Part_31​ (Unicode)​

921 103 21
                                    

မနက်7နာရီခွဲနေပြီဖြစ်သော်လည်း နေအလင်းရောင်သည်​ အခုချိန်ထိမှိန်ပျပျလေးတောင် ထွက်မလာသေးပေ။

"သားရေ... ထတော့လေကွယ်"

အခန်းအပြင်ဘက်က မေမေလှမ်းနှိုးနေသည့်အသံကို ကြားရသည်။ ကျွန်တော်နိုးနေသည်မှာ မနက်5နာရီတီးကတည်းကပင်။ နိုးကတည်းက စာကြည့်စားပွဲမှာထိုင်ပြီး​ စာအုပ်ကိုဖွင့်လိုက်၊ပိတ်လိုက်လုပ်နေမိသည်မှာ အခုချိန်ထိဖြစ်သည်။

"သားရေ..."

မေမေ့အသံကို ထပ်ကြားရပြန်ပြီ။ မနိုးမချင်းအခန်းအပြင်ကနေ အော်နှိုးတတ်သည့်​ မေမေ့အကျင့်ကိုသိသူပီပီ ကျွန်တော်နိုးနေပြီဖြစ်ကြောင်း​ လှမ်းအော်ပြောရသည်။

"နိုးပြီ မေမေ... ခဏနေရင်ဆင်းလာခဲ့မယ်။"​

"အေးအေး"​

ကျွန်တော်​ဘယ်လိုမှ​ ဒီစာအုပ်ကနေ အာရံုလွှဲမရဘူးဖြစ်နေသည်။ ကျွန်တော့်စိတ်တေွ လေးနေသည်။ ဒီစာအုပ်ကိုဖတ်ပြီးလျှင် သေချာပေါက်နောင်တရလိမ့်မည်ဆိုတာ ကြိုသိနေသလိုပဲ။ ကျွန်တော်ဒီစာအုပ်ကို ဆက်မဖတ်ရဲဘူး။ သို့ပေမယ့် ဆက်မဖတ်မချင်း ကျွန်တော်ဘယ်အရာပေါ်ကိုမှ အာရံုစိုက်နိုင်မည်မထင်ပါ။

"ဖတ်မယ်ကွာ... ဒီနေ့အလုပ်မသွားတော့ဘူး။"​

စာအုပ်ကိုပိတ်လိုက်ကာ ထိုင်ခံုမှထလာခဲ့သည်။ ရေချိုးခန်းထဲဝင်ကာ မျက်နှာသစ်၊သွားတိုက်ပြီးတာနှင့် အောက်ထပ်သို့​ မနက်စာစားရန်ဆင်းလာခဲ့လိုက်သည်။

"အဝတ်အစားတစ်ခါတည်း လဲမလာဘူးလား သား"​

"ဟင့်အင်း မလဲလာဘူးမေမေ... သားဒီနေ့ အလုပ်မသွားတော့ဘူး။"

ကျွန်တော့်စကားကြောင့် မေမေသည်ပြာပြာသလဲဖြင့် အနားသို့လာကာ ဟိုစမ်းဒီစမ်းလုပ်လာလေသည်။

"နေမကောင်းလို့လား သား... ဆေးခန်းသွားမလားဟင်"​

"နေကောင်းပါတယ် မေမေရဲ့... တစ်ရက်လောက် အိမ်မှာ​ အေးအေးဆေးဆေးအနားယူချင်လို့ပါ။"

"​အင်းပါ။ နားနား... မေမေဘာချက်ကေျွးရမလဲ... သားစားချင်တာပြောလေ။"​

Second Person (Season_1)​(Completed)​Where stories live. Discover now