိလို့ အချစ်ဆိုတာ မကောင်းဘူး..”
“ဟင်..”
“ဟုတ်တယ်...စောစောကပဲ တွေ့ပြီးတာနော်...အခု သူ့ကို လွမ်းနေပြန်ပြီ..”
“အလွမ်းပြေအောင် အိမ်လည်နေတာပေါ့...”
“ဟဲ..ဟဲ..ဟုတ်တယ်...”
ကိုကို့ ကို သတိရလို့ပါ ဆိုတဲ့ အဖြေလေး တစ်ခုကို မျှော်လင့်မိတာ ကိုယ် လောဘ ကြီးသွားတယ်...
ဒါမှမဟုတ်...ကိုယ့်ကိုယ်ကို အထင်ကြီး လွန်းနေတယ် ဆိုတာ သိလိုက်သည်.။
နောက်ဆို စိတ်ကူးသိပ်မယဉ်ဖို့ ဆုံးဖြတ်လိုက်ရသည်..။
ကိုယ့်ချစ်သူကို အိမ်နီးချင်း အကိုကြီး ထက် ပိုခင်တွယ်နေရင် လက်တွေ့ ဘယ်ဆန်ပါ့မလည်း...။
အိမ်မက်ထဲမှာပျော်ပြီး မျှော်လင့်ချက်မဲ့စွာ အသက်ရှင်နေတာ ပျော်စရာမရှိ....
နာကျင်စရာတွေကို ထွေးပိုက်လို့ ချစ်နေရတဲ့
ကြည်နူးစရာ တစ်ခုပါလား...။
“ညက ရေးတဲ့ ကဗျာကော ကိုကို...”
“မရေးဖြစ်ပါဘူး..”
“မလိမ်ပါနဲ့....ဒီမှာ..”
စားပွဲခုံ အခင်းအောက် တိုးထည့်ထားသည့် စာရွက်ခေါက်ကလေး ကို ဆွဲထုတ်ပြီး မျက်ခုံးပင့်ခါ ဖြန့်လိုက်သည်..။
“လမိုက် ရောင်ခြည်....ခေါင်းစဉ် နဲ့တင် လန်းနေပြီ....”
“လမိုက်ရောင်ခြည်
ညည့် လေညှင်းဝေ့ပျံ့ လွင့်ချိန်
ကောင်းကင် နက်နက် မှာ
တိမ်ညိုတိမ်စိုင်တွေ ဖုံးလို့
တာရာ အပေါင်း ရှောင်ပုန်းနေတဲ့
လမိုက်ည တစ်ညပေါ့...
ကိုယ့် ရွှေမင်းသမီးလေး
အပြုံး တစ်ခု မှာ
လမိုက်ညကို
လင်းလက်စေတဲ့
ရောင်ခြည်တွေပါတယ်...”
“သိချင်လိုက်တာ....”
“အဟွင်း...”
“ကိုကိုနော်...ကိုကို့ အလှည့်ကျတော့ ဒီလိုလား...ပုံ့ရဲ့ အတွင်းရေးတွေကျတော့ အကုန်ပြောပြရတယ်..”
နှုတ်ခမ်းစူ ရန်တွေ့ပြီး စာရွက်ကို ခပ်မြန်မြန်ခေါက်ခါ စားပွဲခုံပေါ် ဖိတင်လိုက်သည်..။
စိတ်ဆိုးတဲ့ စိတ်ကောက်တဲ့ အမူအယာ အားလုံးဟာ ချစ်ရသူအတွက် အချစ်ကိုသာပိုတိုးစေသည်..။
မာန်သွေး ပြုံးလိုက်ပြီး စာရွက်ကို စာအုပ် တစ်အုပ်ကြားထဲ ဖြစ်သလို ညှပ်ထည့်လိုက်ရသည်..။
“ကိုကို မမေးပါဘူး..ညီမလေး ကိုယ်တိုင် လာပြောနေတာလေ...”
“သြော်..ဒါကြောင့် ..ကိုကို က ပြောစရာမလိုဘူးပေါ့..”
“မဟုတ်ပါဘူး..စိတ်ထဲရှိတာ လျှောက်ရေးနေတာပါ ....”
“ကိုကို စိတ်ထဲရှိတာလျှောက်ရေးနေရင်လည်း တစ်ပုဒ်တော်ရောပေါ့...ကဗျာဆရာလည်း မဟုတ်ပဲ ခဏခဏ ရေးနေတာ တကယ် မသင်္ကာဘူး သိရဲ့လား...”
“ဟုတ်ပြီ...နောက်ဆို မရေးတော့ဘူးနော်...”
“အဲလို ပြောတာ မဟုတ်ပါဘူး...တော်ပြီ..မပြောချင်တဲ့သူ အတင်းမမေးဘူး..ပြန်တော့မယ်...”
“ဘာလည်း...အလွမ်းပြေသွားပြီလား..”
“ဟင်...”
ကြောင်တောင်တောင်လေး ပြန်လှည့်ကြည့်တော့ မာန်သွေး ဟက်ကနဲ့ တစ်ချက်ရယ်လိုက်ခါ ခေါင်းရမ်းရင်း
“ချစ်သူကို လွမ်းလို့ အိမ်လည်နေတာဆို...”
“ခစ်..ခစ်...ဟုတ်တယ်လေ...အခုတော့ မေ့သွားပြီ...တာ၀န် တစ်ခု တိုးသွားပြီ...”
“ဘာပါလိမ့်...”
“ကိုကို့ ကို စောင့်ကြည့်ဖို့ တာ၀န်....ခြေလှမ်းတွေကို သတိထားပါ...”
မျက်လုံးမှေးပြီး မေးပင့်ပြောတော့ မာန်သွေး ခုံက ထလာခါ ခေါင်းကို ဖိရင်း လှေကားတွေဆီ ခေါ်လာလိုက်ရသည်..။
ခြံတံခါး၀ အထိတော့ လိုက်ပို့ပေးရပါဦးမည်..။
“တာ့တာ ကိုကို...”
“အင်း...”
“မနက်ဖြန် လာမနှိုးတော့ဘူးနော်...မနက်ပိုင်း သင်တန်း ရှိလို့...”
“သင်တန်းပဲလား..”
ခြံတံခါး တစ်ဖက်ရောက်သွားပြီးမှ ခါးကိုင်းပြီး လက်ကွယ်ရင်း..
“ဖြိုးလေးနဲ့ ချိန်းထားတယ်...သင်တန်းက ကိုးနာရီစမှာဆိုတော့ စောထွက်မလို့ပါ...”
“အင်း..သိပြီ..”
“...သူလည်း မရဘူး..ပုံ့လည်း မရဘူး..မမြင်ရရင် တကယ် မနေနိုင်ဘူး ဖြစ်နေတာ...ပြီးရင် သတ်တော့မှာ ကြိုသိနေတယ်...ဟိ..ဟိ...”
“ရန်တော့ မဖြစ်ပါနဲ့...ပုံ့ စိတ်ညစ်နေရမယ်...”
“ဟုတ်...”
ကျောခိုင်းထွက်သွားတဲ့ ဂါ၀န် အနီနဲ့ ကောင်မလေးကို ကြည့်ရင်း သက်ပြင်း တစ်ချက်ရှိုက်လိုက်ရသည်..။
စကားလုံးတွေကြောင့် ကိုကို အဝေးဆုံးကို ထွက်သွားချင်တယ်...
ဒါပေမဲ့ စိတ်မကောင်းစရာ တစ်ခုက...
ချစ်သူရဲ့ အပြုံးဝေနေတဲ့ မျက်နှာလေးကို ငေးရင်း ဓားသွားလို ထက်မြတဲ့ စကားလုံးတွေ ကို နားထောင်ရတာကို ကိုကို နှစ်သက်ပျော်၀င်နေတုန်းပါပဲကွာ.....။

━━━━━━━☆☆━━━━━━━
အားမလိုအားမရ တွေဖြစ်ပြီး
စပိုက်ကာ့ကို ထုရိုက်ချင်စိတ်တွေ ပေါက်ကုန်ပြီထင်ပါရဲ့...😁

တစ်ချိန်တည်း ရေးရတာ မဟုတ်ပဲ
ရေးလိုက်နားလိုက်နဲ့မို့ အဆက် မမိဘူး...

စာလုံးပေါင်းလည်းမမှန် အရေးအသားလည်းမကောင်း
သည်းခံပြီးဖတ်ပေးတဲ့ စာဖတ်သူတိုင်းကို ကျေးဇူးအထူးထူးတင်ပါတယ် ❤

Love u all ❤
#စပိုက်ကာ

ပိုင်ရှင်Where stories live. Discover now