Part 14

3.1K 167 0
                                    

ပိုင်ရှင်
အပိုင်း (၁၄)
#ပိုင်ရှင်

“ကိုကို..”
“သြော်...အိမ်မှားလာတာလား..”
“အွင့်...ကိုကိုလည်း သိသားနဲ့ ပိတ်ရက်မှာ ရှော့ပင်းထွက်ပြီး ရုပ်ရှင် သွားကြည့်နေရလို့ပါ..”
ပုံ့ပုံ့ ကိုကျောခိုင်းထိုင်နေတဲ့ ကိုကို့ အနားကို ရောက် သွားပြီး ဆံပင်တွေကို လက်နဲ့မွှေနှောက်နေမိသည်..။
ကိုကို ဆိုတာ ပုံ့ရဲ့ အရုပ်ကလေး တစ်ရုပ်လိုပဲ ဘာပဲလုပ်လုပ် ငြိမ်ခံနေတက်သည်..။
အခုလည်း အိမ်ကို မလာတဲ့ နှစ်ရက်ကို စိတ်ကောက်နေပြန်ပြီ...။
“ကိုကို စိတ်ကောက်နေတာလား..”
“မကောက်ပါဘူး..စိတ်ပူတာပါ နှစ်ယောက်တည်း သွားတာဆို..”
“ဟုတ်တယ်...”
“ဟူး...”
ကိုကို က သက်ပြင်းရှည် တစ်ချက်ချလိုက်တော့ ပုံ့ စားပွဲဘေးက ခုံကို ဆွဲထုတ်လိုက်ပြီး ထိုင်ချလိုက်သည်..။
ပုံ့ကြောင့်ကိုကို စိတ်ညစ်မှာတော့ မကြိုက်ပါဘူး..။
“ကိုကို စိတ်မပူပါနဲ့...ဖြိုးလေးကို ချစ်ပေမဲ့ အချစ်နွံထဲတော့ ဘယ်တော့မှ မဆင်းပါဘူး..”
“အဟင်း..”
“ဘာလည်း မယုံလို့လား..”
“ရိုးသားစွာ တွေဆုံခြင်းလို့ အာမခံတယ်ပေါ့လေ..”
ကိုကို့ အမေးစကားကြောင့် ဘာမှ မပြောရခင် ပုံ့ ပါးလေး နှစ်ဖက်က ပူရှိန်းမြသွား၍ သက်သေခံနေကြပြီလေ...။
ဘယ်လိုမျိုး လိမ်ရတော့မလည်း...
ကိုကို နဲ့ ပုံ့ အရမ်းရင်းနှီး နေပေမဲ့ ဒီလို ကိစ္စမျိုးကျတော့ မိန်းကလေး ချင်းသာ ရင်ဖွင့်ချင်သည်..။
တစ်ချိန်က မသိခဲ့စဉ် မျက်နှာမမြင်ပဲ ဖုန်းနဲ့ ပြောပြတုန်းမို့ အဆင်ချောခဲ့တာနေမှာပါ..။
အခုတော့ ပြောရမှာ မျက်နှာပူလှသည်..။
ကိုကို က ထပ်မမေးတော့ပေမဲ့ ပြတင်းပေါက် အပြင်ကို ငေးနေတော့ ပုံ့ ကို စိတ်ပူနေတာမှန်းသိသည်..။
“ဟို...ဟို...”
“မပြောပါနဲ့...ညီမလေး လည်း အရွယ်ရောက်နေပြီးသားပဲ....အမှားအမှန် အယုတ်အလွန် ခွဲခြား နိုင်ပါပြီ...”
ပြောဖို့ ကြိုးစားနေချိန် ကိုကို့ရဲ့ တားဆီးစကားသံကြောင့် ပုံ့ နှုတ်ခမ်းစူသွားရသည်..။
မပြောနဲ့ ဆိုပေမဲ့ ပြောပြချင်တယ်လေ...။
ပုံ့ ဘယ်လိုတွေ ခံစားခဲ့ရလည်း...ဘာတွေ ဖြစ်ခဲ့လည်းဆိုတာ ကိုကို သိသင့်သည်ဟု ထင်မိသည်..။
ကိုကိုပဲ ဖြိုးလေးက ဘာပဲတောင်းဆိုဆို ပြန်ပြောရမယ်ဆို...
“နှစ်ခါတည်း နမ်းခဲ့တာပါ...”
“ပုံ့..”
“တကယ်...နှစ်ခါတည်းပဲ..ခဏလေးပါ ...ဘာမှလည်း မဖြစ်ပါဘူး...ဒါတောင် ဖြိုးလေး နှာခေါင်းကြီး က ရှုပ်နေလို့ ရယ်နေရသေးတယ်....ဒီလောက်တော့ ခွင့်ပြုသင့်တယ်မလားဟင်..ကိုကို.....ဟုတ်တယ်မလား...ပုံ့ မှားသွားလားဟင်..”
“ပုံ့ က ကိုကို့ ကို ဘယ်လို ဖြေစေချင်တာလည်း..”
“ဟင်..”
တိုးလျ ညင်သာလွန်းတဲ့ ကိုကို့ ရဲ့ အမေးစကားကြောင့် ပုံ့ ရုတ်တရက် ဘာဖြေရမှန်း မသိအောင်ဖြစ်သွားရသည်..။
ညီမက အနမ်းခံရတဲ့ အကြောင်း ပြောရင် ဘယ်အကို က စိတ်မတိုပဲ နေပါ့မလည်း..။
တစ်ခါတလေ ပုံ့ စိတ်တွေက တစ်ကိုယ်ကောင်းဆန်နေသလိုပင်..။
“မပြောသင့်မှန်း သိပေမဲ့ ပြောပြချင်လို့ပါ ကိုကို...ပုံ့ မှားနေတာ သိပါတယ်...ဒါပေမဲ့ ကိုကို ကို ပြောပြလိုက်ရရင် ပုံ့ စိတ်တွေ သက်သာသွားရတယ်...ကိုကို့ နေရာမှာ စာအုပ်လေးတွေ အစားထိုးကြည့်ခဲ့ဖူးတယ်....သူတို့က ပုံ့ ပြောသမျှပဲ နားထောင်ပြီး ဘာအကောင်းအဆိုးမှ မပြောတော့ အမှားတွေ လုပ်မိမှာ စိုးတယ်...သူငယ်ချင်းတွေကို ပြောကြည့်ဖူးတယ်...တစ်ချို့ က မနာလိုသလို အကြံဆိုးတွေပေးတယ်..တစ်ချို့ကတော့ မစဉ်းစားတက်လို့ အကြံ တလွဲတွေပေးတယ်...ကိုကို လောက် ဘယ်သူမှ ပုံ့ အပေါ်မှာ မသိကြဘူး..တစ်ခါတလေ...ပုံ့ ကိုယ့်ကိုယ်ကို ထက် ကိုကို က ပုံ့ ကို ပိုသိနေသလိုပဲလေ....ကိုကို မကြိုက်ရင် မပြောတော့ဘူးနော်..”
မျက်ရည်စလေးတွေ ခိုသီနေတဲ့ မျက်လုံး ဝိုင်းလေးတွေကို ကြည့်ပြီး မာန်သွေး သက်ပြင်းချလိုက်မိသည်..။
ကိုကို ဘယ်လိုပြောရမလည်း..ကောင်မလေးရယ်..။
မင်းကို ချစ်လွန်းလို့ ငါ တစ်ယောက်တည်း ပိုင်ဆိုင်ချင်တာ...ဒါကြောင့် မင်း ချစ်သူနဲ့ မင်း သာယာ ကြည်နူးရတဲ့ အကြောင်းတွေ လာမပြောပါနဲ့...ငါ နှလုံးသားကို နာကျင်အောင် မလုပ်ပါနဲ့ လို့ မပြောရက်သလို ပြောဖို့ အစီအစဉ်လည်း မရှိပါ..။
ချစ်သူကို ချစ်နေဖို့က နှလုံးသားပေး တာ၀န်မဟုတ်လား...။
ပိုင်ဆိုင်ဖို့ ရယူဖို့ ထိတွေ့ဖို့ ဆိုတာက အချစ်ရဲ့ နောက်ဆက်တွဲ စာမျက်နှာမှ ပါ၀င်လာမှာပါ..။
အခုလောလောဆယ် နှလုံးသား တာ၀န်အရ ချစ်ရသူ မျက်နှာ မညိုးအောင် ပြုံးပြလိုက်ရသည်..။
“ကလေး ကျနေတာပဲ..”
စားပွဲပေါ်က တစ်ရှုးစကို ဆွဲထုတ်ပြီး ပါးပြင်ကို လက်နဲ့ မထိအောင် သေချာ ထိန်းသိမ်းရင်း ခိုသီနေတဲ့ မျက်ရည်စ ကို သုတ်ပေးလိုက်သည်..။
ရင်ခုန်သံမပါပဲ ရိုးသားစွာဖြင့် သူ့ဆံပင်တွေကို လက်နဲ့ ဖွပစ်လိုက်တော့ နှုတ်ခမ်းစူပြီး သေချာ ပြန်သပ်တင်သည်..။
“ကိုကို မေ့သွားလို့ပါ...နောက်ဆို ဘာပဲဖြစ်ဖြစ် ပြောနော်..ကိုကိုက ပုံ ရဲ့ ဒိုင်ယာရီလေးပဲမလား...”
“အင်း..ကိုကို မွေးနေ့ လက်ဆောင်လေ..”
“ကိုကို မေ့နေလို့...”
“စိတ်ဆိုးတယ်...ပြန်တော့မယ်..”
နှုတ်ခမ်းစူ ခြေဆောင့်ပြီး ထွက်သွားတော့ မာန်သွေး စိတ်တင်းထားသမျှ လျှော့ချခါ သက်ပြင်း တစ်ချက် အားပါးတရ ရှိုက်ထုတ်လိုက်ရသည်.။
မရိုးသားတဲ့ စိတ်တွေကိုသာ သွေးလို ဖောက်ထုတ်လို့ရရင် မာန်သွေး သတ္တိမကြောင်ပဲ ဖောက်ထုတ်မိမှာ အမှန်ပင်..။
ကိုယ့် အပေါ် အကိုအရင်းတစ်ယောက်လို ခင်တွယ်ယုံကြည်ကိုးစားနေတဲ့ ကောင်မလေး ကို စိတ်နဲ့ တောင် အရောင် မဆိုးချင်ပါ။
နှလုံးသားကို အစိုးမရလို့သာ သည်းခံမြိုသိပ်နေရပေမဲ့ တစ်ခါ တလေ အချစ်နဲ့ အဝေးဆုံးကို ထွက်သွားချင်သည်..။
ကိုကြီး လည်း ရှိရဲ့သားနဲ့ မာန်သွေး နဲ့ ပုံ့ ဘာလို့ ဒီလောက်ရင်းနီးသွားရတာလည်း .....။
အတိတ်ပုံရိပ်တွေကို ပြန်လည် ရှာဖွေ စီးမျှောရင်း အတိတ်ဆိုးတွေက ပါ၀င်နှောင့်ယှက်လာသည်..။
“ကိုကို...ဘာရို့ငိုနေတာလည်း..”
“...အင့်...”
မာန်သွေး ခေါင်းရမ်းဖြေရင်း မျက်နှာကို ဒူးနဲ့ ဝှက်ကာခါ ရှိုက်ငိုနေမိသည်..။
မာလကာပင်ခြေရင်းမှာ ၀ဖိုင်ဖိုင် ပုံ့ပုံ့လေး လာထိုင်သည့် ညီမလေးက ဂါ၀န် အနီလေးနဲ့ ကြက်တောင်လေး စည်းထားသည်..။
“မေမေကြီး ရိုက်လို့လား...”
“ဟင့်အင်း....”
လေးနှစ်တောင် မပြည့်သေးသည့် ညီမလေးက သူ့ ခေါင်းကို လက်ဝါးသေးသေးလေးဖြင့် ပွတ်သပ်ရင်း ချော့နေရှာသည်..။
“အင့်...ကိုကို့ကို ...သူများတွေက အနိုင်ကျင့်တယ်...အင့်..”
သုံးတန်း အရွယ် ကောင်လေး တစ်ယောက်က လေးနှစ်တောင် မပြည့်သေးတဲ့ ကလေး တစ်ယောက်ကို ရှိုက်ကြီး တငင် ငိုကြွေးရင်း ရင်ဖွင့်မိသည်..။
“ကိုကို့ ကို ရိုက်လား..”
“အင့်...ဟုတ်ဘူး...ကိုကို့ အနာကို ကြည့်ပြီး ရယ်ကြတယ်...ဟီး..”
“အနာ..”
သူ့ဂါ၀န်လေးကို လှန်ပြီး ဘောင်းဘီတိုလေး ကို လိတ်တင်ခါ ပေါင်ခြံနေရာက အနာရွက်သေးသေးလေးတွေကို လက်ညိုးထိုးပြသည်..။
“ဒါလား..”
မာန်သွေး ဂါ၀န်လေးကို ပြန်ဆွဲချပေးလိုက်ပြီး မျက်ရည်သုတ်ရင်း ခေါင်းညိတ်ပြရသည်..။
“ကိုကို့ ကို ချူပ်ပြီး ဘောင်းဘီ ဆွဲချွတ်တယ်..”
“ဟုတ်လား..”
“အင်း....အဲကောင်တွေကို မကျေနပ်ဘူး..”
“ကျောင်းလည်း မတက်တော့ဘူး..”
“ညီမလေးသာ မရှိရင် အိမ်ကနေ ထွက်ပြေးလိုက်မှာသိလား...”
“အင့်...ပုံလည်း လိုက်မယ်..”
“အင်း...ကိုကို ကြီးလာလို့ သွားရင် ခေါ်သွားမယ်နော်...ဒီမှာ မနေဘူးသိလား..”
“အွင်း..”
မာန်သွေး မျက်ရည်စတွေ နဲ့ ပြုံးလိုက်မိသည်..။
ပါးပေါ်က ပူနွေးနွေး စီးချောင်းတွေကို လက်နဲ့ သုတ်ပစ်လိုက်ပြီး ပြတင်းပေါက်က ငေးကြည့်မိသည်.။
ဂါ၀န်ဝဲလေးနဲ့ ဆံပင်နီညိုရောင် ဂုတ်ဝဲလေးက ညနေ ဆည်းဆာမှာ ထင်ရှားလွန်းနေသည်..။
ကျောက်တုံးလေးတွေကို ခြံတံံခါး အ၀ လမ်းဘေး တစ်လျှောက်လိုက်စီချရင်း အလုပ်ရှုပ်နေ၏..။
တကယ်ဆို ပုံ့ပုံ့ ဆိုတာ မာန်သွေးရဲ့  ဒိုင်ယာရီလေး အရင် ဖြစ်ခဲ့တာပါ..။
နားမလည် မသိတက်ခင်ကတည်းကပေါ့...။
နှလုံးသားတွေ နာကျင်နေလည်း ပုံ့ပုံ့ စကားတွေ ကို နားထောင်ပေးချင်ပါတယ်...။
အမြဲထာ၀ရ  နားထောင်ပေး ဦးမှာပါ.....ညီမလေးရယ်...။
.
“မမ က သိပ်မုန်းဖို့ကောင်းတယ်..🎼....ခြေရာလေးလည်း ဖျောက်တက်ပြီကွယ်..🎼...အရင်လိုလည်း နည်းနည်းမှ မဟုတ်တယ်..🎼….မမ ကို သိပ်မုန်းတာပဲကွယ်..🎼....မမ က အပြောင်းအလဲ မြန်လွန်းတယ်🎼 ညာညာပြီး ချစ်တက်ပါတယ်..🎼….အိမ်မက်ကလေး တရေးနိုးသွားတော့ကွယ်..🎼....မမ ကို သိပ်မုန်းတာပဲကွယ်....မမ ကို မုန်းတယ်...ကျွန်တော့်ကို မေ့တယ်...မမကိုလေ..🎼....
သိပ်မုန်းတာပဲကွယ်..🎼”
သီချင်းဆိုသလို စည်းချက်အလိုက် ဆိုနေတာမဟုတ်ပဲ အာခေါင်ခြစ်အော်သလို အော်နေတာကြောင့် ဝိုင်း မျက်မှောင်ကြုတ်မိသည်..။
ကိုယ့်လမ်း ကို လျှောက်နေတာမို့ ခြေလှမ်းတွေကို ထပ်မြင့်ပြီး ခပ်သွက်သွက်လျှောက်လာခဲ့လိုက်သည်..။
လမ်းချိုးက အုတ်ခုံမှာ စုထိုင်နေတဲ့ ကောင်လေးတွေက ပုံ့ ထက် အသက်ကြီးပုံ ပေါ်သည်..။
စရိုက်ဆန်ဆန် ဆံပင်အရောင်စုံ ကြားတွေကြောင့် သူတို့ရှေ့က ဖြတ်ရမှာ ကြောက်လာသည်..။
“မမ ကို မုန်းတယ်...🎼..ကျွန်တော့်ကို မေ့တယ်...မမကိုလေ...သိပ်မုန်းတာပဲကွာ....”
“ရေး...”
“မုန်းတယ်...ဝူး..”
တစ်ယောက်က ပြေးထပြီး လိုက်လာတာ သိတော့ စိတ်ဆင်းရဲရတော့သည်...။
ပုံ့ပုံ့ ကို ကားပေးလိုက်မိတာ နောင်တရသလို ကိုယ့်အားကိုယ်ကိုး ပြီး ရှည်မိတဲ့ ခြေထောက်ကိုလည်း ဒေါသဖြစ်ရသည်..။
“မမ..”
“မမမူမူ...”
၀ိုင်း ခြေထောက်တွေ တုန့်ကနဲ့ ရပ်ပြီး သတ္တိပုံဆောင်ခါ မျက်နှာချင်းဆိုင်လိုက်ရသည်..။
“မမ မူမူ စိုးစိုး..”
“ဘာလည်း”
“မမ ကို ကျွန်တော် ပြောစရာ ရှိတယ်..”
၀ိုင်း လက်ထဲက  အိတ်ကို ဆုတ်ကိုင်ထားလိုက်ပြီး မျက်လုံးချင်းဆုံအောင်ကြည့်လိုက်တော့ စူးရှလွန်းနေသည်..။
“တို့ ပြောပြီးသားပဲ..”
“ဘာလည်း...ချစ်လို့မရဘူး ပြောမလို့လား..”
“ကိုယ့်ကို မနှစ်သက်ဘူးလို့ ပြောထားတဲ့ မိန်းကလေး တစ်ယောက်ကို အခုလို လိုက်နှောက်ယှက်တာ  လူရမ်းကား ဆန်တယ်..”
“အချစ်နဲ့ စစ်မှာ မတရားတာ မရှိဘူးတဲ့...စစ် နဲ့ နှိုင်းထားမှတော့  အနိတ္ထ အာရုံတွေ ပါမပေါ့ မမ ရဲ့...”
ယှဉ်လျှောက်နေရာကနေ ရှေ့မှာ ပိတ်ရပ်လိုက်တော့ ဝိုင်း ခြေလှမ်းတွေ တုန့်ကနဲ့ ရပ်လိုက်ရသည်..။
“ရှေ့က ဖယ်ပေးပါ..”
“ကျွန်တော်က မမ ကို မြတ်နိုးတယ် ချစ်တယ်..မမ က ပြန်မချစ်နိုင်ဘူး..တစ်သက်လုံး မချစ်နိုင်ဘူးလို့ ကြွေးကြော်ထားတယ်...ဟုတ်တယ်နော်...ကျွန်တော် အတွက် တစ်သက်လုံးဝေးရသူ အတွက် နှစ်သိမ့်ဆု တစ်ခုလောက် မရသင့်ဘူးလား မမ....ဟင်..”
“တီီ....တီ....တီ.....”
ကားဟွန်းသံ ကျယ်လောင်စွာ အရင်ကြားရပြီး ငဲ့ကြည့်လိုက်ချိန် ဘေးမှာ ကားတစ်စီး တုန့်ကနဲ့ ရပ်လိုက်သည်..။
၀ိုင်း မျက်လုံး အစုံ ပြူးကျယ်သွားချိန် ကိုကြီးက ကားတံခါးဖွင့်ပြီး ဆင်းလာပြီ..။
“ဝိုင်း တက်...”
“နေဦး..မမ...ဒီနေ့ မရှင်းလို့ မရဘူးနော်...မနက်ဖြန် ကျွန်တော် ထိုင်းကို အလုပ်လုပ်ဖို့ သွားရတော့မှာ...ကျွန်တော့်ကို အချိန် နည်းနည်းပေးပါ...မမ အရှက်သိက္ခာ ပျက်လောက်အောင် ကျွန်တော် မရိုင်းစိုင်းပါဘူး..”
“မင်းကို ပေးစရာ အချိန်လည်းမရှိဘူး...အကြွေလည်း မရှိဘူး..ဝိုင်း...တက်လို့ ပြောနေတယ်လေ...”
ကိုကြီး က ကားတံခါးကို ဖွင့်ပြီး လေသံမြှင့်အော်တော့ ရှေ့က ကောင်ကလည်း အံကြိတ်ပြီး လက်သီးဆုပ်နေပြီ..။
ကိုကြီး ပြောစကားကလည်း ရန်စောင်သလို ဖြစ်နေတော့ အုတ်ခုံမှာ ထိုင်နေတဲ့ လေးယောက်လောက်ကလည်း ထလာချိန် ကိုကြီး အတွက် စိုးရိမ်မိသည်..။
“ကိုကြီး သွားပါ...”
“ဘာ..”
ကိုကြီးရဲ့ မျက်လုံးမှာ ဒေါသကြောင့် အရောင်ပြောင်းနေသလို ဝိုင်းကို စူးစူးရဲရဲ ဆိုက်ကြည့်နေသည်..။
“ဒါ ပုံ့ သူငယ်ချင်းပါ သူ နှုတ်ဆက်ရုံပါပဲ “
“ဝိုင်း..”
ကိုကြီး ရဲ့ အသံက တမင်နှိမ့်ပြောတာမဟုတ်ပဲ ဒေါသကြောင့် အသံဆို့နေသလို ရှိသည်..။
“သွားပါ..မင်း ဘယ်မှာ ပြောမှာလည်း..လမ်းမှာတော့ တို့ ရပ်မပြောနိုင်ဘူး..”
“ရှေ့က အအေးဆိုင်မှာ ပြောမယ်လေ..”
ကိုကြီးကို ကျောခိုင်းပြီး လမ်းကူးခဲ့ပေမဲ့ ဝိုင်းစိတ်ထဲမှာ ကြောက်လွန်းလို့ ခြေလှမ်းတွေတောင် မှားချင်နေသည်..။
အိမ်ရောက်ရင် ကိုကြီး ကို ဘယ်လို ရင်ဆိုင်ရမလည်း မသိတော့ပါ...။
“ဆိုင်၀မှာပဲ ထိုင်မယ်နော် မမ..”
“အင်း..”
“တကယ် ကျေးဇူးတင်ပါတယ်...ကျွန်တော့်ကို  ဒီလို အခွင့်အရေးပေးမယ်လို့ မထင်ခဲ့ဘူး..”
“တို့ အကိုနဲ့ မင်း တို့ ပြသာနာ မတက်စေချင်လို့ပါ ပြီးတော့ မင်းက နောက်နေ့ကို နိုင်ငံခြားသွားမှာဆိုတော့  မင်းပြောချင်တဲ့ စကားတွေ နားထောင်ပေးသင့်တယ် ထင်လို့ပါ..”
“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်...ကျွန်တော် တကယ်သွားတော့မှာပါ...”
“မင်းလိုချင်တဲ့ နှစ်သိမ့်ဆုက ဘာဖြစ်မလည်း..”
“မမ အတွက် ရယ်စရာဖြစ်နေပေမဲ့ ကျွန်တော်လိုချင်တာ မမ ရဲ့ ဆံချည်မျှင်လေး တစ်ချောင်းတည်းပါ...”
၀ိုင်း မျက်ခုံးပင့်ရင်း ရှေ့ကို ကြည့်လိုက်တော့ ဆံပင်သာ မဖျက်စီးရင် လူရည်သန့် တစ်ယောက်လို့ ပြောနိုင်သည့် ထိုလူက ရယ်နေသည်..။
“ဘာအတွက်လည်း..”
“ကျွန်တော် မမ ကို ရူးရူး မူးမူး ချစ်တာပါ မမ ကို မပိုင်ဆိုင်ရရင်တောင် မမ ရဲ့ ဆံနွယ်လေး တစ်ချောင်းကို တစ်သက်လုံး ပိုင်ဆိုင်ခွင့်ရချင်တယ်..”
“ထူးဆန်းတယ်နော်...တို့ ဆံပင် တစ်ချောင်းက မင်းစိတ်ကို ငြိမ်းချမ်းစေရင် တစ်ခေါင်းလုံး ရိပ်ပြီး လှူလိုက်ချင်ပါတယ်...ဒါပေမဲ့ ဒီဆံပင် တစ်ချောင်းကို ကြည့်ပြီး ငါ မပိုင်ဆိုင်လိုက်ရတဲ့သူရဲ့ ဆံပင်...သူ့ကို ပိုင်ဆိုင်ခွင့်တောင် ငါမရခဲ့ဘူး..ငါ့မှာ ဘာချိုယွင်းချက်တွေရှိလို့လည်း.... .ငါသာချမ်းသာရင် သူ ဒီလို ငြင်းမှာလား..စတဲ့..စတဲ့..ဇဝေဇ၀ါ မရေမရာ မေးခွန်းနဲ့ မင်းကိုယ်မင်း နှိပ်စက်မှာ စိုးရတယ်...မင်းကို ချစ်တဲ့ သူနဲ့ တွေ့ရင် ဒီဆံပင် တစ်ချောင်းက မင်းကို နွယ်ရှင် တစ်ချောင်း ထက် ပို ဒုက္ခပေးလာနိုင်တယ်...မင်းက ကတိသစ္စာကို တန်ဖိုးထားတဲ့ သူ တစ်ယောက်သာဆိုရင်..မင်း ဒီတစ်သက် တစ်ခြား မိန်းကလေးတွေကို ချစ်ဖို့ လိပ်ပြာမလုံ ဖြစ်နေလိမ့်မယ် ....သံယောဇဉ်ဆိုတာ ဖြတ်တဲ့ အချိန် မှာ အပြတ်ဖြတ်တာကောင်းပါတယ်...”
“အဟွင်း...မမ က စကားတက်လိုက်တာ...”
“တို့ စိတ်ထဲက ခံယူချက်ကို ပြောပြတာပါ မဖြစ်မနေ လိုအပ်နေရင်တော့ တို့ပေးလိုက်ပါ့မယ်..အပန်းမကြီးပါဘူး..”
၀ိုင်း ခေါင်းညိတ်ပြီ့း ဆံပင်ဆီ လက်ရောက်တော့ ရှေ့က ကောင်လေးက ခေါင်းရမ်းပြရင်း..
“ကျွန်တော် မလိုချင်ပါဘူး...မမ ဆံပင် တစ်ချောင်းက နွယ်ရှင် ဖြစ်လာမယ်ဆိုရင် ကျွန်တော် မလိုချင်ဘူး..ဘာဖြစ်လို့လည်း ဆိုတော့  ချစ်ရတာ ပင်ပန်းလွန်းတယ်...ကျွန်တော့်ကို ချစ်တဲ့ သူကို တွေ့ခဲ့ရင် သူ့နဲ့ ထပ်တူ ပြန်ချစ်နိုင်ဖို့ သံယောဇဉ် အကုန်ကို ဖြတ်ပစ်ပြီး စောင့်ကြိုနေလိုက်မယ်..ခွင့်ပြုတယ် မလား မမ”
“ကောင်းပါတယ်..မင်းရဲ့ အချစ်ကို တန်ဖိုးထားပြီး ထပ်တူ ချစ်နိုင်မဲ့ ချစ်သူ မျိုး ရပါစေလို့  မမ ဆုတောင်းပါတယ်..ခရီးလမ်းမှာ အဆင်ပြေပြီး အလုပ်တွေလည်း အဆင်ပြေပါစေ...”
“ဟုတ်ကဲ့...”
“ဒါဆို မမ ပြန်တော့မယ်...ကိုကြီး တော်တော် စိတ်ဆိုးသွားတယ်...”
၀ိုင်းနဲ့ သူ အအေး ဘူး မဖောက်မိပဲ ပိုက်ဆံရှင်းခါ ထွက်လာခဲ့ရသည်..။
“အင့် မမ ယူသွား..ကျွန်တော် ၀ယ်တိုက်တယ် သဘောထားပေးပါ..”
၀ိုင်း ခေါင်းညိတ်လိုက်ပြီး သူကမ်းပေးတဲ့ ဆန်းကစ် ဘူးကို လှမ်းယူလိုက်ရသည်..။
“မောင်လေး တစ်ယောက်အနေနဲ့ အကြံပေးချင်တယ်..”
“ဟုတ်ကဲ့..”
“မင်း ဆံပင် ကို အနက်ပြန်ဆိုးသွားလိုက်ပါ...ပိုကြည့်ကောင်း သွားလိမ့်မယ်..”
အပြုံး တစ်ခုနဲ့ ခေါင်းညိတ်လက်ခံပြီး သူ့ သူငယ်ချင်းတွေ ဆီ လျှောက်သွားတော့ ဝိုင်းလည်း ကျောခိုင်းထွက်လာခဲ့လိုက်သည်..။
ကိုကြီးသာ အနားရောက်မလာရင် ဒီလို နည်းနဲ့ ရှင်းမိမှာ မဟုတ်ဘူး..။
အခု တော့ အဆိုးထဲက အကောင်းများလား...။
.
“ဖြိုးနော် မကဲနဲ့...ကိုကို ရှိတယ်..”
“ဟာ...အိမ်မှာ လွတ်လပ်ပါတယ်ဆို...”
“အိုး လွတ်လပ်တယ်ဆိုတာ သူများတွေ မရှိတာကို ပြောတာလေ...စည်းလွှတ်ဝါးလို့ ကဲလို့မရဘူး...ပုံ့တို့က ချစ်သူ အဆင့်ပဲ ရှိတာနော်...ဟွင့်...”
နောက်က သိုင်းဖက်နေတဲ့ ဖြိုးရဲ့ လက်တွေကို ဖြုတ်ချလိုက်ပြီး ကိုကို့ အခန်းက ပြတင်းပေါက်ကို အကြည့်ရောက်သွားရသည်.။
“တစ်ခါပဲ ..”
“ဟင့်အင်း...နမ်းပါများရင် မကောင်းဘူး..”
“အား...တစ်ပတ် တစ်ခါ နမ်းရမှာလားကွာ...”
“ဟိ...နေနိုင်ရင်တော့ ကောင်းတာပေါ့...”
“ပုံ့နော် ...စိတ်တိုအောင် မလုပ်နဲ့..”
စူပုတ်ပုတ် နဲ့ စိတ်ကောက်ပြီး ဒန်းခုံမှာ သွားထိုင်နေတဲ့ ဖြိုးလေးကို အသည်းယားလို့ အနားကို ပြေးသွား၍ ပါးကို မထိတထိလေး နမ်းပေးလိုက်သည်..။
ချစ်သူ ငြိုငြင်မှာတော့ ပုံ့လည်း ကြောက်ပါသည်..။
“ဟင်...”
“သူခိုးမလေး.....လာစမ်း..”
“အား...မလာနဲ့နော်....”
“ဟား..ဟား...လွတ်အောင် ပြေးစမ်း...”
မာန်သွေး မျက်လုံး စုံမှိတ်ရင်း ပြတင်းပေါက်ကနေ ခွါ လိုက်ပြီး ကုတင်ပေါ်မှာ ထိုင်လိုက်သည်..။
ညနေ လေးနာရီကို မာန်သွေး အခန်းမှာ မှောင်နေသည်..။
ပြတင်း တံခါး နှစ်ခု စလုံးကို ပိတ်ထားပေမဲ့ နှလုံးသားက မတည်ငြိမ်...။
သေချာမပိတ်လို့ ခပ်ဟဟ ဖြစ်နေသည့် နောက်ပြတင်းပေါက်က မြင်ကွင်းစုံကြောင့် နှလုံးသားတွေ စပ်စပ်ခါ နာကျင်ရသည်..။
ပုံ့လက်ကို ဆွဲပြီး ဟိုကောင့် မျက်ခွက်ကို ပိတ်ထိုးပစ်ချင်သည်..။
လုပ်ပိုင်ခွင့် မရှိတော့ ကိုယ့်ကိုယ်ကို သိမ်ငယ်သလို ခံစားရသည်..။
ကိုယ် အမြတ်တနိူး တန်ဖိုးထားလို့ ပျိုးထားသည့် ပန်းကလေး ကို လက်ဆော့သူ တစ်ယောက် ရဲ့ ရိုက်ချက် အောက်မှာ ပျက်စီးသွားမှာ စိုးမိသည်..။
အချိန်တွေ အကြာကြီး ယုယ ပြုစုခဲ့တဲ့ ပန်းလေး တစ်ပွင့်ကို ကိုယ်တိုင်လည်း မခူးရက်သလို တစ်ပါးသူ ချိုးယူသွားမှာလည်း မခံစားနိုင်သည့် မပိုင်သူ ဥယျဉ်မှူး တစ်ယောက်ရဲ့ ဝေဒနာတွေက ပြင်းလွန်းလှသည်..။
“ဟာ....ဖြိုးလေး....အား....နင့် ကို သတ်မယ်...”
“ဟား..ဟား..ဟား....”
ကုတင်ပေါ်မှာ ပစ်လှဲလိုက်ချိန် နားထင်နေရာမှာ ပူနွေး စွပ်စိုသွားရသည်..။
မျက်နှာကျက်ကို ကြည့်ရင်း အမြင်တွေဝါးလာလို့ မျက်တောင်ကို ပုတ်ခတ် ကစားလိုက်သည်..။
ရယ်သံ လွင့်လွင့်လေးတွေက တစ်အိမ်လုံးမှာ တစ်ယောက်တည်း ရှိသည့် မာန်သွေး ကို ကောင်းကောင်း နှိပ်စက်နေသည်..။
တကယ်ဆို အလုပ်ရှိရဲ့သားနဲ့ အိမ်ကို ပြန်လာတာ ကိုယ် မြတ်နိုးတဲ့ ပန်းလေး တစ်ပွင့်ကို စိတ်မချလို့ဆိုတာ ကိုယ်တိုင်သာ သိသည်..။
“ဒုန်း...”
“ဟင်..”
ခြံတံခါးကို ဒီလောင် ပြင်းပြင်း ဆောင့်ပိတ်တာ ဘယ်သူ ဘာဖြစ်လို့လည်း ဆိုတဲ့စိုးရိမ် စိတ်နဲ့ အတူ ထလိုက်ရသည်..။
လှေကားတွေကို ပြေးဆင်းပြီး နားထင်က ရေစက်တွေကို သုတ်ပစ်လိုက်သည်..။
“ဟင်...ကိုကြီး..”
“တောက်...”
ဖိနပ်ကို အကြမ်းပတမ်း ဆောင့်ဆွဲ ချွတ်ပြီး အိမ်နံရံ ကို ပိတ်ပေါက်လိုက်လို့  မာန်သွေး မျက်လုံးပြူးနေရသည်..။
ကိုကြီး အခုလို ဒေါသထွက်တာ တစ်ခါမှ မမြင်ဖူးလို့ ကြောင်နေချိန် လှေကားတွေကို တက်သွားပြီ..။
“မာန်သွေး...ရေယူခဲ့စမ်း..”
မာန်သွေး ရေခဲရေ ကို ဖန်ခွက်ထဲ ထည့်ပြီး လှေကားတွေကို အပြေးအလွှားတက်ပြေးခါ ကိုကြီး အခန်း တံခါးဖွင့်ပြီး ၀င်သွားလိုက်သည်..။
လှမ်းပေးတဲ့ ရေခဲရေ အေးစက်စက် ကို တရှိန်ထိုး မော့ချလိုက်ပြီး ကုတင်မှောက်အိပ်ပြန်သည်..။
ဘာဖြစ်တာလည်း..တစ်ခုခု ဖြစ်လာတာ သေချာ ပါပြီ..။
အခန်းပြင်ထွက်ပြီး တံခါးစေ့ ပိတ်ခဲ့ခါ အောက်ထပ်ကို ဆင်းလာခဲ့လိုက်ရသည်..။
ခုံအနားကျ နေတဲ့ ဖိနပ်ကို သေချာ နေရာချလိုက်ပြီး အိမ် တံခါး၀ မှာ  ခြေချထိုင်နေမိသည်..။
စံပယ်ရုံလေးကို ငေးရင်း ကလေးဘ၀က ဝိုင်းနဲ့ စံပယ်ပန်းလုရင်း ရန်ဖြစ်တာ သတိရမိသည်..။
“မေမေ...ဝိုင်း စံပယ်ပန်းတွေ ခိုးသွားပြန်ပြီ..”
“ဟယ်..အဲလို မပြောရဘူး..”
“ငါ မခိုးဘူး..မေမေကြည့် ကို ပြောပြီးခူးတာ...”
“ငါ ယူမယ်လို့ ပြောထားတာ နင်လာခူးသွားတာ..ဒါ ငါတို့ အိမ်ကအပင်...နင်က ခူးသွားတော့ နင်ခိုးတာ...”
“မဟုတ်ဘူး..”
အာခေါင်ခြစ်အော်နေသည့် ဝိုင်း မျက်နှာကို မြင်ယောင်နေမိချိန် ခြံတံခါး အ၀မှာ ရောက်လာသူက လက်ရှိဝိုင်း...။
“ကိုကြီးကော...”
မာန်သွေး သဘောပေါက်လိုက်ပါပြီ...။
အိမ်လှေကားထစ်တွေက ဆင်းသွားပြီး ခြံတံခါးကို ဖွင့်ပေးလိုက်တော့ ဝိုင်း က မျက်လုံးပြူးလေးဖြင့် အိမ်ထဲကို လည်ပင်းရှည်ကြည့်သည်..။
“အပေါ်အခန်းထဲမှာပါ...”
၀ိုင်းက အိမ်ပေါ်တောင် မတက်ပဲ မာန်သွေး ထိုင်ခဲ့တဲ့ အိမ်၀ လှေကားထစ်နေရာမှာ ၀င်ထိုင်လိုက်သည်..။
“ဟူး..ငါ ကြောက်လိုက်တာဟာ...”
“ငါတောင် လန့်လို့ အပြင်ထွက်ထိုင်နေတာ..ဟား..ဟား...”
“ဘယ်လို လုပ်ရမလည်း ဟင်..”
“ဘာတွေ ဖြစ်လို့လည်း...”
၀ိုင်းက မာန်သွေးနဲ့ မျက်လုံးချင်းဆုံအောင်ကြည့်ပြီးမှ သက်ပြင်း ရှိုက်ခါ အကြည့်လွဲသွားသည်..။
“.ကိုကြီး ခေါ်တာ ငါ မလိုက်ခဲ့တာ.. ကိုကြီး ကို စိုးရိမ်လို့ပါ...”
အစအဆုံး ရှင်းပြပြီးခါမှ ထပ်ပြီး ပြောတော့ မာန်သွေး ဟက်ကနဲ့ ရယ်မိသည်..။
၀ိုင်းက စိတ်ညစ်နေတဲ့ ကြားက မှုန်ကြုပ်ကြုပ်ဖြင့် ရန်စောင်သလို ကြည့်သည်..။
“ဆောရီး..နင်တို့ကလည်း အထင်တွေချည်း လွဲနေတာပဲ...”
“ကိုကြီးကလည်း ဘာဖြစ်နေမှန်း ကို မသိတာ..အရင်က အခုလို မဟုတ်ပါဘူး..အခုက ရန်သူ အတိုင်းပဲ...”
“ချစ်လူမိုက် ဖြစ်နေတာလေ...ဟား..ဟား..”
“ဟဲ့..ကြားသွားရင် ဒေါပွနေဦးမယ်..”
မာန်သွေး ပခုံး ကို ဝိုင်း က လှမ်းရိုက်တော့ ရှောင်လိုက်ပြီး နောက်ဆုတ်ရသည်..။
“နင့် ကို ကိုကြီး တော်တော် ဒေါသထွက်နေတာ...တစ်ခါမှ အခုလို မဖြစ်ပါဘူး...နင်က လည်း ကိုကြီး စေတနာကို စော်ကားပြီး မာနကို ရိုက်ချိုးလိုက်သလို လုပ်တာကိုး..”
“ဟူး...နင်တို့က ပြောင်းပြန် ဖြစ်နေသလိုပဲ နင်က တည်ငြိမ်လာပြီး ကိုကြီးက ကလေးဆန်လာတယ်ဟာ...”
“ခံစားချက်တွေကြောင့် လူတွေရဲ့ အပြုအမူတွေက ပြောင်းလဲတက်တယ်လေ... နားလည်ပေးလိုက်ပါ.”
“ဟင်...ဖြိုးလေး ရောက်နေတာလား..”
၀ိုင်းက လှေကားထစ်ကနေ ခါးကိုင်းပြီး ကြည့်လိုက်ခါ နေရာမှာ သေချာ ပြန်ပြင်ထိုင်သည်..။
“နင် မသိဘူးလား..”
“သိတယ်..အိမ်လာမယ် ပြောထားတယ်လေ..”
“သြော်...”
“နင့်ညီမလေးက အခု လူကြီးဖြစ်သွားပြီ...နင်တောင် မသိဘူးမလား..”
၀ိုင်းက အနိုင်ပိုင်းပြီး မေးပင့် ပြောတော့ မာန်သွေး လှောင်ရယ်လိုက်မိသည်..။
ငါ့ ညီမလေး အရမ်းလိမ်မာတာ ငါ သိတယ်လို့ ထုတ်ဖော်ပြောချင်သည်..။
“ငါ သိပါတယ်..”
“တယ် ဟုတ်ပါလား...အရင်အတိုင်း ရင်ဖွင့်တုန်းပဲလား...”
“အင်း...အခုလို နှစ်ယောက်တည်း လွှတ်မထားသင့်ဘူးထင်တယ်နော်...ဝိုင်း..”
ဒီစကားက မစ္ဆရိယစိတ်နဲ့ ပြောတာမဟုတ်ပဲ ညီမလေး တစ်ယောက်အတွက် အကို တစ်ယောက်ရဲ့ စိုးရိမ်စကားမို့ လွယ်လွယ်ကူကူ အကြံပေးမိသွားသည်..။
၀ိုင်းက ဒူးကို လက်နဲ့ ပိုက်လိုက်ပြီး ပြုံးရင်း..
“လူတိုင်းမှာ ကိုယ်ပိုင် လွတ်လပ်ခွင့်နဲ့ ကိုယ်ပိုင် ဦးနှောက် ရှိတယ်...ငါရဲ့ တစ်ဖက်သက် တယူသန် အတွေးတစ်ခုကြောင့်  သူ့ရဲ့ ငယ်ရွယ် လွတ်လပ်တဲ့ အချိန်တွေ ပျောက်ဆုံးကုန်မှာ ငါ ကြောက်တယ်...ပုံ့ စိတ်ဆိုးတုန်းက ပြောတယ် သူ့ အစ်မသာ ကိုကို့လို သိတက်ပြီး အမြင်ကျယ်ရင် သူလည်း အမှားကင်းပြီး ပျော်ရွှင်ရမယ်တဲ့လေ...ငါ့မှာ ..နင့်လို ဖြစ်အောင် မနည်းကြိုးစားထားရတာ..အဟွင်း.. အသက်ကြီးပေမဲ့ သူတို့နဲ့ ပေါင်းနေရတာ တကယ်ပျော်တယ် သိလား..”
ဝိုင်းက ရှည်လွန်းတဲ့သူ့ဆံပင်ကို ရှေ့ရင်ဘတ်ပေါ်ပြန်ဆွဲတင်ခါ အဖျားလေးတွေကို လက်နဲ့ဆော့ရင်း ပြုံးပြီးပြောသည်။
“နင် တော်တော် ပြောင်းလဲ သွားတယ်...အသက်ကြီးမှ တစ်ဇွတ်ထိုး ဆန်လာသလိုပဲ...”
“နင်ကသာ စကားလုံးရွေးနေတာ ကိုကြီးကတော့ မာန ကြီးတယ်လို့ စွပ်စွဲသမုတ်သွားပြီ..”
“ဟား..ဟား...နင်ကလည်း ဟုတ်တာပဲလေ..ကိုကြီးကို ဆို  ရှောင်သွေလွဲ လို့ မမှီဝဲနဲ့ ကင်းအောင်နေ တာမလား..”
ဝိုင်းက သက်ပြင်းချရုံကလွဲလို့ အငြင်းစကား ပြန်မပြောတော့ မာန်သွေး လည်း ထပ်မမေးချင်တော့ပါ...။
“အခု ဘယ်လို လုပ်မလည်း မာန်သွေး...ငါ မသွားရဲဘူး..”
မျက်နှာငယ်လေးနဲ့ ကလေးပုံစံ ကြောက်နေတဲ့ ဝိုင်းကို သနားပေမဲ့ မာန်သွေးလည်း မကယ်နိုင်..။
“လုပ်မနေနဲ့ အိမ်ပြန်တော့..နောက်တော့ သူ့ဟာသူ ကောင်းသွားလိမ့်မယ်...”
“ငါတော့ မထင်ဘူး..ကိုကြီးတော့ ငါ့ ကို ပိုငြိုးတော့မှာပါ...”
“ပြေးလိုက် ၊လိုက်လိုက် နဲ့ ဟုတ် နေတာပဲ...ဟား..ဟား..”
“မသိတော့ဘူးဟာ....ငါပြန်တော့မယ်...”
ခြံတံခါးက မသွားတော့ပဲ ခြံဘေး တံခါးအသေးလေးက ဖြတ်သွားတော့ မာန်သွေး လိုက်မပို့တော့ပါ...။
၀ိုင်း ထွက်သွားတာနဲ့ ပုံ့ရဲ့ ရယ်သံတွေ တိကနဲ့ တိတ်ကျသွားတော့  ပြုံးလိုက်မိသည်..။
ကြောက်တဲ့သူ ရှိသေးတာပဲ....။

━━━━━━━☆☆━━━━━━━
ရောက်တက်ရာရာဖြစ်ကုန်ပြီ 😁

တစ်ချိန်တည်း ရေးရတာ မဟုတ်ပဲ
ရေးလိုက်နားလိုက်နဲ့မို့ အဆက် မမိဘူး...

စာလုံးပေါင်းလည်းမမှန် အရေးအသားလည်းမကောင်း
သည်းခံပြီးဖတ်ပေးတဲ့ စာဖတ်သူတိုင်းကို ကျေးဇူးအထူးထူးတင်ပါတယ် ❤

Love U all ❤
#စပိုက်ကာ

ပိုင်ရှင်Where stories live. Discover now