Part 15

3.2K 170 2
                                    

ပိုင်ရှင်
အပိုင်း (၁၅)
#ပိုင်ရှင်

ပန်းပျိုးသူ
……………
ကိုင်းကလေးကို ကူးလို့
တယုတယ  ပျိုးခဲ့ရသူ
ရိုးတံကြဲ ရွက်မစုံသေးတဲ့
ပင်ငယ်လေးကို လွမ်းမိပါရဲ့
ရင်ငွေ့နဲ့ နွေးစေပြီး
မျက်ရည်တွေ သွန်းလောင်း ပေးပါ့မယ်..
အရွက်သစ်
အကိုင်းသစ်
အဖူးသစ် တွေကြားမှာ
ဟော ပန်းကလေး တစ်ပွင့်...
ကိုယ်မခူးရက်ဘူး...
တစ်ပါးသူ ခူးမှာလည်း ခွင့်မပြုချင်ဘူး...။
ပန်းအလှကို နန်းထက်ပုလ္လင်မှာပဲ
ရှိစေချင်တဲ့
ကိုယ့်ရဲ့ စိတ္တဇ မေတ္တာတွေကြောင့်
ပန်းပွင့်လေး မုန်းသွားမှာ စိုးကြောက်ပါရဲ့ ကွယ်..။

“အမယ်..အမယ်...ကိုကို ကတော့ မရိုးတာ ဟုတ်နေပြီနော်....”
“ဟောဗျာ...”
“ဟုတ်တယ်လေ...”
“ခင်ဗျားလေးကော ရိုးလို့လား...မနေ့က ကျောင်းပြေးတယ်ဆို...ဝိုင်းက ဒီလောက် လွတ်လပ်ခွင့် ပေးထားရဲ့နဲ့ ဘာလို့ ကျောင်းပြေးရတာလည်း ပုံ့ရယ်...”
ကိုကို့ ရဲ့ စကားတွေက တစ်ချို့ တစ်၀က်မှန်နေတော့ ပုံ့ သက်ပြင်းချပြီး ကုတင်ပေါ် ဆွေ့ကနဲ့ ထိုင်ချလိုက်သည်..။
ကိုကို့ က အိပ်ရာထ တာနဲ့ အိပ်ရာသိမ်း အခင်းတွေ ပြန့်အောင်ခင်းပြီးမှ မျက်နှာသစ် သွားတိုက် တက်သည်.။
ကိုကို့ အခန်းနဲ့ ကိုကြီး အခန်းက လုံး၀မတူ...။
ကိုကို က သူ့ အခန်းကို အမြဲ သပ်ရပ်အောင်ထားပြီး ပစ္စည်း အားလုံး သူ့နေရာနဲ့ သူထားတက်သည်..။
ဘယ်အရာမဆို မျက်လုံးမှိတ်ယူလည်း ဖြစ်နေအောင် စီစဉ်သည်..။
ကိုကြီးကတော့ တစ်ခါတလေ အိပ်ရာတောင် မသိမ်း...။
ကိုကို့ ခြင်ထောင်အမိုးက ပန်းပွင့်လေးတွေကို မော့ငေးရင်း  စိတ်တွေက တဒင်္ဂ လွတ်လပ်ပြီး ရှင်းလင်းသွားသည်..။
“ဂျောက်..”
ကိုကို့ က စားပွဲပေါ်က စာရွက်တွေကို သိမ်းပြီး ဘောပင် ခလုတ်ကို နှိပ်လိုက်တဲ့ အသံက အာရုံတွေကို ထွေပြား သွားစေသည်..။
ကိုကို့ ကို ကြည့်လိုက်တော့ သူ လုပ်လက်စတွေကို သိမ်းပြီး စားပွဲပေါ်က ဖိုင်သုံးခုကို ထပ်လိုက်ခါ လပ်တော့ကိုလည်း တစ်ဖက်က ပိတ်နေသည်...။
“ကိုကို..”
“အင်..”
“ပြီးပြီလား..”
“အင်း..”
“ကိုကို နဲ့ အေးဆေး စကားပြောချင်တယ်...”
“ကျွန်တော်မျိုးက ခင်ဗျားလေး ဒိုင်ယာရီပဲဟာ..စောင့်နေစရာလိုလို့လား..”
“ဟိ..ဟုတ်တယ်နော်...”
“ကဲ အေးဆေးဆိုလည်း အောက်ထပ်ကို သွားမယ်...မေမေတို့ လည်း တီဗွီ ကြည့်နေတယ်...”
“ဖေဖေကြီး တောင် ဖုန်းစွဲနေပြီ..”
“ဟုတ်တယ်...ညီမလေး သင်ပေးလိုက်တာဆို...”
“အွင်း..”
“လူကြီးကို အကျင့်ဖျက်ပေးတယ်နော်...”
“ဒါတွေ သုံးတက်တာ ကောင်းတာပေါ့လို့..ကိုကို သာ ရှေးခေတ်လူသား လုပ်နေတာမလား..”
“ဟား..ဟား....ခုခေတ် လူသားကြီးပါဗျာ...”
ကိုကို က ရှေ့က ရယ်ရင်း လှေကားတွေကို ဆင်းသွားတော့ ပုံ့ လည်း လက်ကို ပြေးတွဲပြီး လိုက်သွားလိုက်သည်..
မေမေကြည် တီဗွီကြည့် နေတဲ့ အနားကိုသွားပြီး ပန်းသီး တစ်စိတ်ယူခါ ခြံထဲ ဆင်းလာခဲ့လိုက်သည်.။
ကိုကို က ခြံထောင့်ဘက်မှာ အသစ်ရိုက်ထားတဲ့ ခုံတန်းရှည် မှာ မှီပြီး ထိုင်နေသည်..။
ဒီစကားတွေ ကိုကို့ ကို ပြောသင့်ပါ့မလား..။
ကိုကို့ ကို မပြောရင် ဘယ်သူ့ ကို ပြောရမှာလည်း...။
ပုံ့ ခေါင်းရမ်းပြီး ကိုကို့ဘေးနေရာမှာ ကပ်ထိုင်လိုက်တော့ ကိုကို က လက်ကို ရုတ်ပြီး နေရာပေးသည်..။
“ကိုကို..”
“အင်း...”
“မနေ့က ဖြိုးလေးနဲ့ အတူ လှော်ကားကို သွားတာပါ...”
“မရောက်ဖူးတဲ့ နေရာဆိုတော့ သွားကြည့်သင့်တာပေါ့...”
“ဟွင့်...ကိုကိုကလည်း..”
“....”
“အရင်ကတုန်းက သူငယ်ချင်းတွေလည်း ပါတယ်...မမ လည်း ပါတော့ မလွတ်လပ်ဘူးလေ...သူက နှစ်ယောက်တည်းသွားချင်တာကိုး...ပြီးတော့ ပုံ့တို့ က ချစ်သူရည်းစားသား ဆိုတယ်...နှစ်ယောက်တည်း တစ်ခါမှ အချိန်မပေးရဘူး..ကျောင်းမှာလည်း သူငယ်ချင်းတွေနဲ့ လျှောက်လည်တော့လည်း ဒီလိုပဲလေ...ဖြိုးလေး ကို သနားလို့ လိုက်သွားတာပါ...”
“ဒါလည်း ဟုတ်တာပဲ...သူငယ်ချင်း ချစ်သူ ဆိုတော့ ဟိုမကျ ဒီမက ဖြစ်နေတာပေါ့..”
“အွင်း...အဲလိုမျိုးကြီး ဖြစ်နေတာလေ...”
“...”
“မနေ့ က လျှောက်လည်ကြတယ် ကိုကို နှစ်ယောက်တည်းဆိုတော့ ပိုပျော်ဖို့ကောင်းတယ် သူ လည်း အရမ်းပျော်နေတော့ ပုံ့လည်း ပျော်တယ်...ပုံ့တို့ လျှောက်လည်ရင် အများနဲ့ဆိုတော့ လက်တောင် သိပ်မတွဲရဘူး..အခုတော့ အကျီ င်္ဆင်တူ၀တ် ပခုံးဖက်ပြီး လျှောက်ရဲတယ်... လွတ်လွတ်လပ်လပ်ပဲ သိလား...ကိုကို...”
“လွတ်လပ်တိုင်းလည်းမကောင်းဘူး...လွတ်ကုန် လပ်ကုန် အုံးမယ်...အသိစိတ်တွေ လွတ်ထွက် ပြီး အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်တဲ့ စွမ်းရည်တွေ လစ်လပ် သွားတက်တယ်”
ကိုကို့ စကားကြောင့် ပုံ့ ရင်ထဲ ဒိန်းကနဲ့ ဖြစ်ခါ ပါးလေး နှစ်ဖက်ပါ ပူ ရှိန်းရှိန်း ဖြစ်သွားရသည်..။
ဘာလို့ ကြိုသိနေတာလည်း...အဖိုးကြီး ကျနေတာပဲ...။
“ကိုကို...”
“ပြောစမ်းပါ ပုံ့ ရယ်...အဲလို ခေါ်...ခေါ်နေတာ...ကိုကို တကယ် ရင်မော နေရပြီ..”
“အွင်း...”
“...”
“ဖြိုးလေးကလေ တူတူနေချင်တယ်တဲ့...”
“ဘာ..”
ကိုကို့ အသံ ဟိန်းထွက်သွားတော့ ပုံ့ တုန်တက်သွားရသည်။
“ဟို...ဟို....ပုံ့ လက်မခံပါဘူး...သူက သူ့ ကို ချစ်ရင် မငြင်းပါနဲ့တဲ့...ပုံ့ က လက်မခံတော့ သူ စိတ်မကောင်းဖြစ်သွားတယ်....ပုံ့လည်း စိတ်မကောင်းဘူး..ဒါပေမဲ့...ပုံ့ လက်မခံ.....”
“ပုံ့ ဘာဖြစ်လို့ ဒါတွေ လာပြောပြနေတာလည်း...”
ကိုကို့ ရဲ့ သူစိမ်းဆန်တဲ့ အမေးစကားကြောင့် ပုံ့ ရင်ထဲမှာ ၀မ်းနည်းမှုက လှိုက်တက်လာခါ မျက်ရည်တွေ ချက်ချင်း ပြည့်အိုင်လာသည်..။
“ကိုကို့ ကို ပြောပြတာ...အကြံတောင်း.”
“ပုံ့ က ကိုကို့ ကို ဘာပြန်ပြောစေချင်တာလည်း..”
“အကောင်းအဆိုး..”
“အကောင်းအဆိုး ကိုယ်တိုင် မဝေခွဲတက်ဘူးလား..ကိုကို ကတော့ ပုံ့ အကြောင်းရှာနေတယ်ပဲထင်တယ်...ပုံ့ချစ်သူ နဲ့ ပုံ့ကြားမှာ ကိုကို က ဗီလိန် ဖြစ်စေချင်နေတာလေ...”
“မဟုတ်..”
“နားထောင်..ပုံ့ အရွယ်က ဆယ်ကျော်သက် မဟုတ်တော့ဘူး...အသက် ၂၀ ...နိုင်ငံတကာမှာ ၁၈ နှစ်ဆိုရင် လူကြီး တစ်ယောက်လို့သတ်မှတ်တယ်..အရပ်ရှည်လို့ ကိုယ်ခန္ဓာ ကြီးထွားဖွံဖြိုးလို့...သတ်မှတ်တာ မဟုတ်ဘူး...၁၈ နှစ် ဆိုတဲ့ လူတစ်ယောက်ရဲ့ ဦးနှောက် အသိဉာဏ်ကို အသိအမှတ်ပြုတာ..ပုံ့ မှာ အသက် ၂၀ ဦးနှောက် ရှိတယ်..ချစ်သူ့ကို ချစ်လို့ စုံမှိတ်ပြီး ဘဝပေးလိုက်ရင် ဒါက ပုံ့ရဲ့ ဆုံးဖြတ်ချက်ပဲ...ဘ၀ ကို တန်ဖိုးထား ထိန်းသိမ်းထားလည်း ပုံ့ ရဲ့ ဆုံးဖြတ်ချက်ပဲ..ကိုကို့ ရဲ့ အကြံပေးမှုကြောင့်သာ ဆိုရင်....ချစ်သူကို ချစ်ပါတယ်...ကိုကို့ ကြောင့် သူ့ကို အခွင့်အရေးမပေးရဘူး...မတော်မဆ အကြောင်း တစ်စုံတစ်ရာကြောင့် လမ်းခွဲဖြစ်ရင်တောင်...ကိုကို့ စကားကိုသာ နားမထောင်မိရင် ဆိုတာကြီးက ကပ်ပါလာလိမ့်မယ်...ကိုကို့ အဲလို ဗီလိန် မဖြစ်ချင်ဘူး...ပုံ့...အထူးသဖြင့်...ပုံ့ အတွေးထဲက ဗီလိန် ပို မဖြစ်ချင်ဘူး.....ပုံ့ ကိုယ်တိုင် ဆုံးဖြတ်ပါ....”
“အဟင့်....ပုံ့အဲလို မတွေးပါဘူး...အရင်အတိုင်း ရင်ဖွင့် ပြောပြတာပါ...မမ ကိုတောင် မပြောတဲ့ အကြောင်းအရာ မပြောသင့်ဘူး ထင်ခဲ့တဲ့ အကြောင်းတရားတွေကို ကိုကို့ ကို ပြောမိတာပါ..ဟီး....”
“အကြံလည်း မတောင်းနဲ့ ဒီကိစ္စကို ရှေးလူကြီး တွေ အတိုင်း မဆုံးမချင်ဘူး...နားလည်အောင်လည်း ပြောမပြတက်ဘူး...ညီမလေးရယ်..”
“ကိုကို စိတ်မဆိုးပါနဲ့...အင့်....ဟင့်...”
“မငိုပါနဲ့....ကိုကို စိတ်မဆိုးပါဘူး...တိတ်တော့နော်...”
ပုံ့ ခေါင်းငုံ့ပြီး အသံမထွက်အောင် ရှိုက်နေမိတော့ ကိုကို က မေးဖျားကို ဆွဲမော့ပြီး သူ့လက်ဝါးစောင်းနဲ့ မျက်ရည်တွေကို သုတ်ပေးရင်း ကြင်ကြင်နာနာ ပြုံးပြသည်..။
ကိုကို့ ကို သနားလိုက်တာ...ပုံ့ က ညီမ ဆိုးလေး တစ်ယောက်ပါ ကိုကိုရယ်....။
အမေနဲ့ သား မောင် နဲ့ နှမ မပြောအပ်တဲ့ စကားတွေ ကို ပြောမိတာ ပုံ့ မှားပါတယ်...။
“ဒီမှာကြည့်စမ်း လှလား ပုံ့...”
ကိုကိုက ခုံပေါ်ကဆင်းသွားပြီး ပန်းအိုးလေး တစ်လုံး ကို ပြသည်။
“အင်း...ဘာမျိုးလေးလည်း ဟင်..”
“နှင်းဆီပင်ပုလေးလေ...အပွင့်က အရောင်စပ်ပွင့်မှာတဲ့ အရမ်းလှတယ်..မွှေးလည်း မွှေးတယ်...”
“ဟုတ်လား..တစ်ပွင့် ဖူးနေပြီနော်...”
ကိုကို က ပန်းအိုး အသေးလေးကို သဲခါ ပြီး ခုံပေါ်တင်ပြတော့ ပုံ့လည်း ပန်းပင်ဆီကို စိတ်ရောက်သွားရသည်..။
“ခဏခဏ မပွင့်ဘူးလေ...၀ယ်ထားတာ ကြာလှပြီ အခုမှ တစ်ဖူးပဲ ထွက်သေးတယ်..”
“ဟာ..ဒါဆို အရောင်စပ်လေး လှပြီး မွှေးတယ် ဆိုတာ ကိုကို က ဘယ်လိုသိလည်း..”
ကိုကို က ခေါင်းမော့ ပြီး ဟက်ကနဲ့ ရယ်ခါ ပုံ့ ခေါင်းကို လက်ရွယ်ပြီးမှ လက်ကို ပြန်ချလိုက်သည်..။
ပုံ့နားမလည် သလို လှည့်ငေးကြည့်နေတော့ ကိုကို က ပြုံးရင်း..
“ရောင်းတဲ့သူ ပြောတာလေကွာ...အညွန်းကောင်းလို့ ၀ယ်လာရတာ..အခုမှ ဖူးတုန်း...”
“ပုံ့လည်း သိချင်လိုက်တာ....အရမ်းလှမှ သိလား..အဖြူစက်ကလေး လည်း တွေ့ရတယ်..ဒီဘက်မှာ အနီစက်ကလေးပဲ...”
“အင့် ယူသွားလိုက်.....”
ပန်းအိုးလေးကို ပုံ့ဘက်ကို တိုးပေးတော့ ပုံ့ ပျော်လွန်းလို့ ကောက်ပိုက်ထားလိုက်ရသည်..။
“ဟယ်..တကယ်လား...အာ့ကြောင့် ကိုကို့ ကို ချစ်တာ..အပွင့်လေး ပွင့်ရင် ကိုကို့ ဆီပြန်ယူလာမယ်နော်...ဘာဆေးတွေ ထည့်ရလည်းဟင်...ရေကော ဘယ် နှစ်ခါ လောင်းရမှာလည်း..ကိုကို...”
“ရေသိပ်မကြိုက်ဘူး..နေသိပ်မရောက်တဲ့ နေရာမှာထားပေါ့...”
“ဟုတ်....ပြန်တော့မယ်...မမ ကို သွားပြရမယ်...”
ပုံ့ ပန်းအိုးလေးကို ပိုက်ပြီး ခုံတန်းကနေ မတ်တက်ရပ်လိုက်တော့ ကိုကို ကလည်း လိုက်ရပ်ပြီး ခြံတံခါးသေးလေးကို ဖွင့်ပေးသည်..။
“ကျေးဇူးကိုကို...”
“နေပါဦး ပုံ့...”
ကိုကို ခေါ်လိုက်တော့ ပုံ့ ကြောင်တောင်တောင်ဖြင့် ပြန်လှည့်လာရသည်..။
အနားရောက်တော့ မထင်ထားပဲ...
“ဟာ..ကိုကို...”
ကိုကို က ဖူးစ နှင်းဆီဖူးလေးရဲ့ အညှာတံ ကို ချိုးလိုက်တော့ နှင်းဆီဖူးလေးက ပန်းအိုးရဲ့ အောက်ခြေကို ကျသွားသည်..။
ကိုကို က ပြန်ကောက်ပြီး ပုံ့ကို ကမ်းပေးခါ..
“အင့်...အရင်အတိုင်း ပြန်ဖြစ်အောင် လုပ်လိုက်နော်...သူ့နေရာမှာ သေချာပြန်ထားရင် ပြန်ပွင့်လာနိုင်မှာပါနော်...ပုံ့ဆီမှာ ကော်ရှိရင် ကော်နဲ့ ကပ်ကြည့်...သြော်..ဒါမှ မဟုတ်...သွားကြားတိုးတံနဲ့ ပြန်ဆက်လိုက်ရင်လည်း အသက်ပြန်၀င်မှာပဲမလား..သူ့ ရိုးတံမှာ နေရာမှန် ပြန်ရောက်တာနဲ့ ပြန်ပွင့်လာမှာပါ...ဟုတ်တယ်မလား....အမျိုးမျိုး ကြိုးစားကြည့်ပေါ့လေ...ပွင့်လာရင် တကယ်လှမှာပါ....”
ကိုကို့ စကားတွေကို နားလည်တော့ ပုံ့ မျက်ရည်တွေ ပြည့်အိုင်လာရပြန်သည်..။
ကိုကိုရယ်...
“အင့်.....ဟင့်....”
“ကိုကို ဘာကိုဆိုလိုတာလည်း ...ညီမလေး သဘောပေါက်ရဲ့လား..”
ပုံ့ အသံမထွက်အောင် ရှိုက်ရင်း ခေါင်းညိတ်ပြလိုက်တော့  ကိုကို လည်း   ကြည်လင်တဲ့ အပြုံး နဲ့ ခေါင်းညိတ်ပြသည်..။
ပန်းအိုးလေးကို ပိုက်ရင်း ပုံ့ ဆုံးဖြတ်ချက် တစ်ခုကို ခိုင်မာစွာ ချလိ်ုက်နိုင်သည်...။
စဉ်းစားပါဦးမယ်..တစ်ပတ်တော့ အချိန်ပေးပါလို့ တောင်းဆိုထားပေမဲ့ မနက်ဖြန်ပဲ ဒီ အဖြေကို ဖြိုးလေးကို ပေးလိုက်တော့မည်...။
ကိုယ်မြတ်နိုး တဲ့ ပန်းဆိုရင် ကိုယ်တိုင် မချွေရက်ဘူးမလား.....။
.
“ဘယ်လို...”
“ဒါဆို..နီနီက ခုဘယ်မှာလည်း ဇော်...”
“တည်းခိုခန်းမှာပါ..”
“အိုး..ဒုက္ခပါပဲ...တစ်ခုခု ဖြစ်ကုန်တော့မှာပဲ...လာကွာ လိုက်ရအောင်...”
“ပုံ့ နဲ့ ဝါ၀ါမိုး တို့လည်း လိုက်မယ်...သူတို့ ကို စောင့်နေတာပါ မမ...”
“ဟာ..သူတို့ကို နောက်က လိုက်လာဖို့ ပြောလိုက်လေ...ကြာနေလို့ တစ်ခုခု လုပ်လိုက်ရင် ဘယ်လို လုပ်မလည်း..”
“ဟုတ်..”
၀ိုင်း ပိုက်ဆံအိတ်တောင် မယူနိုင်ပဲ ဇော့် ကားပေါ် တက်ပြီး လိုက်လာခဲ့ရသည်..။
ကလေးတွေကို ဘယ်လို နားလည်ရမလည်း..။
နီနီ ဆိုတာက ကိုယ့်ညီမလေး အရင်းနဲ့ မခြား ချစ်ရသူလေးမလား..
အခုတော့ ဘာမဟုတ်တဲ့ လူတစ်ယောက်ကြောင့် ကိုယ့် အသက်တောင် ကိုယ် ခြိမ်းခြောက်နေပြီလေ...။
ဘာမှ မဖြစ်ပါစေနဲ့ ...ဘာမှ မလုပ်ပါစေနဲ့....အချိန်မှီရောက်ပါစေ လို့သာ တတွတ်တွတ် ဆုတောင်းနေရသည်..။
“ဒီ တည်ခိုးခန်း မမ..”
အိမ်နဲ့ သိပ်မဝေးတဲ့ တည်းခိုခန်း မို့လို့ ဝိုင်း စိတ်ထဲမှာ နီနီ ရဲ့ ချစ်သူကို ကျိန်ဆဲနေမိသည်..။
နီနီ ကလည်း မိုက်လိုက်တာ....
အခြေအနေတွေ ငြိမ်သက်သွားရင် ကောင်းကောင်းလေး ဗိုက်ခေါက်လိမ်ပစ်အုံးမယ်လို့ မှတ်ထားမိသည်..။
“အကို အခန်း ၃၂ မှာ ရှိတဲ့ ဧည့်သည်ကို ခေါ်ပေးပါ...”
မန်နေဂျာ ဆိုသူက ကော်ခုံ တစ်လုံးကို ရှေ့ချပြီး ထိုင်နေတာ တုတ်တုတ်တောင် မလှုပ်တော့ ဘယ်လို တည်းခိုခန်း မျိုးလည်းဆိုတာ သိသာသည်..။
“ဒီမှာ..အရေးကြီးလို့ပါ...အဲဒီမှာ ကျွန်မ ညီမလေး သူ့ကိုယ်သူ သတ်သေဖို့ လုပ်နေတယ်...သူ တစ်ခုခု ဖြစ်ရင် ရှင်တို့ အကုန်လုံးကို ပါ တရားစွဲပစ်မယ်..”
‘ဧည့်သည် ရဲ့ ကိုယ်ရေးကိုယ်တာမို့လို့.”
“ဘာ ကိုယ်ရေးကိုယ်တာလည်း..အတိအကျသိနေလို့ ပြောနေတာ ရှင့်...ရှင်တို့ လုပ်မပေးရင် သက်ဆိုင်ရာကို ခေါ်မယ်....”
၀ိုင်း စိတ်မရှည်လို့ ဇော့် ဆီကနေ ဖုန်းတောင်းတော့မှ ထိုသူက မျက်နှာမသာမယာဖြင့် လာ လို့ တစ်ခွန်းပြောပြီး လှေကားကို တက်သည်..။
“နီ..”
“မခေါ်နဲ့ ဇော်...”
“တံခါးဖွင့်ပေးပါ ဦးလေး..”
“ဖွင့်လို့ မရဘူး..”
“အထဲမှာ တစ်ခုခု ဖြစ်နေပြီ....ဖွင့်ပါ..”
၀ိုင်းအသံတိုးပြီး ပြောတော့ မန်နေဂျာက မသင်္ကာသလို  မျက်မှောင်ကြုတ်ပြီး ဆိုက်ကြည့်နေသည်..။
“အသံကြားတာနဲ့ တစ်ခုခု လုပ်လိုက်လိမ့်မယ်...မြန်မြန် လုပ်ပါ ဦးလေးရယ်..ကျွန်မ ညီမလေး သေတော့မယ်..”
၀ိုင်း တကယ် စိတ်ပူလွန်းလို့ မျက်ရည်တွေပါ ကျလာတော့ မန်နေဂျာက မယုံသင်္ကာဖြင့် သော့သွားယူပြီး ဖွင့်ပေးသည်..။
“နီနီ...”
“နီနီ....ညီမလေး...”
“မမ...ဟီး...ဟီး...”
“အိုး...မငိုပါနဲ့ ညီမလေးရယ်..တိတ်ပါ....ဇော်...ခဏ အပြင်မှာထွက်နေနော်...”
ဇော် က မျက်လုံးပြူးဖြင့် ကြောင်နေပြီး ဝိုင်းပြောလိုက်မှ အခန်းပြင် ထွက်သွားတော့သည်..။
ရှေ့မှာ အားဖျော့ပြီး ရှိုက်ငိုနေတဲ့ နီနီ့ ကိုယ်လေးကို ဖက်ထားလိုက်ရင်း ကျောလေးကို ပုတ်ပေးနေမိသည်.။
“နီ...သေချင်တယ်..”
“အိုး....ဘာလို့ သေချင်ရတာလည်း....နင် လုပ်ချင်တာလုပ်ပြီးမှ ရှောင်ပြေးလို့ရမလား နီနီ...”
“ဟီး.....နီ မသိပါဘူး...ကလပ်ကနေ အိမ်ပြန်တာ....အခုနိုးလာတော့ ဒီရောက်နေတာပါ....”
“ဘယ်သူနဲ့ ပြန်တာလည်း..”
“ဟိန်းကို နဲ့ပါ..”
“သူနဲ့ တွေ့သေးလား..”
“ဟီး...သူ ဖုန်းဆက်တယ်.....မနက်ဖြန်ညလည်းတွေ့မယ်တဲ့.....မလာရင် ဗီဒီယိုကို ကျောင်းဆိုဒ်မှာ တင်လိုက်မယ်တဲ့...မမရယ်...နီသေချင်တယ်...နီ့ ကို သေခွင့်ပေးပါ...အား...မနေချင်တော့ဘူး...သူ့ကိုလည်း သတ်မယ်...”
“နီနီ...ညီမလေး မမ ကို ကြည့်စမ်း...ပြသာနာ အားလုံးမှာ အဖြေရှိတယ်...စိတ်ကို အေးအေးထားပါ ညီမလေးရယ်...”
“ဘယ်လို...ဘယ်လို...မျိုး...”
“ညီမလေး က ခု ဘာကို ကြောက်နေတာလည်း...မလိုလားပဲ ဖြစ်သွားတာမလား...”
“ကိုယ်၀န်တွေ..”
“အိုး...သွားစမ်းပါ...ခု ဆေးသောက်လည်း...မှီသေးတာပဲကွာ...ချိန်းခြောက်နေတဲ့ ကိစ္စကလည်း..ရှင်းလို့ရတယ်...သူ့ဘက်က ဒီလို ချိန်းခြောက်နေတာကို သက်သေယူပြီး တိုင်ချက်ဖွင့်ရင် မဒိန်းမှုနဲ့ ထောင်ကျသွားလိမ့်မယ်....လူတစ်ယောက်ရဲ့ အနိုင်ကျင့် စော်ကား ခြိမ်းခြောက်မှုကြောင့် ညီမလေး အသက်ကို မနမျောတော့ဘူးလား...ရှင်သန်မှုမှာ အနှောင့်အယှက် ပေါင်းစုံ ရှိမှာပဲလေ...ဒါတွေကို ရင်ဆိုင်နိုင်ရမယ်မလား...တစ်ခါမှားပြီး နောက် မမှားအောင်...နှစ်ခါမှားလည်း နောက်မမှားအောင် အမြဲကြိုးစားနေရမယ်...ဒါကဘ၀ပဲ ညီမလေး....အသက်ကို ရန်ရှာတာဟာ...နည်းလမ်းကောင်းမဟုတ်ဘူး...ရင်ဆိုင်ဖြေရှင်းနိုင်ရမယ်...ခု ညီမလေး မှာ မမ တို့လည်း ၇ှိနေတယ်...သူငယ်ချင်းတွေ ရှိတယ်...ဘာမှ မလိုဘူး...ခုခေတ်မှာ ယောင်္ကျားမရှိပဲ ကလေးမွေးနေတဲ့ မိန်းမတွေကိုတောင် နှာခေါင်းမရှုံ့ပဲ အားပေးနေကြပါပြီ...အရှက်နဲ့ အသက် လဲပစ်မယ်ဆိုတာ.....ဖြေရှင်းစရာ နည်းလမ်းကောင်းမဟုတ်ပါဘူး...ညီမလေးရယ်...မမ ကိုယုံပါ..ညီမလေး ပတ်၀န်းကျင် အရင်အတိုင်း ပြန်ဖြစ်နေဖို့ မမ တာ၀န်ယူတယ်...”
နီနီက ဝိုင်းလက်ကို အားကိုးတကြီး ဆုပ်ကိုင်ပြီး မျက်ရည်အပြည့် ဖြင့် ကြည့်ခါ
“မမ ဘယ်လို...”
“မမ ကို ယုံရင် လက်ထဲက ဓားကိုပေး..ကြည့်စမ်း ဆံပင်တွေလည်း သမျှောစရာကြီး...တော်သေးတာပေါ့ ဓားက တုံးနေလို့..”
လက်ကောက်၀တ်နေရာမှာ သွေးစတွေ ထွက်နေပြီး ဆံပင်တွေကလည်း ရေချိုးခန်းထဲမှာ  ပြန့်ကျဲနေတော့ ဝိုင်းရင်မောရသည်..။
နည်းနည်းသာ နောက်ကျသွားရင်..ဒါမှ မဟုတ် ကံတရားသာ မျက်နှာသာ မပေးခဲ့ရင်..။
“နီ ဘာလုပ်ရမလည်း..”
“ဆေးခန်းသွားမယ်လေ...အမေ့ ကို ညတုန်းက မမ တို့အိမ်မှာ အိပ်တယ်လို့ ပြောလိုက်နော်...”
“နီနီ...နီနီ...”
ဝိုင်း စကားပြောနေတုန်း ပုံ့ က ပျာပျာသလဲ ဝင်ပြေးလာသည်။
“ပုံ့....”
“နီရယ်..နင်ဆိုးလိုက်တာ...မမ လည်းရောက်နေတာလား...ပုံ့ ဆိုင်ကို ၀င်လို့ နောက်ကျသွားရတာ...နင်လုပ်တာ ငါ ကားတိုက်မလို့ဖြစ်တယ် သိရဲ့လား နီနီ...”
“ဟီး..ငါတောင်းပန်ပါတယ်...သူငယ်ချင်းရယ်..”‘ကဲတော်တော့...သူငယ်ချင်းတွေ အလွမ်းသယ် မနေနဲ့...ပုံ့ ညီမလေး က နီနီ ကို ဆေးခန်းပို့ပေးလိုက်..မမ က ဇော်နဲ့ ဟိန်းကို ကိစ္စ သွားရှင်းရမယ်...မဟုတ်ရင် ခြိမ်းခြောက်တာတွေ ဆက်လုပ်နေမှာ ပြသာနာဆိုတာ ခုဖြစ်ခုရှင်းပိုကောင်းတယ်..”
“ဆေးခန်းသွားပြီး ဘာလုပ်..”
“သြော်..ဆရာမကို သေချာရှင်းပြပြီး ဆေးတွေ ဘာတွေ သောက်ရမယ်လေ...သူငယ်ချင်းတွေ ကြားထဲမှာ ဗိုက်တစ်လုံးနဲ့ ကျောင်းတက်ချင်လို့လား အမိ...”
ဝိုင်း တိုက်ရိုက်ပြောချလိုက်တော့ နီနီ က မျက်စောင်းလေးဝဲသည်။
‘အာ...မမကလည်း..”
“တက်ချင်လည်းရတယ်နော်...ငါတို့လည်း အတုတပ်ပြီး နင်နဲ့ တူတူ ကျောင်းတက်ပေးမယ်..”
“မလုပ်နိုင်ပါဘူး...ခုရှင်းမှာပဲ...လူသတ်တာမဟုတ်ဘူးပေါ့နော်..”
“ဒါပေါ့...”
၀ါဝါ ကနီနီ လက်ကိုဆွဲယူကြည့်ပြီး နှုတ်ခမ်းစူခါ....
“ကြည့်စမ်း..ကောင်မ..သတ္တိတွေ ဘယ်ကရလို့..ဒီလက်မှာ ဒီလို ဖြစ်ရတာလည်း..”
“ငါ သုံးခါလောက်လှီးသေးတယ်..ဓားကလည်း တုံး လက်ကလည်း တုန်နေလို့...”
“ဟား..ဟား..လာသွားမယ်..”
ပုံ့ နဲ့ ဝါ၀ါ က နီနီ့ကို ခေါ်သွားမှ ဝိုင်း သက်ပြင်းတစ်ချက် ချပြီး မောနေသမျှ စိတ်တွေကို ဖြေလျှော့လိုက်ရသည်..။
ဟို့သကောင့်သားကို ရှင်းရဦးမယ်တွေးရင်း အခန်းထဲက ထွက်လာတော့ ဇော်က ရပ်စောင့်နေသည်..။
“ဆောရီး ဇော်ရယ်..”
“ရပါတယ်..မမ..”
“ဟိန်းကို ကိစ္စရှင်းရအုံးမယ်...ချိန်းခြောက်နေတယ်တဲ့...”
“ဒါတော့ မမ မလိုက်နဲ့တော့ ..ကျွန်တော်နဲ့ ၀ဏ္ဏပဲ ရှင်းလိုက်မယ်....”
“မင်းတို့ရှင်းရင် ရှုပ်နေအုံးမယ်...မမ ကတော့ သက်ဆိုင်ရာကိုပဲ.”
“ကျွန်တော်တို့လည်း အဲလိုပဲ လုပ်မှာပါ..မမ စိတ်မပူပါနဲ့..ဆိုင်ကိုပဲ ပြန်ပို့မယ်...”
“ဟုတ်ပြီ..သေချာတော့ လုပ်နော်....နီနီ အတွက် စိုးရိမ်ရတယ်..”
“ဟုတ်ကဲ့...”
ဇော်နဲ့ ဝိုင်း လှေကားတွေကို တူတူဆင်းလာရင်း အမှားမဖြစ်အောင် သေချာမှာနေရသည်..။
တစ်ချက်မှားတာနဲ့ နီနီရဲ့ အရှက် သိက္ခာ ကိုပါ ထိခိုက်နိူင်သည်လေ...။
“ဟ...ကိုကြီး..”
ကိုကြီးက ကားကို ဘရိတ်အုပ်လိုက်တော့ မာန်သွေး ကိုယ်က ရှေ့ကို တိုးသွားရသည်..။
တည်းခိုခန်း တစ်ခုရှေ့ကို ရောက်နေတာမို့ မာန်သွေးလည်း လိုက်ကြည့်မိတော့ မထင်ထားတဲ့ မြင်ကွင်း တစ်ခု..။
“ဝိုင်း..”
၀ိုင်း နဲ့ တစ်ခါက သူမိတ်ဆက်ပေးဖူးသည့် ဇော် ဆိုတဲ့ ကောင်လေးက တည်းခိုခန်း လှေကားထစ်တွေက ဆင်းလာသည်..။
ဒီလို တည်းခိုခန်း မျိုးမှာ ဝိုင်းကို တွေ့ရတော့ နားမလည်ခြင်းနဲ့ အတူ တစ်ခုကိုပါ တွေးမိပြီး စိတ်တိုရသည်..။
၀ိုင်း ဒီလောက် မမိုက်မဲပါဘူးလို့ ဖြည့်တွေးပေမဲ့ မြင်ကွင်းက သက်သေပြနေတော့ စိတ်ထဲ မရှင်းမလင်း ဖြစ်နေသည်..။
ကောင်လေးက သူ့ကား အနားမှာ ရပ်ပြီး စကားပြောနေရင်း မျက်မှန် ကို တပ်သည်.။
၀ိုင်းကလည်း တစ်ခုခု ပြန်ပြောနေချိန် ကိုကြီးက တံခါးဖွင့်ဆင်းသွားပြီ...။
တကယ်ဆို မသိချင်ယောင်ဆောင်သင့်တာ... အခုတော့ ကိုကြီးကြောင့် မာန်သွေးလည်း လိုက်သွားရတော့သည်..။
“ဟင် ကိုကြီး..”
၀ိုင်း မျက်နှာမှာ ထိတ်လန့်မှု တစ်ချို့တွေလိုက်ရတော့ မာန်သွေး စိတ်ထဲမှာ တစ်ခုခု ဖြစ်တော့မယ် ဆိုတာ သေချာသွားသည်..။
“ဇော်   သွားတော့..”
“မမ က...”
“ကိုကြီး တို့နဲ့ ပြန်လိုက်မယ်...”
“သြော်...ဟုတ်...ကျွန်တော် သွားလိုက်ပါဦးမယ်..ဒေါက်တာ...”
ဇော် ဆိုတဲ့ ကောင်က သူပိုင်သလိုမျိုး ဘာမှ ဂရုမစိုက်သလို နှုတ်ဆက် သွားတော့ မာန်သွေး စိတ်ထဲ ဒေါသဖြစ်ရသည်..။
“တက်..”
ကိုကြီး ရဲ့ မျက်နှာ နီရောင် ကို ဝိုင်း လည်း မကြည့်ရဲသလို မာန်သွေးလည်း မသိချင်ယောင်ဆောင်ပြီး ကားပေါ်တက်လိုက်ရသည်..။
ဒေါသတွေပေါက်ကွဲပြီး ဘာတွေ ဖြစ်လာဦးမှာလည်း..။
သူ့ချစ်သူနဲ့ သူ တည်းခိုခန်းပဲ တက်တက် ဘာပဲတက်တက် ကိုယ်တွေ ညီအစ်ကို နှစ်ယောက်က ဘာကိစ္စ ကြား၀င် နေရတာလည်း..တကယ်ကို နားမလည်နိုင်...။
ညီမကတစ်မျိုး အစ်မ က တစ်ဖုံ့...
ညီအစ်ကို နှစ်ယောက် အတွက်
ဒါလည်း ဒုက္ခ  တစ်မျိုး ပါလား...။
“မာန်သွေး..”
“ဗျာ..”
ကိုကြီး က ညီ လို့ မခေါ်ပဲ မာန်သွေးလို့ ခေါ်ကတည်းက ဒေါသကြောင့်ဆိုတာ သိတော့ ကိုယ်ခန္ဓာပါ ဆက်ကနဲ့ ဖြစ်သွားရသည်..။
“လောကကြီးမှာ ကျီးအာသီး နဲ့ တူတဲ့ မိန်းမတွေ ရှိတာ မင်းယုံလား....”
ကိုကြီးကတော့ ထုံးစံ အတိုင်း ဝိုင်းကို ဦးတည်နေပြီဆိုတာ သိတော့ မာန်သွေး ကား အပြင်ကိုသာ ငေးရင်း
“ရှိမှာပေါ့...ကျီးအာသီး ဆိုပေမဲ့ အသုံး၀င်ရင်လည်း ၀င်နေမှာပဲလေ...”
“ဟုတ်တာပေါ့.....အသက်ကြီးလာလေ..ကြောက်စရာ ကောင်းလာလေပဲ...ခပ်ချောချော ခပ်လန်းလန်း ခပ်ဟော့ဟော့ မိန်းမတွေကို မကြောက်ရဘူးနော်...ရိုးသလို တုံးသလို နဲ့ ကျားတကာကို လိမ်ပတ်နေတဲ့ မိန်းမတွေက ကြောက်ရတာ...ငါတို့ကတော့ကွာ....အပြင်ပန်းကို ကြည့်ပြီး  ချီးမွန်းနေတာပေါ့ကွာ...အထဲမှာ လောက်ကိုက်နေတယ်...တကယ့် ကုတ်ကမြင်းတွေနော်...မထင်ရဘူး..”
“ကိုကြီးကလည်း...ဘာတွေပြောနေတာလည်းဗျာ...ဒီနားနဲ့ ဒီနားမောင်းတာကို ကြာလိုက်တာ...အရှိန်တင်ပါဗျာ...”
မာန်သွေး စကားလမ်းကြောင်း ပြောလိုက်ပေမဲ့ ကိုကြီးကတော့ ဦးတည်ရာမပြောင်း...
“အမှန်တွေ ပြောနေတာလေ...ငါတို့ ပတ်၀န်းကျင်မှာလည်း ဒီလို မိန်းမတွေ ရှိတာပဲ...”
“ဝိုင်း ကို ရိုးတယ်ထင်တယ်မလား...အခု သိပြီလား တကယ့် ကုတ်ကမြင်း..”
“ကိုကြီး..”
“ကိုကြီး..”
မာန်သွေးနဲ့ ဝိုင်းရဲ့ အသံ တစ်ချိန်တည်းမှာပင် ပြိုင်တူ အော်မိသွားတော့ ကိုကြီးက ခြောက်ကပ်ကပ် ရယ်နေပြန်သည်..။
“ဝိုင်း ဘာလုပ်လို့လည်း..”
“ငါ မသိဘူးလေ...တွေ့တာတော့ ပြန်မပြောချင်ဘူး...ရွံ့ဖို့ကောင်းတယ်...ပတ်၀န်းကျင်က မကောင်းတော့ ငါလည်း သိက္ခာ ကျမှာပဲ....”
“ကိုကြီး ဘာတွေပြောနေတာလည်း ရှင်းရှင်းပြောပါ...”
မာန်သွေး စိတ်ရှုပ်စွာဖြင့် သက်ပြင်းချလိုက်မိသည်..။
ကိုကြီးက ရန်ရှာနေတာ သိရဲ့ နဲ့ ဝိုင်းကလည်း ပြန်အော်နေတော့ ပြသာနာ ကြီးလာမှာ စိုးမိသည်..။
“ဝိုင်း...နင်က အခု အလုပ်လည်း ရှိတယ်...မိဘလည်း အဆင့်အတန်း တစ်ခုတော့ ရှိတယ်...ဒါကို ဘာလို့ ယောင်္ကျား တကာနဲ့ ရှုပ်နေတာလည်း...ကိုယ့် မောင် အရွယ်တွေက ချူရလွယ်လို့လားဟမ်....ဒါမှ မဟုတ် မမ ဆရာမကြီး လုပ်ချင်နေတာလား...ခန္ဓာကိုယ်နဲ့ ရင်းပြီး လုပ်စားတဲ့ မိန်းမတွေမှာက ငွေကြေး အခက်အခဲဆိုတဲ့ ခေါင်းစဉ် ရှိသေးတယ်...နင့်မှာ ဘာခေါင်းစဉ်တက်မလည်း..”
“ကိုကြီး......”
၀ိုင်း အသံတုန်အောင်အော်ပြီး ငိုချလိုက်တော့ မာန်သွေးလည်း စိတ်မကောင်းဖြစ်ရသည်..။
တကယ် ဖြစ်လာစေဦးတော့ ကိုကြီးလို ပညာတက် အကြီး တစ်ယောက် အနေနဲ့ ဒီလို မပြောသင့်ဘူးလို့ ထင်မိသည်..။
သူ့ချစ်သူနဲ့ သူ့ကိစ္စ ဆိုရင် ဒီလို ပေါက်ကွဲ ခွင့်မရှိတဲ့ သူစိမ်းတွေဆိုတာ ကိုကြီးမေ့နေပြန်သည်....။
“ဝိုင်း...”
“ငါ....ငါ့ ကို ကားရပ်ပေးပါ မာန်သွေးရယ်...”
“ခေါ်ချင်လို့ ခေါ်လာတာ မဟုတ်ဘူး...ပတ်၀န်းကျင်ပြောစကားဆို ငြင်းနေမှာစိုးလို့ ကိုယ်တွေ့သက်သေ ရှိကြောင်း သိအောင်လို့ ဂုဏ်သိက္ခာ အထိအခိုက် ခံပြီ ခေါ်လာတာ..”
“တော်ပါတော့ဗျာ....ကိုကြီး ပြောတာ လွန်လာပြီ...”
“မင်း မှ မသိတာ..”
“ဟုတ်တယ်....မူမူစိုး ဆိုတဲ့ မိန်းမတစ်ယောက်ကို ဒေါက်တာ အောင်သွေးဆိုတဲ့ လူကြီး လူကောင်းက ကားပေါ်တင်ခေါ်ရတာ သိက္ခာကျစရာ ဖြစ်သွားရင် တောင်းပန်ပါတယ်...ကျွန်မ လို အဆင့်အတန်း ဂုဏ်ဒြပ် မရှိတဲ့သူကို ဒီမှာ ကားရပ်ပေးပါ...”
“ဟား..ဟား....မလုပ်နေစမ်းပါနဲ့ ဝိုင်းရယ်...အကယ်ဒမီတွေလား...ကိုယ် သိတဲ့ ဝိုင်းဆိုတာ ဖြူဖြူစင်စင်လေး...အခုတော့ အထင်ကြီးစရာ တစ်ပြားသားတောင် မကျန်တော့ဘူး..”
“ဆရာ၀န်ကြီး အထင်မကြီးတဲ့ ကျွန်မ ကို ကားရပ်ပေးပါလို့ ပြောနေတာပါ.....အဆင့်အတန်း မရှိတဲ့ ကျွန်မကြောင့် သိက္ခာကျလည်း မခံပါနဲ့ အနစ်နာလည်း မခံပါနဲ့..ဘယ်တော့မှလည်း မပတ်သက်ပါရစေနဲ့တော့...”
၀ိုင်းက လက်ဝါးပေါ် မျက်နှာ မှောက်ပြီး ရှိုက်ငိုနေတော့ မာန်သွေး ဘေးခုံက ကိုကြီးကို စိတ်ပျက်စွာ ငဲ့ကြည့်မိသည်..။
အံကြိတ်ထားလို့ ပါးရိုးတွေ ထင်းပြီး ကိုကြီးရဲ့ မျက်လုံး နီ မှ ငွေရည် တစ်စ လွင့်ကျသွားတော့ စိတ်မကောင်းဖြစ်ရသည်..။
ဘယ်လို ၀ဋ်ကြွေးမျိုးလည်း...။

━━━━━━━☆☆━━━━━━━
စိတ်ညစ်စရာတွေချည်း ဖြစ်နေရတာ
စာရေးသူ ညံ့လို့ပါ
ဘယ်လိုကြီး ဖြစ်ဖြစ် စောင့်ဖတ်ပေးနေကြတာ
တကယ် အားနာတယ် 🙏
ကြိုးစားပေမဲ့ ဝဲကိုလည်နေတာပဲ စပိုက်ကာ တော်ချက် 😁

တစ်ချိန်တည်း ရေးရတာ မဟုတ်ပဲ
ရေးလိုက်နားလိုက်နဲ့မို့ အဆက် မမိဘူး...

စာလုံးပေါင်းလည်းမမှန် အရေးအသားလည်းမကောင်း
သည်းခံပြီးဖတ်ပေးတဲ့ စာဖတ်သူတိုင်းကို ကျေးဇူးအထူးထူးတင်ပါတယ် ❤

Love u all ❤
#စပိုက်ကာ

ပိုင်ရှင်Where stories live. Discover now