(Unicode)အဖေ ထိုသို့လုပ်လိမ့်မည်ဟု ဆော့ဂျင် မထင်ထားခဲ့။ ဒါက အတော်ရှက်ဖို့ကောင်းလေသည်။ ဆော့ဂျင်အနေနှင့် အဖေ့ရဲ့ လုပ်ရပ်များအပေါ် လုံးဝလက်မခံနိုင်ပေ။
ထို့အပြင် ကိုယ့်ကိုကိုယ်လည်း စိတ်ပျက်စရာကောင်းသည်ဟု ဆော့ဂျင် ခံစားလာရသည်။ ဂျွန်ဂျောင်ကု ပြောတာတွေသာ အမှန်ဆိုလျှင် ထိုအနမ်းတစ်ခုက ဒီလောက်ထိပြဿနာကြီးသွားလိမ့်မည်ဟု ဆော့ဂျင် မထင်ထားခဲ့။ သူ့ဘက်က စနမ်းတာ မှန်ပေမယ့် ဂျွန်ဂျောင်ကုလည်း သူနမ်းတာကို ကြိုက်သည်မလား။ သူ့ခါးတွေကိုတောင် အတင်းအကျပ်ဖက်ခဲ့တာပဲလေ။
ဂျွန်ဂျောင်ကု ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ... အခုချိန်တွင် ထိုအရာက အဓိကမကျ။ ပြဿနာအားလုံးကို ဖန်တီးခဲ့သော ဆော့ဂျင်ကိုယ်တိုင်ရဲ့ အမှားသာဖြစ်သည်။ ထို့ကြောင့် ထိုအရှုပ်များအား သူကိုယ်တိုင်ရှင်းမှသာ ဖြစ်တော့မည်။ ဆော့ဂျင်သည် အရာရာကို ထင်တိုင်းကြဲကာ တဇွတ်ထိုး လုပ်တတ်သည့်တိုင်အောင် သူ့၏ မဆင်ခြင်မှုကြောင့် တစ်ပါးသူ အိုးမဲ့အိမ်မဲ့ဖြင့် အလုပ်လက်မဲ့ဖြစ်မည်ကိုတော့ ဆော့ဂျင် လက်မခံနိုင်ပါ။ သူသည် ရက်စက်ကာ အသည်းနှလုံးမရှိသည့်သူတစ်ယောက် မဟုတ်ပေ။
အဖေက ဒီတစ်ခါတော့ လုံးဝမစူးစမ်းမဆင်ခြင်ပဲ လုပ်လိုက်သည်ပဲ...။
ဆော့ဂျင် အဖေ့ရဲ့ စာကြည့်ခန်းတံခါးကို အသာခေါက်လိုက်သည်။ တစ်ဆက်တည်းမှာပင် အခန်းထဲမှ အဖေ၏ သြဇာလွှမ်းနေသောအသံကြောင့် ဆော့ဂျင် အသက်ကိုအောင့်ရင်း အခန်းထဲသို့ ဝင်လာလိုက်သည်။
"မင်္ဂလာညနေခင်းပါ... ဖေဖေ..."
ဆော့ဂျင် နှုတ်ဆက်လိုက်၏။ ထိုအခါ အဖေက သူ့အား ထိုင်ခုံတွင်လာထိုင်ရန် မေးဆတ်ပြလေသည်။ အခန်းထဲတွင် ရောက်နေပြီးသော အမေက အဖေ့အတွက် ကော်ဖီဖျော်နေရာမှ ဆော့ဂျင်အား ပြုံးကြည့်လာလေသည်။
"ဂျင်နီလေး... အလုပ်မှာ အဆင်ပြေလား... ယွန်ဂျွန်ပြောတာတော့ သားက ကောင်းကောင်းလုပ်နေတယ်ဆို... ပြီးတော့ ရောင်းအားတွေလည်း တက်လာတယ်ဆို... ငါတို့သားလေးက တော်လိုက်တာ..."
YOU ARE READING
Perfect Flaws ✔️
General FictionStart : 211006 End : 211203 Language : Myanmar [Unicode + Zawgyi]