Part 20

3.6K 169 2
                                    

ပိုင်ရှင်
အပိုင်း (၂၀)
#ပိုင်ရှင်

“ပုံ့...နင်နဲ့ ဖြိုး ပြတ်သွားပြီလား..”
“ဟင်..ဘာဖြစ်လို့လည်း..”
လက်ထဲက ခေါက်ဆွဲဘူးကို ဝါ၀ါ့ ဆီ ပြန်တိုးပေးလိုက်ပြီး ပုံ့ မျက်လုံးအကြည့်တွေက သန္တာ့ ဆီကိုရောက်သွားရသည်..။
သန္တာကတော့ သူ့လက်ထဲက စားလက်စ မုန့်ထုတ်ကို သစ်ပင်ကို မှီထောင်လိုက်ပြီး လက်နှစ်ဖက်ကို ရိုက်ခါနေသေးသည်..။
“ဘာဖြစ်လို့လည်း လို့..”
“Physic က ကောင်မလေး တစ်ယောက်နဲ့ တွဲတွေ့လိုက်လို့ပါ..”
“ဟုတ်လို့လား..”
သူငယ်ချင်းကို မယုံသလို ပြန်မေးကြည့်မိပြီးမှ အားနာရသည်..။
သူတို့က လိမ်ပါ့မလား...
“ကောင်မလေးက ချမ်းသာတယ် ချောလည်းချောတယ်...ဖြိုးလေးကို လိုက်ကပ်နေတာ သိသာတယ်...အခုတော့ နှစ်ယောက်တွဲတွေ့နေတာ လေးငါးရက် ရှိနေပြီ..”
“တောက်....”
ပုံ့ ဒေါသကြောင့် တောက်ခတ်လိုက်ပြီး ခုံပေါ်က အိတ်ကို ဆွဲယူရင်း မတ်တက်ရပ်လိုက်သည်..။
ပုံ့ အမှားချည်းပဲ ထောက်ပြပြီး သူကျတော့ကော...ရိုးသလား...။
“ဟလို..”
“ဖြိုးလေး နင် ဘယ်မှာလည်း..”
သူ့ အသံကြားတာနဲ့ မေးခွန်းပါ တစ်ခါတည်း ထုတ်လိုက်တော့ တစ်ဖက်က အသံတွေ တိတ်ကျသွားသည်..။
“.....”
“ကို ပြောတာ ဆုံးဖြတ်ပြီးပြီလား..”
“ဆုံးဖြတ်ပြီးပြီ...ဘာကိုမှ မရွေးနိုင်ဘူး အရင်အတိုင်းပဲ...”
“ဒါဆို ပြီးပြီပေါ့လေ...”
“ဘာ...”
“ပုံ့....နင့်ကို ငါ ဘယ်လို နားလည်ပေးရမလည်း...ငါ့ နေရာကနေ ၀င်ခံစားကြည့်ပေးစမ်းပါ...”
“တော်တော်....ဆုနန္ဒာ နဲ့ နင် တွဲနေတာလား...”
“ဘာ...”
“ဟုတ်သလား မဟုတ်ဘူးလား....နင် လမ်းကြောင်းရှာချင်တာနဲ့ ငါ နဲ့ ကိုကို့ ကို ဆွဲထည့်လိုက်တာလား..”
“မဟုတ်ဘူး..”
အော်သံကြောင့် ပုံ့ မျက်မှောင်ကြုတ်ထားလျက်သားက မျက်ရည်တွေ ပြည့်အိုင်လာတော့သည်..။
တစ်ခုခု ဖြေရှင်းခိုင်းတိုင်း လူကိုအော်မယ် မညှာမတာ ပြောမှာ အခုမှ မဟုတ်ပါဘူး...။
ညာဘက်ပါးကို စီးကျလာသည့် မျက်ရည်တွေကို လက်နဲ့ ခပ်ဆတ်ဆတ်  သုတ်ပစ်လိုက်ပြီး ရှိုက်သံ မထွက်အောင် အသံအောင့်ပစ်လိုက်သည်..။
“အခု နင်နဲ့ ဆုနန္ဒ က ဘာလည်း..”
“ဘာမှ မဟုတ်သေးဘူး...နင့် အဖြေပေါ်မှာ မူတည်တယ်...”
“သြော်..နင် က ကြို ဆောင်ထားတာပေါ့...တော်ပါတယ်...ကိုကို နဲ့ ငါ သူစိမ်းတွေလို မနေနိုင်ဘူး....ငါ့စိတ်တွေ မရိုးသားတာ ဝန်ခံရဲတယ်...နင်ကရော...ယောင်္ကျားဖြစ်ပြီး ဝန်မခံရဲဘူးလား... ရည်းစားကို စိတ်ကောက်ပြီး နောက် တစ်ယောက် ထပ်ရှာထားတက်တဲ့ နင့် စိတ်ကိုလည်း သြချလောက်ပါတယ်...နင် နဲ့ ငါ ပြီးသွားပြီ...ဒါပဲ...”
“ပုံ့...”
ဖုန်း ထပ်ခေါ်မှာ သိလို့ ပါဝါ လည်း ပိတ်ပစ်လိုက်ပြီး ကျောပိုးအိတ်ကို ပိုက်ခါ ထိုင်ချလိုက်မိသည်..။
ပုံ့ အဖြေနဲ့ အတူ သူကလည်း နောက်တစ်ယောက် တွဲဖို့ အဆင့်သင့် ပြင်ထားတာ ပြန်တွေးမိရင် ဒေါသ နဲ့ မခံချင် စိတ်ပေါင်းခါ မျက်ရည်တွေ ကျလာပြန်ပြီ..။
မုန်းဖို့ကောင်းလိုက်တာ...။
ကိုကို သာ သိရင် ပုံ့ကို ဆူတော့မှာပဲ...။
ကိုကို တားနေတဲ့ ကြားထဲက သူနဲ့ ခိုးပြီး တွဲခဲ့တာလေ...။
ကိုကိုရယ်....ပုံ့ မှားပါပြီ...။
.
“မမူ ကိုတော့ တကယ်လေးစားတယ်သလား..”
“အမလေး..ဒီလိုတွေ ပြောပြီး ညာခိုင်းစားနေတာ မသိတာ မှတ်လို့ကွာ..”
မင်္ဂလာ ၀တ်စုံ ပြင်နေရင်း နဲ့ ဘေးက တိုးတိုး ကို နှုတ်ခမ်းမဲ့ ပြီး ပြောလိုက်တော့ တိုးတိုး က အနားကို ရောက်လာသည်..။
တိုးတိုးက ဝိုင်းထက် ငယ်ပြီး ခပ်ချောချော ကောင်လေး ပေမဲ့ သူ့ကိုယ်သူ ဂေးဘွဲ့ခံပြီး မိတ်ကပ် သင်တန်းဆင်း တစ်ဦးပါ..။
အသက်ငယ်ငယ် နဲ့  အရည်အချင်းလည်း ရှိပြီး စည်းလည်းရှိလို့ တိုးတိုးကိုတော့ တစ်ခြားသူတွေထက် အခွင့်အရေးပေးပြီး အလိုလည်း လိုက်မိသည်..။
အခုလည်း သတို့သမီး မိတ်ကပ်ပြင်ပေးပြီး ၀တ်စုံပြသာနာ တက်တော့ မဆိုင်ပေမဲ့ ဝိုင်းဆီရောက်လာပြီး ၀တ်စုံ ကိစ္စတွေ စီစဉ်ပေးပြန်သည်..။
လူတကာ ကို လိုက်ကူညီဖို့ဆို တိုးတိုးတို့ ထိပ်ဆုံးက...ဝိုင်းကလည်း နောက်က လိုက်ဖြည့်ရတော့သည်..။
“မနက်ဖြန် ကိုးနာရီဆိုတော့ ပြီးမှာပါ တိုးတိုးရယ်...နင် ပြန်စမ်းပါ...”
“အိုး..မမူ ကလည်း အားနာတာပေါ့လို့...သူ တစ်ယောက်တည်း လုပ်နေရတာ သူများက ဘယ်လို ပြန်မလည်း..”
“အိုး...ဒီဆံပင်တွေ ရှုပ်နေပြန်ပြီ...”
ကျစ်ဆံမြီး မကျစ်မိတော့ ဆံပင်တွေက အလုပ်ငုံ့လုပ်တိုင်း ဘေးလက်ကို ကျလာတာ စိတ်မရှည်ချင်...။
ကျောက်ကပ်ဖို့ ဆွဲနေပါတယ်ဆိုကာမှ ဆံပင်ဆီ စိတ်ရောက်သွားတော့ အာရုံနှောက်ရသည်..။
“တိုးတိုး...နောက်ညှပ်ကလစ် ယူပေးစမ်းပါ..သိပ်စိတ်ရှုပ်တာပဲ..”
“အမလေး...ပြောရက်လိုက်တာနော်....ဆံပင်ရှည်ကြီး တိုးတိုး ဆို အဲလို ထားချင်တာသိလား..မနိုင်လို့.”
“နင်က ဒီပုံစံပဲ ကောင်းပါတယ်...သူများတွေ အထင်မသေးဘူးပေါ့...ဒီမှာက မိန်းကလေးပုံ ပြောင်း၀တ်လိုက်တာနဲ့ လှောင်စရာကို ဖြစ်ရောလေ..”
“အင်း..ဇွတ်ကျားနေရတာလေ...ခစ်..ခစ်...”
၀ိုင်း ဆံပင်တွေကို သိမ်းညှပ်ပေးပြီး ရှေ့မှာ လာထိုင်ခါ ဒီဇိုင်းဆွဲတာကို စပ်စုနေပြန်သည်..။
ထိုင်စောင့်နေပါဆိုလည်း မရ...အနားလိုက်ကပ်ပြီး တစ်ခုချင်းစီ စပ်စုစိန် လုပ်နေတာပဲ...။
၀ိုင်း မျက်စောင်းထိုးရင်း အကြည့်တွေ ဝေ့၀ဲလိုက်တော့..
“ဟင်..ဖေဖေ..”
မှန်တံခါးက ရပ်ကြည့်နေတဲ့ ဖေဖေ့ ပုံရိပ်ကြောင့် ဝိုင်း မျက်လုံးပြူးသွားရသည်..။
ဖေဖေ့ မျက်နှာထားနဲ့ တင်းတင်းစေ့ ပိတ်ထားတဲ့ နှုတ်ခမ်းရိပ်တို့ကြောင့် ဝိုင်းစိတ်ပူသွားသည်..။
ဘာတွေ လုပ်မိလို့ စိတ်ဆိုးသွားတာပါလိမ့်.... အဖြေရှာရင်း ခြေလှမ်းတွေက တံခါးဆီ ရောက်သွားပြီ..။
“ဖေဖေ..”
“နောက်ကျလိုက်တာ..”
“ဟုတ်...၀တ်စုံ တစ်ခု မပြီးသေးလို့ပါ...”
“ဖေဖေ စောင့်ရမလား..”
ဖေဖေ့ အသံခပ်ပြတ်ပြတ်ကြောင့် တိုးတိုးက ခေါင်းငုံ့ ပြီး မေးပင့်ခါ အချက်ပြတော့ ဝိုင်း ခေါင်းရမ်းပြလိုက်ရသည်..။
အားနာဖို့ကောင်းလိုက်တာ...သူလည်း သူ့ အဆင့်နဲ့ သူရှိတာကို..ဖေဖေ လုပ်ပုံက မကြည်ဖြူသလိုပင်..။
“တိုးတိုး ပြန်တော့လေ...မမ လည်း အိမ်ယူသွားပြီး ဆက်လုပ်လိုက်မယ်..မနက်ကျရင် စုပန် နဲ့ ပို့ပေးလိုက်မယ်နော်..”
“ဟုတ်.....ဒါဆို ပြန်တော့မယ်နော်....ပြန်လိုက်ပါဦးမယ် ဖေဖေ..”
ဖေဖေ့ ဘက်ကို တရိုတသေ ခေါင်းငုံ့ ခါ လှမ်းနှုတ်ဆက်ပေမဲ့ ဖေဖေ က လှည့်တောင် မကြည့်တော့ ဝိုင်းလည်း လုပ်လက်စတွေ အမြန်သိမ်းရတော့သည်..။
နာရီဆီ အကြည့်ရောက်တော့ ရှစ်နာရီတောင် ကျော်နေပြီ..။
ဒါကြောင့် ဖေဖေ စိတ်ပူပြီး လိုက်လာတာကိုး...မေ့တက်တဲ့ ကိုယ့်ကိုယ်ကို အပြစ်တင်ရင်း ရယ်ကြဲကြဲဖြင့် ဆိုင် တံခါး ပိတ်ခါ ဖေဖေ့ နောက်က လိုက်လာခဲ့ရသည်.။
“အဟမ်း...ပုံ့ ကလည်း ဖုန်းမဆက်တော့...မေ့သွားတယ်...ဖေဖေ...”
“...”
ဖေဖေ က ဘာမှ ပြန်မပြောပဲ ရှေ့ကိုပဲ ကြည့်နေတော့ ဝိုင်း လည်း စကားဆက်မပြောတော့ပဲ ဖုန်းကိုပဲ ကြည့်နေလိုက်သည်..။
တစ်ခုခု မေးလာရင်လည်း ဖြေရှင်းလို့ရသေး...။
အခုတော့ အပြစ်တွေကို တစ်ခုချင်းစီ ပြန်တွေးကြည့်ပြီး ခေါင်းတောင်ကိုက်လာရပြီ..။
“နောက် တစ်ပတ် တနင်္ဂနွေ အချိန်ရမလား ဝိုင်း..”
“ဟုတ်..”
“ကောင်းတယ်...အဲနေ့ကျရင် အောင်သွေးလည်း အားတယ်..”
“ဘာဖြစ်လို့လည်း ဖေဖေ..”
“မင်္ဂလာဆောင် ကိစ္စ တိုင်ပင်ရမယ်..”
“ရှင်......ကိုကြီး မင်္ဂလာဆောင်မလို့လား..”
၀ိုင်းရဲ့ မေးခွန်းကို မဖြေခင် ဖေဖေက မျက်မှောင်ကြီးကြုတ်ပြီး ဝိုင်းဘက်ကို ခဏ လှည့်ကြည့်သေးသည်..။
မျက်လုံးပြူးဖြင့် ငေးကြည့်နေမိတော့မှ ဖေဖေ က အကြည့်လွဲလိုက်ပြီး..။
“ဟုတ်တယ်...သမီး နဲ့ အောင်သွေး..”
“ရှင်..”
မျက်လုံး နှစ်ဆလောက် ပိုပြူးထွက်လာသလို ရင်တွေလည်း တဒိန်းဒိန်း ဆောင့်ခုန်ကုန်ပြီ..။
ဘာတွေလည်း...ဘာကြောင့်လည်း...။
မဖြစ်နိုင်တာတွေ....အိုး..လုံး၀ မဖြစ်ဘူး...။
“ဘာကြောင့်လည်း ဖေဖေ...”
“မိဘ ၀တ္တရား ရှိတဲ့ အတိုင်း အရွယ်ရောက်လို့ လက်ထပ်ပေးဖို့စီစဉ်တာ အကြောင်းပြချက်လိုသလား..”
“မဟုတ်ဘူးလေ..ဖေဖေ ရုတ်တရက်ကြီးဆိုတော့...”
“ဟုတ်တယ်.....ယောင်္ကျား တစ်ယောက်နဲ့ သမီး ဒီလောက် ရင်းရင်းနှီးနှီး နေတာ တွေ့လိုက်တော့ ဖေဖေ တုန်လှုပ်သွားရတယ်..”
“ဟာ..တိုးတိုးကိုလား..တိုးတိုးက မိန်းမစိတ်ပေါက်နေတာပါ ဖေဖေ...ဝိုင်း ဘယ်ယောင်္ကျားနဲ့မှ အရောတ၀င် မနေတက်ပါဘူး..ဝိုင်းကို ယုံပါ ဖေဖေရယ်..”
“ယုံတာပေါ့...ဒီကိစ္စက အစကတည်းက စီစဉ်ထားတာပဲမလား....သမီးငယ် ကျောင်းပြီးအောင် စောင့်နေရတာပါ...”
“အစကတည်းက စီစဉ်ထားတာ..”
၀ိုင်း ထပ်ဆင့် ရေရွတ်ရင်း ကိုကြီး ငြင်းဆန်ခဲ့ဖူးသည့် စကားလုံးတွေ ပုံပေါ်လာခဲ့သည်..။
မေမေကြည် ပြောတာ ဒီကိစ္စအတွက်လား...။
ဒါကြောင့် ဝိုင်းမှာ အရည်အချင်းမရှိလို့ လက်မခံနိုင်ဘူးဆိုတာမျိုး သိသာအောင် တမင် ပြောပြနေခဲ့တာလား..။
ရှက်ဖို့ကောင်းလိုက်တာ...မိဘတွေ သဘောတူရင်တောင် သူ လက်မခံပါဘူး လို့ ကြော်ငြာထားတဲ့သူကို ဝိုင်းတို့ဘက်က လက်ခံရမှာလား....။
“သမီး လက်မခံနိုင်ဘူး ဖေဖေ...”
“ဘာလည်း...သမီး မှာ ချစ်သူရှိနေတာလား..”
၀ိုင်း ငြင်းဆန်မှု နဲ့ တစ်ဆက်တည်း ဖေဖေ့ ရဲ့ လေသံမာမာ မေးခွန်းထွက်လာတော့ ဝိုင်း ခေါင်းငုံ့လိုက်ပြီး...
“မဟုတ်..မဟုတ်ပါဘူး ဖေဖေ...”
“ဒါဆို ဘာလို့ လက်မခံနိုင်တာလည်း..”
“ဟို....ကိုကြီးတို့ဆိုတာ...ဝိုင်းရဲ့ အကိုလိုဆိုတာ..”
“မိန်းကလေးတွေချည်းမွေးထားပြီး..ယောင်္ကျားလေး တွေရှိတဲ့ အိမ်ကို တံခါး မရှိ ဓားမရှိ ၀င်ထွက်ခွင့် ပြုခဲ့တာ အကြောင်းရှိလို့ပါ...ရဲသွေး ကိုယ်တိုင်က သူ့သားတွေနဲ့ သမီးတို့ကို သဘောတူပါတယ်...လက်ထပ်ပေးပါရစေလို့ တောင်းဆို ကတိထားတာ ကြာလှပြီ...အခု အောင်သွေးလည်း အခြေတကျဖြစ်နေပြီ သမီးကြီးလည်း ကိုယ့်အလုပ်နဲ့ ကိုယ် အဆင်ပြေနေပြီမလား ညီမလေးလည်း ကျောင်းပြီးတော့မယ် ဆိုတော့ နင်တို့ မေမေကြည်က လောနေတယ်....”
“ဒါဆို...ဒါဆို....ဝိုင်း..”
“ဖေဖေ ဘက်ကို နားလည်ပေးပါ သမီးရယ်...သမီးမှာ ငြင်းပိုင်ခွင့် ရှိတာသိပါတယ်...အတောင်စုံရင် ခြေစုံကန်ခွင့် ရှိပြီးသားပါ..ဖေဖေ ကတော့ အောင်သွေး နဲ့ ပဲ လက်ထပ်စေချင်တယ်....”
“ဝိုင်း...စဉ်းစား.”
“ငြင်းချင်တဲ့ သူက စဉ်းစားမယ်ဆိုပြီး အကြောင်းပြတာ အပို အလုပ်တစ်ခုလို့ ဖေဖေ ထင်တယ်...မနက်ဖြန် ကြည်ကြည် မေးရင် ဘယ်လို ဖြေစေချင်သလည်း သမီး..ဖေဖေ ကတော့ ဝိုင်းကသမီးလိမ်မာလေးမို့...ခေါင်းညိတ်မှာပါလို့ ကြိုတင် ဟောကိန်းထုတ်ခဲ့မိတယ်...”
“ရှင်...”
“မာန်သွေးကတော့ မိန်းကလေး တွေနဲ့ လက်ပွန်းတနီး မရှိလှဘူး..အောင်သွေးက မိန်းကလေး တွေ အများကြီးနဲ့ ပတ်သက်နေရတာ ကြည်ကြည်ကလည်း စိတ်မချဘူး..သူ့ အိမ်ထဲ သူစိမ်း မ၀င်စေချင်ဘူး..ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲက ဖိတ်စေချင်တယ်တဲ့လေ...ဝိုင်းကို ကြည်ကြည် ဘယ်လောက်ချစ်လည်း သိတယ်မလား...”
“ဟုတ်..”
“သမီးမှာ ရွေးချယ်ခွင့် တစ်ခုတော့ ရှိပါတယ်..”
“ဘာများလည်း ဖေဖေ...”
“နှစ်ယောက်တည်းက တစ်ယောက်ရွေးလိုက်ပေါ့...သမီး မေမေကြည်ကတော့ သူ့ ချွေးမဖြစ်ရင်ကို ကျေနပ်မှာပါ...”
သြော်..ဖေဖေရယ်...ရွေးချယ်စရာကြီးကလည်း ကြီးမားလိုက်တဲ့ အခွင့်အရေး....။
ဒီလို ဖြစ်မယ်လို့ ကြိုသာသိခဲ့ရင် အဲဒီ့အိမ်နဲ့ ခပ်ကင်းကင်းနေခဲ့ပါတယ်လေ...။
ကိုကြီး ကို ချစ်ပေမဲ့ မုန်းတယ်...။
မာန်သွေးကို အရင်ကမုန်းပေနဲ့ အခုတော့ ပြောလို့ ဆိုလို့ အဆင်ပြေနေပြီဆိုတော့
အချိန် တစ်ခု ဆွဲထားလို့ရရင် ပိုကောင်းမှာပါ....။
“ဟို...ဟို...ဖေဖေ...”
“ပွင့်ပွင့်လင်းလင်း ပြောပါ သမီး..”
“မာန်သွေး နဲ့ ဝိုင်းက လေ....ဟို..ဟို...ရင်းနှီးတာပါ ...အဲတာ..”
“ဟား..ဟား...ကောင်းကွာ...သိပ်ကောင်း..”
ဖေဖေ က ရယ်ပြီး လက်ခမောင်းခတ်နေတော့ ဝိုင်း နှုတ်ခမ်းစူပြီး  မျက်ရည်တွေ စို့လာရသည်..။
သမီး တစ်ယောက်ကို ယောင်္ကျားပေးစားဖို့ စီစဉ်နေတဲ့ ဖေဖေက အားတက်သရော ရှိလိုက်တာ...
၀ိုင်းမှာ ချစ်သူ သာ ရှိခဲ့ရင် အခုချိန်ဆို ဘာမှ စဉ်းစားနေစရာ လိုမယ်မထင်...။
ဒီလိုမှန်းသိ တကောက်ကောက် လိုက်နေတဲ့ ကောင်လေးတွေထဲက တစ်ယောက်လောက်ကို စဉ်းစားမိမှာပါ..။
“ဖေဖေ...ဝိုင်း ချက်ချင်း လက်မထပ်ချင်ဘူးနော်...ညီမလေး ကျောင်းပြီးမှနော်...နော်..ဖေဖေ...”
“ဟုတ်ပါပြီ...မနက်ကျ ရဲသွေးကို ပြောလိုက်မယ်...”
“မပြောလို့ မရဘူးလား ဖေဖေ...”
“လူကြီးတွေ သိထားတော့ ပိုကောင်းတာပေါ့ သမီးရယ်...သူတို့ကလည်း သမီးရဲ့ မိဘတွေလိုပဲမလား...သူစိမ်းကို တော်စပ်ရမှာထက် အခုလိုက စိတ်ချမ်းသာရတယ်...”
ဖေဖေ့ ဖြေရှင်းချက်ကို ဝိုင်း သက်ပြင်းခိုးချရင်း မာန်သွေးကို သတိရတော့ မျက်လုံးပြူးသွားရသည်..။
တော်ကြာ...သူ့ကို ဝိုင်းက တင်တောင်းပါတယ်ဆိုပြီး ဘ၀င်တွေ လေဟပ်နေမှာ မြင်ယောင်မိတော့ ရင်ပူရ၏..။
“မာန်သွေးကို သမီးပဲ ပြောလိုက်ပါ့မယ်..ဖေဖေ...”
“အေးလေ...သမီးတို့ လူငယ်ချင်းပဲပြောပေါ့....ကြည်ကြည်တို့ ငြိမ်သွားရင် ပြီးတာပဲ....သမီး နောက်ကို ကောင်လေးတွေ လိုက်နေတာ သိပြီး သမီးကို ဆုံးရှုံးရမှာ ကြောက်လို့တဲ့လေ...ပုံ့ထက် သမီးကို ပိုချစ်တာပါ...”
“မေမေကြည် ချစ်တာကလည်း..အကျယ်ချူပ် နဲ့ ချစ်သလိုပဲ...ဟူး..”
“ဟား...ဟား...ဒီလို မတွေးပါနဲ့ သမီးရယ်...ယောက္ခမ သဘောမတူရင် ဘယ်လောက်စိတ်ညစ်ရမလည်း..”
“ဟုတ်ပါတယ်လေ..”
၀ိုင်း ရဲ့ ရင်ထဲမှာတော့ ဖြေရှင်းချက် များစွာ ရှိနေသည်..။
ယောက္ခမ က သဘောတူရင်တောင် သတို့သားလောင်းက မလိုလားတဲ့ သူတော့ မဖြစ်ချင်ပါဘူး...။
၀ိုင်း ဆိုတာလည်း ကိုယ်ပိုင် တန်ဖိုး ရှိပါတယ်...။
နီယွန် မီးလောက် မတောက်ပပေမဲ့ ကိုယ်စွမ်းရှိတဲ့ ပိုးစုန်းကြူး အလင်းရောင်လေးတော့ ရှိပါသေးသည်..။
မာနတွေကို မြေချပြီး ကိုကြီး ကို လက်ထပ်ဖို့ကတော့ လုံး၀ မဖြစ်နိုင်..။
ကိုကြီး အထင်သေးတဲ့ သူကို ကိုကြီး ပိုင်ဆိုင်စရာမလိုပါဘူး...။
.
“ဝိုင်း..”
“သြော်...သမီးလာလေ..”
အားလုံး စားပွဲမှာ စုံနေချိန် ရောက်သွားတော့ ဝိုင်း နေရခက်သွားပေမဲ့ မာန်သွေး သိအောင်ပြောဖို့ အရေးကြီးနေပြီ..။
“ဝိုင်း ကော်ဖီသောက်...”
ကိုကြီး က ကော်ဖီ သောက်ဖို့ ခေါ်ရင်း ပန်းကန်ကို ရွေ့ပေးနေပေမဲ့ ဝိုင်း ခေါင်းရမ်းငြင်းလိုက်ပြီး မာန်သွေးကို မေးငေါ့ပြခါ
“သူ့ကို လာခေါ်တာ ကိုကြီး..”
“ငါ့ကို ဘာလို့..”
“ဆိုင်ကို လိုက်ပို့ ပေးပါလား..ငါ အိမ်ကို ပါလာတဲ့ အထည်အချိန်မှီ ပို့ရမယ်...”
“သြော်...အိုကေ...ခဏစောင့်..”
မာန်သွေးက ကော်ဖီခွက်ကို မော့ချပြီး ကိတ်တစ်ချပ်ကို ဆွဲယူခါ လှေကားတွေကို ပြေးတက်သွားသည်..။
ဟူး..တော်ပါသေးရဲ့...မေမေကြည် သာ ပြောလိုက်ရင် မာန်သွေး တစ်ကောင် ဝိုင်းကို ဘယ်လောက်တောင် ဟားမလည်း မသိ...။
“ဝိုင်း နေကောင်းခါစ ကို အလုပ်တွေဖိလုပ်တာပဲလား..”
“ဟင့်အင်း...ဒါကအရေးကြီးလို့ အိမ်ကိုသယ်ခဲ့ရတာပါ...”
“သမီးဆီကို ဒေါ်မေခင် လာသေးလား..”
“ဟုတ်ကဲ့...အထည်အပ်ဖို့ လာပါတယ်..ဧည့်ခံပွဲ ရက်က ကပ်နေလို့ လက်မခံလိုက်ဘူး..”
“အဟွင်း...သမီးကို...သူ့သား အကြောင်းတွေကော ညွန်းမသွားဘူးလား..”
မေမေကြည် ဘာပြောတာလည်း သဘောပေါက်တော့ ဝိုင်း ပြန်မပြောပေမဲ့ ပြုံးနေလိုက်ရသည်...။
၀ိုင်းကို တစ်ခြားလူဆီပါသွားမှာ စိုးလို့ အစီအစဉ်တွေ ထဆွဲတာ အခုတော့ မာန်သွေး နဲ့ ဝိုင်း က စိတ်ညစ်ရတော့မည်..။
“ဟဲ့...နင်ကလည်း..”
“ဘာလည်း..နင်ပဲ မြန်မြန်ဆို...”
“ပိုကို ပိုတယ်...”
လှေကားကနေ အကျီ င်္ လက်ထိုး၀တ်ရင်း ပြေးဆင်းလာတဲ့ မာန်သွေးကိုကြည့်ပြီး မျက်စောင်းထိုးပစ်လိုက်သည်..။
“ဒါဆို ငါ ရေသွားချိုးလိုက်ဦးမယ်..”
“ဟဲ့..”
လှေကားကနေ ပြန်တက်သွားဖို့လုပ်နေတော့ ဝိုင်း အမြန် လက်ဆွဲခေါ်ချလာခဲ့ရသည်..။
သူ တစ်ခါ ပြင်ဆင်ရင် နှစ်နာရိ အနည်းဆုံးမို့ အခုလို မြန်မြန်ဆန်ဆန် အောက်ထပ်ရောက်လာတာပဲ ကျေးဇူးတင်ရတော့မည်..။
“သွားပြီ မေမေကြည်..”
“အေး...သမီး...ညနေ ပြန်ရင် ၀င်ခဲ့ နော်...”
“ဟုတ်...”
နက်ပြာရောင်ပေါ် ပန်းရောင်စုံ အဆင်ပါသည် အကျီ င်္ လုံချည် ၀မ်းဆက် ၀တ်ထားသော ဝိုင်း တစ်ယောက် အိမ်ရှေ့ခန်းကိုကျော်သွားတော့မှ အောင်သွေး သက်ပြင်းတီးတိုးချမိသည်..။
ဆံပင်အရှည်တွေကို ကျစ်ဆံမြီးတောင် မကျစ်ပဲ ဘေးသိမ်းပြီး နောက်ကို ပို့ထားခါ နှင်းဆီ တစ်ပွင့် နောက်မှာ ပန်ထားသေးသည်..။
မြန်မာ၀တ်စုံကို ကိုယ်တိုင် ချူပ်၀တ်တက်သလို တစ်ခါတလေ ဂါ၀န်လေးတွေ ၀တ်ထားပြန်ရင်လည်း တစ်မျိုးလေး လှပါသည်..။
“အဟွင်း...တစ်ယောက်တော့ အဆင်ပြေသွားပြီ...”
“ဘာလည်း မေမေ..”
နှုတ်ခမ်း၀ ရောက်နေသည့် ကော်ဖီခွက်ကို ပြန်ချပြီး မေမေ့ ကို ကြည့်လိုက်တော့ ပြုံးနေပြန်သည်..။
လျှိုဝှက် အပြုံး တစ်ခုရဲ့ အဓိပ္ပာယ်ကို ခေါင်းပူ အောင် စဉ်းစားရင်း မေမေ ပြောလာမဲ့ အဖြေကို မျှော်နေရတာ..
ရင်တထိတ်ထိတ်...။
“ဝိုင်း က လှလာတယ်လို့ သားမထင်ဘူးလား..”
သိလိုက်ပါပြီ ရွှေလမ်းငွေလမ်း ဖောက်ပြီး လက်ထပ်ထိမ်းမြား မင်္ဂလာပွဲ အကြောင်းက လွဲလို့ ဘာမှမဖြစ်နိုင်.။
“လှလာပါတယ်...”
“အင်း..ဒီလို လေးတိလေးကန် လုပ်နေတာ မေမေ့ မှာ ဘယ်လောက်စိတ်ပူရလည်း သိလား...တော်သေးတာပေါ့...သားငယ်က လက်မြန် လို့..”
“ဘာကိုလည်း..”
“ဝိုင်း နဲ့ သားကို လက်ထပ်ပေးချင်တာလေ...သားကလည်း ခါးခါးသီးသီးချည်းပြောနေတာပဲ...ဝိုင်းကို သဘောကျတဲ့ သူတွေကလည်း မနည်းဘူးမလား မေမေ စိတ်မချလို့ ကိုကျော်စိုးဆီ အပူကပ်လိုက်တာလေ...သမီးလေးက လိမ်မာရှာပါတယ်...မငြင်းဘူး..သားကို အကိုကြီး တစ်ယောက်လို ချစ်ပါတယ်တဲ့လေ...”
မေမေ့ စကားကြောင့် ရင်တွေ ခုန်မိခါ မလုံမလဲဖြင့် ကော်ဖီခွက်ကို ပြန်ကောက်ကိုင်မိသည်..။
၀ိုင်း နဲ့ လက်ထပ်ရဖို့ သေချာသွားပြီလား...။
ချစ်တယ်တောင် ဖွင့်မပြောရသေးဘူး...မေမေတို့က လုပ်လိုက်ရင် ဇွတ်....။
“သားငယ် နဲ့ အဆင်ပြေသွားတယ်လေ...”
“ဗျာ...”
“ဟုတ်တယ်...သားပြောသလို မေမေ စဉ်းစားကြည့်မိတယ်...သား အလုပ်အကိုင် ဂုဏ်ရည် အသိုင်းအဝိုင်း စကားသိပ်ထည့်ပြောနေတာ ဝိုင်းကို ငြင်းချင်လို့ အကြောင်းရှာနေတယ်ဆိုတာ
မေမေ နားလည်ပါတယ်...ဒီလို ပဲ သမီးငယ်လေးက လည်း ချစ်သူရှိနေတော့ သားငယ်နဲ့ ဝိုင်းပဲ ကျန်တယ်...နှစ်ယောက်စလုံးက သိပ်မတည့်ပေမဲ့ အဆင်ပြေသွားမှာပါ...သားကော ဘယ်လိုမြင်လည်း..”
“ဟို..ဝိုင်းသိရင်..”
“သိတာပေါ့...သမီးပဲ ပြောတာလေ..မာန်သွေး နဲ့ သူက ရင်းနီးပါတယ်တဲ့လေ....ကလေးတွေ သိပ်စကားတက်တာပဲ...”
အောင်သွေး စိတ်လှုပ်ရှားမှု အတိုင်း ရင်တွေ လှုပ်ခါလာတော့ ကော်ဖီခွက်ကို ချပြီး ကိတ်မုန့်ဆီ လက်လှမ်းလိုက်ရသည်.။
လက်လှမ်းပြီးတော့မှ ကိတ်မုန့် မဟုတ်ပဲ မုန့်ဟင်းရည် ပန်းကန် ဖြစ်နေလို့ လက်ပြန်ရုတ်ရပြန်သည်၊
ညီ နဲ့ ဝိုင်းက ဘယ်တုန်းက ရင်းနှီးလို့လည်း...။
အမြဲတမ်း ရန်ဖြစ်နေတဲ့ နှစ်ယောက်က ဒါကြောင့် တတွဲတွဲ ဖြစ်နေကြတာလား...။
“ဒီနေ့က စပြီး ဝိုင်းကို စကားလုံးတွေနဲ့ မတိုက်ခိုက်နဲ့တော့ ကိုကြီး..”
“ငါ့ရှေ့ရောက်လာရင်တော့ ပြောမိမှာပဲ...”
“ကိုကြီးရှေ့ကို ရောက်လာမှာ ဟိုဘက် အိမ်က ဝိုင်း မဟုတ်ဘူး...ကျွန်တော့် ဧည့်သည် ဝိုင်း..”
၀ိုင်းနဲ့ ညီက အစကတည်းက မေတ္တာရှိနေကြတာလား..။
မဟုတ်ပါဘူး...ဝိုင်းချစ်တာ ကိုကြီးဆို..ဘယ်လိုဖြစ်ပြီး....
“မေမေ ကတော့ မြန်မြန် လက်ထပ်ပေးချင်တယ်...သားကော..ဘယ်လို ထင်လည်း..”
“ဗျာ....ဟို.....လက်ထပ်တာက လောလို့ မကောင်းဘူးထင်တယ်..”
“ဘယ်သူတွေ လက်ထပ်ကြမှာလည်း..”
“ဟော..သမီးပုံ့ လာ...”
“ကိုကို အိပ်ပုတ် မနိုးသေးဘူးလား မေမေကြည်..”
“နိုးပါပြီ သမီးရဲ့...ဝိုင်းကို လိုက်ပို့တယ်..”
“သြော်..”
ပုံ့ ခုံတစ်လုံးဆွဲထိုင်လိုက်ပြီး မေမေ့ကြည့်ရှေ့က မုန့်ဟင်ခါး ပန်းကန်ကို ယူခါ ငရုတ်သီးဖြူး၍ စားလိုက်သည်..။
ကိုကို့ ကို ရင်ဖွင့်ချင်လို့ လာခါမှ ကိုကိုကလည်း အစောကြီးသွားရတယ်လို့..။
မမ ကိုပို့ပြီးရင် ပြန်လာမှာလား မသိဘူး...
ကိုကို နဲ့ အရင်အတိုင်း ရင်းနှီးအောင် ပြန်ကြိုးစားဖို့ ဆုံးဖြတ်ပြီးပြီ။
“ဒါနဲ့...ဘယ်သူ လက်ထပ်မှာလည်း ဟင်..ကိုကြီးလား..”
“ဟင့်အင်း မဟုတ်ဘူး..သမီး တော့ ယောင်းမ ချောချောလေး ရတော့မယ်..”
“ဟင်..ဒါဆို ကိုကို..”
“ဟုတ်ပါ့တော်...အစ်မကို ယောင်းမ ပြန်တော်ရမှာ ဘယ်လောက်ကောင်းလိုက်လည်း...ဒါဆို အူတို စရာလည်း မလိုတော့ဘူး.....ဟုတ်တယ်နော်..”
“ရှင်....မမ နဲ့ ကိုကိုက..”
“အံသြသွားတယ်မလား...မေမေကြည် ပျော်နေလို့ပါ...လက်ထပ်ပွဲကတော့ မလုပ်သေးပါဘူး.. စိတ်ကူးကြိုယဉ်ကြည့်နေတာလေ သမီးရဲ့...”
ပုံ့ ကိုယ့်နားကို မယုံနိုင်အောင်ဖြစ်နေရင်း မျက်လုံးပြူးပြီး ဘာမှ မမြင်ပဲ စဉ်းစားနေမိသည်..။
ကိုကို နဲ့ မမ လက်ထပ်တော့မယ်တဲ့....။
မမ နဲ့ ကိုကို က ပုံ့ ကိုလည်း ဘာမှ မပြောဘူး...။
ဟိုတလောတုန်းက ကိုကိုနဲ့ မမ ကို တွဲတွေ့ နေရတာ ဒါကြောင့်လား...။
သူစိမ်းဆန်လိုက်တာ လွန်ပါရော...နှစ်ယောက်စလုံးကို မုန်းတယ်...။
“ပုံ့လည်း မသိဘူး..”
“သြော်..သမီး ကိုကြီးတောင် ခု မေမေကြည် ပြောမှသိတာလေ.....သူတို့ အချင်းချင်း တိုင်ပင်ပြီးမှ လက်ထပ်ဖို့ သတ်မှတ်ရမယ်....သမီးလည်း ပျော်တယ်မလား..”
“ရှင်....ဟုတ်...ပျော်ပါတယ်..မမ ကို ယောင်းမတော်ရမှာလေ..ဟိ.ဟိ...”
“ကိုကို့ အခန်းထဲ သွားမွှေလိုက်အုံးမယ်...”
“သွားလေ..သမီး...”
ပုံ့ လှေကားတွေကို ပြေးတက်လာခဲ့ပြီး အခန်းထဲရောက်တော့ တစ်ခုခု လိုနေသလိုပင်...။
ကိုကို မရှိတဲ့ အိပ်ယာ ကိုကို့ ကို မနှိုးရတဲ့ မနက်ခင်း တစ်ခုက မပြည့်စုံသလိုလို...။
စားပွဲပေါ်က စာရွက်ကလေးကို ဘောပင်နဲ့ ဖိထားပြီ.. မဆုံးသေးတဲ့ ကဗျာ တစ်ပုဒ် ရေးလက်စ...
“ပိုင်ရှင် ရှိတဲ့
ချစ်သူ.....
မျှော်တလင့်လင့်
မတောင့်တခဲ့ဘူး..
မပိုင်တဲ့ ပန်းကို
ကြွေနွမ်းပါစေ
မဆုတောင်းဘူး
ပင်ယံထက်မှာ ဖြစ်ဖြစ်
ရင်ခွင်ထက်မှာ ဖြစ်ဖြစ်
ပွင့်လန်းနေတဲ့
တည်ရှိမှုကို
ကိုယ် ကျေနပ်တယ်..
နှလုံးသား မှာ
နားခိုလှဲ့ပါ
မဖိတ်ခေါ်ဘူး...
နွမ်းလျလာရင်
တံခါးမခေါက်ပဲ
၀င်နားလှဲ့ပါ
ပွင့်လန်းလာရင်
နှုတ်မဆက်ပဲ
ပြန်ထွက်သွားပါ
ကိုယ်ကြည်ဖြူမယ်..
ပိုင်ရှင် ရှိတဲ့ပန်း
မပိုင်နိုင်ပေမဲ့
မြတ်နိုးခွင့်တော့ ပြုပါလေ..။
တိတ်တခိုးချစ်
ရင်တွင်း ဝေဒနာ
ခံရခက်ပေမဲ့
ကြည်နူးချိုမြိန်မှုကို
လက်လွှတ်ဖို့တော့
မတိုက်တွန်းစေချင်...
ကိုယ်ချစ်တာ...   “
အဆုံးမသတ်ရသေးတဲ့ စာရွက်ကလေးကို လက်နဲ့ ကိုင်ပြီး မျက်ရည်ဝဲလာရသည်..။
ကိုကိုရဲ့ ရင်တွင်းခံစားချက်ကလေးတွေကို နောက်ဆို ဖတ်ခွင့်ရတော့ မှာ မဟုတ်ဘူး...။
မမ နဲ့ အဆင်ပြေသွားရင် ကိုကိုလည်း ဒါတွေ ရေးနေစရာ မလိုတော့ပါဘူးလေ...
နောက်ဆို ကိုကို အနားမှာ မမ ပဲ နေခွင့်ရတော့မယ်...
ပုံ့က သူစိမ်း တစ်ယောက်လို ဖြစ်သွားတော့မှာ တွေးမိတော့ ရင်ထဲ လှိုက်ဟာ သွားရပြန်သည်..။
မမ မဟုတ်တဲ့ သူသာဆိုရင် ကိုကိုရယ် မိန်းမ မယူပါနဲ့လို့ တောင်းဆိုမိမယ်ထင်...။
အခုတော့...။
သက်ပြင်းလေး ကြိတ်ချရင်း ကိုကို့ အခန်းထဲက ပြန်ထွက်လာခဲ့လိုက်သည်..။
.
“ဟား..ဟား...ဒါဖြင့် နင်က ငါ့ကို လက်ထပ်မယ်ပေါ့..”
“သေလေ..”
“နင်ပဲပြောတာလေ..”
မာန်သွေး လမ်းကိုကြည့် နေရင်း အော်ရယ်တော့ ဝိုင်းက လက်မောင်းကို ဆွဲဆိတ်ပြီး မျက်စောင်းလည်း ထိုးသည်..။
“ဖေဖေ အတင်းစီစဉ်နေတာ မကြိုက်လို့ပါ...ကိုကြီးက ငါ့ကိုမှ မချစ်တာလေ...သူ ငြင်းမှာသိလို့ ငါ ကြိုငြင်းလိုက်တာ....အဲဒါတော့ အရသာ တကယ် ရှိတယ် သိလား..”
“ဒါဆို ငါက အဖြည့်ခံ ပေါ့လေ...နင်ကြောင့် ညီအစ်ကို နှစ်ယောက် စစ်မခင်းနိုင်ဘူးနော်...”
“ပြောပုံက..”
“ဟုတ်တယ်လေ...အခုတောင် ကိုကြီး သိရင် ငါ့ကို ဘယ်လောက် မုန်းနေမလည်း..သူ ရည်ရွယ်ထားတဲ့ မိန်းကလေးကို လုတယ်ထင်နေမှာလေ....”
မာန်သွေး စကားကြောင့် ဝိုင်း နှုတ်ခမ်းကို မဲ့ပစ်လိုက်ခါ
“ကိုကြီးက မလိုချင်ပါဘူးလို့ တရား၀င်ပြောထားတာလေ..... ငါ့ဘက်ကို နည်းနည်းမှ မငဲ့ဘူး...”
“ဘာပဲဖြစ်ဖြစ်လေ...မိဘတွေကို ပြောပြီးရင် အနှေးနဲ့ အမြန် လက်ထပ်ရဖို့ သေချာနေပြီမလား...နင်နဲ့ ငါ လက်ထပ်ပြီးရင် မွေးလာတဲ့ ကလေးတွေပါ ထပ်ကိုက်ကြမှာ မြင်ယောင်သေးတယ်..ဟား..ဟား..”
“ဟဲ့...”
“အနာဂတ်ကို ပုံဖော်ပြတာပါ...”
“နင်က ငါ့ကို မချစ်ဘူးဆိုတာ ငါသိတယ်...ငါလည်း နင့်ကို မချစ်ဘူးလေ...ဒီတော့ အချိန်တွေ အကြာကြီး ဆွဲထားလို့ရတယ်မလား..”
“ဟုတ်ပါပြီ...နောက်ဆုံး  လက်ထပ်ရတော့ဘယ်လို လုပ်မလည်း...”
ဝိုင်း သက်ပြင်းတစ်ချက် ချရင်း အပြင်ဘက်က လမ်းသွားလမ်းလာတွေကို ငေးကြည့်နေမိသည်။
“ဒီအချိန်တွေ မှာ ငါလည်း ချစ်သူတွေ ဘာတွေရပြီး ယူဖြစ်ရင် ယူလိုက်မှာပေါ့လေ...စိတ်ချ ငါတို့ တကယ် လက်မထပ်ရဖို့ ငါ့ တာ၀န်ထား..”
“တော်စမ်းပါ ဝိုင်းရယ်...နင့်လို လှလှပပ ဒီဇိုင်နာ တစ်ယောက် အတွက် လူမရှားဘူးဆိုတာ ငါသိတယ်...ကိုကြီးကို မကျေနပ်တဲ့ စိတ်နဲ့ နင့်ဘ၀ တစ်ဆစ်ချိုးဖို့တော့ မကြိုးစားစမ်းပါနဲ့...တစ်ခါတစ်လေ အမုန်းက လူညွန့်ပါတုန်းစေတယ် သိရဲ့လား..”
“သြော်...သြော်...ဟုတ်ကဲ့ပါဆရာကြီးရယ်...ထားပါတော့လေ..နင်လည်း အခုချိန်ထိ မေဖူးငုံ ကို ချစ်သေးတယ်မလား..”
“ဟမ်..”
၀ိုင်းရဲ့ မေးခွန်းကြောင့် မာန်သွေး အံသြရင်း လှည့်ကြည့်မိသည်..။
မေဖူးငုံ့ကို ချစ်သေးတယ် တဲ့လား......
“ဟုတ်တယ်မလား..”
“မဟုတ်ပါဘူး..”
မာန်သွေး ကားမောင်းနေရင်း ခေါင်းကို ခပ်ပြင်းပြင်းရမ်းပြီး သက်ပြင်းရှည်ပါ ဆွဲချလိုက်မိသည်..။
“ဒါဆို ဘယ်သူလည်း..”
၀ိုင်းရဲ့ အမေးကြောင့် နှုတ်ခမ်းတစ်စုံ ပြုံးစေ့စေ့ ဖြစ်သွားရသည်..။
“မမေးပါနဲ့ဟာ...”
“အေးပါ..ပြောချင်လာရင် ပြောပေါ့..”
ငါ ချစ်နေတာ နင့်ညီမလေး လို့သာ ပြောလိုက်ရင်...
၀ိုင်း တစ်ယောက် မျက်လုံးတွေ အပြင်ထွက်ကျလာတဲ့ အထိ အံသြပြတော့မှာ မြင်ယောင်မိသည်..။
အချစ်မှာ စည်းမျဉ်းစည်းကမ်း လိုက်နာတက်တဲ့ အကျင့် မရှိဘူးနဲ့ တူပါတယ်..။
အချစ်ဆိုတာ တကယ်တော့ စည်းမရှိတဲ့ ခံစားမှုသာ...။
မသင့်ဘူးလို့ တားလည်း ဇွတ်ကို ဖြစ်နေတဲ့ ကိုယ့် နှလုံးသားကို ဒဏ်ခတ်ချင်ပါရဲ့...။
၀ိုင်းကိုတောင် ဖွင့်မပြောရဲရင် ပိုင်ရှင် အစစ်ကို ဖွင့်ပြောဖို့ကတော့
တွေးလေ ဝေးလေ ပါပဲ ပုံ့ရယ်...။

━━━━━━━☆☆━━━━━━━
ညဘက်တိုင်း စာရေးနေရင်းတစ်ခုတွေးမိတယ်
ဒီလို ဝဲလည်လည် စာမျိုး အားပေးတဲ့ စာဖတ်သူတွေ တအားချစ်ဖို့ကောင်းတာပဲလို့..❤
ကိုယ့်စာ့ကို ပြန်ဖတ်ပြီးတိုင်း သိပ်သဘောမကျဘူး...။
ဒါပေမဲ့ မာန်သွေးကိုတော့ သဘောကျတယ် 😁😍

တစ်ချိန်တည်း ရေးရတာ မဟုတ်ပဲ
ရေးလိုက်နားလိုက်နဲ့မို့ အဆက် မမိဘူး...

စာလုံးပေါင်းလည်းမမှန် အရေးအသားလည်းမကောင်း
သည်းခံပြီးဖတ်ပေးတဲ့ စာဖတ်သူတိုင်းကို ကျေးဇူးအထူးထူးတင်ပါတယ် ❤

Love u all ❤
#စပိုက်ကာ

ပိုင်ရှင်Where stories live. Discover now