(Unicode)ကားစီယာတိုင်ပေါ် တင်ထားသော လက်များကို ဆော့ဂျင် ပိုမိုတင်းကျပ်မိလိုက်သည်။ သူ့နံဘေးနားမှ ဂျွန်ဂျောင်ကုကတော့ ဘယ်လိုမှ မနေသော်လည်း သူကတော့ စိတ်လှုပ်ရှားနေမိသည်။ ဒီနှာဘူးကောင်ကို သူ့ရဲ့ ချစ်သူအဖြစ် ဟန်ဆောင်ခိုင်းဖို့ ယုံကြည်စိတ်ချလို့ ရလောက်ရဲ့လား။ သူ့အား အထက်လူကြီးတစ်ယောက်ဟုပင် သဘောမထားသော ဒီလို အရိုင်းအစိုင်းကောင်ကိုလေ...။
ဂျွန်ဂျောင်ကုတစ်ယောက် ထိုကဲ့သို့ ပြုမူနေသည်မှာ အဖေက အတင်းအကြပ် ခြိမ်းခြောက်သည်ကို မကျေနပ်၍လား။ ဒါမှမဟုတ် ပြဿနာထဲ ဆွဲထည့်သော သူ့အား မကျေနပ်၍လား။ ဘယ်လိုပဲဖြစ်ဖြစ် ပြဿနာများကို ဖန်တီးထားသူမှာ သူကိုယ်တိုင်ပင်ဖြစ်သည်မို့ ဆော့ဂျင် ဂျောင်ကုအပေါ် အပြစ်မတင်ချင်ပေ။
"ဒီနားမှာ ခဏလေး ရပ်လို့ရလား..."
ဂျောင်ကုက လမ်းထောင့်နားက ပန်းဆိုင်လေးကို လက်ညိုးထိုးပြပြီး ရပ်ခိုင်းသည်မို့ ဆော့ဂျင် မျက်မှောင်တစ်ချက်ကျုံ့လိုက်ပြီး ကားကို ကပ်ရပ်ပေးလိုက်သည်။ ထို့နောက် ထိုသူက ကားထဲမှ ချက်ချင်းပင် ထွက်သွား၏။ ဆော့ဂျင် ကားထဲတွင် စောင့်နေပြီး ဆယ်မိနစ်ခန့် ကြာသောအခါ ဂျောင်ကုက ပြန်ထွက်လာသည်။ လက်ထဲတွင်လည်း လှပသေသပ်သော ပန်းစည်းတစ်စည်းနှင့် စာအုပ်တစ်အုပ်ကို ကိုင်ထားသည်။
"ငါ့အဖေက စာဖတ်ရတာ သဘောကျတယ်ဆိုတာ မင်း ဘယ်လိုသိတာလဲ..."
ဆော့ဂျင် ကားကို မောင်းနေရင်းမှ မေးလိုက်သည်။
"ယွန်ဂျွန်ကို မေးလိုက်တာလေ... CEO ကင်မ်က ဘာတွေဝါသနာပါလဲလို့... ယွန်ဂျွန်က ဘုံဂယူကို သွားမေးလိုက်တယ်ထင်တယ်..."
ဆော့ဂျင် နည်းနည်း မှင်သက်သွားရ၏။ ထိုသူသည် သူ့မိဘတွေရဲ့ အကြိုက်ကိုသိအောင် အချိန်ပေးခဲ့လေသည်လား။ ဘယ်လိုအမှတ်ရအောင် ယူရမလဲတော့ သိသားပဲ။
ဂျောင်ကုတစ်ယောက် ပေါင်ပေါ်တွင် တင်ထားသော လက်ကို ကစားနေမှန်း ဆော့ဂျင် သတိထားမိပါသည်။ ထိုသူသည် စိတ်လှုပ်ရှားနေသည်ကို ဖုံးကွယ်ထားသည်ပဲ။ ဆော့ဂျင် ကင်မ်အိမ်တော်ဝင်းထဲသို့ ဝင်လာပြီး ကားကို စင်ဝင်အောက်တွင် ရပ်လိုက်သောအခါ ဂျောင်ကုက အောင့်ထားသော အသက်ကို မသိမသာ မှုတ်ထုတ်လိုက်ပုံရသည်။
YOU ARE READING
Perfect Flaws ✔️
General FictionStart : 211006 End : 211203 Language : Myanmar [Unicode + Zawgyi]