Part 11

3.4K 185 2
                                    

ပိုင်ရှင်
အပိုင်း (၁၁)
#ပိုင်ရှင်

“ဘယ်သူနဲ့ တွေ့ချင်လို့လည်း မသိဘူး..”
“ရှင်..ဟို...ဟို...မုန့်လာပို့တာပါ...”
“သြော်..ဟုတ်ကဲ့....”
အိမ်ရှေ့ လှေကားထစ်မှာ မတ်တတ်ရပ်နေတဲ့ မိန်းကလေး ကို အောင်သွေး  ငေးကြည့်ပြီးမှ အကြည့် ပြန်ထိန်းရသည်..။
သူ ကမ်းပေးတဲ့ ပန်းကန် ကို ယူပြီး မီးဖိုဆောင် ကို ၀င်လာခဲ့လိုက်သည်...။
တစ်ကိုယ်လုံးမှာ ဆံပင်က ဆွဲဆောင်မှု အရှိဆုံး...။
ခါးကျော်ပြီး  ဖြောင့်စင်း နေတဲ့ ဆံပင်တွေကို ကျစ်ဆံမြီးသာ ကျစ်မထားရင် ဒီထက် ရှည်နိုင်ပါသည်..။
မြန်မာ၀တ်စုံ ကို အပွင့်ရိုက် ၀မ်းဆက် အနီရောင်လေး ၀တ်ထားတော့  အသားအရောင် နဲ့ လိုက်ပြီး ၀င်းနေသည်..။
မနက်စောစော အလှအပ မြင်ကွင်းကို  ကြာကြာ တွေးနေမိပေမဲ့ မသင့်တော်တာနဲ့ စိတ်ထဲက ထုတ်လိုက်ပြီး ပန်းကန်ယူခါ အိမ်ရှေ့ပြန်ထွက်လာခဲ့သည်..။
“ကျေးဇူးပဲ..ညီမ..”
“ရှင်..ဟို...”
“မေမေ က စျေးသွားလို့...”
“သြော်...အဲ....ဟုတ်...”
မျက်လုံးချင်း မဆုံအောင် အကြည့်ခပ်လွဲလွဲ ဖြင့် ပြောလိုက်သည်။
ပန်းကန် ကို ပြန်ပေး၍ ခြံ တံခါးဝ အထိ လိုက်ပို့ပေးလိုက်တော့ ခြေလှမ်းတွေကို ရပ် လိုက်ပြန်သည်။
“ဟို..”
“ဟေး....ဝိုင်း..”
“ဟင်..”
အပေါ်ထပ်က ညီ့ အသံ စီကနဲ့ ထွက်လာတော့ အောင်သွေး ဘယ်ကို ဦးတည်ပြောနေလည်း ပြန်ကြည့်ရသည်..။
ရှေ့က ကောင်မလေးက သွားတက်လေးနဲ့ မော့ပြုံးလိုက်တော့မှ အောင်သွေး ရင်တွေ တဒိန်းဒိန်း ဆောင့်ခုန်နေပြီ...။
“နင်....နေအုံး..နင့်ကို ငါသတ်မယ်....နင် ပြောတုန်းက ကိုယ်တိုင် လာကြိုပါမယ်ဆို...ကလေးကိုပဲ လွှတ်လိုက်တယ်...နင် မပြေးနဲ့...တွေ့မယ်...”
“ဟိ...အနားကို လာကြိမ်းစမ်းပါ..မာန်သွေးရယ်...”
“ဝိုင်း လား..”
မျက်လုံး ဝိုင်းလေးနဲ့ အကြည့်ချင်း ဆုံလိုက်တော့ အောင်သွေး စိတ်မကောင်းဖြစ်ရသည်..။
၀ိုင်းကိုတော့ သေချာပေါက် မှတ်မိမယ်လို့ ကိုယ့် ကိုယ်ကို အထင်ကြီးမိတာ ရှက်ရသည်..။
၀ိုင်းရယ်....ဘာဖြစ်လို့များ ဒီလောက် လှသွားတာလည်းကွာ.။
“ကိုကြီး ကလည်း ဝိုင်းကိုတောင် မမှတ်မိဘူးလား...ဝိုင်းက မနေ့က လာမကြိုလို့ စိတ်ဆိုးပြီး နှင်နေတယ် မှတ်တာ...”
ငယ်ငယ်တုန်းက အတိုင်း
ကလေး တစ်ယောက် အမူအယာနဲ့ နှုတ်ခမ်းလေးစူခါ ပြောတော့ အောင်သွေး မနေ့က  တင်းထားသမျှ အရည်ပျော်ရတော့သည်..။
“ဟို..မဟုတ်ပါဘူး..ကိုကြီး က...မထင်လို့ပါ..”
“ဟား...ဟား...ထင်စရာလား...ငါတို့ သွားတုန်းက နင်က အပေတူးလေး..”
“မာန်သွေး ကောင်စုတ်..”
ညီက အိပ်ရာထစ ဆံပင်ဘုတ်သိုက်ဖြင့် အိမ်ရှေ့ကို ပြေးထွက်လာတော့ အောင်သွေး အံသြရသည်..။
ဘယ်တုန်းက ဒီနှစ်ယောက်  ရင်းနှီးသွားတာလည်း..။
“နင် ပြန်တော့မလို့လား..”
“ကိုကြီးက နှင်နေတာကိုး..”
“လူမှားသွားလို့ပါ....”
“မှားလောက်ပါရဲ့...ငါ့ ကိုကြီးက အလှူခံမှတ်လို့တဲ့..”
“ဟာ..ညီ...”
“ဟား...ဟား...”
၀ိုင်း က နှုတ်ခမ်းကိုက်ပြီး ညီ့ ပခုံးကို ပိတ်ရိုက်ခါ အိမ်ထဲ ၀င်သွားတော့ အောင်သွေးလည်း အညို့ခံထားရတဲ့ သူလို လိုက်သွားမိသည်..။
“နင် က ဆိုင်ပိုင်ရှင်ကြီး ဖြစ်နေပြီပေါ့..”
“အမ်း...ဆိုင်ပိုင်ရှင်လား ဘာလားတော့ မသိဘူး..လုံချည်ရောင်းပါတယ်ရှင့်...”
“ဟား..ဟား...”
“သြော်..ကိုကြီးလည်း ရန်ကုန် ကိုပြောင်းလိုက်တာပေါ့နော်...”
“အင်း..”
ကိုကြီးရဲ့ နွမ်းလျနေတဲ့ အပြုံးတစ်ခုကိုကြည့်ပြီး ဝိုင်းစိတ်ထဲမှာ မဖြစ်သင့်တဲ့ အပျော် တစ်ခု ဖြစ်သွားရသည်..။
အချိန်တွေ အများကြီး ရှောင်ဖယ် ပုန်းကွယ်နေရပေမဲ့ နောက်ဆုံးမှာတော့..... ကိုကြီးထားခဲ့တဲ့ ပိုးတုံးလုံးလေးက  ရောင်စုံ လိပ်ပြာငယ်လေး ဖြစ်နေခဲ့ပြီလေ...။
မာန်သွေးနဲ့ တော့ ဖုန်းခဏခဏ ပြောဖြစ်ထားတော့ သိပ်မအံသြ..။
ကိုကြီးကသာ မျက်တောင်မခတ် ငေးကြည့်နေလို့ မာန်သွေးဘက်ကို လှည့်ခါ
“နင်ကော...ဘာလုပ်...”
“ငါလည်း..ပစ္စည်းပို့တဲ့ အလုပ် လုပ်ပါတယ်...ပို့စရာရှိပို့နော်...”
‘လူကော..”
“အင်း....မှောင်ခို ပို့တယ်လေ..”
“ငါ တိုင်မယ်..”
“ဟား....ဟား..ပုံ့ ကော မနိုးသေးဘူးလား..”
“အင်း...နိုးတာနဲ့ ပြေးလာလိမ့်မယ်...အမလေး...ည က ငါ့ကို ကောင်းကောင်း ချိန်းခြောက်ထားတယ်....ကိုကြီး က အရမ်း စိတ်ဆိုးနေတာတဲ့လေ...ငါ့မှာ မနက် အစောကြီး နိုးနေတာ...ဒီလာတော့ ကိုကြီး က မသိချင်ယောင်ဆောင်နေတော့ စိတ်မကောင်းတောင် ဖြစ်သွားတယ်..”
“နင်က ပုံစံပြောင်းသွားလို့ပါ..”
“ဟုတ်လား ကိုကြီး..”
၀ိုင်း ရယ်ရင်း ကိုကြီး ဘက်ကို လှည့်ကြည့်လိုက်တော့ အပြုံးယဲ့ယဲ့ နဲ့ ခေါင်းညိတ်ပြသည်..။
“ကိုကြီး တို့ကတော့ အရင်အတိုင်းပဲလေ..”
“ဘာလည်း...အဖိုးကြီး ဖြစ်နေပြီ..”
“အရင်ကတည်းက အဖိုးကြီး ဖြစ်နေတာလို့ ပြောချင်တာ..”
“ဟား..ဟား...ထိသွားပြီ..”
မာန်သွေးက သူ့ အစ်ကို ကို လက်ညိုးထိုးပြီး ရယ်တော့ ဝိုင်းလည်း ပါးစပ်ကို လက်ကွယ်ခါ ရယ်မိသည်..။
“နေ့ခင်း ငါတို့ မုန့်လုပ်စားမယ်နော်...ကိုကြီးလည်း ရှိမယ်မလား..”
“အင်း..”
“ဒါဆို ငါသွားတော့မယ်....ကိုကြီး...ဝိုင်းကို စိတ်မဆိုးတော့ဘူးမလား..”
ကိုကြီးက ခေါင်းညိတ်ပြပေမဲ့ ခုံက ထမလာတော့  ဝိုင်း နဲ့ မာန်သွေးပဲ အိမ်ပြင်ထွက်လာခဲ့လိုက်သည်..။
“နင် လှလာတယ်..”
“ငါ အရမ်း ကြိုးစားထားတာလေ..”
“၀န်ခံပြီဟ...ဘာတွေ ဖြတ်ညှပ်ကပ်ထားတာလည်း...”
“အိုး..အရင်က လှလှပပ ငါ မနေတက်ဘူးလေ...ဒါကို ပြောတာပါ...”
ဘေး ခြံစည်းရိုး ဘေးဘက် တံခါးသေးလေးရှေ့ကို ရောက်တော့  အရင်က အိမ်ပြန်ပို့ပေးတက်တဲ့ ကိုကြီး ကို သတိရသည်..။
မေးဖို့ သတ္တိရှိရင် မေးလိုက်ချင်ပါသေးသည်
ဝိုင်းဆိုတာ...
ကိုကြီး နဲ့ မတူမတန် တုန်းပဲလားလို့...။
ဝိုင်း အခု ကိုယ့် ဘဝ အတွက် ကိုယ် ရပ်တည်နေတာပါပဲ....တစ်ချို့အရာတွေက ပါ၀င်ပတ်သက်နေရုံနဲ့ သက်ဆိုင်နေတာမှ မဟုတ်တာ...။
“ဟာ..ကိုကိုး...”
“နိုးပြီးလား အိပ်ပုတ်မလေး...”
ကာတွန်း အကျီ င်္ ဘောင်းဘီ ဝတ်စုံ နဲ့ ပြေးလာသည့် ပုံ့ကို ကြည့်ရင်း မာန်သွေး ရယ်လိုက်မိသည်..။
တကယ့် အဖြူထည်လေးပါပဲ...
ဘယ်လို အရောင်ဆိုးရက်မလည်း ကလေးရယ်...။
“ဟောင်းဟတ်ဆူ...”
“ဟဲ့..နင်ဟာလေ...တွေ့သမျှလူကို ဒါပဲ လိုက်ပြောတာပဲ..”
“အိုး..ပုံ့ ချစ်တဲ့သူတွေကို ပဲ ပြောတာပါနော်...”
“ကိုကို ဒီနေ့ နေ့ခင်း မုန့်စု စားမှာနော်...ပုံ့ သူငယ်ချင်းတွေလည်း လာမှာ သိလား ကိုကို သိတယ်မလား လှိုင်တို့ နီနီ တို့လေ..”
မာန်သွေး အပြုံး တစ်ခု ဖြင့် ခေါင်းညိတ်လိုက်တော့ လက်ကို ဆွဲပြီး လွဲခါ သူ့တို့ ခြံဘက်ကို ခေါ်လာသည်..။
“နင်တို့ နှစ်ယောက်ရဲ့ ဖုန်းပြောနှုန်းကလေ...ငါးနှစ်စာစုထားရင် အခုဆို တိုက်ကောင်းကောင်း ကားတစ်စီး လောက် ရနေပြီသိလား..”
“တစ်ပတ် တစ်ခါတည်းပြောရလို့ ကြာတာပါ မမရယ်.”
“ဒီလောက် ပြောထားလည်း မကုန်သေးဘူးနော်..မနေ့က နင် နဲ့ စကားမပြောရလို့ ပျင်းတယ်တဲ့ ငါ မနည်းတားထားရတယ်..”
“မမ တားလည်း ပုံ့က ခိုးသွားမှာပဲ...ကိုကို့ အိပ်ရာထဲ ၀င်တိုးအိပ်လိုက်နေလိုက်မယ်...အဲတော့မှ မမ နဲ့ ကိုကို တစ်ယောက် တစ်လှည့် ထမ်းပို့...ဟိ..ဟိ...”
ကလေး တစ်ယောက်လို သူ လုပ်နိုင်တာတွေကို ခြိမ်းခြောက် ၍ ပြောနေတော့ မာန်သွေး ရယ်မိသည်..။
ကိုယ့်ခါးကို မမှီမကမ်းဖက်ပြီး ငိုတက်တဲ့ ကောင်မလေးကို သတိရလိုက်တာ ပုံ့ရယ်..။
မင်းလေး ဘာလို့ ဒီလောက်မြန်မြန်ဆန်ဆန် အရွယ်ရောက်လာရတာလည်း ကွာ..။
“ဦးကျော် အလုပ်သွားပြီလား..”
“အင်း..”
“ကိုကို လာလေ..”
အိမ်ထဲကို အတင်းဆွဲခေါ်နေပေမဲ့ မာန်သွေး လက်ကို ပြန်ဆွဲပြီး ရပ်တန့်လိုက်ရသည်..။
“ကိုကို မျက်နှာတောင် မသစ်ရသေးဘူး..”
“ဟာ....ပုံ့ နဲ့ တူတူပဲ သိလား..ပုံ့ ပြီးရင် မုန့်လာစားမယ်နော်..”
“အင်း...လာခဲ့...နောက်ကျရင်တော့ ဘာမှမကျန်ဘူးနော်..”
“ဟုတ်...”
အိမ်ထဲကို ပြေး၀င်သွားသည့် ပုံ့ကို လိုက်ငေးကြည့်ရင်း ဝိုင်း ဆီ အကြည့်ရောက်သွားတော့ မလုံမလဲ ဖြစ်မိသည်..။
ကိုယ့် အကြည့်တွေ ရိုးသားခဲ့ပါတယ်... နှလုံးခုန်နှုန်း မူမမှန်တာလေး တစ်ခုပါပဲ...။
.
“ဒီက နီနီ..”
“အင်း ကိုကို သိတယ်..”
ကောင်မလေးတွေ ကို တစ်ယောက်ချင်းစီ လိုက်မိတ်ဆက်ပေးနေတော့ မာန်သွေး ရယ်ကြဲကြဲဖြင့်သာ ငြိမ်နေရသည်..။
သူ့ သူငယ်ချင်း အားလုံးကိုလည်း ကိုယ့်အကြောင်း တွေ ပြောထားတာ စုံလို့...။
တစ်ခါ မိတ်ဆက်ပေးတိုင်း ပုံ့ ကိုကို မလားဆိုပြီး တန်းသိကြသည်။
“ဟိုမှာ ထိုင်နေတဲ့ သုံးယောက်တွေ့လား..”
ကောင်လေးတွေ သုံးယောက်ထိုင်နေတဲ့ ဝိုင်းကို မျက်စပစ်ပြတော့ မာန်သွေး သေချာအောင်  ခေါင်းငဲ့ ကြည့်မိသည်..။
သုံးယောက်တည်းမှာ တစ်ယောက်က ရုပ်ထွက်ပြီး မိန်းကလေးတွေ သဘောကျလောက်သည့်ပုံစံမျိုး သားသားနားနားလည်း ရှိသည်..။
မာန်သွေး အကြည့်တွေ သိမ်းပြီး စားပွဲရှေ့က ပုံ့ကို ခေါင်းညိတ်ပြလိုက်သည်..။
“အလယ် က တစ်ယောက်ကလေ...ပုံ့ ကို ကြွေနေတာ..”
“ကြွေတာလား..”
“ကြိုက်နေတာကို ပြောတာ ကိုကိုရဲ့...”
ကိုကို လည်း ဒီလောက်တော့ သိပါတယ် ကလေးရယ်...
တမင်တကာ ညစ်ပြီး ပြောလိုက်ပေမဲ့ သဘောမပေါက်သူကို ရှင်းပြသလို လုပ်နေတော့ ရယ်မိသည်..။
“အင်း..ပုံ့ စိတ်ထင်နေတာလား..”
“မဟုတ်ဘူး..ဖွင့်ပြောထားတယ်လေ..”
“သြော်...”
ပြောချင်တဲ့ စကားတွေကို ရပ်တန့်လိုက်ပြီး နားလည်ကြောင်းသဘောပြခါ စကားလုံး တစ်ခုကိုသာ ထုတ်ပြောနိုင်သည်..။
ရင်ထဲမှာတော့ တလှပ်လှပ် ဖြင့် အသက်ရှု မ၀ သလို ဖြစ်ရသည်..။
“ပုံ့ အဖြေပေးမလို့ စဉ်းစားနေတာ ကိုကို ..ကောင်းမလား..ဟင်..”
လွန်ခဲ့သော ငါးနှစ်ဆိုတဲ့ အချိန်က အတိုင်း အကြံတောင်းလာတော့ ထို ငါးနှစ်ကအတိုင်း ဒေါသထွက်ရသည်..။
တစ်ချိန်တုန်းက ကရုဏာ ဒေါသ ဖြစ်ပေမဲ့ အခုတော့ အတ္တဒေါသ ဆိုတာ သေချာသည်..။
ညှာညှာတာတာ တွေးရင်တော့ အချစ်ဒေါသလို့ အမည်တပ်ရမည်ပေါ့လေ...။
“ငယ်ပါသေးတယ်..”
“အိုး..ကိုကိုကလည်း..မမ အတိုင်းပဲ...ပုံ့ အသက် ကိုးဆယ်ပြည့် မွေးနေ့
ရောက်ရင်ေ တာင် ငယ်ပါသေးတယ်ပဲ ပြောကြတော့မှာလား..”
ခေါင်းတရမ်းရမ်း ဖြင့် ငြင်းဆန်ရင်း ဖြစ်နေတာတွေကို လူကြီးမလေးက သုံးသပ်ပြနေပြန်ပြီ..။
“မဟုတ်ဘူးလေ...ကိုကို ပြောတာက အခုမှ ဒုတိယနှစ်ဆိုတော့..နောင်.”
‘တော်ပါ..တော်ပါ...ကိုကို ပြောတော့ တက္ကသိုလ်ရောက်ရင် ရပြီဆို..”
“အဟွင်း...ပုံ့က အမည်ခံရှာနေတာပဲ..တကယ်ဆို ပုံ့ ကိုယ်တိုင် စဉ်းစားတက်နေပြီမလား..ကိုကို က ခွင့်ပေးလိုက်လို့ အမှားတွေ ဖြစ်လာရင် ကိုကို ကြောင့်ဆိုပြီး ပြောမလို့လား..”
“ပုံ့ က အရင်အတိုင်း မေးတာ....ကိုကိုကလေ..ဖုန်းနဲ့ဆို ကောင်းတယ်..အပြင်မှာကျ ဘာကြီးမှန်း မသိဘူး....တော်ပြီိ...မခေါ်တော့ဘူး..”
နှုတ်ခမ်းစူ ရန်တွေ့ပြီး
စားပွဲဝိုင်းကနေ ထသွားပုံက....
ဆံပင်တွေ ခါရမ်းသည် အထိ တစ်ကိုယ်လုံး ဆောင့်နင်းခါ ထွက်သွားသည်..။
ဟိုဘက်ဝိုင်းက ကောင်က ဘယ်လိုတွေ ရသမြောက်ပြီး ရယ်နေပါလိမ့်..။
ပထမဆုံး အကြိမ် အဖြစ် ကိုယ့်ထက် ငါးနှစ်ကျော်လောက်ငယ်တဲ့ လူငယ် တစ်ယောက်ကို မိုက်ကြည့် ကြည့်မိသည်..။
.
“သွားလိုက်ပါ သားရယ်..”
“မသွားချင်ပါဘူး..မေမေရာ..ဝိုင်းကိုလည်း တကယ် နားမလည်ဘူး...သူ ဘာတွေ ဖြစ်နေမှန်းကို မသိဘူး.”
“သားကလည်း...အပြစ်ချည်းပဲ ရှာနေတာကိုး..”
အောင်သွေး ထမင်းစားပွဲမှာ ထိုင်နေရင်း ပြတင်းပေါက်ကို မျက်နှာမူထားမိတော့ မြင်ကွင်းတွေက ဒေါသထွက်စရာတွေချည်းသာ..။
သူပြောတဲ့ အတူတူ မုန့်စားမယ်ဆိုတာ အရင်အတိုင်း ဒီအိမ်မှာ လေးယောက် စုစားမယ်လို့ထင်ခဲ့တာလေ..။
အခုတော့ ပုံ့ သူငယ်ချင်း တစ်သိုက်မှာ ယောင်္ကျားလေးတွေက ခပ်များများ...။
လူငယ်တွေချည်း ခေါ်လာရင် သူကရော ဘာလို့ ၀င်ပါနေသေးလည်း..။
ဟူး..မေမေ ပြောသလို အပြစ်ချည်းရှာနေမိတာလား..ကိုယ်တိုင်လည်း မသိတော့ပါ...။
“မေမေ ကတော့ ဒါမျိုး ကြိုက်တယ်..”
“ဟင်..”
“ဟုတ်တယ်...ဝိုင်း က အလိမ်မာနည်းနဲ့ ထိန်းသိမ်းပေးနေတာလေ...လူငယ်တွေချည်းပဲဆို မမြင်ကွယ်ရာမှာ မဖြစ်သင့်တာ ဖြစ်မှာပေါ့..ဒီလိုဆိုတော့ သူတို့လည်း ပျော်တယ်...ကိုယ်လည်း လမ်းညွှန်ပေးလို့ရတယ်လေ..”
“ဟူး...”
“သားတော့ အဖိုးကြီး ဖြစ်သွားလို့ဖြစ်မယ်..ကဲသွားလိုက်ပါ...ကလေးတွေ စိတ်မကောင်းဖြစ်နေပါ့မယ်..”
အောင်သွေး စိတ်မပါပေမဲ့ ခြံကူးတော့ လာလိုက်ရသည်..။
လူငယ်တွေထဲမှာ ဝိုင်းကလည်း  လူငယ်ဆန်ဆန် ရှပ်ခါးရှည်နဲ့ ဒူးကျကျော်ကျော် ဂျင်းဘောင်းဘီ ၀တ်ထားသည်..။
မြန်မာ၀တ်စုံလေးနဲ့ လှပါတယ်လို့ တွေးမိရုံ ရှိသေးတာ..အခုတော့ ထုံးစံ အတိုင်းပါပဲလား ဝိုင်းရယ်...။
“ဟော...ကိုကြီး လာ...နောက်ကျနေတယ်..”
ပုံ့ပုံ့ က ပြေးလာပြီး လက်ကို တွဲခေါ်တော့ အောင်သွေး ပြုံးပြလိုက်ရသည်..။
“ထိုိင်..”
“ဝိုင်း က ဘာတွေ လုပ်နေတာလည်း..”
“ဟိ..ဒီလိုပဲ လုပ်ချင်တာလုပ် စားချင်တာ စားနေကြတာ...မမ က ကြာဇံချက် မစားချင်လို့ ဆိုပြီး ပြောင်းဖူးနဲ့ ကန်စွန်းဥ ညော်တိုက်နေတယ်...”
“ဟေ့.....ကျော်ကိုကို နင်စားတာ များပြီနော်..”
ပုံ့ပုံ့က အောင်သွေးကို ခုံအနား ပို့ပြီးတာနဲ့  သူ့သူငယ်ချင်း ကောင်လေး တစ်ယောက်ဆီကို ခြေဆောင့် လျှောက်သွားသည်..။
အောင်သွေး ထိုင် မနေချင်တာနဲ့ မီးဖိုဘေးမှာ အလုပ်ရှုပ်နေသည့် ဝိုင်းဆီ ကို ဦးတည်လိုက်သည်..။
“ဟာ..ကိုကြီး...ကြာဇံချက် စားရင် ခုံပေါ်မှာ ရှိတယ် ယူစားလိုက်နော်..”
“ဧည့်၀တ်လည်း မကျေပါလား..”
“အဲလို ဖြစ်သွားတယ်..ကိုကြီးရယ်...ကန်စွန်းဥ စားမလား..”
အောင်သွေး ဘာမှ မပြောတော့ မော့ကြည့်နေတဲ့ မျက်လုံးဝိုင်းလေးတွေ အကြည့်ရွေ့သွားပြီး
ကန်စွန်းဥကို သာ မထူးအောင် အာရုံစိုက်နေသည်..။
“မမ..”
“အယ်...ဇော်...”
အနားကိုရောက်လာတဲ့ ကောင်လေး တစ်ယောက်ကြောင့် သူက ပျာပျာသလဲ ပုံစံဖြင့် လက်ထဲက လုပ်လက်စ ချပြီး ပြုံးပြသည်..။
ဒါကကော ဘာတွေလည်း...
အနားမှာ မရှိနိုင်တာ ၊ အဆက်အသွယ်မရှိခဲ့တာ ငါးနှစ်ကျော် အတွင်း အခုလို ပတ်သက်သူ တွေ ရှိနေမှာပဲလို့ မတွေးမိခဲ့ပါ..။
ကိုယ့်လိုပဲ သူ လည်း ဘာမှမပြောင်းလဲ လောက်ပါဘူးလို့  ထင်ထားခဲ့သည်..။
“မမ ဆိုင် မသွားဘူးနော်..”
“ဟင်...အင်း...ဒီနေ့ ညီမလေးက အိမ်မှာ သူငယ်ချင်းတွေနဲ့ ပျော်ပွဲစား သဘောမျိုး လုပ်ချင်တယ် ဆို လို့ပါ...”
“ဟုတ်...ဟိုဘက်က စိုးလွင် က ကျွန်တေ်ာ့ ညီ ၀မ်းကွဲလေ...”
“သြော်..ဟုတ်လား..ထိုင်လေ..ဇော်..”
စကားဖောင်ဖွဲ့ ပြုံးရယ်နေပြီးမှ အောင်သွေးဆီ အကြည့်ရောက်လာသည်..။
မျက်နှာထား တင်းတင်း ကို တွေ့တော့ မျက်နှာငယ်ပုံစံလေး ဖြစ်သွားပြီး
“ကိုကြီး ...ဒါက ဇော်လေ...ဇော်....ဒါက မမ ကိုကြီးလေ...ဒေါက်တာ အောင်သွေးတဲ့..”
“ဟုတ်ကဲ့ တွေ့ရတာ ၀မ်းသာပါတယ်...ဒေါက်တာ..”
လူငယ် တစ်ယောက်က တရိုတသေ လက်ကမ်းပေးနေတော့ အောင်သွေး အပြုံးအအတုဖန်တီးခါ နှုတ်ဆက်လိုက်ရသည်..။
“မမ ပြောင်းဖူးမီးကင်နေတာလား..”
“အင်း..စားချင်လား..”
“ဟုတ်...”
၀ိုင်းနေရာ မှာ တစ်ခြားသူ တစ်ယောက်သာဆို ရှောင်ပေးမိမှာ...
အခုတော့ လူမှုရေးစိတ်ဓာတ် ခေါင်ပါးစွာဖြင့် သူတို့ နှစ်ယောက်ဘေးမှာ ပေကပ် ရပ်နေမိသည်..။
“အို..”
နောက်ညှပ် ကလစ်ကို ခပ်ဖွဖွ ထိုးထားတာမို့ ဆံပင်ပြန့်ကျလာတော့ မီးဖိုကို အမြန်ရှောင်လိုက်ရသည်..။
၀ိုင်း လက်က ပြာတွေလည်း ပေနေတော့ ပုံ့ပုံ့ကို လှမ်းခေါ်ဖို့ ကြည့်လိုက်ချိန် ကိုကြီးက အနားရောက်လာသည်.။
ဆံညှပ်ကို ကောက်ကိုင်တာနဲ့ ညှပ်ပေးတော့မယ် ဆိုတာ သိတော့..
“ဇော်...မမ ကို ဆံပင်ညှပ်ပေးပါလား..”
“ဗျာ...ဟုတ်..”
သူ့တောင့်တနေတဲ့ အရာတစ်ခု ပိုင်ဆိုင်ရတဲ့ အခါ ပျော်သွားတဲ့ကလေး တစ်ယောက် မျက်နှာလိုပင်..။
ဇော် က ပြုံးပြီး အနားရောက်လာတော့ ကိုကြီးက ဆံညှပ်လှမ်းပေးသည်..။
“ကိုင်မယ်နော်..”
၀ိုင်း ပြောရခက်လို့ ခေါင်းအသာ ညိတ်ပြလိုက်တော့ ဆံပင်လေးတွေကို ခပ်ဖွဖွလေး သိမ်းယူပြီး နောက်မှာ စုညှပ်ပေးသည်..။
“ရပြီ..မမ..”
“ကျေးဇူး..”
ကိုကြီး ကို အကဲခတ်သလို ကြည့်တော့  မျက်ခုံးတွန့်ကြုတ် ခါ အလိုမကျစွာဖြင့် ကျောခိုင်းထွက်သွားသည်..။
...စိတ်ဆိုးသွားတာလား ကိုကြီးရယ်...
ကိုကြီး အထင်သေးတဲ့ မိန်းကလေး တစ်ယောက်ရဲ့ ဆံပင်ကို ကိုကြီး ကိုင်ချင်ပါ့မလား...ကိုင်ခွင့်ပြုသင့်လား...။
မာနကြီးတယ်ပဲဆိုဆို...
၀ိုင်း မသိတော့ဘူး..ငယ်ငယ်ကလို သနားကရုဏာ ဖြင့် အလိုသင့် ပြောဆို ဆက်ဆံနေရတာမျိုးတွေ မလုပ်ပါနဲ့တော့....ဝိုင်း က စိတ်ကူးတွေနဲ့ အိပ်ရေးပျက်ရပေါင်း များခဲ့ပါပြီ ကိုကြီးရယ်..။
.
“ကိုကို..”
“ဟင်..”
“ပုံ့ ကို ခါးကြိုးချည်ပေး..”
အကို တစ်ယောက်ကို ခိုင်းတဲ့ပုံစံ အတိုင်း ဖြစ်နေပေမဲ့ ခုံထောင့်က ကောင်က မှုန်ကြုပ်ကြုပ်ဖြင့် ကြည့်နေတော့ ပိုပြီး ကြာအောင် ချည်ပေးလိုက်သည်..။
“ဟိ..ကျေးဇူး..”
ဂါ၀န် ဒူးဝဲလေးနဲ့ ဆံပင် ဂုတ်ဝဲ ဖြင့် ပုံ့ က ငယ်ငယ်က ထက်ပင် ပိုလို့ ချစ်ဖို့ကောင်းနေသည်..။
သူ့ သူငယ်ချင်းတွေဆီ ရောက်သွားပြီး စကားပြောလိုက် မုန့်စားလိုက်ဖြင့် အလုပ်ရှုပ်နေတဲ့ ပုံ့ကို လိုက်ငေးနေမိနေရင်း အသိ၀င်လာတော့ ကျောပေးလိုက်ရသည်..။
“အင့်...စား..”
မာန်သွေးဘေးကိုရောက်လာသည့် ဝိုင်း က လက်ထဲက ကန်စွန်းဥ နဲ့ ပြောင်းဖူး ပန်းကန် လှမ်းပေးသည်..။
ကန်စွန်းဥကို ကိုင်လိုက်တော့ လက်ပူသွားလို့ ပြန်ချထားလိုက်ရသည်..။
“ဟိုခုံမှာ ထိုင်နေတဲ့ ကောင်လေးက ပုံ့ကို ကြည့်လှချည်လား..”
မာန်သွေး ခပ်ပြုံးပြုံးဖြင့်  ပြောလိုက်တော့ ဝိုင်းက မျက်လုံးတာင် ရွေ့မကြည့်ပဲ ခေါင်းညိတ်ပြသည်..။
သူ့လက်ကို လေနဲ့ မှုတ်ပြီး ပူပူလောင်လောင် ကန်စွန်းဥ ကို အခွံခွါနေတာ သနားလို့ မာန်သွေးပဲ လုယူပြီး ခွါပေးလိုက်ရသည်..။
“အဲ့ ကောင်လေးက ပုံ့ ကို ပရပို့စ် လုပ်ထားတယ်..”
“ပုံ့ ပြောတာလား..”
“အင်း..”
“နင် တို့ အခုလို ရင်းနှီးနေတာ ငါ ၀မ်းသာတယ်...”
“နင့် ကျေးဇူးတွေ ကြောင့်ပါဟာ...”
“ဟုတ်တယ်နော်...ဒါပေမဲ့ ငါ နဲ့ ပုံ့ ဝေးသွားသလို ခံစားရတယ်...နင့်ကို အကြံမပေးမိရင် ကောင်းသား...”
“ဟား..ဟား...နင်ကလည်း...၀န်တိုနေပြန်ပြီ...”
“ပုံ့ အကြောင်းပဲလား..နင့်လူကော ဘယ်နှစ်ယောက်ပါလည်း.”
မာန်သွေး မေးပင့်ခါ မေးလိုက်တော့  ဝုိင်း က သူသွားတက်လေးတွေ ပေါ်အောင် ရယ်ပြီး ခေါင်းရမ်းသည်..။
“မရေတွက်နိုင်ဘူးလို့ ကြွားချင်တာလား..”
“ဟာ..မဟုတ်ပါဘူး..စောနက ကောင်လေးက ဇော်တဲ့...သူလည်း ငါ့ကို ချစ်တယ် ပြောထားတယ်..”
‘သူလည်း ဆိုတော့ ကျန်သေးတယ်ပေါ့...”
“အင်း..တစ်ချို့တွေက ငြင်းလိုက်ပြီးရင် ပျောက်သွားတယ်..သူကတော့ အထူးပဲ ခြောက်လလောက်ကြာနေပြီ..မနက်တိုင်းလာပြောတယ်..နောက်နေ့ မနက်ဆို အဖြေတောင်းတယ်..ပြီးရင် ထပ်ပြောသွားတယ်...နေ့တိုင်းပဲ...သူ မလာရင် ငါ့ စိတ်ထဲတောင် ပူချင်လာတယ်..ငါတော့ သူ့ကို ခင်နေပြီထင်တယ်..”
“ခင်တာထက် ပိုနေတယ်လို့ကော မထင်ဘူးလား..”
“ဟင့်အင်း ..သူ့ အမေ က ငါတို့နဲ့ အလုပ်သဘောအရ ပတ်သက်နေတယ်လေ...ဒါကြောင့် ခါးခါးသီးသီး ငြင်းလို့ မကောင်းဘူးထင်လို့ပါ..”
“ကြိုးရှည်ရှည်နဲ့ လှန်ထားတယ်ပေါ့ ဒီလိုလား...”
မာန်သွေး ရယ်စရာ အဖြစ်ပြောလိုက်ပေမဲ့ ဝိုင်းရဲ့ မျက်နှာက ကွက်ကနဲ့ ပျက်သွားပြီး တစ်ချက်ငိုင်ကျသွားသည်..။
ခဏအကြာမှ ပြုံးပြီး ခေါင်းရမ်းပြခါ..
“သေချာတယ်...ငါ့မှာ ဒီစိတ်မရှိဘူး..သူ့ဘက်ကကြည့်တော့ ဒီသဘောရောက်နေနိုင်တယ်နော်...နေဦး...ငါရှင်းသင့်တယ်..ထင်တယ်..”
“ဟဲ့...”
မာန်သွေး လှမ်းခေါ်ပေမဲ့ လက်ပြပြီး ထွက်သွားတော့ ကိုယ့်ကြောင့် တစ်ခုခု ဖြစ်သွားမှာ စိုးရိမ်မိသည်..။
သူတို့ ညီအစ်မ နှစ်ယောက်စလုံး ပြောင်းလဲသွားတာလား...။
မာန်သွေးတို့ ညီအစ်ကို နှစ်ယောက်ကပဲ မမှီနိုင်တော့လား မသိတော့ပါ..။
ရှေ့က ကန်စွန်းဥ ပန်းကန် ပြန်ဆွဲပြီး အခွံနွာနေလိုက်သည်..။
“ဇော်..”
“ဗျာ...”
“ကြာဇံချက်လည်း မစားဘူးနော်..”
“ပြောင်းဖူး စားတယ်လေ..”
“အင်း...မင်း ကို မမ စကားပြောစရာရှိလို့ပါ...”
“ပြောလေ...မမ..”
“မမ မင်းကို မျှော်လင့်ချက်တွေ ပေးပြီး ဆွဲထားသလို ဖြစ်နေမှာစိုးလို့ပါ...လူငယ်တစ်ယောက်ရဲ့ အချိန်တွေက တန်ဖိုးရှိတယ်...ဒါကို မမ က စွဲလမ်းစိတ်ကို အသုံးချပြီး မင်း အချိန်တွေကို ဖြုန်းတီးမိသလို ဖြစ်နေလားဟင်...”
“ဟို...”
အပြောရခက်သလို ဖြစ်နေသည့် ကောင်လေးကြောင့် ဝိုင်း စိတ်တွေ ပိုမောလာရသည်..။
သူ့ နေရာမှာ ကိုယ့် မောင်လေး ဆိုရင်ကော...
အိုး ကောင်းကောင်းထုပစ်မိမှာပါ.....မင်း ကို မချစ်နိုင်တဲ့သူဆီမှာ ဘာလို့ အချိန် သွားဖြုန်းနေတာလည်းဆိုပြီး ရိုက်မိမှာပါပဲ...။
“မင်းကို မမ မချစ်ဘူး..”
“အဲဒါ...”
‘ဘယ်တော့မှ မချစ်နိုင်ဘူး ပြောတာပါ ဇော်ရယ်..ကြိုးချင်းထားတော့ ကြိုးချင်းငြိမယ်လို့ အထင်လွဲပြီး မောင်လေး ရဲ့ အချိန် တွေကုန်မှာ စိုးလို့ပါ....ဇော့် ကိုချစ်တယ်....ဒါပေမဲ့ မောင်လေး တစ်ယောက်ထက် ပိုလို့မရဘူး...အာကာ တို့ ကျော်မင်းတို့...၀ဏ္ဏတို့လို့ပဲ မောင်လေး တစ်ယောက်လို ချစ်တာပါ...”
“ဒါပေမဲ့...ကျွန်တော် ချစ်တယ်....မမ မချစ်လည်းရပါတယ်....ကျွန်တော့် ကို ချစ်နေခွင့်လေးပဲ ပေးပါ မမရယ်..”
ဆို့နစ် နေသလို တိုးလျလျ အသံလေး နဲ့ ပြောလာတော့ ဝိုင်း ငိုချင်လာသည်..။
ဘယ်လိုဖြစ်ပြီး ဘ၀တူတွေ လာတွေ့နေတာပါလိမ့်...။
စိတ်မကောင်းရုံက လွဲပြီး ဘာမှလည်း မကူနိုင်သည်မို့ ပိုလို့ စိတ်ဆင်းရဲရသည်..။
“ဇော်ရယ်...မေတ္တာ ထပ်တူထပ်မျှ ရှိနိုင်တဲ့ သူနဲ့ တွေ့ပါစေလို့ပဲ မမ ဆုတောင်းပါတယ်...ဒါပေမဲ့ အခုလို ဖြစ်နေတာ မမ တကယ် မကြိုက်ဘူး..မမ မောင်လေး တစ်ယောက် တန်ဖိုးရှိတဲ့ အချိန် ကို ဖြုန်းနေသလိုပဲ...”
“ ဇော့် အချိန်တွေပါ မမ ရယ်..”
“မနက်ဖြန် ဆိုင် ကို မလာနဲ့တော့...”
‘ဟင်..”
“ဟုတ်တယ်...ပတ်၀န်းကျင်မှာလည်း မမ သိက္ခာ ရှိသေးတယ်...”
“ချစ်နေရရင် ဖြစ်ပါတယ်...ဟုတ်ကဲ့...ဇော် မနက်ဖြန် မလာတော့ဘူးလေ....ဒါက အချိန်ကုန်လို့ ဆိုတဲ့ စိတ်နဲ့ မဟုတ်ဘူးနော်...ဇော့် ကြောင့် မမ စိတ်ညစ်ရမှာကို မလိုလား လို့ပါ...”
“ပြန်တော့မယ်နော်...”
‘ဟင်...”
ကြေကွဲနေတဲ့ အပြုံးနဲ့ အတူ အားငယ်နေတဲ့ မျက်၀န်းတွေ ကို ကြည့်ရင်း ဝိုင်း စိတ်မကောင်းဖြစ်ရသည်..။
သူ ကျောခိုင်းထွက်သွားတော့ ဝိုင်း အနီးကခုံမှာ ထိုင်ချလိုက်မိသည်..။
မာန်သွေး မေးခဲ့တဲ့ မေးခွန်းတစ်ခုကြောင့် အချိန်မှီလေး လာတားမိခါမှ ကိုယ်တိုင် ကျော့မိထားသလို ဖြစ်နေပြီလား...။
ကြိုးချင်းထားရင် ကြိုးချင်းငြိရုံမက ရှုပ်တက်သေးသည်..။.
အဲဒီ့ အချိန်ကျရင် အပြက်ပြက်တွေလည်း ဖြစ်သွားနိုင်သည်..။
ဇော်ရယ်...တစ်ဖက်သတ်စွဲလမ်းစိတ်ကြောင့် မမလို အနာဂတ် မမဲ့ စေချင်ဘူး မောင်လေးရယ်...။
━━━━━━━☆☆━━━━━━━
ကဲ ဝိုင်း နဲ့တွေ့ပြီ
မင်း ဝမ်းသာတော့ 😁

ဒီနေ့ကျတော့ နောက်ကျပြန်ပြီ 💔

တစ်ချိန်တည်း ရေးရတာ မဟုတ်ပဲ
ရေးလိုက်နားလိုက်နဲ့မို့ အဆက် မမိဘူး...

စာလုံးပေါင်းလည်းမမှန် အရေးအသားလည်းမကောင်း
သည်းခံပြီးဖတ်ပေးတဲ့ စာဖတ်သူတိုင်းကို ကျေးဇူးအထူးထူးတင်ပါတယ် ❤

Love U all ❤
#စပိုက်ကာ

ပိုင်ရှင်Where stories live. Discover now