Part 25

4.3K 174 1
                                    

ပိုင်ရှင်
အပိုင်း (၂၅)
#ပိုင်ရှင်

“အင်း...တစ်လုပ်ပဲ ထပ်စားလိုက်..”
ပုံ့ ခေါင်းရမ်းပြရင်း အနားကိုရောက်လာတဲ့ ကိုကို့ လက်ထဲက ပန်းကန်ကို တွန်းလိုက်သည်။
“များများစားပါ...ဆေးသောက်ရမယ်လေ....”
“ကြက်သားဆန်ပြုတ်ချည်း အမြဲသောက်နေရတာ...ညှီတယ်..ကိုကိုရယ်...”
“ဒါပေမဲ့..အားရှိ..”
“သူများ ခွံပေးရင်တော့ တစ်မျိုးပေါ့..”
“ဟား...ဟား...လူလည်မလေး....”
ကိုကိုက ခုံပေါ်တင်ထားတဲ့ ပန်းကန်ကို ပြန်ယူလိုက်ပြီး ဆန်ပြုတ်ကို ဇွန်းဖျားလေးဖြင့် ခပ်ယူသည်။
နှုတ်ခမ်းစုပြီး မပူအောင် မှုတ်ပေးနေတော့ ပုံ့ ကြည်နူးစိတ် ဖြင့် ခိုးရယ်မိသည်။
“အင့်..”
ကိုကို နဲ့ အကြည့်ချင်းဆုံတော့ ပုံ့ မျက်လွှာချလိုက်ပြီး ခွံပေးတာကိုသာ အသာတကြည် စားလိုက်ရသည်။
“....”
“ပူလား..ညီမလေး..”
“ဟင့်အင်း....”
“နေမကောင်းဖြစ်တာကြာတော့...လူလည်း အရိုးပဲကျန်တော့တယ်ကွာ...နည်းနည်း ထပ်စားဦးနော်...”
“....”
“စိတ်မကောင်းဖြစ်ပြီး လူပါဖျားသွားတာမလား...ကိုကို စိတ်မဆိုးပါဘူး..ပုံ့ရယ်....”
ပုံ့ရင်ထဲက ဖြစ်စဉ်တွေကို ကိုကိုက တန်းသိတော့ မျက်လုံးပြူးဖြင့် မော့ကြည့်မိသည်။
“အင့်..တစ်လုပ်....”
“တကယ်..မစားချင်တော့ဘူး..ကိုကို..ပျို့လာပြီ”
“အင်းပေါ့...နေ့တိုင်းစားနေရတာကိုး....
ဘာစားချင်လည်း ညီမလေး....”
“ရှောက်သီးသုပ် စားချင်တာ ကြာပြီ..မမ က မစားရဘူးပဲ ပြောနေတယ်....”
“ဝိုင်းက..စိတ်ပူလို့ပါ...ကိုကို ညနေကျရင် ဝယ်ပေးမယ်နော်....”
“တကယ်နော်...”
“တကယ်....အခုတော့..ညီမလေး...
ဆေးသောက်လိုက်ဦးနော်...”
“ဟုတ်..”
ပုံ့ ပခုံးကိုပွေ့တွဲထူပြီး လက်တွေကို ဖြန့်ခါ ဆေးသုံးလုံးထည့်ပေးသည်။
ရေခွက်ကို လှမ်းပေးချိန် ကိုကို့ မျက်နှာကို စေ့စေ့ ကြည့်မိပြန်သည်။
“သောက်လိုက်နော်..”
“ကိုကို အိမ်ပြန်တော့မလို့လား..”
“အင်း..ကိုကို..အလုပ်က အဝတ်အစားတောင် မလဲခဲ့ရဘူး..ပုံ့နေမကောင်းတာ သိတော့ စိတ်ပူပြီး ပြေးလာရတာလေ...လေဆိပ်မှာ လူတွေ ကြည့်နေတာ သတိမထားမိဘူး....ခုမှ..အဟွင်း...”
ကိုကို က သူ့ အင်္ကျီ ကို ငုံ့ကြည့်တော့မှ ပုံ့လည်း လိုက်ကြည့်မိသည်။
ဟုတ်ပါရဲ့..လုပ်ငန်းသုံး တီရှပ်နဲ့ပုဆိုး တိုတို ဝတ်ထားတဲ့ ကိုကို့ ကို မြင်ရတော့ ပုံ့ ဝမ်းနည်းမိပြန်သည်။
ကိုကိုရယ်....ပုံ့ ကို ချစ်တာ သိပေမဲ့...
ညီမလေးလိုပဲလားဟင်...။
“ဆေးသောက်ပြီး..အိပ်ချင်လာလိမ့်မယ်....
တွိုက်လိုက်သုံးဦးမလား....”
ကလေး တစ်ယောက်ကို ပြုစုသလို အစစ လိုက်မေးတော့ ပုံ့ ရှက်ရှက် ဖြင့် ခေါင်းရမ်းခါ ငြင်းလိုက်ရသည်။
“ဒါဆို..ကိုကို..အိမ်ခဏ ပြန်လိုက်ဦးမယ်...”
“ဟုတ်..”
ကိုကို က ပုံ့ ကို စောင်ခြုံပေးပြီး ကျောခိုင်းထွက်သွားတာ အခန်းတံခါး အနားကို ရောက်တော့
“ကိုကို..”
“ဟင်..”
ပြန်လာဦးနော်လို့ တောင်းဆိုဖို့ ပါးစပ်ပြင်ပြီးခါမှ စကားလုံးတွေကို မြိုချပစ်လိုက်ရသည်။
“ရှောက်သီးသုပ် ..”
“အင်း...ကိုကို..အခု..ဝယ်လာခဲ့မယ်....”
အခန်းထဲမှာ ကိုကို့ ပုံရိပ် ပျောက်သွားတာ အချိန်ကြာလာတော့ ပုံ့ ဝမ်းနည်းလာပြန်သည်။
အရုပ်ကလေးကို ခပ်တင်းတင်း ပွေ့ပိုက်ခါ ငိုင်နေချိန် အခန်း တံခါးပွင့်သွားပြီး မမ ဝင်လာသည်။
“ကောင်မလေး အခုကျတော့ ချက်ချင်း ကောင်းသွားတယ်နော်..”
မမ က နဖူးကို စမ်းသပ်ပြီး မျက်မှောင်ကြုတ်ရင်း ပြောတော့ ပုံ့ ခေါင်းငုံ့ထားမိသည်..။
ရှက်ဖို့ကောင်းလိုက်တာ... မမ ကို ဘယ်လို ရှင်းပြရမှာလည်း..။
ခယ်အို ဖြစ်လာမဲ့ သူကို လွမ်းပြီးဖျားတာ...ပြီးတော့ လူတွေရှေ့မှာ တအား ဖက်မိတာ...။
အိုး...ပုံ့တော့  ဘယ်လိုတွေ ရင်ဆိုင်ရမှန်း မသိတော့ပါဘူး..။
မမ က မေးငေါ့ မေးခွန်းထုတ်လာတော့မှ ပုံ့ အဖြစ်မှန်ကို မြင်လာသည်။
မမ ကိုလည်း မျက်နှာချင်း မဆိုင်ရဲ တော့သလို
လူကြီးတွေကို ဘယ်လို မျက်နှာနဲ့ တွေ့ရမှာလည်း..။
“ဝိုင်း..”
“သြော်..မာန်သွေးလာလေ...”
ကိုကို အခန်းထဲ ၀င်လာရင် မျက်နှာချင်း မဆိုင်ရဲလို့ မမ ကို မော့ကြည့်ခါ..
“ဟင့်အင်း...ဟင့်အင်း...ပုံ့ အိပ်နေပြီပြောလိုက် မမ မြန်မြန်..”
ပုံ့ ပျာပျာသလဲ ပြောလိုက်တော့ မမ က ကြောင်ကြည့်နေပြန်သည်...။
လက်ကို ခါရမ်းပြီး ခေါင်းကို တွင်တွင်ရမ်းတော့မှ မမ နှုတ်ခမ်းမဲ့ပြီး ထထွက်သွားသည်..
“ပုံ့ကော...”
“အိပ်နေတယ်...”
“သြော်.....ဆေးရှိန်ကြောင့်ထင်တယ်..ဒီမှာ ...ပုံ့ပြောတဲ့ရှောက်သီးသုပ် ၀ယ်ခဲ့ပြီ...နင်ကလည်း..ကလေးစားချင်တာ..နည်းနည်းလောက်တော့ ကျွေးပေါ့...ဒါနဲ့ အပူပြန်တက်သေးလား...”
“ဝေဒနာတွေ ပျောက်ကုန်ပြီ..”
“တော်သေးတာပေါ့...ဒါဆို ငါ အိမ်ပြန်လိုက်ဦးမယ်....ည မှ တစ်ခေါက်ပြန်လာမယ်လေ...”
“အေး...”
ကိုကိုက တစ်နေ့ကုန် အနားမှာပဲ နေပြီး ကြင်ကြင်နာနာ ပြုစုပေးနေတာ ကြည်နူး နေပျော်ပေမဲ့ တဖြည်းဖြည်း ဘ၀အမှန်တွေကို မြင်ယောင်လာတော့ ကြောက်ရပြန်သည်..။
တကယ်တော့ ကိုကိုရယ်....ပုံ့လေဘာမှမစားရလည်းနေပါစေ...ကိုကို့ ရင်ခွင်ထဲမှာ နေရရင် ပုံ့ အားလုံး ကောင်းသွားမှာပါ...။
မမ က မဲ့ပြုံး တစ်ခု ဖြင့် အခန်းထဲ ပြန်၀င်လာတော့ မရင်ဆိုင်ရဲတဲ့ မျက်၀န်းတွေဖြင့် အကြည့်လွဲလိုက်ရသည်..။
မမရဲ့ အကြည့်တွေမှာ ပုံ့ ကို အထင်သေးတဲ့ အဓိပ္ပါယ်တွေ ပါနေပြီလား တွေးရင်း..ငိုချင်လာသည်..။
ပုံ့ လည်း မဖြစ်ချင်ပါဘူး..ဒါပေမဲ့ နှလုံးသားက စကားမှ နားမထောင်တာ...။
ကိုကို မှ ကိုကို ဖြစ်နေတာ ပုံ့ လည်း မကြိုက်ပါဘူး...။
ဖြိုးလေးနဲ့ လမ်းခွဲတာ မခံစားရပဲ ကိုကို နဲ့  မတွေ့ရတော့မှ အိပ်ရာထဲ လဲတဲ့ အထိ ဖြစ်ခဲ့ရသည်..။
ပုံ့ နှလုံးသားထဲမှာ ကိုကို ဘယ်တုန်းကတည်း က ခို၀င်နေမှန်းတောင် မသိပါဘူး..။
“အင့်...”
“ဟော...ငို ပြန်ပြီ...ဘာဖြစ်ပြန်ပြီလည်း မိပုံ့ရယ်...”
“အင့်...မမ...မမရယ်....ပုံ့ ကို ခွင့်လွှတ်ပါ....”
“ဟင်...ဘာကိုလည်း..”
မျက်ရည်တွေ ပေါပေါသောသော စီးကျလာတဲ့ ပုံ့ အနားကို ရောက်သွားပြီး ဝိုင်း ဆွေ့ခနဲ့ ထိုင်ချလိုက်ရသည်..။
ဒီလောက် အပြင်းဖျားပြီး နလန်ထူခါစ ကို ငိုနေလိုက်တာ တစ်ကိုယ်လုံးတောင် တုန်နေပြီ..။
“ဘာဖြစ်တာလည်း....ဟင်....ညီမလေး ဘာဖြစ်လို့လည်း..”
“အင့်...ဟီး...”
မျက်လုံးချင်း ဆုံတော့ ပြန်ငုံ့ ကျသွားပြီး ထပ်ငိုပြန်သည်..။
“ပုံ့...”
“အင့်....”
ပုံ့ မျက်နှာလေးကို  လက်နှစ်ဖက် နဲ့ ဖွဖွ ဆွဲမော့ပြီး စေ့စေ့ကြည့် လိုက်တော့ ငိုနေရင်း အကြည့်လွဲပစ်လိုက်သည်..။
“ညီမလေး ပြောမှ သိမှာပေါ့...မမ စိတ်ပူအောင် လုပ်နေတာလား..”
“......”
“ပြောစမ်းပါ...”
“အင့်...ပုံ့ ကို ခွင့်လွှတ်ပါ...”
“ဘာကိုလည်း....ဘာဖြစ်လို့လည်း..”
“အင့်....ပုံ့ တမင်လုပ်တာမဟုတ်ပါဘူး...ပုံ့....ကိုကို ကို ကြိုးစားမေ့ခဲ့ပါသေးတယ်....ဒါပေမဲ့...အင့်...”
“သြော်...ဟား..ဟား....ဒါလား...”
မမ က ရယ်သံ စွပ်ပြီး ပြောတော့ ပုံ့ မျက်ရည်များကြားက နှုတ်ခမ်းစူမိသည်..။
ဟုတ်တာပေါ့..အပြစ်လုပ်သူက ပုံ့ တစ်ယောက်တည်းကိုး...။
“ဘာလည်း မာန်သွေးကို ချစ်နေလို့ ငိုနေတာလား..မချစ်ချင်ဘူးလား..”
“ဟင်..”
ပုံ့ မျက်လုံးပြူးလေးဖြင့် မော့ကြည့်တော့ မမ က လက်ခုပ်တီးပြီး ရယ်နေတာ အတောမသတ်နိုင်..။
“မမ...”
“ပြော....ဟား..ဟား...”
“မမ သိတာလား...”
“ငါပဲ မဟုတ်ဘူး..မေမေကြည် ၊ ဖေဖေ ၊ ကိုကြီးလည်း အစစ်ပါသေး..”
“ရှင်...”
ပုံ့ တစ်ယောက် မျက်လုံးတွေ အပြင်ထွက်ကျမတတ် ပြူးကြည့်နေတော့ ဝိုင်း ရယ်ရင်း ပါးကို ခပ်ဖွဖွ လိမ်ဆွဲလိုက်သည်..။
သူက ဒါကို ကြောက်ပြီး ငိုနေရှာတာပဲ...တကယ့် ကလေးဆိုး...။
“ဘာဖြစ်လို့ ခွင့်လွှတ်ခိုင်းနေတာလည်း...”
“မမ နဲ့ ကိုကို က လက်ထပ်ဖို့ကို ပုံ့က မရိုးသား....အိုး..ရှက်ဖို့ ကောင်းလိုက်တာ...ပုံ့တော့ သွားပါပြီ...”
“ဘာကိုသွားတာလည်း..ငါ နဲ့ မာန်သွေးကချစ်မှ မချစ်တာ...သူငယ်ချင်းလိုတောင် သိပ်တည့်တာ မဟုတ်ဘူး..”
“ဟင်..”
ပုံ့ လက်တွေကို မမ က ဆွဲယူကိုင်ပြီး လက်ချောင်းက လက်စွပ်ကလေးကို လှည့်ဆော့နေသည်..။
ဘာကို ဆိုလို မှန်း နားမလည်သေးသော်လည်း ငြိမ်နားထောင်နေလိုက်ရသည်..။
မချစ်ပေမဲ့ လက်ထပ်ဖို့ ရည်ရွယ်ထားကြသူတွေလေ...။
“မာန်သွေးချစ်တာ ညီမလေးကိုပါ...”
“ရှင်..”
“မသိဘူးလား....ညီမလေး နဲ့ ဖြိုး အဆင်မပြေတာ သူ့ကြောင့် ဆိုပြီး ထွက်သွားတာပါ...”
“ဟင်...ကိုကို က ပုံ့ ကို ညီမလေး လို...”
“သြော်...ဟုတ်တာပေါ့....ညီမလေး လိုပဲ သိလား ရှေ့ဆက်ဖို့ မစဉ်းစားနဲ့ ထိုင်သာငိုနေ...”
“မဟုတ်ဘူးလေ...ပုံ့ ပြောတာ..”
“မမ တို့ လက်ထပ်ဖို့ ကိစ္စကလည်း ပုံ့နဲ့ ဖြိုး အဆင်ပြေသွားအောင် လုပ်ကြံထားတာပါ...”
၀ိုင်း ပိုပိုသာသာ တွန်းပို့ ပြောလိုက်တော့ ပုံ့ မျက်လုံးလေးတွေ အရောင်လက်လာသည်..။
ဟုတ်တယ်...ဒီကိစ္စကြီး မြန်မြန်ပြီးမှ အေးမှာလေ...။
“ဒါဆို ကိုကို က ဘယ်တုန်းက....ပုံ့ကို...”
“ကြာလှပြီ...”
“မမ ကို ပြောတာလား..”
“ကြည့်တာနဲ့ သိနေတာပဲ...”
“ပုံ့ က ဘာလို့ မသိ..”
“လူကြီးတွေတောင် သိတယ်..နင်တို့ နှစ်ယောက်ကို သဘောတူနေကြတာ....နင်က မာန်သွေး ကို ရှိတယ်တောင် ထင်လို့လား....ဝေးနေမှ သိတာလေ...”
“ကိုကို သနားပါတယ်...အင့်...ပုံ့ က လေ...ကိုကို နဲ့ မမ ကို ခွဲချင်လို့ မဟုတ်..”
“ဟာ..ဒီကိစ္စ အခုပဲ ရှင်းပြပြီးတာ ပြန်ပြောပြန်ပြီ...နင်တို့ နှစ်ယောက်ကြောင့် ငါက အမှုထဲ ပါရတာလေ...”
“ပုံ့ မယုံဘူး..”
“မယုံရင် ကိုယ်တိုင်သွားမေး..”
“သွားမယ်..”
မသွားဘူးထင်လို့ ပြောလိုက်တော့ မယ်မင်းကြီးမ က ခေါင်းညိတ်ပြီး ချက်ချင်း ကုတင်ပေါ်က ခုန်ဆင်းတော့သည်..။
အနွေးထည် ကို လက်မြှောက်ချွတ်ပြီး ဘီဒိုထဲက အပေါ်ထပ်တစ်ထည် ကို ထုတ်ယူပြန်သည်..။
“မာန်သွေးလာလိမ့်မယ်လေ..”
“မရဘူး...ပုံ့ချည်းပဲ အပြစ်ရှိသူလို ခံစားနေရတာ မွန်းကြပ်နေပြီ...မမ လည်း အပြစ်ရှိတယ်..”
“ဟောတော့..”
“ပုံ့ ကို လိမ်တယ်...ကိုကိုလည်း တူတူ ပဲ...မသိရင် ပုံ့ တစ်ယောက်တည်း မရိုးသားတာကျနေတာပဲ...သွားမေးမယ်.....မမ ပြောသလို မဟုတ်ဘူးဆိုရင် ...ဒီအိမ်ကို ပြန်မလာတော့ဘူး”
“ဟိုဘက်အိမ်မှာပဲနေမယ်ပေါ့လေ...အေးပေါ့.....ညည်းက ငယ်ငယ်ကတည်းက မာန်သွေး အိပ်ယာထဲ ၀င်အိပ်နေတာပဲ..ရတယ်..ပြန်မလာနဲ့လေ..နားအေးတာပေါ့...”
“ပြန်မလာဘူး..သတ်သေမှာ...”
“ဟဲ့..”
ပုံ့ အခန်းထဲက ထွက်လာတော့ အိမ်ရှေ့ခန်းမှာ ဖေဖေ က အခန့်သား ထိုင်နေသည်..။
မလုံမလဲဖြင့် ခြေလှမ်းတွေကို ခပ်သွက်သွက်လှမ်းနေချိန်
“ဘယ်ကိုလည်း သမီး..”
“ဟို..ဟို..မေမေကြည့် ဆီကို ပါ ဖေဖေ..”
“ဘာလုပ်မလို့လည်း..”
“ဟို...”
ဖေဖေ့ ဘေးနားမှာ ချထားတဲ့ ဆေးပုလင်းကို အမှတ်တမဲ့ တွေ့ရင်း အကြံ တစ်ခု ချက်ချင်းရသည်..။
“ပရုတ်ဆီ သွားတောင်းမလို့ပါ...”
“ဟမ်..”
“ရှမ်း...ပရုတ်ဆီလေ...ခေါင်းကိုက်ရင် ရှုတာနဲ့ ပျောက်တယ် ဖေဖေ...”
“ဝိုင်းကော..”
“ရတယ်..ပုံ့ပဲ သွားလိုက်မယ်..”
စကားလည်း ပြော..ဖိနပ်လည်း စီးပြီး မပြေးရုံတမယ် အိမ်ပြင်ထွက်လာခဲ့လိုက်ရသည်..။
ဟူး...အမြဲတမ်း သွားနေတဲ့ အိမ်ကို ...ဖေဖေ က စစ်လားဆေးလား နဲ့ စိတ်ညစ်ဖို့ကောင်းလိုက်တာနော်...။
လေ တစ်ချက်ဝေ့တိုက်တော့  ပုံ့ ကိုယ်ထဲ စိမ့် သွားလို့ လက်ကို တင်းတင်း ပိုက်ရင်း ကိုကို့တို့အိမ်ဘက်ကို ခပ်မြန်မြန်လျှောက် လာရသည်..။
“ဟော..ညီမလေး..”
“ဟုတ်...”
“နေကောင်းသွားပြီလား..”
“ဟုတ်..”
“ကြည့်ပါလား..ကိုကြီးတော့ ဆရာ၀န်ဘွဲ့ ပြန်အပ်ရတော့မယ်...ဆေးကုတာ မပျောက်ဘူးနော်..”
“အာ.ကိုကြီး ကလည်း မဟုတ်ပါဘူး..ကိုကို ကောဟင်..”
“အပေါ်မှာ...”
“ဟို..ပုံ့တက်သွားလို့..”
“သွားလေ...”
“ဟုတ်...”
ဧည့်ခန်းမှာ တီဗွီကြည့်နေတဲ့ ကိုကြီး ကို ကျော်ပြီး လှေကားတွေဆီ ကို ဦးတည်သွားလိုက်သည်..။
ကိုကို နဲ့ မျက်နှာ ချင်းဆိုင်ရမှာ တွေးမိတော့ ရင်ခုန်ချင်လာပြန်ပြီ..။
ဒီလှေကားတွေကို အမြဲတမ်း လွယ်လွယ်ပေါ့ပေါ့ ပြေးတက်သွားပေမဲ့ အခုတော့ ရင်မှာ တဒိတ်ဒိတ် ဖြစ်နေသည်..။
ကိုကို့ အခန်းတံခါးရှေ့ရောက်တော့လည်း မ၀င်ရဲလို့ ရပ်နေရသည်..။
တံခါးကို အသာတွန်းဖွင့်ပြီး အခန်းထဲကို ဝေ့၀ဲ ကြည့်လိုက်တော့ ကိုကို့ ကို မတွေ့...။
ရေချိုးနေပြီလား..။
အခန်းထဲမှာ ကိုကို မရှိဘူး ဆိုတဲ့ အသိကြောင့် စိတ်ထဲ နည်းနည်းရဲလာပြီး အခန်းထဲ ရောက်အောင်၀င်လာသည်..။
မရောက်တာ ကြာပေမဲ့ ဘာမှ မပြောင်းလဲတဲ့ ကိုကို အခန်းလေးကို ခေါင်း တပတ်လည်အောင် လိုက်ကြည့်မိသည်..။
ကုတင်ပေါ်မှာ အ၀တ်အစားတွေ ထုတ်တင်ထားတာ တွေ့တော့ အမြဲ အ၀တ် ထုတ်ပေးခဲ့တဲ့ ပုံ့ ကို ကိုကို မေ့နေပြီလား....။
စားပွဲခုံကိုအကြည့်ရောက်သွားတော့ အားလုံးပုံမှန်...။
ပုံ့ ငယ်ငယ်က စားခဲ့ဖူးသည့် သံ မုန့်ဘူး အဝိုင်းလေး တင်ထားသည်..။
ဒီလောက် ကြာနေတဲ့ မုန့်ဘူးက ကိုကို့ ဆီမှာ ရှိနေတော့ စပ်စု ချင်စိတ်ဖြင့်  အနားဆွဲ ကြည့်လိုက်သည်။
သံအဖုံးက တင်ထားရုံ မို့လို့ လျောကျသွားတော့ ဘေးကို ပို့ပြီး အထဲက ပစ္စည်းတွေကို ငုံ့ကြည့်မိသည်..။
“ဟင်..”
စက္ကူ ခေါက်ကလေးကို ဆွဲထုတ်ပြီး ဖြန့်လိုက်တော့ အထဲက ဘာမှန်းမသိတဲ့ အရာတစ်ခု ပေါင်ပေါ် ပြုတ်ကျပြန်သည်..။
“ဖြူစင်တဲ့ အရွယ်မှာ
ဖြူစင်တဲ့ နှလုံးသားနဲ့
ဖြူစင်တဲ့ စံပယ်လေးတွေ
တူတူ ပျိုးခဲ့တယ်...
ဖူးသစ်စ စံပယ်လေး
မေတ္တာလက်ဆောင်ရလို့
ကိုယ်ပျော်ခဲ့ရတယ်...
စံပယ်တွေ မွှေးနေသရွေ့
မင်းလေး ပျော်ပါစေ...”
ပုံ ယူ ကြည့်လိုက်တော့ စံပယ်ဖူးလေးက သဏ္ဍန်မကွဲပေမဲ့ ရိုးတံ နဲ့ စံပယ်ရွက်ခြောက်လေး တစ်ရွက်ပါသေးသည်..။
“လက်ဆောင်ပေးတာ...”
“ဟာ..ကျေးဇူးတင်ပါတယ်ဗျာ...ပထမဆုံး ပွင့်တာ မနှမျောဘူးလား..”
“နှမျောတာပေါ့..ကိုကို မို့လို့ ပေးလိုက်တာ....”
“သိမ်းထားပါမယ် ဗျာ...”
“ကိုကိုရယ်..”
ပုံ့ စာရွက်လေးထဲ ပြန်ထည့်ပြီး သေချာပြန်ခေါက်ခါ ဘူးထဲ နေရာတကျပြန်ထည့်လိုက်သည်..။
အိတ်မဖောက်ရသေးတဲ့ ဘေးထိုး ကလစ် သေးသေးလေး တွေကို ကောက်ယူကြည့်မိပြန်သည်..။
ထောင့်စွန်းမှာ သွေးစက် တစ်ချို့ပေနေတော့ ပုံ့ အတိတ်အရိပ်တွေကို မြင်ယောင်ပြီး မျက်လုံး စုံမှိတ်ထားလိုက်ရသည်..။
သွေးအိုင်ထဲမှာ လဲနေတဲ့ ကိုကို့ ပုံရိပ်ကို ပြန်မြင်ယောင်ရင်း ခေါင်းရမ်းပစ်မိသည်..။
စာရွက် မညီမညာ ခေါက်ထားပြီး ခေါက်ရိုးကျနေတဲ့ စာခေါက်ကို ဆွဲထုတ်လိုက်သည်..။
“ကိုကို ရေ ...ကိုးတန်းတက်နေတာ ပျော်နေလား..
ပုံ လပတ် ဖြေတာ နည်းနည်းပဲ အောင်တယ်..
မမ  စာကျက်ရတာ များလို့ ရူးသွာပြီ..
ကိုကို ပို့လိုက်တဲ့ စာကို ဖေဖေကြီးပေးတယ်..
ကိုကို လို လက်ရေးလှအောင် ကြိုးစားမယ်.
အခု ရေးထားတာ လှလာတယ်မလားဟင်..”
စာနည်းနည်း စာလုံး မညီမညာနဲ့ စာရွက်လေးကို ပြန်ခေါက်လိုက်ပြီး နောက်ထပ် စာခေါက် တစ်ခု ဆွဲထုတ်လိုက်သည်...။
“၄.၈.၀၉
ဒီနေ့ဆို ပုံ့ ဆိုတဲ့ ကလေးလေး လူကြီး ဖြစ်တာ ရှစ်နှစ်ပြည့်ပြီ...
အချိန်အခိုက်အတန့်လေးကို ထူပူပြာနေခဲ့တာ..
အခုတော့ ပြန်တွေးမိချိန် ပြုံးမိတယ် မနေ့ တစ်နေ့ကလိုပဲ...
မနက် က အတူတူ တွဲထွက်သွားတာ တွေ့တော့ ကလေး မဟုတ်တော့ဘူးဆိုတဲ့ အသိလည်း ၀င်လာတယ်...။
တစ်ဖက်က တောင်းဆိုမှုတွေကို ပြောပြထားတော့ ငြိစွန်း သွားမှာလည်း စိုး၇ိမ်တယ်...။
အခက်အခဲတွေ ရှိလာခဲ့ရင် ငယ်ငယ်တုန်းကလို လွယ်လွယ် မကူညီနိုင်မှာ အရမ်းစိုးရိမ်တယ်ကွယ်...
စိတ်ပူရတာ မသက်သာပါလားနော်...။ “
ကိုကို ရင်ဖွင့်ထားတဲ့ စာခေါက်လေးတွေမှန်းသိတော့ ရေချိုးခန်းထဲက ရေသံကို နားစွင့်ရင်း နောက်စာခေါက်ကို ခပ်မြန်မြန် ဖွင့်လိုက်သည်..။
“မုန်းဖို့ကောင်းလိုက်တာ...မရိုးသားတဲ့ စိတ်ကို မုန်းတယ်...အရင်လို ဖြူဖြူစင်စင်လေး ပြန်ချစ်လို့ရရင် ကောင်းမှာပဲ...မရိုးသားတဲ့ စိတ်တွေ ဒဏ်ခတ်လို့ ညဘက်ဆို အိပ်မပျော်ဘူး....တွဲသွားတွဲလာ သူတို့ လက်ကလေး အတူတူ  ဆုပ်ကိုင်ထားရင်တောင် ရင်ထဲက တဆစ်ဆစ် နာကျင်ရတယ်..”
ပန်းပွင့်ကြီး တစ်ခု ပါတဲ့ ဘီးကုတ်အနီလေးကို ထုတ်ကြည့်လိုက်တော့ ကဒ်ကလေးပါ ဆွဲထားသည်..။
“ပေးခွင့်မရ တဲ့ မွေးနေ့လက်ဆောင်..”
“အဟင့်...”
ပုံ့ မျက်ရည်တွေ ထိန်းမရအောင် စီးကျလာသည်..။
ကိုကို့ ဘယ်လောက် ခံစားခဲ့ရမလည်း...မမ နဲ့ ကိုကို့ ကို တွဲတွေ့တာလေးကို ပုံ့မှာ အသည်းကွဲကြေလောက်အောင် ခံစားခဲ့ရတာ...ကိုကိုက...အိုး..ပုံ့ ကိုယ်တိုင် ဖွင့်ပြောခဲ့တဲ့ အကြောင်းအရာတွေ...။
ကိုကို့ ကို သနားလိုက်တာ...။
ပိုင်ရှင်
ရင်မှာပျိုးလို့ ၊သွေးကိုသောက်ယူ ၊ အမြစ်တွယ်သူ၊ မြတ်မြတ်နိုးနိုး၊ကြင်နာရသည့်၊ဒီအသည်းပန်း၊အမြဲလန်းဖို့၊နာနာကျင်ကျင်၊စွန့်လွှတ်ဝံ့သည်၊ ငါဆိုသည်မှာ၊ပိုင်ခွင့်ဆိုင်ခွင့်၊ နမ်းရှိုက်ခွင့်ပင်၊ မရထိုက်သည့်၊ ဥယျာဉ်မှူး....။
“ဟင် ပုံ့...”
နောက်ကျော ဘက်က ကိုကို့ အသံကြားတော့ ပုံ့ မျက်ရည်တွေကို ဖိသုတ်ပစ်ပြီး နောက်လှည့်ပြေးလိုက်သည်..။
“အ..”
“ပုံ့...”
“ပုံ့ ကို ထားမသွားပါနဲ့...ပုံ့ ကို မမုန်းပါနဲ့နော်..”
“မထားပါဘူး..ပုံ့ရယ်...ဘာဖြစ်လို့လည်း..နေမကောင်းသေးတာကို..ဘာလို့ထွက်လာတာလည်း.... ဝိုင်းပြောတော့ ညီင်္မလေး...အိပ်နေတာဆို... အိမ်မက်ဆိုးမက်လို့လား..”
“ဟင့်အင်း....အင့်..”
ကိုကို့ ခါးကို တိုးဖက်လိုက်ပြီး ကိုကို့ ရင်ခွင်မှာ မျက်နှာ အပ်ခါ ထပ်ငို မိပြန်ပြီ..။
“ငိုနေတာလား...ဟင်..”
ကိုကို က ပခုံးကို ကိုင်ပြီး ဆွဲခွါပေမဲ့ ပုံ့ ခေါင်းရမ်းရင်း နဖူးဆိုက် ကပ်ထားလိုက်သည်...။
“ဘာဖြစ်လို့လည်း..”
“ကိုကို့ ကို ချစ်လို့ပါ...”
“အိုး...ဟား..ဟား...ကိုကိုလည်း ချစ်တာပေါ့...”
ကိုကို ဘယ်လို ချစ်တယ်လို့ သတ်မှတ်လိုက်တာလည်း ....
ပုံ့ မျက်နှာချင်းဆိုင်ပြီး ကိုကို့ ကို မျက်လုံးချင်ဆုံအောင် ကြည့်လိုက်တော့ ကိုကို ကလည်း ပြန်ကြည့်ပြီး ခဏကြာတော့ အကြည့်လွဲသွားသည်..။
“ချစ်တယ်..”
ကိုကို့ မေးဖျားကို ခေါင်းမော့ပြီး နမ်းလိုက်တော့ ကိုကို က မျက်ခုံး တစ်ချက်တွန့်သွားပြီး ငုံ့ကြည့်လာသည်..။
“ပုံ့ ကိုကို့ ကို အရမ်းချစ်တယ်...”
“အဲ..”
“ဟင်..မေမေ..မဟုတ်..”
တံခါး ကို ပြန်စေ့ပြီး ထွက်သွားတဲ့ မေမေကြည်ကြောင့် ကိုကို က မျက်လုံးပြူးရင်း ရှင်းပြဖို့ ကြိုးစားနေသည်..။
ကိုကို မေးကို ကိုင်ဆွဲပြီး လှည့်လိုက်တော့ ကိုကို က ပုံ့ ကို ပြန်ကြည့်သည်..။
“မေမေ အထင်လွဲ..”
မာန်သွေး ကို မေမေ တွေ့သွားတော့ ရှင်းပြရတော့မယ်ဆိုတာ သိပေမဲ့ ပုံ့က တစ်မျိုး...။
မျက်နှာကို ပြန်ဆွဲလှည့်နေလို့ သူ့ကို ပြန်ကြည့်ရတော့သည်..။
“လွဲပါစေ...တစ်ခါတည်း လက်ထပ်ပေးလိုက်လည်း ကောင်းတာပေါ့..”
“ဟင်..”
“ကိုကို ကလည်း ကြောင်တောင်တောင် လုပ်နေတော့မှာလား..”
“အင်းလေ...ပုံ့ ဘာဖြစ်လို့လည်းလို့...”
မာန်သွေး နားမလည်ပဲ မေးလိုက်တော့ ပုံ့ က နှုတ်ခမ်းစူပြီး ခြေဖျားထောက် မော့လာသည်..။
နောက်ကို နည်းနည်း ရုတ်မိတော့ ရှေ့တိုးပြီး မထင်မှတ်ပဲ အနမ်းတစ်စွန်း ကျလာချိန် မာန်သွေး မျက်လုံးပြူးသွားရသည်..။
သေသင့်နေပြီ....တဒိုင်းဒိုင်း ခုန်ပေါက်နေတဲ့ ရင်ခုန် သံတွေကို ဘာတွေနဲ့ ဖုံးကွယ်ရမှာလည်း...။
“ကိုကိုလည်း ပုံ့ ကို ချစ်တယ်မလား..”
“ဟင်..”
“မချစ်ဘူးပေါ့...”
“အဲဒါ...”
မာန်သွေး ဘယ်လို ပြန်ပြောရမလည်း တွေးနေချိန် ပုံ့ က နှုတ်ခမ်းစူပြီး တွန်းဖယ်လိုက်တော့ ယောင်ပြီး ဆွဲဖက်လိုက်မိသည်..။
“အင်...”
“ချစ်တာပေါ့...ပုံ့ရယ်..ကိုကို အရမ်းချစ်တာပါကွာ...”
“ခုမှ.....ပြော..”
“ပုံ့ မုန်း သွားမှာ စိုးလို့ပါကွာ..”
“ကိုကိုရယ်....”
“အိုး..ဆောရီး...ကိုကို..ယောင်သွားလို့...အကျီ င်္၀တ်ပြီးမှ..ဆက်ပြောဖို့.”
ကိုကို ပြောမှ သတိရပြီး ပုံ့ နောက်ဆုတ်လိုက်တော့ ရေလဲပုဆိုး နဲ့  ကိုယ်အပေါ်ပိုင်း ဗလာကျင်းနေတာတွေ့ပြီး အကြည့်လွဲလိုက်ရသည်..။
ရှက်ဖို့ ကောင်းလိုက်တာ  မေမေကြည် ဒါကိုတွေ့သွားပြီး တစ်မျိုးတွေ ထင်..အိုး...ပုံ့ ဘယ်လို ပြန်ရမလည်း..။
လှေကားတွေကို ပြေးဆင်းလာပြီး ဧည့်ခန်းမှာ ဘယ်သူမှ မတွေ့လို့ အိမ်ရှေ့ကို ဆက်ပြေးရသည်..။
“သမီး ပြန်တော့မလား..”
‘ရှင်...ဟုတ်...”
ပုံ့ နောက်လှည့်မကြည့်ပဲ ပြေးရတာ ခလုတ်တွေ တိုက်လို့လည်း တိုက်...။
“ပြန်လာပြီလား..”
“ဟုတ်..”
“ပရုတ်ဆီ..”
“ရှင်..”
‘သြော်..တစ်ခါတည်း ရှုလာတာလား...မျက်နှာတွေ ရဲနေတာပဲ..”
“..ဟို....ဟုတ်...”
ပုံ့ ခေါင်းညိတ်ပြီး အခန်းထဲ ၀င်ခါ လော့ခ်ပါ ချပစ်လိုက်သည်..။
ရှက်ဖို့ကောင်းလိုက်တာ...သေချင်တာပဲ..
ဟင့်....မိန်းကလေးဖြစ်ပြီး...။
အား....ကိုကို တော့ တစ်မျိုးထင်သွားပြီလား...။
ကုတင်ပေါ် ပစ်လဲချပြီး ပူလာလို့ အနွေးထည် ချွတ်ခါ ဘေးကို ပစ်ချလိုက်ရသည်..။
ကိုကို့ ရင်ခွင်ထဲ ခေါင်းတိုး၀င်ခဲ့တာ ပြန်တွေးပြီး ရင်တွေခုန်လာရသည်..။
သတိမထားမိလိုက်တာ အခုတော့ ပုံ့ နှာခေါင်း နဲ့ နှုတ်ခမ်းရာတွေ ကိုကို့ ရင်ဘတ်မှာ ပြည့်နေပြီ...။
အဖျားတောင် ပြန်တက်လာပြီလား...။
ပုံ့ နဖူးကို ပြန်စမ်းမိပြီး စောင်ကို ဆွဲခြုံခါ ရှက်စရာ အတိတ်ရဲ့ အတွေးတွေကို ကြိုးစားဖျောက်ပစ်နေရသည်..။
.
“ဦးလေးကျော်..”
“သြော်..သားကြီး လာ..”
“ဝိုင်း ဆိုင်ကို သွားမယ်ဆိုလို့ပါ..”
“သမီးကြီးရေ....နင့် ကိုကြီး လာခေါ်တယ်..”
“ဟုတ်...လာပြီ ဖေဖေ...”
“ပုံ့...မုန့်ထွက်စားဦးနော်..နေကောင်းခါစ..”
“ဟုတ်..”
၀ိုင်း တံခါးခေါက်နေတာ ဖွင့်မပေးတဲ့ အဆုံး ကိုကြီး ကလည်း ရောက်လာတော့ စိတ်မချပေမဲ့ ထွက်လာခဲ့ရသည်...။
မနေ့က  ဘယ်အချိန် ပြန်ရောက်နေမှန်းတောင် သတိမထားမိပါဘူး..။
ဒီဇိုင်း တွေ မပြီးသေးလို့ စိတ်နှစ်ပြီး ဆွဲနေရတာ ည ဆယ်တစ့်နာရီကျော်တဲ့ အထိပင်..။
ပိုက်ဆံအိတ် နဲ့ စာအုပ်ကို ယူပြီး အိမ်ရှေ့ ခန်းကို ရောက်တော့ ခုံမှာ အကျအန ထိုင်စောင့်နေတာ အားနာရသည်..။
“သွားမယ် ဖေဖေ..”
“အင်း...ပုံ့ မနိုးသေးဘူးလား..”
“နိုးပါပြီ..ဖေဖေ လည်း သွားမယ်မလား..”
“ဖုန်းစောင့်နေလို့ ကဲ သွားကြ..”
“ဟုတ်..”
၀ိုင်း ဖိနပ်၀တ်ပြီး အရင်ထွက်လာတော့ သူက ဖေဖေ့ ကို နှုတ်ဆက်နေသေးသည်..။
ကားထဲ ရောက်တော့ ထုံးစံ အတိုင်း စကား တစ်ခွန်းမပြောပဲ တိတ်ဆိတ်နေသည်..။
နေပေါ့လေ...မြိုသိပ်နိုင်တယ်ဆိုတာ ပြချင်နေတာလား...။
“ရင်မှာခံစားရတဲ့အဖြစ်ကို..🎼.မင်းကနားမလည်တော့..🎼”
‘ဟလို...”
“သြော်.....ဇော်လား..”
၀ိုင်း မျက်လုံးထောင့်ကပ်ကြည့်လိုက်တော့ ဘာမှ မထူးခြားသလို ကားကိုပဲ အာရုံစိုက်မောင်းနေသည်..။
“အင်း..မမ...ဒီနေ့မှ ဆိုင်ကိုလာမှာလေ....ဇော်က ဘယ်တုန်းက လာစောင့်နေတာလည်း..”
“အိုး...နေ့တိုင်းပဲပေါ့...အားနာလိုက်တာကွာ...”
“ဟုတ်တယ်...အခုထွက်လာပြီ..စောင့်မလို့လား...ဒါဆိုလည်း စောင့်လေ...အမလေး...ပိုပြီနော်..”
၀ိုင်း အမူအယာပို အသံကို ချို ပြီး ပြောနေပေမဲ့ ဘေးက တည်ငြိမ်သူကြီးက အခုကျပြန်တော့လည်း မလှုပ်မယှက်....။
“ကိုကြီး ညနေအားရဲ့လား..”
“အင်း..”
“ဒါဆို ၀င်ခေါ်မှာလား..”
“ခေါ်ရမလား..”
မေးတဲ့ပုံက ဖြေရခက်အောင်မေးနေတာ....လာခေါ်ပါဆိုရင် သူ့ကို တောင်းဆို ဆိုတဲ့ အထာတွေနဲ့လေ...။
ကားမှ မရှိတာ ဘယ်တက်နိုင်မလည်း...
ပုံ့ ဆံပင်တွေကို နောက်ကို သပ်ပို့လိုက်ပြီး စကားမပြောခင် ဘာမှ မရှိတဲ့ လေဟာနယ်ကို တစ်ချက်မြိုချလိုက်သည်..။
“ကိုကြီး အားရင် လာခေါ်ပေးပါလား..”
“အိုကေ...”
အဲလို ပြောစေချင်လို့ ကို စကားလမ်းကြောင်းနေတာ သိသားပဲ...
၀ိုင်း မျက်စောင်း မသိမသာ ထိုးပြီး အပြင်ဘက်ကို ငေးနေလိုက်သည်..။
“အို..”
မီးပွိုင့် ရုတ်တရက် နီသွားတော့ ဘရိတ်မှေးလိုက်တာ ဝိုင်း ပေါင်ပေါ်က စာအုပ် ပြုတ်ကျသွားသည်..။
စာအုပ်ကို ငုံ့ကောက်လိုက်ချိန် ဝိုင်း ဆံပင်တွေက ပြိုကျလာပြီး ..
“ဟင်..”
သူ့လက်ထဲမှာ တစ်ရှုးကြီးနဲ့ ဘာလုပ်နေတာလည်း...။
တစ်ရှုးခံပြီး ဆံပင်ကို ကိုင်ထားတာ ဘာသဘောလည်း...။
၀ိုင်း စိတ်ထဲက ခံစားချက် အတိုင်း မျက်ခုံးတွေ တွန့်ကြုတ်သွားရသည်..။
“ဆံပင်ကို ချထားတာ မကောင်းဘူး...ကျစ်ဆံမြီးဆို ပိုကောင်းတယ်..ဆံပင်တွေက အရမ်းရှည်တာလေ...”
“အလုပ်လုပ်ရင် ညှပ်ထားတာပါ...ဘာလည်း...ဝိုင်း ဆံပင်က မသန့်ရှင်းဘူးထင်လို့လား...ဒါမှ မဟုတ် ရောဂါ ပိုးမွှားတွေ ကပ်ညှိနေလို့လား...မထိချင် မကိုင်ချင် ဖြစ်နေတာ..”
၀ိုင်းကို တအံတသြ ပုံစံ နဲ့ လှည့်ကြည့်ပြီး ကားဟွန်းသံကြောင့် ရှေ့ကို ပြန်လှည့်သွားသည်..။
“မဟုတ်ဘူးလေ....ဝိုင်း ဆံပင်ကို ထိခွင့်ပြုမထားလို့ပါ..”
“ဟင်..”
မျက်၀န်းနက်ကလေးတွေ ဝိုင်းပြီး အံသြသလို ငဲ့ကြည့်နေတဲ့ ဝိုင်းကို မသိချင်ယောင်ဆောင်နေလိုက်ပြီး ကားရှေ့ကိုပဲ ငေးနေလိုက်သည်..။
ဇော်တဲ့...ဇော်ဆိုတဲ့ အသံလေးတွေ နူးညံ့ချိုမြနေတာ ကြားတော့ စိတ်ထဲမှာ လှိုင်းပြင်းပြင်း ရိုက်ခတ်သွားသည်..။
ဒီလူက ဝိုင်းဆံပင်ကို တယုတယ ကိုင်ပြီး စုစည်းပေးခွင့်ရခဲ့သည်..။
ကိုယ် မြည်းစမ်းခွင့်တောင် မရတဲ့ ဝိုင်းလက်ရာကို  အိမ်မှာ မုန့်လုပ်စားတိုင်း သူ့ကို ဖိတ်ပြီး ကျွေးသည်..။
ကိုယ့်ရှေ့မှာတင် ဝိုင်းလက်ကို  ဆုပ်ကိုင်လမ်းလျှောက်ခွင့်ရသည်..။
သဘောမကျလို့ မကြိုက်ဘူးလို့ ပြောရင် နာခံမှာလား..။
ဘာဆိုင်လို့လည်း ဆိုတဲ့ မေးခွန်းရဲ့ နာကျင်မှုကို မခံစားနိုင်ပါဘူး..။
ကိုယ့်အရှက် ကိုယ့်သိက္ခာကို စော်ကားခံရမယ်...သူလည်း ဒေါသကြောင့် ဝေဒနာ ဖြစ်မှာစိုးရိမ်လို့ မခံစားရသလို ဟန်ဆောင်နေခဲ့တာလေ...။
ရိုးရှင်းစွာ ချစ်ကြည့်ဖို့ပဲ ကြိုးစားမိတော့သည်..။
တစ်လမ်းသွားဆိုလည်း ကိစ္စတော့မရှိပါဘူး...တစ်နေ့တော့ ဖွင့်ပြောမှာပေါ့...သူ လက်ခံလည်း ပျော်မယ်...သူ လက်မခံလည်း ခဏတဖြုတ်တော့ ၀မ်းနည်း မိမှာပါလေ...။
“သြော်..တကယ်စောင့်နေတယ်..”
သူ့စကားကြောင့် အောင်သွေး ဆိုင်ရှေ့ ကို ကြည့်လိုက်တော့ ဟိုကောင်လေးက ဘောင်းဘီအိတ်ကို လက်ချိတ်ပြီး ရပ်နေသည်..။
ကားတံခါးဖွင့် လိုက်တာနဲ့ ဟိုဘက်က လှမ်းပြုံးပြနေပြီ..။
“သွားပြီ....အ...”
၀ိုင်း ထဖို့ လုပ်ပြီးမှ ပြန်ထိုင်ကျသွားရသည်..။
နောက်ကျောမှာ တစ်ခုခု နဲ့ ချိတ်ပြီး ဆံပင်ကို ဆွဲနေတာ လှည့်ကြည့်လို့လည်းမရ...။
ဘေးခုံကို လှမ်းကြည့်လိုက်တော့ ကိုကြီးကလည်း ဝိုင်း ဆံပင် အနောက်ကို ကြည့်ပေးသည်...။
“စတေကာနဲ့ ငြိနေတယ်..”
“ဟင်..”
လက်မလှုပ် လူမရွေ့လာတော့ ဝိုင်းကိုယ့်ဟာကို ပဲ မှန်းပြီး ဆံပင်ကို ရသလောက်ဆွဲကြည့်မိသည်..။
“အ....”
“အများကြီး လုံးထွေးနေတာ ဆွဲရင် ပိုဆိုးလိမ့်မယ်..”
“အဲဒါဆို ကိုကြီး ဘာလို့ ကြည့်နေလည်း နည်းနည်းပါးပါး လုပ်ပေးပါလား..”
“ကိုယ် လုပ်ပေးရမယ်..လက်နဲ့ ကိုင်ရမှာလား..”
“လက်နဲ့ မကိုင်လို့ဘာနဲ့ ကိုင်မလို့လည်း...လက်အိတ်သွား၀ယ်..”
“အဟွင်း...”
မျက်နှာ စူပုတ်ပုတ်နဲ့ အသံမြှင့်ပြီး ရန်တွေ့နေတဲ့ ဝိုင်းကြောင့် ပြုံးလိုက်မိသည်..။
“ဟိုဘက်လှည့်..”
၀ိုင်း ဆတ်ခနဲ့ ကျောပေးသွားတော့မှ ကားကူရှင် က စတေကာ ကို ဆွဲပြီး ဆံပင်လေးတွေကို ခပ်ဖြည်းဖြည်း ဆွဲခွါရသည်..။
ခေါင်းလျှော်ရည် နံ့ သင်းသင်းလေး တစ်ချက် ဝေ့လာတော့ ဆံပင်ရှည်တွေကို ကိုင်ခွင့်ရှိလို့ ဆွဲယူ နမ်းရှိုက်ခွင့်ပါ တောင်းဆိုချင်သည်..။
သက်ပြင်းတစ်ချက် ခိုးရှိုက်လိုက်ပြီး စတေကာ မှာ ကပ်နေတဲ့ ဆံပင်တွေကိုပဲ သေချာ ခွာပေးလိုက်သည်..။
ခွင့်မပြုရင် ဘာမှ မလိုချင်တော့ပါဘူး...။
“ရပြီ..”
“အင်း..ကျေးဇူး...”
“ဆံပင်နောက်တွေ ပွနေတယ်...လက်နဲ့ သပ်လိုက်ဦး..”
“ဟုတ်..”
နာခံတက်သူ တစ်ယောက်လို ဆံပင်နောက်ပိုင်းတွေကို လက်နဲ့ စုသိမ်းသပ်ချပြီးမှ ကားပေါ်က ဆင်းသွားသည်...။
စိမ်းပြာရောင် ၀မ်းဆက်နဲ့ ဆံပင်ရှည်တွေကို ငေးကြည့်ရင်း တစ်ချိန်က ကောင်မလေးက မမေ့မပျောက်ပြန်ပေါ်လာပြန်သည်..။
“ဆံပင်ရှည် မထားချင်ပါဘူး..ကိုကြီးကလည်း ခေါင်းရှုပ်တယ်..”
“ခေါင်းရှုပ်တယ်ဆိုပြီး ညှပ်တာ ကတုံးသာသာပဲ ကျန်တော့တယ်လေ..”
“ဆယ်တန်းလေ ကိုကြီးရဲ့ ဒီဆံပင်ကို ဘယ်လို ဂရုစိုက်မလည်း..”
“အောင်မယ်....ဒီလိုသာဆို ကဗျာ တို့ ဘယ်လိုလုပ်မလည်း..ဝိုင်းသူငယ်ချင်းတွေထဲမှာ ဝိုင်းလောက်ဆံပင် ဘယ်သူမှ မတိုဘူး..ကဗျာ က ဆံပင်အရှည်ဆုံး စာလည်း အတော်ဆုံးပဲမလား..”
“ဝိုင်း ကို လူတကာ နဲ့ လိုက်မယှဉ်ပါနဲ့ ဝိုင်း ဘ၀က သူတို့လိုမှ မဟုတ်တာ...”
“ဆောရီးပါကွာ...ကိုကြီးက ဝိုင်းက သူများတွေလို လှလှပပလေး ဖြစ်စေချင်တာပါ...ဆောရီးနော်...အင်္ဂလိပ် တက်စ် ကို အရင်ကြည့်နော်...ပြီးရင် ကိုကြီးကိုပြော..”
စကားတစ်ခွန်းပြောပြီးတိုင်း သူထင်ချင်ရာထင် တွေးချင်ရာတွေးပြီး အားငယ်နေတက်တဲ့ ဝိုင်းကို ငယ်ငယ်ကတည်း က အရိပ်အခြေကြည့်ပြီး စကားပြောခဲ့ရတာမဟုတ်လား..။
အခုလည်း အပြောမတက်ရင် စော်ကားပါတယ်လို့ ခေါင်းစဉ်တပ်ခံရမှာ စိုးကြောက်မိသည်..။
သက်ပြင်းများကို အဖော်ပြုရင်း ကျောပေးထွက်လာရပေမဲ့ နောက်ကြည့်မှန်က တစ်ဆင့် ငေးမိပြန်သည်...။
ကိုယ့် နှလုံးသားကို မင်းလေးတစ်နေ့ နားလည်လာမှာပါ ဝိုင်းရယ်...။
━━━━━━━☆☆━━━━━━━
ဘယ်လိုလည်း?😁
စာအရမ်းရှည်သွားတယ်နော်..ဆောရီးပါ 🙏

တစ်ချိန်တည်း ရေးရတာ မဟုတ်ပဲ
ရေးလိုက်နားလိုက်နဲ့မို့ အဆက် မမိဘူး...

စာလုံးပေါင်းလည်းမမှန် အရေးအသားလည်းမကောင်း
သည်းခံပြီးဖတ်ပေးတဲ့ စာဖတ်သူတိုင်းကို ကျေးဇူးအထူးထူးတင်ပါတယ် ❤

Love u all ❤
#စပိုက်ကာ

ပိုင်ရှင်Where stories live. Discover now