Part 9

3.4K 177 2
                                    

ပိုင်ရှင်
အပိုင်း (၉)
#ပိုင်ရှင်

“ဖေဖေ...”
“ဟင်...သမီးကြီး မအိပ်သေးဘူးလား..”
“ဟုတ်..”
“အိမ်ရှေ့  ကွပ်ပျစ် က လသာတော့ လင်းနေတာပဲနော်...ဦးမိုး လည်း ဟိုမှာ သွားအိပ်တာလား..”
“အင်း..”
ဖေဖေ က ခြေချိတ် ထိုင်နေရင်း ရေနွေးငှဲ့နေတာ တကယ့်တောသားကြီးလိုပင်..။
ဝိုင်း လည်း ကွပ်ပျစ် မှာ ဝင်ထိုင်လိုက်သည်။
“အားနာစရာ ကြီး သူတို့ တစ်အိမ်လုံး ပြောင်းပေးရသလို ဖြစ်နေပြီ...”
“သူတို့လည်း ပျော်နေရှာတယ်..”
“အင်းလေ...လာမလည်တာကြာပြီကိုး..”
“သမီးကြီး ရဲ့ အကြံက ကောင်းသားပဲ ...”
ဖေဖေက ပြုံးရင်း ချီးကျူးစကားပြောတော့ ဝိုင်း မလုံမလဲ ဖြစ်ရသည်။
“တကယ်တော့ သမီး အကြွေးဆပ်ချင်လို့ပါ ဖေဖေ...”
ဖေဖေ က နားမလည်ပေမဲ့ ဝိုင်း ဆက်ပြောမယ့် စကားကို စောင့်နားထောင်ပေးနေသည်..။
“ဝိုင်း ဆိုင်က အမြတ်ရတာနဲ့ ဖုန်း တစ်လုံး ၀ယ်ထားတယ် ဖေဖေ..”
“အင်း..ဖေဖေ သိတယ်လေ...လာခါနီးကမှ ၀ယ်လိုက်တာမလား..”
“ဟုတ်..အဲဒါကို သာဦး ကို ပေးခဲ့ချင်လို့ပါ..ဖေဖေ ခွင့်ပြုမလားဟင်..”
ဖေဖေ က နားမလည်သလို ကြည့်နေတော့ ဝိုင်း အပြစ်ရှိသူ တစ်ယောက်လို ခေါင်းငုံ့ လိုက်မိသည်..။
“သာဦး အိမ်ကိုလာတုန်းက ဖေဖေ မှတ်မိလား...ဝိုင်း ၇ တန်း တုန်းကလေ..”
“အင်း..”
“အဲတုန်းက သာဦးက သေနတ်ပစ်ရတဲ့ တီဗွီ ဂိမ်းဆော့ချင်ခဲ့တာ...ဒါပေမဲ့ ဝိုင်း မပေးခဲ့ဘူး...ကိုကြီးတို့ အိမ်ကို လာတော့ ဝိုင်း ကို အထင်သေးသွားမှာစိုးလို့ တောက လိုက်လာတဲ့ အလုပ်သမားလေး လို့ ပြောလိုက်မိတယ် ဖေဖေ...”
၀ိုင်း အသံတွေ နစ်၀င်သွားတော့ ဖေဖေ က ဝိုင်း ခေါင်းကို ဖွဖွ ပုတ်ပေးနေသည်..။
“ဝိုင်း..မှားသလိုပဲ...သားဦးနဲ့ တူတဲ့ ကလေးကို တွေ့တိုင်း ဝိုင်း နောင်တ ရတယ်..အခုရောက်တော့လည်း သူ့ကို တွေ့တာနဲ့ ကလေးအရွယ်ကို  စိတ်မကောင်းဖြစ်အောင် ပြောမိတယ် ဆိုပြီး ပြေးဖက် တောင်းပန် ချင်နေတယ်... “
“ကောင်းသော စိတ် ကို ပြောင်းလဲလာတာပဲ ဖေဖေ သဘောတူပါတယ်...သူ လက်ခံတယ်ဆို ပေးခဲ့ပါ...အလျော်အစားပုံစံ ပေးတာဆိုရင်တော့ ဦးလေးမိုး စိတ်ဆိုးလိမ့်မယ်..”
“ဟုတ်ကဲ့...သမီး သေချာပြောမှာပါ...”
“ပြောစမ်းပါအုံး..အမှားတွေကို နောင်တရ ၀န်ခံရဲတဲ့ သတ္တိတွေ ဘယ်က ရခဲ့လည်း..”
“ကိုယ်ပိုင် ဘ၀ က ပါ ဖေဖေ..”
ဖေဖေ က ခေါင်းတညိတ်ညိတ်ဖြင့်
ရယ်နေတော့ ဝိုင်း လိုက်ရယ်မိသည်..။
အရိပ်ဆိုး တစ်ခုအောက် က တိုးထွက်နိုင်ခဲ့ပြီ..။
ဟင်းလင်းပွင့်နေသည့် ကောင်းကင် က လသာသာ ကို မော့ငေးရင်း ကြယ်ကလေးတွေ အစုံအစီ ကိုတွေ့ရတော့ ပျော်မိသည်..။
.
“မအိပ်သေးဘူးလား ကိုကြီး..”
“ဟင့်အင်း လသာတယ်နော်..”
မာန်သွေး မေးရင်း အခန်းထဲ ၀င်လာတော့ ကိုကြီး က ပြတင်းပေါက် ဘောင်ကို မေးတင်ခါ ပြန်ပြောသည်..။
“လ မသာပါဘူး..လ က ညီ့ဘက်အခန်းမှာပဲ ရှိသေးတယ်...ကိုကြီး အခန်းက လရောင်ကိုပဲ မြင်နေရတာပါ...”
“တူတူပါပဲကြာ...”
“မတူပါဘူး...လရောင် နဲ့ လ တူမှ မတူတာပဲကို..”
“ညီ ကလည်း စကားကို သိပ် ကပ်ပြောတာပဲ...”
“ဘာလည်း..နန်းကို လွမ်းနေပြီလား..”
“လွမ်းချင်တာပါ...”
“ဒုက္ခပဲ...”
“ဟား..ဟား...အဲလိုပဲ ဒုက္ခ ရှာချင်နေတာလေ...”
သူ့ကိုယ်သူ သတိပေးသလို ပြောနေတဲ့ ကိုကြီး ကြောင့် မာန်သွေး ပြုံးပြီး နောက် ပြတင်းပေါက် တစ်ခုမှာ သွားရပ်လိုက်သည်..။
“ပျင်းစရာပဲ...”
“ဘာကိုလည်း..”
“ဦးကျော် တို့ အိမ်က မီးမှောင်နေတာ ညီ အခုမှ ပထမဆုံးတွေ့ဖူးတာပဲ..ညီ တို့က မိသားစု ထက် ရင်းနှီးကြတယ်နော်...ဘယ်သွားသွား အမြဲတူတူပဲ..ဖေဖေ နဲ့ ဦးကျော် ကလည်း  ညီအစ်ကို အရင်းလိုပဲ...ဦးကျော် က သူ့ အစ်ကို ဆီ သွားတယ် ဆိုတာ သိရတော့ အိမ်မက်က နိုးလာရသလိုပဲ မယုံနိုင်သေးဘူး...”
“ဟုတ်တယ်..ကျောင်းပိတ်လို့ တို့တွေ ပြည် ကို သွားရင် ဦးကျော်တို့လည်း ပဲခူးကို ပြန်တယ်မလား...ပြီးတော့ ရက်တိုက်ပြီး တူတူ ပြန်လာကြတယ်...ဘယ်အိမ်မှ မမှောင်ဘူးပေါ့..အခုတော့ ပျင်းကပ်ကပ်ကြီး ဖြစ်နေတယ်...ငါတို့လည်း ချောင်းသာ သွားရင် ကောင်းမလားပဲ..”
“မေမေ့ ကိုပဲ ရအောင်ခေါ်ပါဦး...တော်ကြာ သူစိမ်းတွေက စိတ်ပူတာ..သားအရင်းတွေက အမေ တစ်ယောက်တည်းထားပြီး ချောင်းသာသွားကဲတယ်ဆိုတာ ရာဇ၀င် ဆိုးနေပါ့မယ်..”
“ဟား..ဟား...ဟုတ်တယ်...”
လရောင်အောက်က အပင်တွေကို ကြည့်ရင်း စံပယ်ခြုံလေးဆီမှာ အကြည့်ရပ်သွားသည်။
မနက်က ပျင်းတာနဲ့ ဟိုဘက်ခြံကို ကူးသွားလိုက်သည်။
ဝိုင်း အမြဲ ရေဆေးနေတဲ့ သူ့ စက်ဘီးကလည်း မစီးတာကြာလို့ ဖုန်အလိမ်းလိမ်းတက်နေပြီ...။
ပုံ့ တစ်ယောက်တော့ ပန်းပင်တွေ စိုက်ချင်တုန်းကလည်း အသည်းအသန်...
အခုတော့ အပင်တွေကို ပစ်ထားတာ အုတ်ခဲကျိုးတွေ ပိလို့ပိ...။
သူတို့ ညီအစ်မ နှစ်ယောက်ရဲ့ စိတ်က တကယ့်ကို ကနာမငြိမ်တာ...။
“သူတို့ မရှိတုန်း သူတို့ ခြံထဲ ကြက်တောင်သွားရိုက်ကြမလား ကိုကြီး..”
“ဟာကြာ...”
“ဘာလည်း...ငယ်ငယ် က အမြဲ သွားရိုက်တယ်လေ...”
“မောတယ်ကွ..”
“ဆရာ၀န်ကြီးကလည်း ပျော့လိုက်တာ....ဒါဖြင့် စက်ဘီးသွားစီးမယ်...ဝိုင်း စက်ဘီး ထားတဲ့ နေရာ ညီ သိတယ်...”
“ညီက ဘယ်လိုသိလည်း..”
“ဝိုင်းနဲ့ ပတ်သက်သမျှကို ကိုကြီး ထက် ပိုသိတယ်..”
မာန်သွေး စိတ်ထဲမပါပေမဲ့ ကိုကြီး စိတ်ကိုသေချာအောင် လုပ်ပြချင်လို့ မဆိုင်တဲ့ စကား တစ်ခွန်းကို ဆွဲထုတ်လိုက်သည်..။
“ဘာတွေ သိလည်း..”
“ဘယ်ပြောမလည်း...တစ်ချို့ ကိစ္စတွေက မိန်းကလေး အရှက်သိက္ခာနဲ့ ဆိုင်တယ်..”
“ဘာ...”
“ဟုတ်တယ်..”
ကိုကြီး က ပြတင်းပေါက်ကနေ ပခုံးနဲ့ မေးထိသည့်အထိ  ခေါင်းငဲ့ခါ မာန်သွေး ဘက်ကို စူးစိုက်ကြည့်သည်..။
“အဟား...ရန်သူကြီးကျနေတာပဲ...”
မာန်သွေး စကားကြောင့် ကိုကြီး က ဟက်ကနဲ့ တစ်ချက်ရယ်၍ ခေါင်းရမ်းနေသည်..။
“ဝိုင်း ကို မင်း ငါ့လောက် မသိဘူး...ညီ..”
“ကျွန်တော် က နေ့တိုင်း ထိုင်ကြည့်နေတာပါ...”
“ငါက ကြည့်စရာမလိုပဲနဲ့ သိနေတာ..”
“ဆရာ၀န်ကြီး အထင်ကြီးနေပြီနော်...”
“တကယ်ပြောတာ...ဝိုင်း မှာ မခံချင်စိတ် ပြင်းတယ်...ကြည့်လိုက်ရင် ရိုးရိုးအေးအေးပေမဲ့ အမှတ်အငြိုးကြီးတယ်...ပုံ့က ကျတော့ အရာရာကို ပေါ့ပေါ့တွေးတယ်...မာကျောတဲ့ ပုံစံ ရှိပေမဲ့ သူ့ စိတ်က နူးညံ့တယ် ..ဝိုင်း က ရင့်ကျက်တဲ့ မိန်းကလေး တစ်ယောက် ဖြစ်လာပြီး ပုံ့က ပျော်ပျော်နေတက်တဲ့ ချစ်စရာ မိန်းကလေး တစ်ယောက် ဖြစ်လာလိမ့်မယ်..”
ဗေဒင်ဆရာကြီးလား အကြားအမြင်ဆရာကြီးလား လို့  ရိ့သဲ့သဲ့ နောက်ဖို့ ရည်ရွယ်မိပေမဲ့ ကိုကြီးရဲ့ စကားတွေကြောင့်မာန်သွေး ခေါင်းထဲ စကားလုံးတွေ ပျောက်ရှကုန်သည်..။
ကိုကြီး ရဲ့ ရှေ့ဖြစ်ဟောကိန်းတွေကို တွေးရင်း မာန်သွေး လည်း အနာဂတ်ကို ပုံရိပ်ဖော် နေမိသည်..။
ဝိုင်းက ဘယ်လိုပုံစံ ဖြစ်လာမလည်း...။
.
“သာဦး..”
“ဗျို..”
“ဗျို....”
ပုံ့ပုံ့ သူငယ်ချင်း နှစ်ယောက်က စနေတော့ အနားက အေးစံ ပေါင်ကို လိမ်လိုက်ရသည်..။
“မမ တို့ကို ရွာထဲ လိုက်ပြ ပါလား..”
“ဟုတ်...”
“လာလေ ကလေးတွေ..”
ပုံ့ပုံ့ ပြုံးစေ့စေ့ ဖြင့် ခေါင်းညိတ်ပြီး ဖိနပ်ကို ခပ်သွက်သွက် တိုး၀တ်ခါ မမ နောက်က လိုက်ခဲ့လိုက်သည်..။
ယောင်္ကျားဆို ကိုကြီး တစ်ယောက်ကိုသာ အသိအမှတ်ပြု စကားပြောသည့် မမ က အခုတော့ ကို သားဦးကို အတင်းလိုက်ရောနေသလို ထင်ရသည်...။
ကိုသားဦးကလည်း အသားဖြူဖြူ အရပ်ရှည်ရှည် နဲ့ အ၀တ်အစား သားသားနားနားသာ ၀တ်လိုက်ရင် တကယ့် မင်းသား ရုပ်မျိုးပါပဲလေ...။
“ဗျို..”
“ဟဲ့ ..နီနီ...မစနဲ့ မမ စိတ်ဆိုးလိမ့်မယ်...”
“ဟုတ်တယ်...ငါတို့ကို သေချာ မှာထားတယ်လေ...”
သဇင် နဲ့ အေးစံကပါ  စိုးရိမ် တကြီး သတိ၀င်ပေးတော့ နီနီ က လျှာလေး ပြူတစ်တစ် လုပ်ခါ နောက်ကျန်ခဲ့သည်..။
“ဟဲ့...ဟဲ့...၀က်ပေါက်ကလေးတွေ...”
“ဘယ်မှာလည်း..”
“ဟိုအိမ်အောက်မှာလေ...”
သဇင် က ရှာရှာဖွေဖွေ တွေ့ပြီး ပြောတော့ အေးစံ နဲ့ ပုံ့ပုံ့ပါ အနားကို ပြေးသွားသည်..။
“တစ်ကောင်ခေါ်ကြည့်...”
နီနီ က ဘာမပြောညာမပြောနဲ့ လက်က အိမ်အောက်ကို ရောက်ပြီး တစ်ကောင်ကို လက်နှစ်ဖက် နဲ့ ဆုပ်ကိုင် ဖမ်းလိုက်သည်..။
“ပန်းရောင်လေး.”
“ဟာ...ချလိုက်...”
ကိုသားဦး လှမ်းအော်တာကို ကြောင်ကြောင်လေး လှည့်ကြည့်နေချိန် အသံတစ်ခုနဲ့ အတူ အိမ်ကြားထဲက ထွက်လာသည့် ၀က် အမေကြီးကြောင့်...
“အမေ့ရေ....”
“ဂီး..”
“အား....”
“ကယ်ကြပါဦး...ကယ်ကြပါဦး......”
သဇင် နဲ့ အေးစံက ရွာလမ်း အတိုင်း ဦးတည်ရာ ပြေးပြီး..ပုံ့က ရှေ့က အိမ်ပေါ်တက်ပြေးရသည်..။
နီနီကတော့ မမ နဲ့ ကိုသားဦးတို့ကို ကျော်ပြီ ရှေ့လမ်း အတိုင်း ကော့နေအောင် ပြေးတော့သည်..။
“ဟေ့...သွားစမ်း...ဟေ့...”
ကိုသားဦးကို ကြောက်လို့ ပြန်ပြေးပေမဲ့ အခဲကြေပုံတော့ မပေါ်...။
“ဟယ်...ပြုတ်ကျပြီ...”
“အယ်...”
နီနီ က လယ် ကန်သင်းရိုး ပေါ်က လျော ပြီး လယ်ကွင်းထဲ ဒူးထောက်လျက်သား ပြုတ်ကျသွားတော့ မမ က ပြေးသွားသည်..။
“ဟယ်...ရလား နီနီ...”
“အီး..ဟီး...”
နီနီ့ အသံ ကြားတော့မှာ သဇင် နဲ့ အေးစံက ရောက်နေရာမှာ ရပ်ပြီး ပြန်လှည့်ပြေးလာသည်..။
“ကိုက်သွားပြီလား..”
“ပြုတ်ကျတာ..”
“ဟေ...ဟား..ဟား...ဟား...”
“အေးစံ..နောက်မှာလာပြီ...”
“အား...”
ကန်သင်းရိုး အစပ် မှာ ရပ်နေတဲ့ အေးစံက ဘေးက သဇင့် လက်ကို ပါဆွဲလိုက်တော့ နှစ်ယောက်သား ဟန်ချက်ပျက်ခါ ပြုတ်ကျသွားပြန်သည်..။
“မျှော့ ကိုက်လိမ့်မယ်..ကယ်ကြပါဦး..”
“အီး..ဟီး...မမ လုပ်ပါဦး..”
မမ က ရယ်နေရာက နှုတ်ခမ်းစေ့ ပိတ်ခါ လက်လှမ်းပေးတော့ ကိုသားဦးလည်း မနေနိုင်ပဲ တစ်ယောက်ဆီကို ပြန်ခေါ်တင်ပေးရသည်..။
“ဟူး...ရွာထဲနောက်မှပေါ့ သားဦးရယ်..ရေဘယ်မှာ ချိုးကြလည်း ဟင်..”
“ချောင်းမှာ သွားချိုးတယ်...ရေသယ်ပေးရမလား..”
“ဟာ...ဒီလောက် လူအများကြီး  ဘယ်လို သယ်မလည်း...ဝိုင်းတို့လည်း လိုက်ချိုးမယ်...”
“အကို သားဦး...တစ်ခုလောက် ကူညီပါလား..”
“အင်း ပြောလေ..”
“ဟို..လူနည်းတဲ့ လမ်းက ခေါ်သွားပေးပါလား..တော်ကြာ သီချင်း ဖြစ်နေမှာစိုးလို့ပါ..”
နီနီက ဆံပင်က ရွံတွေကို လက်နဲ့ သပ်ချရင်း ပြောတော့ မမ က နောက်ကို လှည့်ခါ
“ဘာသီချင်းတုန်း နီနီရဲ့...”
“နီနီ၀င်း တို့ ရန်ကုန်သူ ပဲခူးထဲ သွားလို့ လယ်ထဲကျ ပြန်ရသူ  ဆိုပြီး...”
“ဟား..ဟား...ဒါဆိုလည်း...ပဲခူး သနပ်ခါးများ ရန်ကုန်လိမ်းဖို့ယူ...ဆိုပြီး ဆက်ဆိုလိုက်ပေါ့ဟယ်...”
“လုပ်ပါနော် အကို..”
“ဟဲ့...နင့်ကလည်း... အတင်းကြီးမပြောနဲ့လေ..”
ကလေးတွေက သူ့ဟာသူ ပြောနေကြပေမဲ့ ဝိုင်းမှာတော့ အတွေးဖြင့် မျက်နှာပူရသည်..။
ဒီကလေးတွေကလေ..စကားပြောရင် ဘာကြောင့်လက်က ပါနေကြမှန်း မသိဘူး...။
ဟိုတစ်ယောက်ကလည်း သူ့အသားထိမှာ သေအောင်ကြောက်နေတာ စိတ်ညစ်လိုက်တာ...။
“ဒီအိမ်နောက်က သွားရင် နီးတယ်..”
“ဟုတ်...လာကြဟေ့..”
“အဲလို မခေါ်ရဘူး..”
“သြော်...မသိလို့ပါ...မလာကြနဲ့...”
သားဦးက ပြုံးစေ့စေ့ ဖြင့် ရှေ့က ဦးဆောင်ခေါ်သွားတော့ ဝိုင်းလည်း ကလေးတွေနဲ့ တွဲရင်း ခပ်သွက်သွက်လိုက်ရသည်..။
ချောင်းကို ရောက်တော့ ရေတွင်းကြီး တစ်ခုလည်း ရှိသလို ရေကန်လည်း ရှိလို့ အဆင်ပြေတာ...
မဟုတ်ရင် ..ဒီ အပျိုပေါက် တစ်သိုက် ချောင်းထဲ ဒိုင်ဗင်ပစ်ဆင်းမှာ ဝိုင်းတော့ ကြိုသိနေသည်...။
.
“သားဦး တို့ ရွာက ပျော်စရာကြီး..”
“ဟုတ်...”
“ရန်ကုန်ကို မလာဘူးနော်..”
“ပစ္စည်း၀ယ်စရာ ရှိရင်တော့ ရောက်ပါတယ်...”
“အိမ်..ဘာလို့မလာလည်း..”
၀ိုင်း ရဲ့ မေးခွန်း ကို ဖြေရခက်သွားသလို ခေါင်းကြီး ငုံ့ပြီး မြေကြီးကိုသာ ဆိုက်ကြည့်နေတော့ စိတ်မကောင်းဖြစ်ရသည်..။
“လိပ်စာ မသိလို့လား....ပြန်ရင် ပေးခဲ့မယ်လေ..”
“ဟုတ်ကဲ့...”
“လာ...အပင်အောက်မှာ ထိုင်ရအောင်...”
အုံ့မှိုင်းမှိုင်း ဖြစ်နေတဲ့ အရိပ်ရ သစ်ပင် ကြီး တစ်ပင်အောက်မှာ ကလေး သုံးယောက် စက်ဘီးတာယာကို ကိုင်ပြီး ထိုင်နေတော့ ဝိုင်းလည်း အနားမှာ ထိုင်ချလိုက်သည်..။
“ဟာ..မမ...”
“ဟင်..”
“ပေကုန်လိမ့်မယ်...”
“ရပါတယ်...ထိုင်လေ...”
အားနာတဲ့ မျက်နှာထားပျောက်သွားအောင် ဝိုင်းက ဘေးနေရာကို လက်နဲ့ ပုတ်ပြပြီး ခေါ်လိုက်ရသည်..။
ခပ်ခွါခွါ မှာ ၀င်ထိုင်တော့ ဝိုင်း ဟက်ကနဲ့ တစ်ချက် ရယ်မိလိုက်သည်..။
“ရော့ မောင်လေး ကို လက်ဆောင် ပေးချင်လို့ပါ..”
အဖြူရောင် ဖုန်းဘူးလေးကို ကြည့်ပြီး မျက်လုံးပြူးနေတော့ သူ့ လက်ထဲ အတင်းထိုးထည့်ပေးလိုက်မိသည်..။
“မ...မယူပါဘူး..အစ်မ..”
“ဟင်..ဘာဖြစ်လို့လည်း..”
“ဟို..ဟိုဟာ..”
“အိုး...စိတ်မကောင်းလိုက်တာ....မမ က မောင်လေးကို ကိုယ့်မောင်လေး အရင်း တစ်ယောက်လို ခင်လို့ ချစ်လို့ ၀ယ်လာခဲ့တာ..လက်ခံလိုက်ပါနော်...”
၀ိုင်းရဲ့ စကားတွေကို အပိုတွေ ပါ၀င်နေမှန်း ကိုယ်တိုင်သိနေပေမဲ့ ဘေးက ကောင်လေး ကတော့ စဉ်းစားသလို ခဏ ငိုင်နေသည်..။
“ကျွန်တော့်မှာ ဖုန်း ရှိပါတယ်..”
တောသားလေးပေမဲ့ အမှတ်မာန ကလည်း ကြီးလိုက်တာ လို့ စိတ်ထဲက တွေးမိပြီး စိတ်မကောင်းဖြစ်ရသည်..။
သူ့ရင်ထဲမှာ ဝိုင်းနဲ့ ပတ်သက်ရင် အတိတ်ဆိုးတွေ ရှိနေမှာပဲလေ...။
“သြေ်ာ....အင်း...ဒီ...ဟမ်းဆက်က တော့ နည်းနည်းပေါတယ်...မမ ငွေစုပြီး၀ယ်ထားတာလေ..”
“မဟုတ်ပါဘူး..ကျွန်တော်ပြောတာ အဲလိုမဟုတ်ဘူးလေ...”
“ဒါဆို ယူလေ...”
“ဟာ...ကျွန်တော် မသိဘူး...ဘယ်လို ပြောရမလည်း...”
စကားအများကြီးပြောဖို့  သူ့ဟာသူ မပြောတက်ဖြစ်ခါ မျက်နှာက အားမလိုအားမရ ဖြစ်နေသည်။
“ဦးလေးမိုး ဆူမှာ စိုးလို့လား..”
“အင်း..အားနာလို့ပါ...ဒီလို ပစ္စည်းက...”
“စိတ်ထဲမထားပါနဲ့...အစ်မ တစ်ယောက်က မောင်လေးတစ်ယောက်ကို ပေးချင်လို့ကို ၀ယ်လာတာ ရှင်းပြီလား..”
၀ိုင်းက သေချာ ရှင်းပြသလို လက်ထဲက ဘူးကို လှုပ်ရမ်းရင်း ပြောတော့ သူက ခေါင်းကြီးငုံ့ပြီး ရယ်ပြန်သည်..။
“အင့်..ယူ...”
မျက်နှာပိုးသတ်ပြီး ခေါင်းညိတ်ခါ လှမ်းယူတော့မှ ဝိုင်း ရင်ထဲ အေးမြသွားရသည်..။
တကယ် သူ့ အတွက် ရည်ရွယ်ပြီး ၀ယ်ထားတဲ့ ပစ္စည်း တစ်ခုပါ...။
“ကျွန်တော့် ကို ဒီလောက်ခင်လား..”
“အိုး...အိမ်ကိုလာလည်တာ မမှတ်မိတော့ဘူးလား..”
“အဟွင်း...နည်းနည်းပဲ မှတ်မိတယ်...”
“မမ ကတော့ သတိရတယ်...အဲတုန်းက မမ က စွာတယ်နော်...အခုလည်း ဦးလေးမိုး ကို သတိတောင်မရမိဘူး..အဲသွားမပြောနဲ့နော်...”
၀ိုင်း က လက်ညိုးတောင်ပြီး ကျိန်းသလို ပြောလိုက်တော့ ပြုံးစေ့စေ့ဖြင့် ခေါင်း ညိတ်ပြသည်..။
“မမ တို့ က ခရီးသိပ်မထွက်ဖြစ်ဘူး..ဆိုင်လည်း ဖွင့်ထားတယ်လေ...အခု ငါးရက်လောက် အချိန်ရတော့ ချောင်းသာ သွားဖို့ စီစဉ်ထားတာ...မောင်လေး ကို အိမ်မက်မက်တယ်...မနက် မိုးလင်းတော့ ဒီကောင်လေး ဘယ်လိုတွေ ပြောင်းသွားပြီလည်း သိချင်လို့ လိုက်လာတာလေ...”
“အဟား....ကျွန်တော် က ကားပေါ်ကဆင်းလာ ကတည်းက ကြောက်နေတာ...”
“ဘာလည်း အိမ်ပေါ်က မောင်းထုတ်တဲ့ မိန်းမဆိုးကြီး လိုက်လာတော့ လက်မခံချင်ဘူးဆိုပါတော့...”
“အာ..အဲလို မဟုတ်ပါဘူး.....ကျွန်တော်က မမ ရဲ့ ဖန်လုံးလေး ခွဲမိလို့ စိတ်မကောင်းဖြစ်နေတာ..”
ဝိုင်း ပြန်တွေးကြည့်မှ ဖန်လုံးလေး ကျကွဲလို့ ငိုခဲ့ရတာ သတိရမိသည်။
“အေး..ဟုတ်သားပဲ...အလျော်တောင်းရအုံးမယ်...”
“ရွာမှာတော့ ဖန်ဂေါ်လီလုံးပဲ ရှိတယ်....ပေးလိုက်မယ်လေ...”
“ဟား..ဟား....လူလည်လေး...”
“ရှိတာ ပေးရတာပါ...”
“ဟား...ဟား...”
“နောက် ရန်ကုန်လာရင် အိမ်ကို ၀င်ရမယ်နော်....ဒီမှာ မမ ဆိုင်လိပ်စာကဒ် ...အိမ်ကဒ်ကတော့ ပြန်ခါနီးမှ ထပ်ပေးမယ်...မမ  တို့မှာ မောင်နှမ တွေရှိမှန်းတောင် မေ့နေပြီ...အိမ်ကို ၀င်ထွက်နေတော့ ကောင်းတာပေါ့...မောင် တစ်ယောက် ရှိတော့ ...တော်ရုံ ကောင်တွေ အနား ဘယ်လာရဲမလည်း..ဟုတ်ဘူးလား...”
“ကျွန်တော် မချ တက်ဘူး..”
“ဟား..ဟား...အားကိုးလောက်ပါရဲ့...”
“မမ ကို နှောင့်ယှက်နေ ရင်တော့ မတက်ပေမဲ့ ချပေးပါ့မယ်...”
သူ့ဟာသူ သဘောကျပြောပြီး လိပ်စာကဒ်ကို ဖုန်းဘူးလေးဖွင့်ခါ အထဲ ထည့်လိုက်သည်..။
“ကောင်မလေး ရှိနေပြီလား..”
“ဟင်..”
မျက်လုံး အစုံ တဖျပ်ဖျပ် ခတ်၍ စကားရှာနေတော့ ဝိုင်း ရယ်ပြီး ပခုံးကို ပိတ်ရိုက်လိုက်သည်..။
“ကောင်မလေး မရှိသေးပါဘူး..ကြိတ်ပိုးနေရသူ ရှိပါပြီ..ဂလိုလား..”
“အဲ..”
“ဟား..ဟား..မှန်သွားပြီ...”
၀ိုင်း လက်ညိုးထိုးပြီး လှောင်ရယ်လိုက်တော့ ခေါင်းကြီးငုံ့ခါ ရှက်နေပုံ က ရယ်ချင်စရာ...။
“သာဦး..”
“ဟင်....နှင်းငွေ...”
စပို့ရှပ် အဝါလေးနဲ့ ထဘီ ဒူးနားချိတ် အညိုလေး တွဲဝတ်ထားတဲ့ ကောင်မလေးက သားဦး နဲ့ ရွယ်တူလောက်သာ ရှိမည်..။
ရွာသူ ပေမဲ့ အသားက ခပ်လတ်လတ်ဖြင့် ကျစ်ဆံမြီး နှစ်ချောင်း ခွဲကျစ်ခါ သနပ်ခါး ပါးကွက်ကလေးနဲ့ ယဉ်လွန်းသည်..။
“ဒါ..ဒါ က မြို့က ငါ့ အစ်မလေ..”
“သြော်....”
တစ်ယောက် က စကား အထစ်ထစ် အငေါ့ငေါ့ နဲ့ ရှင်းပြနေတော့ ဝိုင်းသဘော ပေါက်ခါ ထိုင်ရာခါ ထပြီး လုံချည် နောက်ကို ခါ လိုက်သည်..။
“ညီမ က ဒီရွာကလား..”
“ဟုတ်တယ်...”
ကောင်မလေးက နှုတ်ခမ်းပါးပါးမို့ စကားပြောသွက်ပုံ ရှိပေမဲ့ အခုတော့ မပြောချင်သူကို စကားပြောရသလို ခပ်ပြတ်ပြတ် နိုင်လှသည်..။
“..ဒီလောက်လှနေတဲ့ ရွာသူတွေ ရှိတာ မသိဘူး..ယောင်းမ လို့ ခေါ်မယ်နော်...”
“ဘာဆိုင်တုန်း...ကျူပ် အကိုတွေက ကလေးတောင် ရနေပြီ...”
“အိုး..အစ်မ မှာ မောင် ချောချောလေး တစ်ယောက်ရှိတယ်လေ...အရပ်လည်း ရှည်တယ်....တက္ကသိုလ် ကျောင်းသားကြီးနော်...”
၀ိုင်း ပြုံးစေ့စေ့ ပြောလိုက်တော့ ရှေ့က ကောင်မလေးက နှုတ်ခမ်းမဲ့ပြီး
“ယောင်းမ လာရှာတာလား..”
“ဟုတ်တယ်”
“ကျူပ် တို့ကတော့ ရွာကနေ ဘယ်မှ မသွားနိုင်ပါဘူး....တခြားသူ ရှာ...”
ကောင်မလေး က အတိအကျ ပြန်ပြောလာတော့ ဝိုင်း ပြုံးလိုက်ပြီး ဘေးက ကောင်ကို ကြည့်မိချိန်..
သတ္တိခဲကြီးက ခေါင်းကြီးကို ငုံ့နေတာ မော်တောင် မဖူး...။
“နှင်းငွေ ကို ရွာမှာပဲ ထားမှာပါ...အစ်မရဲ့ မောင်လေး နှလုံးလမ်းမှာ နှင်းငွေ ခံနေလို့ပါ...”
“အိုး...ကျူပ် ကို ရှင့် မောင် က ဘယ်နဲ့ သိတာတုန်း...ရန်ကုန်ကို ကျူပ် တစ်ခါမှဖြင့် မသွားပါဘူး...ရှင့် မောင် ဘယ်သူမှန်းတောင် မသိဘူး..”
“အေးလေ...ထူးဆန်းတာပဲ....ဟဲ့...သားဦး...နင် နှင်းငွေ ကို ဘယ်နဲ့သိတာတုန်း...”
“ဟင်...”
“အိုး...”
ကောင်မလေး က သဘောပေါက်သွားသလို ရှက် မျက်စောင်းလေး ကဲတော့ ဝိုင်းလည်း မြိုသိပ်မထားနိုင်ပဲ  ရယ်မိတော့သည်..။
“ညီမတို့ အိမ်က ဝေးလား..”
“ဟိုဘက် တစ်ချိုးမှာလေ...”
“သားဦးကို မုန့်စားချင်တယ် ပူဆာပြီး လိုက်ပို့ခိုင်း တာ အခုထိ မုန့်ဆိုင် မရောက်ဘူး..”
“အိမ်မှာ ဘူးသီကြေ်ာရှိတယ်...စားမလား..”
“ကောင်းတာပေါ့..ယောင်းမရယ်...”
“အာ...အစ်မကလည်း..”
နှစ်ယောက် စလုံး မျက်နှာတွေ ရဲပြီး တစ်ယောက် တစ်နေရာ ငုံ့ကြည့်နေကြတော့ ဝိုင်း ရှေ့ကို ခပ်သွက်သွက် လျှောက်လာခဲ့လိုက်သည်..။
“သွားနှင့်မယ်...စကားပြောကြဦး..”
“ဟင်..”
“သားဦး...ခပ်မြန်မြန် ပြောတော့နော်...ငါ မပြန်ခင်..မင်္ဂလာဆောင်ပေးခဲ့ချင်လို့...ယောင်းမလေးရေ..လက်ခံလိုက်နော်...”
“ဟာ...”
ခြေဆောင့် ကျန်ခဲ့တဲ့ ကောင်မလေးနဲ့ ခေါင်းကြီး ငုံ့နေတဲ့ ကောင်လေး ရဲ့ အဖြစ်ကို တွေးပြီး ဝိုင်း စိတ်ထဲ ပျော်လာသလို ရှိသည်..။
၀ိုင်း နှလုံးသားထဲမှာ တစ်စုံတစ်ယောက်နဲ့ ပတ်သက်တဲ့ စကားလုံးကို မေ့ထားလိုက်ကတည်းက ဘ၀မှာနေရတာ ပျော်စရာကောင်းလာပြီလေ...။
.
“ဒါဆို နှစ်၀မ်းကွဲပေါ့နော်..ဖေဖေ..”
“အင်း..”
“ဆွေမျိုး အဆင့်ပဲ ရှိတာပါ...”
“ဟုတ်တယ်...ကျော်စိုး ညီ တစ်ယောက် ရှိတယ်...ထိုင်းမှာ အခြေကျနေပြီလေ...”
“ဦးကျော် က တော်တော် ခင်တက်တယ်နော်..”
“ဒီကောင်က သံယောဇဉ်ကြီးတယ်..”
ဖေဖေ က ကော်ဖီ ပန်းကန် ကို ချပြီး ပြောလိုက်တော့ မာန်သွေး ခေါင်းညိတ်ထောက်ခံလိုက်သည်..။
ဦးကျော် သံယောဇဉ်ကြီးလို့လည်း...ဒီလို ခြံ၀န်းထဲ လာနေတာပေါ့...။
သူ့ အိမ်ရောင်းဖို့ အကြိမ်ကြိမ် ဖြစ်ခဲ့ပေမဲ့ မရောင်းဖြစ်အောင် အားကုန် ကြိုးစားခဲ့တာပဲလေ..။
ဖေဖေ ကလည်း သူ့ သူငယ်ချင်းကို ချစ်သည်..။
၀ိုင်းတို့ အမေ ဆုံး ကတည်းက ဒီမှာပဲ တစ်သက်လုံး နေရမယ်လို့ ကတိတောင်းထားသည်..။
“သားတို့ ဘယ်တော့ လေဆိပ် ဆင်းမလည်း..”
“ကိုကြီး က မနက်ဖြန် စောစော ထွက်ချင်တယ်..”
“ဟုတ်ပြီ....မာန်သွေး လည်း ဘာလုပ်မှာလည်း စဉ်းစားထား..”
“ကျွန်တော် ကားနှစ်စီးက ငွေရပါတယ်..”
“ငွေရဖို့ မဟုတ်ဘူး..ကျောင်းဆိုကျောင်း အလုပ်ဆို အလုပ် ဖြစ်ဖြစ် မြောက်မြောက် လုပ်ဖို့ ပြောတာ...”
မာန်သွေး မုန့်ဟင်းခါး ပန်းကန် ကို မွှေရင်း နှာခေါင်း ရှုံ့မိသည်..။
အခုလည်း လုပ်နေတာပဲကို...အငယ်တွေ ဆို မိဘများက ဘယ်တော့မှ အကောင်းမမြင်ဘူး...။
“ကျွန်တော် ၀ယ်လက်တွေ များလာရင် ပစ္စည်းတွေကို တိုက်ရိုက်၀ယ်ပြီး တစ်ဆင့် ပြန်ရောင်းမှာပါ..ရန်ကုန် မှာ ပစ္စည်းထားဖို့  နေရာလိုတယ်...လုပ်ငန်းလိုင်စင် ကစပြီး အားလုံး.”
“အဲဒါ မင်း ကိစ္စ မဟုတ်ဘူး..လုပ်မယ်ဆို ဒီက ကိစ္စတွေ ငါ တာ၀န် ယူမယ်..”
“လုပ်မယ်လေ..”
“လုပ်မယ်လေ....မဟုတ်ဘူး..လုပ်မယ်..”
“ဟုတ်..”
မာန်သွေး တစ်ယောက် မနက်မုန့် တူတူ စားချိန်လေး ဆုံမိတာ ဖိဟောက်ခံနေရတော့ မျက်နှာ က မအီမသာဖြစ်နေရသည်..။
ဒါကို ကိုကြီး က သိပြီး ပခုံးလှုပ်အောင် ကြိတ်ရယ်နေသည်လေ...။
မာန်သွေး ဆိုတာ သားအရင်းတောင် ဟုတ်ရဲ့လား...။
.
“ညီ..ဖုန်းဆက် ပြီးပြီလား..”
မာန်သွေး အ၀တ်အစားတွေ အိတ်ထဲ ထည့်နေချိန် ကိုကြီး က အခန်းထဲ ရောက်လာသည်..။
ဘာကိုမေးမှန်း တန်းသိလိုက်တော့ ခေါင်းညိတ်ပြီး ..
“အင်းလေ..မနက် ကတည်းက ဆက်ထားသားပဲ...”
ကိုကြီးက ပြတင်းပေါက် မှာ ရပ်ပြီး ခါးထောက်ခါ..
“တကယ်ဆို မိုးမချူပ်ခင် ပြန်ရောက် ရမယ်မလား...”
“ဟုတ်တယ်..နေတောင် ၀င်တော့မယ်... ကိုကြီး ဖုန်းဆက် ကြည့်ပါလား..”
“ငါ့ ဆီ မှာ ဝိုင်း ဖုန်းနံပါတ် မရှိဘူး..”
ညီ အစ်ကိုချင်း ဇယားရွေ့နေတော့ မာန်သွေး ရယ်ချင်စိတ်ကို မြိုသိပ်ထားရသည်..။
“ကျွန်တော့် ဆီမှာလည်း မရှိဘူး...ဦးကျော် ဆီ ဆက်လိုက်..”
“မင်း မနက် က ဆက်တယ်လေ..”
“အဲဒါ ဦးကျော်ဖုန်းပါ...”
ကိုကြီး ခမျာ သိနေရဲ့သားနဲ့ အကြောင်းပြချက် မခိုင်လုံလို့ ငြိမ်ခံနေရသည့် အဖြစ် ကို သနားမိသည်..။
မျက်နှာကြီး သုန်သုန်မှုန်မှုန် ဖြင့် ခုံပေါ်က ဖုန်းကို ဆွဲယူပြီး ဦးကျော်ကို ဖုန်းခေါ်နေသည်..။
“ဟလို..ဦးကျော်...”
“အေး..ပြော..သားကြီး..”
“ဟို...ပြန်မရောက်သေးလို့ ဖုန်းဆက်ကြည့်တာပါ..”
“အေးကွာ...မင်း ညီမ ဝိုင်း က မပြန်ချင်ဘူး..မနက်ဖြန်မှ ပြန်ရတော့မယ်ကွာ...”
“သြော်..”
အောင်သွေး စိတ်ထဲ ဒေါသလှိုင်းတွေ အစပြုပြီး ဆူနာမီ အထိ အရှိန်တိုးလာသလို ရှိသည်..။
“မင်းတို့ ကော မသွားဖြစ်ဘူးလား..”
“ဟုတ်..လေယာဉ်ချိန်က မနက်စောစော ရပါတယ်..”
“သြော်..အေး...ဦးကျော်လည်း မနက်ကတည်းက ပြန်ဖို့ ပြင်နေတာ...သူတို့ချည်း ထားခဲ့လို့ မဖြစ်ဘူး..တစ်ခါတစ်လေ လာလည်ရတော့ ဒီက လူတွေကလည်း တစ်ရက်ရ တစ်ရက် ဆွဲနေတာပဲကွာ..”
“ဟုတ်...ဒါဆို ဒါပဲလေ...ဝိုင်းတို့ ပုံ့တို့လည်း ဘယ်မှ မသွားရဘူးဆိုတော့ နေပါစေ...ဒီမှာ စိတ်ချပါ ဦးကျော်...”
“အေး....အေး...”
ဖုန်းချပြီးတာနဲ့ ရင်ထဲက ဆန္ဒတွေ အတိုင်း ဒေါသကို ဖောက်ခွဲခါ တောက်ခတ် လိုက်ချင်သည်..။
ပြတင်းပေါက်တံခါးမှာ ရပ်ပြီး ကြည့်လိုက်တော့ ဟိုဘက်ခြံထဲမှာ ကောင်မလေး နှစ်ယောက် အ၀တ်တွေ လှန်းနေသည်..။
အပေါ်စီးက ကြည့်တာတောင် တော်တော် ချောမှန်း သိသာသည်..။
ဆံပင် ဖြောင့်စင်းစင်း ပခုံးကျော်ကျော် လေးတွေနဲ့ ထဘီ အကျီ င်္ ၀မ်းစက်ကလေး က မိန်းကလေး တစ်ယောက်ရဲ့ အလှကို ယဉ်သည့်ဘက်ကို ကူးပြောင်းသွားစေသည်..။
ဒါဆို ဝိုင်း ကရော...
ဆယ်တန်း နှစ်ခါကျ ဆံပင် ကောက်ကလိမ် ဒူးကျ ဘောင်းဘီ အပွ တစ်ထည်နဲ့ ရှပ် အကွက် ကို မလိုက်ဖက်စွာ ၀တ်တက်သည်..။
တစ်ခါတစ်လေ ဒူးကျ ကာတွန်းဘောင်းဘီ ဖြင့် သူ့ ညီမ ကို ကျောင်းသွားကြိုတက်သည်..။
အခုလို တစ်နှစ်ကျော် ကြာသွားရင် ဘာတွေ ပြောင်းလဲသွားဖို့ မျှော်လင့်မိတာလည်း...။
ဘာပဲ ဖြစ်ဖြစ် အောင်သွေး သွားကတည်းက တစ်နှစ်ကျော် အချိန်ထိ အဆက်အသွယ် မလုပ်တာ မခံမရပ်နိုင်ဖြစ်နေရသည်။
ပုံ့နဲ့တော့ နှစ်ယောက်စလုံး အဆက်အသွယ်ရှိသည်။
အရင်က ဘာမဆို ကိုယ့်ကိုပဲ ပြေးတိုင်ပင်တက်သည့် ဝိုင်းက အခု ဖုန်းခေါ်ရင်တောင် ရှောင်ဖယ်ဖယ် လုပ်နေတာ မကျေနပ်...။
မတွေ့ချင်လို့ ရှောင်နေတာလား တွေးမိပြီး ရင်ပူရပြန်သည်။
ကိုယ့်အမှားရှိခဲ့ရင်လည်း ပွင့်ပွင့်လင်းလင်း မေးပြီး ဖြေရှင်းချင်သည်။
ဒါကြောင့် သူတို့ ညနေပိုင်း ပြန်လာရင် တွေ့ခွင့်ရအောင် ညီကို ညနေပြန်တော့မဲ့ အကြောင်း ဖုန်းဆက်ပြောခိုင်းထားတာ...
အခုတော့...
ထင်တဲ့အတိုင်း ဝိုင်းက မပြန်ချင်သေးလို့ ညအိပ်ကြမည်တဲ့...
“တောက်..”
“ဟိုး...ဒေါသတွေ ထွက်လှချည်လား ကိုကြီးရယ်..”
“ဟုတ်တယ်...ငါ ရူးလို့ မဖြစ်ဘူး...”
“သိဖို့ လိုနေတာ ကြာပြီ...ကနာမငြိမ်ဘူး..”
“နောက်နေ့ က စပြီး ဦးနှောက် ကိုပဲ လက်ခံတော့မယ်..”
“ကောင်းတယ်..”
ညီ့ ရဲ့ စကား ကို အောင်သွေး လည်း လက်ခံပြီး ခေါင်းညိတ်လိုက်သည်..။
နေခဲ့တော့.....ပုန်းနိုင်သူ ရယ်....။

━━━━━━━☆☆━━━━━━━
ရေးတာပဲ အင်း ...😂
ဟိုရောက် ဒီရောက်ပါပဲ 😌

တစ်ချိန်တည်း ရေးရတာ မဟုတ်ပဲ
ရေးလိုက်နားလိုက်နဲ့မို့ အဆက် မမိဘူး...

စာလုံးပေါင်းလည်းမမှန် အရေးအသားလည်းမကောင်း
သည်းခံပြီးဖတ်ပေးတဲ့ စာဖတ်သူတိုင်းကို ကျေးဇူးအထူးထူးတင်ပါတယ် ❤

Love U all ❤
#စပိုက်ကာ

ပိုင်ရှင်Dove le storie prendono vita. Scoprilo ora