Part 28

3.9K 524 9
                                    

Unicode

Operation

ထိုအခန်းထဲသို့ ပါး မည်သည့်အချိန်တွင် ဝင်သွားသည်ကိုမသိသော်ငြား baekhyun အတွက်တော့ အချိန်တော်တော်ကြာနေပြီဟု ထင်နေသည်။

ပါး ကားတိုက်ခံရသည်တဲ့...

ဘယ်ကနေ ဘယ်လိုတွေ ဖြစ်သွားကြောင်း ဗလုံးဗထွေးရှင်းပြနေသော စကားသည် နားထဲမဝင်ဆံ့။ ကြားလိုက်ရသော စကားလုံးသည် နားထဲပါမက ရင်ဘတ်တွင်းထိပါ သံရည်ပူလောင်းချလိုက်သည့်အလား.. ပူခြစ်ခြစ်..။ ခေါင်းတစ်ခုလုံးအတွင်း ဗုံးပေါက်သွားသည်ထက် ပိုဆိုးသည့် ဆောင့်တက်မှု။ ပြောသည့်သူသည်လည်း ထို့ထက်ပိုယဥ်ကျေးအောင် မဆိုနိုင်တော့ထင်သည်။ ကြားကြားချင်းပင် ခြေထောက်တွေခွေယိုင်ကာ ပစ်လဲမလိုဖြစ်သွားချင်သော်ငြား မျက်စိရှေ့တွင် ငိုယိုနေသောမားကြောင့် လူက အရှိန်ထိန်းထားလိုက်ရသည်။

သူဆေးရုံသို့ အပြေးတစ်ပိုင်း ရောက်လာသည့်အချိန်တွင်ပင် ပါးက ခွဲစိတ်ခန်းဝင်သွားပြီဟု ဆို၏။ မားကတော့ အသက်မရှိတော့သည့် လူတစ်ယောက် မျက်လုံးကဲ့သို့ လှုပ်ရှားမှုမရှိ။ တည်ငြိမ်နေသည်ထင်ရသော်ငြား စိတ်ထဲ၌ မည်မျှပင် ကမ္ဘာပျက်နေလိမ့်မည်နည်း...။ တစ်သက်နှင့်တစ်ကိုယ် မွေးလာကတည်းမှ မျက်စိရှေ့တွင် မားထိုမျှလောက်ထိ ပုံပျက်ပန်းပျက် ငိုယိုနေသည်ကို မမြင်ဖူး။

Baekhyun လည်းတအားကြောက်လန့်နေသော်ငြား ခုလက်ရှိအခြေအနေအရ စိတ်ငြိမ်ငြိမ်ထားဖို့ ကိုယ်ကိုယ်တိုင် အာရုံစူးစိုက်နေရသည့်အပြင် မားကိုပါ စိတ်​လျော့ခိုင်းနေရသေးသည်မို့။ ဘေးနံရံနားတစ်လျှောက်တွင် ကပ်ပေးထားသော စတီးထိုင်ခုံတန်းလေးတွင် အသက်မရှိသကဲ့သို့ ထိုင်နေသည်မှာ အချိန်မည်မျှကြာသွားသည်ကို သူမသိ။

နှာခေါင်းထဲ ဆေးအနံ့မျိုးစုံအားရနေသည်။ အပြင်ဘက်တွင်လည်း မိုးများ သည်းထန်စွာရွာနေသေးသည်။ အချိန်သည်လည်း တော်တော်ညနက်နေပြီဖြစ်သည်။

အပြာရောင် အပေါ်အောက်ဝမ်းဆက်နှင့် mask အုပ်လျက် ထွက်လာသော ဆရာအား မြင်သည်နှင့် ရုတ်တရက် စိတ်အလောကြီးစွာ ထရပ်လိုက်သော်ငြား.. မားက baekhyun ထက်ပင် ပိုစိတ်စောနေပုံရသည်။ ထိုဆရာဝန်ငယ်လေး၏ လက်နှစ်ဖက်အား သေချာ တယုတယ ဆုပ်ကိုင်ကာ ပါး၏အခြေအနေကိုသာ အဆက်မပြတ်မေး၏။

H Y U N GWhere stories live. Discover now