Part 8

3.5K 187 0
                                    

ပိုင်ရှင်
အပိုင်း (၈)
#ပိုင်ရှင်

“ကိုကို တို့က ကြာသပတေး နေ့ ပြန်လာမယ်တဲ့..”
“ပိတ်ရက် မရှိဘူးဆို..”
“ဟုတ်တယ်...ကိုကြီး က သူ့ ဂျူတီ နားရက် နဲ့  နောက် နှစ်ရက် ခွင့်ယူပြီး ပြန်ရတာ...စုစုပေါင်း ၅ ရက်ပဲ ရတာ..လေယာဉ်နဲ့ ပြန်လာမယ်တဲ့..”
“ကောင်းတာပေါ့...”
မမ အရမ်းပျော်မယ်ထင်လို့ ပုံ့  ပြေးလာပြီး ပြောပေမဲ့ မမ ကတော့ သူ့ ပုံဆွဲ စာအုပ်ပေါ်က ဂါ၀န်ကို သာ အာရုံစိုက်နေသည်..။
“မမ မပျော်ဘူးလား..”
“ဟင်..”
မမ က စာအုပ်ဆီကနေ အကြည့်ရွေ့လာတော့ ပုံ့လည်း ကြောင်တောင်တောင်လေး ပြန်ကြည့်မိသည်..။
“သြော်...အဟား...ပျော်တာပေါ့...အကြံရပြီ...”
“ဟင်..”
“မမ တို့ ပဲခူး ကို သွားကြမယ်..”
“ဟမ်..”
“ဖေဖေ့ အကိုကြီး ရှိတယ်လေ...ငါ့ညီမလေးကလည်း အမျိုး သိပ်ချစ်တာပဲနော်...”
မမ ပြောတော့မှ ပုံ့တို့ဆွေမျိုး ဦးလေးမိုးကို သတိရတော့သည်။
“ဟီး...ဦးမိုး ရှိတာ မေ့နေတယ်...ကိုကြီး တို့ ပြန်လာချိန် ကြီးတော့ မသွားချင်ပါဘူး...နောက် ရက်မှ သွားမယ်လေ..”
“သူတို့ပြန်လာချိန်မှ မေမေကြည် ကို စိတ်ချရမှာလေ ညီမလေး ရဲ့..”
“ဟုတ်သား...နီနီ တို့ကိုရော ခေါ်လို့ ရမလား မမ..”
မမ က နှုတ်ခမ်းစူပြီး ခဏစဉ်းစား နေတော့ ပုံ့ပုံ့ ရင်ခုန် နေရသည်..။
“စကားနားထောင်ရင် ခေါ်မယ်လေ...”
“ဟေး....”
“ဖေဖေ့ ကို ပြောရအုံးမယ်....”
“ဟုတ်...”
ပုံ့ပုံ့ မသေချာ ခင် ကတည်းက အစီအစဉ်တွေ အထပ်ထပ် ဆွဲ နေမိသည်..။
ညစာ စားပြီး ဖေဖေ့ နဲ့ မမ စကားပြောနေချိန် ပုံ့ စာအုပ်ကိုင်ရင်း နားစွင့်ထားမိသည်။
“သမီး သွားချင်ရင်လည်း သွားတာပေါ့လေ...ဖေဖေ လည်း သတိရတယ်...အလုပ်တွေ များပြီး မသွားဖြစ်တာ ကြာပြီလေ...”
“ဟုတ်တယ်နော်..”
“သြော်..ဒါနဲ့ ဖေဖေ...ညီမလေး သူငယ်ချင်း သုံးယောက် လည်း ခေါ်သွားချင်တယ် ဖေဖေ...”
“ဟို စပ်စလူး နီနီ ဝါ၀ါ ပြာပြာ မလား..”
“ဟိ....ဟုတ်တယ် ဖေဖေ...”
ဟွန့် ပုံ့ သူငယ်ချင်းတွေဆို ဖေဖေ က ကြည့်လို့မရတာသိတော့ ခေါ်မသွားမှာ စိတ်ပူနေရသည်။
သူငယ်ချင်းတွေ နဲ့ သွားရင် ပျော်စရာကြီး မမ နဲ့ နှစ်ယောက်တည်း သွားရမယ်ဆိုရင်တော့ မေမေကြည် နဲ့ပဲ ကျန်ခဲ့ လိုက်တော့မည်။
“သမီးကြီး နိုင်ပါ့မလား...”
“နိုင်ပါတယ် ဖေဖေ ရဲ့...စကားနားမထောင်ရင် လမ်းမှာ ပစ်ချခဲ့မယ်လို့ မှာထားမယ်..”
“ဟား..ဟား..ဟုတ်ပါပြီ....ဘယ်တော့သွားမှာလည်း..”
“ကြာသပတေး ညနေ ရောက်ကြမယ် ဆိုတော့ ဝိုင်းတို့ နေ့ခင်း သုံးနာရီလောက်ထွက်မယ်လေ...သိပ်လည်း မမောင်းရပါဘူး ဖေဖေ...”
“...ဟို ညီအစ်ကို နှစ်ယောက်က စိတ်ဆိုးဦးမယ်..”
“မဆိုးပါဘူး..သူတို့သိပါတယ်..”
“အေးလေ...အဲလိုပဲ သွားလိုက်မယ်..”
“ဟုတ်..”
ဖေဖေ အခန်းထဲ ၀င်သွားတော့မှ ပုံ့ပုံ့ နဲ့ မမ လက်ဝါးချင်း ရိုက်ပြီး အသံတိတ် ခုန်နေမိသည်..။
.
“မေမေ...”
“ဟော ကြည့်စမ်း ညနေမှ ရောက်မယ် ထင်တာ..”
“ဟုတ်တယ်...လေယာဉ်ချိန် ကွာသွားလို့ပါ မေမေ...”
“လေယာဉ်ချိန်မကွာပါဘူး ကိုကြီး စောထွက်လို့ပါ ဗျာ...”
“မေမေ ...ညီလေ....သိပ်ရစ်တာပဲ...”
“ဟောဗျာ...ပြောင်းပြန်များဖြစ်နေသလားလို့..”
ကျောပိုးအိတ်ချပြီးကတည်းက စကားနိုင်လုနေကြတော့ မေမေ က ပြုံးကြည့်နေသည်..။
“ဟူး...ကျွန်တော်တော့ ရေချိုးပြီး ရန်ကုန်လေ တစ်၀ သွားရှုအုံးမယ်..”
ဆိုဖာမှာ ပစ်ချထိုင်လိုက်ပြီး မာန်သွေး ရယ်ကြဲကြဲ ပြောလိုက်တော့ ကိုကြီးကလည်း ဘေးမှာ ဝင်ထိုင်ခါ....
“ကာဗွန်ဒိုင်တွေပါကွာ..”
“မေမေ တွေ့လား ဘယ်သူ ရစ်နေတာလည်း..”
“ကဲတော်ပါတော့...နေစမ်းပါအုံး...ဟိုမှာလည်း ဒီလိုပဲ တကျက်ကျက် ရန်ဖြစ်နေကြတာလား..”
မေမေ့ မေးခွန်းကို ဖြေဖို့ တစ်ယောက် မျက်နှာ တစ်ယောက်ကြည့်ခါ ရယ်မိကြတော့သည်..။
“ရန်မဖြစ်အားဘူး မေမေရဲ့...”
“ကောင်းတယ်.....အခန်းထဲ..သွားနားကြအုံး....”
မာန်သွေး အိတ်ကို ကောက်ကိုင်ပြီး အပေါ်ထပ် ကို ပြေးတက်လာတော့ ကိုကြီးကလည်း ဘာမှန်းမသိပဲ နောက်ကနေ အပြေးတစ်ပိုင်း လိုက်လာသည်..။
“ဒါ ကိုကြီး အခန်းနော်...”
“ဟမ်...ဟိုဘက်ခန်းလေ..”
“ညီ...မင်းပဲ ငါ့ကို ပေးထားတာလေ...”
ကိုကြီး ဘာလို့ ပြေးလိုက်လာတာလည်း ဆိုတာ သဘောပေါက်တော့ မာန်သွေး ညစ်ကျယ်ကျယ်ဖြင့် နှုတ်ခမ်းတွန့် ပြုံးမိသည်..။
“သြော်..ဒါကြောင့် ပြေးလာတာလား...”
“ဘာလည်း...”
“ကိုကြီး အိတ်ကျန်ခဲ့တယ် သွားယူအုံး..”
“ဒီအခန်း ငါယူမှာနော်..”
“အမ်းပါ...”
အောင်သွေး မယုံသင်္ကာဖြင့် နောက်ပြန်လှည့်ကြည့်ပြီးမှ အောက်ထပ်မှာ ကျန်ခဲ့တဲ့ အိတ်ကို လာယူရသည်..။
“သြော်..မေမေ...ဒီမှာ လက်ဖက်ခြောက် ...ကျွန်တော် လည်း ဘာ၀ယ်ရမှန်းမသိဘူးဖြစ်နေတယ်...သူငယ်ချင်း တစ်ယောက် သူ့ အမေအတွက်  ဝယ်ထည့်ပေးတော့.. ကျွန်တော်လည်း အဲဒါပဲ ၀ယ်ခဲ့လိုက်တယ်...တစ်ချို့ဟာတွေဆို ဘာမှန်းတောင်သေချာမသိဘူး..ကြော်စားရတဲ့ အမြစ်လည်း ပါတယ်...သြော်...ဂျင်ဆင်းမြစ်ဆိုလား..”
အောင်သွေး ဘေးအိတ်ထဲက ပစ္စည်းတွေ ထုတ်ချရင်းပြောနေတော့ မေမေ က ပြုံးရင်း အနားကို လာထိုိင်ပြီး သေချာ ကြည့်နေသည်..။
“ဒါတွေက ဒီမှာလည်း ရပါတယ် သားရယ်..ဒုက္ခ ရှာလို့...”
“ဟုတ်...ဒါပေမဲ့ အိမ်ပြန်လက်ဆောင် အဖြစ်.. ၀ယ်လာတာ..”
“ဒါတွေက..”
မေမေ ဆွဲလိုက်တဲ့ အိတ်က လုံချည်စတွေ ဖြစ်နေတော့ အောင်သွေး ဘာပြောရမှန်း မသိ ခဏကြောင်သွားသည်..။
“သြော်...အဲဒါ...ဝိုင်းတို့ဖို့ ၀ယ်လာတာလေ..”
“မေမေ့ ဖို့ကော..”
“ဟင်..”
အောင်သွေး ပြောရခက် နေချိန် မေမေ က ပြုံးပြီး အထည်တွေ ဆွဲထုတ်ကြည့်တော့ စိတ်ညစ်သွားရသည်..။
“မေမေ လည်း လိုချင်ယူလေ...ယက္ကန်းစင် ရောက်တုန်းက ၀ယ်ထားတာတွေပါ..”
“ကိုယ်တိုင်ရက်ကြတာလား..”
“ဟုတ်...”
“ဒီ အဖြူလေးသာ ၀တ်လိုက်ရင် ဝိုင်းက ရှမ်းမလေးနဲ့ တကယ်တူသွားမယ် ထင်တယ်..”
မေမေ့ စကားကို ကြားတော့ အောင်သွေး ကြည်နူးစွာ ပြုံးလိုက်မိသည်..။
ဒီလိုဆိုတော့လည်း ဆရာ၀န်လောင်းပေမဲ့ လုံချည် အရွေးတော်ပေသားပဲ..။
“အနီလေး လည်း လှတာပဲ..”
“မေမေ ကြိုက်ရင်ယူလေ..”
“အိုး...သားကလည်း..မေမေ နဲ့ ဘယ်လိုက်မလည်း..သူ့ညီမတွေအတွက် အဆင်ဆန်းတွေ ရွေးလာပြီး..အခုမှ...”
“ဆောရီိးပါ မေမေ ရယ်..တကယ် မတွေးမိလိုက်လို့ပါ..”
မေမေ က ခေါင်းညိတ်ပြီး ဖြန့်ကြည့်တဲ့ အထည်တွေ ပြန်ခေါက်နေတော့ အောင်သွေးလည်း လက်ထဲက အဖြူရောင် အင်းလေးလုံချည်ကို ပြန်ခေါက်ရသည်..။
“ပုံ့ ကျောင်းမဆင်းသေးလို့ဖြစ်မယ်...ဝိုင်းကော အလုပ်မသိမ်းသေးဘူးလား ဟင်....”
“ဟောတော့...သူတို့ ပဲခူးသွားတယ်လေ..”
‘ဗျာ..”
အောင်သွေး ရင်ထဲ လှိုင်းထသွားပြီး အသံထွက်ပြောပြီးခါမှ ဘရိတ်အုပ်လို့ မမှီအောင် နည်းနည်း ကျယ်လောင်သွားသည်..။
“သားတို့ကို ပြောထားတယ်ဆို..”
“ဟင်...အဲဒါ..”
“ကျွန်တော့် ကို ပြောတယ် မေမေ...ကိုကြီး တို့ ပြန်လာရင် သူတို့ ခရီးသွားချင်တယ်တဲ့..မေမေ တစ်ယောက်တည်း စိတ်မချလို့ အချိန်တိုက်ပြီးမှ သွားကြတာ..”
ညီက ဘာမှ မထူးခြားသလို ပြောရင်း လှေကားက ဆင်းလာတော့ အောင်သွေး ဒေါသထွက်မိသည်..။
“ဟုတ်တယ်...မေမေ့ ကိုလည်း ပြောတယ်..သွားပါလို့ အတင်းပြောတော့မှ ထွက်သွားကြတာ...နာရီ၀က်တောင် မကြာသေးပါဘူး..”
“သြော်..ညီကလည်း မပြောဘူး..”
“မလိုဘူးထင်လို့ပါ...”
မေမေ့ ရှေ့မှာမို့ မျက်နှာထားကို ပြန်ပြင်လိုက်သော်လည်း ရင်ထဲမှာ မုန်တိုင်းထန် နေရသည်..။
“ကိုကြီး အိတ်ကျန်ခဲ့ပြီ..”
“အမ်း...ညီပဲ ယူလာခဲ့လိုက်..”
“စိတ်ဆိုးသွားပြီ...”
မေမေ က လှေကားတက်သွားတဲ့ ကိုကြီးကို လိုက်ကြည့်ပြီး ပြောတော့ မာန်သွေးလည်း ရင်မောရသည်။
“ဟုတ်တယ်...ကျွန်တော် တမင် မပြောတာ...”
“သားငယ် ကလည်း...သွားချော့လိုက်အုံး..”
မာန်သွေး အိတ်ကို တစ်ဖက်တည်း ဆွဲမပြီး လှေကားတွေကို ပြေးတက်လာခဲ့လိုက်သည်..။
“ကိုကြီး...ဒီမှာ အိတ်...”
ပြတင်းပေါက်မှာ မတ်တက်ရပ်နေတာ တံခါးဘောင်ပေါ်က လက်သီးဆုပ်ကို ကြည့်ပြီး မာန်သွေး ပြုံးလိုက်မိသည်..။
ညီမလေး တစ်ယောက်ဆိုရင်တော့ မှားနေပြီ ထင်တယ် ကိုကြီး...။
“အိတ် ချခဲ့မယ်နော်...”
“မင်း ဘာလို့ မပြောတာလည်း ညီ..”
ကိုကြီးရဲ့ လေသံက တိုးလျပေမဲ့ မာကျောသလို ဖြစ်နေသည်။
အခန်းတံခါးဝကနေ ကျူးကျော်ပြီး အခန်းထဲ ဝင်လာခဲ့လိုက်ရသည်။
“ဘာကိုလည်း ကိုကြီး..”
“ဝိုင်းခရီးသွားတယ်ဆိုတာလေ...”
“အိုး..ဘာများလည်းလို့..သူတို့ မိသားစု ခရီးသွားတာနဲ့ ကျွန်တော်တို့ ကိုယ့်အိမ် ကိုယ် ပြန်တာ ဘာဆိုင်လို့လည်း ကိုကြီးရဲ့...မလိုဘူးထင်လို့ မပြောတာပါ..”
မာန်သွေး ပေါ့ပေါ့ပါးပါး ဘာမှမထူးဆန်းသလို ပြောလိုက်ပေမဲ့ ကိုကြီးကတော့ ပြတင်းပေါက် မှာ ရပ်ပြီး ကြည့်နေဆဲ...။
“ဆောရီးပါ...ကျွန်တော်လည်း မေ့သွားတာ..ကိုကြီးကို ပြောခဲ့ရင်ကော ဘာထူးမှာလည်း..သူတို့ သွားတာကို တားလို့မှ မကောင်းတာ..ပြီးတော့ သူတို့က မေမေ့ ကို ညှာပြီး ခရီးတောင် မထွက်ရတာ..ကျွန်တော်တို့က နားလည်ပေးသင့်ပါတယ်..”
“နားလည်တယ်ကွ...”
ကိုကြီးရဲ့ အသံက ဒေါသပါပေမဲ့ အသံကိုချူပ်တီးထားလို့ သွားကြားစေ့ လေသံမျိုး ဖြစ်နေသည်..။
“ကျွန်တော်တော့ ကိုကြီး ကို နားမလည်ဘူး..မေမေ တို့ကို သတိရလို့ ပြန်ချင်တယ် ထင်ခဲ့တာ..”
“မင်း ငါ့ကို ပြန်မပြောတာ ငါ စိတ်ဆိုးတယ် ညီ.....ဝိုင်းကိုလည်း စိတ်ဆိုးတယ်...တကယ်ဆို..ငါ အကြီးဆုံးပဲ..အသိပေးသင့်တာပေါ့...”
“ဝိုင်းကလည်း ကိုကြီးကို ပြောလိုက်ပါလို့မှ မပြောတာပဲ...ကျွန်တော့်ကို ပြောတာ ...နင်တို့ ဘယ်နေ့ ပြန်လာမလည်း..ကြာသာပတေးနေ့ ညနေရောက်မယ်ဆို ငါတို့ သုံးနာရီ ထွက်လို့ရမလားတဲ့..ရတယ်ပဲ ပြောလိုက်တာပေါ့..မဟုတ်ရင် ကျွန်တော် က ဘာပြောရမလည်း..”
ကိုကြီးက ပြတင်းပေါက်မှာ ရပ်ပြီး ဟိုဘက်ခြံထဲကို ကြည့်ရင်း တိတ်နေသည်..။
“ဆောရီး ညီ...ကိုကြီး စိတ်ထဲ ဘာဖြစ်သွားလည်း မသိဘူးကွာ....”
“ညီတော့ သိသလိုပါပဲ...”
မာန်သွေး ရယ်သံနှောပြီး ပြောလိုက်တော့ ကိုကြီး က ပြတင်းပေါက်ကို လက်ထောက်ထားရာက နောက်ကို လှမ်းကြည့်ပြီး ပြုံးသည်..။
“ကိုကြီး တို့ ပြန်လာရင် သူတို့ကို အိမ်မှာပဲ တွေ့မယ်ထင်ခဲ့တာ....မတွေ့တာကြာတော့.. ပြောစရာ စကားတွေ အများကြီး ရှိတယ်.....ပုံ့နဲ့က ဖုန်းပြောဖြစ်ပေမဲ့.. ဝိုင်းက ဖုန်းတောင် မပြောဘူးလေ....ဒီကိစ္စ လည်း မျက်နှာချင်းဆိုင် ရှင်းဖို့ အားခဲလာတာ...ကျစ်...ကပ်ပြီးလွတ်သွားတယ် ခွေးမလေး...”
“စီစဉ်ထားတာတွေလွဲကုန်တော့.... အမောမပြေဘူးဖြစ်သွားတယ်မလား....”
“ဟုတ်တယ်....အဲလိုမျိုး..”
“ကျွန်တော့် ညီမလေးတောင် အရပ်ဘယ်လောက်ရှည်လာပြီလည်း မသိဘူး..”
“တို့သွားတုန်းက စာကလေးဆိုတော့ အခုဆို စာလူကြီးလောက်ဖြစ်နေပြီ ထင်တယ်...”
“ဟား..ဟား...ဟုတ်မယ်...”
ကိုကြီး နဲ့ မာန်သွေး ရောက်တက်ရာရာ လျှောက်ပြောနေရင်း ပေါက်ကရတွေလည်း ပါကုန်ရသည်..။
ခပ်တိုးတိုး ရယ်နေတဲ့ ကိုကြီးမျက်နှာ မှာ မျက်လုံးတွေက အသက်မဲ့နေတာ သိပေမဲ့ မာန်သွေး မသိချင်ယောင်ဆောင်နေလိုက်သည်..။
.
“သီချင်း မဖွင့်ရဘူးလား..ဖေကြီး..”
“ဟအေး...သီချင်းက ခင်မောင်တိုးပဲ ပါတာ နင်တို့ ုကြိုက်မှာ မဟုတ်ဘူး..”
အေးအေးစံ က မျက်နှာကြီး ရှုံ့မဲ့ သွားတော့ ပုံ့ပုံ့ ပါးစပ်အုပ်ပြီး ရယ်နေမိသည်..။
“ဟုတ်ပြီ...ပါးစပ်ကဆိုမယ်..”
ကလေးတွေ မဟုတ်ပဲ မမ က အရင်စပြောတော့ ဖေဖေ က နောက်ကို လှည့်ကြည့်သည်..။
မမ ခေါင်းပုသွားတော့မှ ဖေဖေ က ရှေ့ပြန်လှည့်သွားပြီး..
“ဆိုလေ...နားထောင်ရတာပေါ့...”
“ရေး...”
“မမကြီး အရင်ဆို...”
“ဟာ...ငါမရဘူး..”
“ရတယ်လေ...ဆေးကျောင်းထဲက ကောင်ကလေး...မမကြီး ဆယ်တန်းတုန်းက အဲသီချင်းချည်း ကျက်နေလို့ စာမေးပွဲကျတာလေ...”
“ဟမ်...ဟုတ်ပါဘူး..”
မမ က မျက်မှောင်ကြီး ကြုတ်ခါ ငြင်းလိုက်တော့...ဖေဖေက ရေဗူး လှမ်းပေးရင်း..
“ဟား..ဟား..ဟုတ်တယ်...ဖေဖေ ဆို အခွေတောင် ရိုက်ချိုးပစ်ရတာပဲ မလား...”
“ဝိုင်းက သီချင်းတစ်ပုဒ်ကို အထပ်ထပ် နားထောင်ရတာ ကြိုက်လို့ပါနော်...စာမေးပွဲကျတာ မြန်မာစာကြောင့်ပါနော်..”
ကလေးဆန်ဆန် နှုတ်ခမ်းစူပြီး ချွဲသလို ပြောနေတဲ့ မမ ကို ကြည့်ခါ ပုံ့ပုံ့ တို့ သူငယ်ချင်း တစ်သိုက် အသည်းယားရသည်..။
“ကဲ မမ ဆိုမှာလား..ဆိုမြန်မြန်...”
“အဟမ်း...
ဒီမှာ ငါ တစ်ယောက်တည်း...🎼..အဖော်မဲ့ လွမ်းခဲ့ရပြီ.🎼..ညနက်ထဲ...နင့် အကြောင်း အမြဲတမ်းတွေးခါ...အိပ်မရခဲ့...နင့်ပြန်လာမယ်ဆို ငါမျှော်နေမှာ...🎼
တကယ်ပါ ရူးသွပ်ခဲ့..ငါ သိပ်ချစ်ခဲ့လို့ပါ..🎼ငါ့ဘ၀ရဲ့ နတ်သမီးလေးဟာ..🎼”
“ဟိုး....မမ က မိန်းကလေးလေ...ငါ့ဘ၀ရဲ့ နတ်သားလေးလို့ ဆိုရမှာမလား..”
“ဟာ..နီနီကလည်း အရှိန်ပျက်လိုက်တာ..”
အားလုံး ဝိုင်းအော်တော့မှ နီနီ က ရယ်ကြဲကြဲဖြင့် ပါးစပ်ပိတ်သွားတော့သည်..။
“ပြန်ဆိုမယ်...ဒုတိယ...”
“တကယ်ပါ ရူးသွပ်ခဲ့..”
ပုံ့ပုံ့ ပြန်စပေးလိုက်တော့မှ နောက်က အသံတွေလိုက်သည်..။
“ငါ သိပ်ချစ်ခဲ့လို့ပါ..🎼ငါ့ဘ၀ရဲ့ နတ်သမီးလေးဟာ..🎼မင်းပါ..ခွဲမသွားနဲ့...🎼ယုံကြည်ပါ အတူ ကြင်နာ နိုင်မလား..”
“ငါ့ဘ၀ရဲ့ မီးအိမ်ရှင်ပါ....🎼ငါ့ဘ၀ရဲ့ ပဲ့ကိုင်ရှင်လေးပါ...ငါ့ဘ၀ရဲ့ တန်ခိုးရှင်ပါ...🎼ငါ့ဘ၀ရဲ့ အားအင်ပေါ့...နင်ဟာ လမင်းလေးပါ....
....
ဒီမှာ ငါ တစ်ယောက်တည်း...🎼အဖော်မဲ့ လွမ်းခဲ့ရပြီ...ညနက်ထဲ...နင့် အကြောင်း အမြဲတမ်းတွေးခါ...🎼အိပ်မရခဲ့...နင့်ပြန်လာမယ်ဆို ငါမျှော်နေမှာ... တကယ်ပါ ရူးသွပ်ခဲ့...🎼
ငါ သိပ်ချစ်ခဲ့လို့ပါ..ငါ့ဘ၀ရဲ့ နတ်သမီးလေးဟာ..မင်းပါ..ခွဲမသွားနဲ့...ယုံကြည်ပါ အတူ ကြင်နာ နိုင်မလား..🎼
ငါ့ဘ၀ရဲ့ မီးအိမ်ရှင်ပါ....ငါ့ဘ၀ရဲ့ ပဲ့ကိုင်ရှင်လေးပါ...ငါ့ဘ၀ရဲ့ တန်ခိုးရှင်ပါ...ငါ့ဘ၀ရဲ့ အားအင်ပေါ့...နင်ဟာ လမင်းလေးပါ....🎼”
“မမ ကလည်း နတ်သားလေးပါနော်..”
“အေးပါ ဟုတ်တယ်..နတ်သား..”
“တွေ့လား..ငါပြောတာ မှန်တယ်လေ...”
“အေးပါ နီနီ စိတ်ချမ်းသာရင် ကမ္ဘာကြီး တစ်ခြမ်း အေးချမ်းတယ်...”
“အား...မမကလည်း..”
“ဟား..ဟား...”
ကားတစ်စီးလုံး ရယ်သံတွေ လွမ်းခြုံသွားတော့ ဖေဖေ့ လည်း မနိုင်တော့လို့ လွတ်ထားရတော့သည်..။
“ဆ်ိုတေး သီချင်းမဆိုတော့တာ စိတ်တောင်မကောင်းဘူး..”
သဇင် က မရမ်းပြားအထုတ်ကို ပါးစပ်နဲ့ ကိုက်ဖောက်နေရင်းက ခဏရပ်ပြီး လွမ်းလွမ်းဆွေးဆွေး ပြောသည်။
‘အေးလေ..လူဘာမှ မဖြစ်တာပဲ တော်သေးတယ်..သူနေကောင်း  ရင် ပြန်ဆိုပါမယ်လို့ ပြောထားတယ်လေ...”
“ဘာပဲဖြစ်ဖြစ် တစ်နိုင်ငံလုံးရဲ့ မီးအိမ်ရှင်လေး မြန်မြန်နေကောင်းပါစေ..”
“ကဲ...ကဲ...နောက်တစ်ပုဒ်က “
“ရပါတယ်....ထွက်သွားပါ...”
“ကန်ချလိုက်ရ....”
“ဟား..ဟား...”
တစ်လမ်းလုံး သီချင်းတွေဆိုလိုက် မုန့်စားလိုက်ဖြင့် ခဏလေးကြာလိုက်သလိုပင်..။
ကားရပ်ပြီးတော့ လမ်းအတိုင်း လျှောက်သွားရတာလည်း ရယ်နေရသည်..။
လယ်ထဲက ဖောက်ထားတဲ့ လမ်းမို့ ဖိနပ်တွေ ချွတ်ကိုင်ပြီး..တစ်ယောက်လက် တစ်ယောက်တွဲခါ ထိန်းလျှောက်နေရသည်..။
“အား...”
“ပြုတ်ကျမယ်..ပုံ့ရဲ့...မတွန်းပါနဲ့ဟာ..”
“ဟား..ဟား..ကြောက်လိုက်တာ...”
“ဝုန်း..”
“အမေရေ...”
“ဟား..ဟား..”
တစ်ယောက် တစ်ပေါက် ဝိုင်းအော်နေကြတာ ဆူညံ ပွတ်လောရိုက်နေတော့ ဦးလေးလည်း အိမ်ရှေ့ ထွက်ကြည့်ရတော့သည်..။
“ဟာ...ကျော်စိုး ပါလား..ဟာကွာ..သတင်းမကြား ဘာမကြား..”
“ဟေး...သားဦးရေ....မင်း ညီမတွေ လာတယ်ဟေ့...လာပါအုံးဟ...”
“ဗျို...လာပြီ...”
“အကို လည်း ၀ လာလိုက်တာ..”
ဖေဖေ ပြောတော့မှ ဗိုက်ပူပူနဲ့ လူက ဦးလေးမှန်း မှတ်မိတော့သည်..။
အရင်က ဝိုင်းတို့ ဦးလေးက ပိန်ပိန်လေးပါ...။
အိမ်ထဲက ကောင်လေး တစ်ယောက်ပြေးထွက်လာမှ အိမ်ကို လိုက်လာဖူးတဲ့ ကောင်လေး ကို သတိရတော့သည်..။
“အေးကွာ...၀ ပေမဲ့ မကျန်းမာဘူး..ဟကောင်ရ..”
“အစ်မကော..”
“ရှိတယ်...လာကွာ..တက်..”
ဦးလေးက လက်ဆွဲမတက် ခေါ်နေပေမဲ့ ဖေဖေ က ရပ်လိုက်ပြီး..
“နေအုံး...ကျွန်တော်တို့ လယ်ထဲ ဖြတ်လာရတာ..”
“ဟေ...နောက်လမ်းက လာတာလား..”
“ဟုတ်တယ်လေ..ကားနဲ့ ပစ္စည်းတွေ ထားခဲ့တယ်...”
“ဟ...လမ်းပေါက်နေပြီ ငါ့ကောင်ရ...သားဦး မင်း ဦးလေးကို လမ်းပြပြီး ရှေ့လမ်းက ခေါ်ခဲ့...”
“ဟုတ်ကဲ့...ဦးလေး...လာဗျို့...ဒီဘက်..”
ထိုကောင်လေး ရဲ့ တောစကားအထာကြောင့် နီနီ နဲ့ အေးအေးစံ တို့က နှုတ်ခမ်းဖိကိုက်ခါ ရယ်ချင်စိတ်ကို မြိုသိပ်နေရရှာသည်..။
“လာဟေ့ သမီးတို့ တက်လေ...”
“ဟုတ်ကဲ့...ဦးမိုး..သမီးကို မှတ်မိလား..”
“ဟအေး....ဘယ်သူတုန်း..”
သဇင် က ရှေ့တိုးပြီး ပြောတော့ ဦးမိုးလေး သေချာကြည့်နေရှာသည်..။
“သဇင် ပါ..”
“ဟေ...”
“လူကြီး ကို...နောက်နေပြန်ပြီ...သမီးက ဝိုငိးဝိုင်းပါ..ဦးမိုး..”
“သြော်..မူမူလေး လား..”
“ဟုတ်...ဒါက ပုံ့ပုံ့လေ...မွန်မွန်စိုး..”
“ဟ..ကောင်မ တွေ...အသားဖြူလာတာ ကြည့်စမ်း...အေးခိုင်ရေ...မင်း တူမတွေ လာကြည့်စမ်းဟေ့..”
“လာပါပြီတော်..”
အိမ်နောက်ဘက်က ရေဘုံးကြီး မပြီး ထွက်လာတဲ့ အဒေါ်ကြီး ကို ဝိုင်း ပြုံးပြီး နှုတ်ဆက်လိုက်သည်..။
“သူတို့ က ပုံ့ပုံ့ သူငယ်ချင်းတွေ ဦးလေးရဲ့..သူတို့လည်း လိုက်လည်ချင်လို့ခေါ်လာတာ..”
“ဟ..ညည်းတို့ က တောကို လာလည်ရလား...သရဲ ကြောက်တက်လား..”
အေးအေးစံ နဲ့ နီနီ က ခေါင်းကို  တွင်တွင် ညိတ်ပြတော့ ဦးမိုးက ကွမ်းစားထားတဲ့ ပါးစပ်ဖြင့် ဝါးလုံးကွဲအောင် အော်ရယ်တော့သည်..။
“လာကြလေ..တက်ကြ..”
“ဟုတ်..”
ဝိုင်းမှာတော့ အဒေါ် ခပ်လာတဲ့ ရေဘုံးကို ယူခါ အရန်သင့် တင်ထားတဲ့ အုန်းမှုတ်ခွက်ဖြင့် ရေခပ်ပြီး အားလုံးကိုလည်း ခြေဆေးပေးရသည်..။
ဓနိမိုး ထရံကာ ဝါးကြမ်းခင်း အိမ်ပေါ်ကို အုပ်စုလိုက်တက်တော့ တကျွီကျွီ မြည်နေရှာသည်..။
“ဟေ့..အေးစံ သင့်ကြောင့် အိမ်မပြိုပါစေနဲ့..”
“ဟား..ဟား..ဟုတ်တယ်...”
“မမကလည်း..စံ ဖွလျှောက်နေပါတယ်..”
“ဝါးခင်းက ခိုင်ပါတယ်ဟ..”
“အဲလောက်ပြောမှ တော်ရာကျမှာ ဦးမိုးရဲ့..”
“ဟား..ဟား..”
အားလုံး ဝိုင်းရယ်ကြတော့ အေးစံက သူရောက်တဲ့ ဝါးတိုင်နားမှာပဲ ထိုင်ချလိုက်တော့သည်...။
“ဟယ်...ညီမလေး ပါလား....ကျောင်းဆင်းလာတာလား..”
မူလတန်း အရွယ် ကျောင်းစိမ်း ၀တ်စုံနဲ့ တိုင်ဖက် ရပ်နေတဲ့ ကောင်မလေးကို တွေ့တော့ ဝိုင်း ပြုံးပြ နှုတ်ဆက်လိုက်သည်..။
“ဟုတ်တယ်..သမီးရေ...ဒါ မမ တို့လေ..ရန်ကုန်ကလာတာ..”
ကောင်မလေး က ခေါင်းညိတ်ပြခါ  လက်ထဲက မုန့် တစ်မျိုးကို ကိုက်နေသည်..။
“ဝါးဥ စားနေတာလား..”
ခေါင်းညိတ်ပြပြီး လှမ်းပေးတော့ ဝိုင်း ခေါင်းရမ်းလိုက်ခါ အနားမှာ သွားထိုင်လိုက်သည်..။
“ဘယ်နှစ်တန်းလည်း..”
“တစ်တန်း..”
“ကျောင်းမှာပျော်လား..”
ကောင်မလေး က ခေါင်းညိတ်ပြတော့ သူ့ အမေ ကလည်း ပြုံးနေသည်..။
“ဦးလေးမိုးရေ...သမီးတို့ အုပ်စု ဒီမှာ အိပ်လို့ ရပါ့မလား..အိမ်ပြည့်သွားလိမ့်မယ်နော်...”
“ဟာ..ရတာပေါ့..အိမ်ရှေ့ခန်းမှာ ပြင်ပေးမယ်လေ..ငါ့တူမကြီးတို့ လေတဖြူးဖြူးနဲ့ အိပ်စမ်းပါတော်..”
အဒေါ်ကလည်း ဖော်ရွေစွာ ပြောတော့ ဝိုင်းက ရယ်လိုက်ပြီး..
“အအိပ်ကြမ်းတယ်နော်...ဒေါ်လေး..”
“အိုး...ရတယ်...”
“ဟား..ဟား..ဟုတ်ပြီ...ညီမလေးလည်း မမတို့နဲ့ လာအိပ်ချေ..”
၀ိုင်းလည်း သူတို့ စကားလိုက်ပြောလိုက်တော့ ပုံ့ပုံ့ က ပြုံးစေ့စြေ့ုဖင့် လက်ကို ဖွဖွ လိမ်သည်..။
“အစ်ကို ရေ ရှေ့လမ်းက ဖြူးလို့ပါလား..”
ဖေဖေ က ၀င်လာတော့ နောက်က ကောင်လေးက အိတ်တွေ ထမ်းပြီး လိုက်လာသည်..။
“ဟုတ်တယ်..ကောင်ရေ...မနှစ်က ဖောက်ထားတာလေ...”
“အေးဗျာ..မနည်းကောင်းသွားတယ်...ကြီးတော်အလှ ဆုံးသွားပြီတဲ့ စိတ်မကောင်းလိုက်တာ...ကျွန်တော်တို့ ငယ်ငယ်က မုန့်ဝိုင်းတွေ အလကားကျွေးတာဗျာ..”
“အေးလေ...တို့ကလည်း အလကားကျွေးမှန်းသိလို့ ကျောင်းသွားတိုင်း တောင်းစားတော့တာပဲ..”
“ဟမ်..ဖေဖေ ကလား..ဦးမိုး..”
“နှစ်ယောက်စလုံးပေါ့..ဟေးဟေး..”
“ဟား..ဟား..ဖေဖေ လည်း အငတ်ကြီးပဲ...”
“ငယ်သေးတာကိုး..”
“အလယ်တန်း အထိပါကွာ..”
“ဟာ...ကိုမိုး ကလည်း ဖော်ကောင် လုပ်နေပြန်ပြီ...”
“အဟေး...ဖော်ရမယ်လေ...ဆွေမျိုးဆိုလို့ ဒါပဲ ရှိတာမလား..”
“ဖေဖေ...စားဖို့ ပြင်ကြပါအုံး..အေးအေးစံ ဗိုက်ဆာလို့ မှောက်နေပြီ..”
ပုံ့ပုံ့ စကားကြောင့် အားလုံး စကားရပ်ခါ အေးအေးစံကို ကြည့်တော့ တိုင်မှီပြီး အိပ်ပျော်နေပြီ...။
“အေးစံ...ဟေ့...အိပ်နေပြီလား..”
“ဟမ်...ဟို..တိုင်က မှီလို့ကောင်းလို့ပါ..”
“ဟား..ဟား..”
အားလုံး ဝိုင်းရယ်နေတော့ အေးစံက မျက်လုံးပွတ်ရင်း အရှက်ပြေ ရယ်နေသည်..။
အကုန်လုံးက ကလေးတွေဆိုတော့ ဝိုင်းပဲ ဦးဆောင်ပြီး စားဖို့ သောက်ဖို့ ပါလာတာတွေ ချရတော့သည်..။
“ထမင်းအိုးတည်ဖို့....”
“ရတယ် ဒေါ်လေး...ညနက်မှာ သိလို့ ပါလာတယ်...မနက်မှ ချက်ပြုတ်စားကြတာပေါ့...”
“သြော်...အေး...”
၀ိုင်း တို့ ဆွဲခြင်းထဲက ဒံပေါက်ဘူးတွေကို စီချလိုက်ပြီး ရေသန့်ဘူး တွေလည်း ချလိုက်သည်..။
“ဟာ..လသာတာပဲ..”
“ဟုတ်တယ်..”
နေတောင် သိပ်မ၀င်သေးဘူး လက ထွက်လာတော့ အားလုံးက မမြင်ဖူးသလို ဝိုင်းကြည့်ကြပြန်သည်..။
“ဦးလေး တစ်ခါတည်း စားပါလား..”
“ဟေ..အေး..”
“လာ..ဒေါ်လေးလည်းစား...ညီမလေး လာထိုင်..”
၀ိုင်းက ကိုယ့်အိမ်ကိုယ့်ယာလို သဘောထားပြီး ဆရာလုပ်နေတော့ ပုံ့ပုံ့ နဲ့ သဇင် က တိုးတိုးဖြင့် အတင်းတုတ်နေကြသည်..။
ရွာက အမျိုးတွေက သူစိမ်းဆန်ရင် ကြီးကျယ်တယ်လို့ ထင်ပြီး အခုလိုနေမှ ကြိုက်တာ ဒီကလေးတွေ မသိကြသေးပါဘူး...။
“မောင်လေး...လာလေ..”
“ဗျို...ဗျာ....အဲ..”
“လာလေ...သားဦး..နင့် ညီမတွေနဲ့ တစ်ခါတည်း စားလိုက်ပေါ့..”
“ဟုတ်...”
ခေါင်းကြီး ငုံ့ ပြီး အနားမှာ လာ မတ်တက်ရပ်တော့ ဝိုင်း ပြုံးစေ့စေ့ ဖြင့် ငြိမ်နေလိုက်သည်..။
သူ့အမေ က ဝိုင်းကို ကြည့်လိုက် သူ့သားကို ကြည့်လိုက်ဖြင့် ပြောစရာစကား ရှာနေတာ သနားမိတော့....
“ဟယ်..ယူလေ...မောင်လေးရယ်..ဘာလို့ရပ်နေတာလည်း..သူစိမ်းကျနေတာပဲ...”
၀ိုင်းရှေ့က ဒံပေါက် တစ်ဘူးကို ကောက်ပြီး ကမ်းပေးတော့ လက်နှစ်ဖက် နဲ့ လှမ်းယူသည်..။
“သားဦး...အိမ်ကိုလာတော့ သေးသေးလေးပဲ အခု အရပ်လည်း ရှည်သွားလိုက်တာ မှတ်တောင် မမှတ်မိဘူး...အသားလည်း ဖြူလာတယ်..”
“အယ်..ဒီအသား ဘယ်လောက်ခံမှာလည်း..”
သူ့အမေက ၀င်ပြောတော့ သူ့ခမျာ ဘာမှ ပြန်မပြောနိုင်ရှာပဲ ထမင်းဘူးကို လက်ဝါး ပေါ်တင်ပြီး ခေါင်းကြီးသာ ငုံ့နေသည်..။
“ဒီကောင် စာကြိုးစားသရွေ့တော့ ဒီ အသားကို ဖြူခွင့် ပေးထားမှာပါ..”
“ဟမ်..”
“ဟုတ်တယ်...အခု အဝေးသင် တက်နေတယ်လေ...ဘွဲ့ရတဲ့ အထိ တက်နိုင်ရင်တော့ ကောင်းတာပေါ့..ရှုံးလို့ကတော့ ထုတ်ပြီး လယ်လုပ်ခိုင်းမှာပဲ...”
“ဟယ်..တက္ကသိုလ်တက်နေပြီလား..”
“အင်း ပထမနစ်လေ...”
“အယ်...”
“ဟား..ဟား...မမ ထက်တောင် ကြီးနေသေးတာ မောင်လေးတဲ့ ဟား..ဟား...ဟား..”
ပုံ့ပုံ့ တို့ ထ ပွေဖောက်တော့ နောက်က သူ့ဘက်တော်သား သုံးယောက်ပါ ဝိုင်းလှောင်ရယ်ကြတော့သည်..။
“ဟုတ်တယ်လေ...မူမူ က သားဦးထက် နှစ်နှစ်တောင် ကြီးတာမလား..”
ဦးမိုး  က ၀င်ပြီး ကာကွယ်ပေးတော့မှ ဖေဖေ က ပြုံးစေ့စေ့ ဖြင့် ခေါင်းညိတ်သည်..။
“မမ က ကျောင်းကို သစ္စာ ရှိပြီး သူငယ်တန်းမှာ နှစ်နှစ် နေတယ်..ဆယ်တန်းမှာလည်း နှစ်နှစ်နေလို့ပါ...ဦးမိုးရဲ့...”
“ခွေးမလေး..”
၀ိုင်း အသံမထွက်အောင် ခပ်တိုးတိုး ငေါက်လိုက်တော့ ခေါင်းငုံ့နေတဲ့ ကောင်လေးရဲ့ ကျောပြင်က လှုပ်နေတာ  ထုချင်စိတ်တွေ ပြည့်လာရသည်..။
“ဦးဖေ တို့ အိမ်ကို သွားလည်ချင်တယ်..”
“အခုလား..”
“ကိုမိုး သွားတက်လား..”
“ဟ..ရတာပေါ့...သားဦး မင်း နေခဲ့..”
“ဟုတ်...”
“ကွပ်ပျစ်က နှီင်္းတွေ သိမ်းပြီ ဝါးခြမ်းတွေလည်း ရွေ့ထားအုံး..”
ထမင်းလုတ် ပြည့်နေတော့သူ့ခမျာ ရှက်ရတဲ့ ကြားတဲ့ ခေါင်းချည်းသာ လည်ဆန့် ညိတ်ပြနေရသည်..။
ထမင်းဘူးကို လက်ဝါးပေါ်က ချပြီး ရေခွက်ကောက်မော့ချိန် ဝိုင်းနဲ့ အကြည့်ချင်းဆုံ သွားတော့ မျက်လုံးပြူးဖြင့် အကြည့် အမြန်လွဲသွားသည်..။
ဒီကောင်လေးကလေ..ငယ်ငယ် ကတည်းက အတိုင်းပါပဲ....
ယောင်္ကျားလေး ဖြစ်ပြီး ရှက်တက်လိုက်တာ လွန်ပါကော.....။
━━━━━━━☆☆━━━━━━━
ဒီနေ့ အရမ်းနောက်ကျသွားတယ်နော်😢
ဆောရီးပါ...🙏
အားနာတယ်.🙏.ကျေးဇူးလည်းတင်တယ်...❤
တောရောက် တောင်ရောက် တွေ ဖြစ်ကုန်ပြီ..
😥

တစ်ချိန်တည်း ရေးရတာ မဟုတ်ပဲ
ရေးလိုက်နားလိုက်နဲ့မို့ အဆက် မမိဘူး...

စာလုံးပေါင်းလည်းမမှန် အရေးအသားလည်းမကောင်း
သည်းခံပြီးဖတ်ပေးတဲ့ စာဖတ်သူတိုင်းကို ကျေးဇူးအထူးထူးတင်ပါတယ် ❤

Love U all ❤
#စပိုက်ကာ

ပိုင်ရှင်Where stories live. Discover now