Hidden Wish

4.2K 516 100
                                    

( Hidden Wish လေးကို ဒီဇင်ဘာ ငါးရက်နေ့ထိ တင်ထားပါ့မယ် )

✉️ ✉️ ✉️ ✉️ ✉️

" ညံ .. ညံ။ ဒီမှာ ထိုင်။ ငြိမ်ငြိမ်လေးပဲ နေနော် "

ခုံတစ်လုံးချပြီး ချော့ချော့မော့မော့ ထိုင်ခိုင်းရသည်။ ပေကပ်ကပ်လေး ညံက ကတ်ကြေး တစ်လက်နဲ့ တက်ကြွနေသည့် ကျွန်တော့်ကို မယုံ။ ခုံမှာ ဝင်ထိုင်ပြီး ပေစောင်းစောင်း ကြည့်လာ၏။

" မင်း .. သေချာရဲ့လား "

" ယုံလိုက်စမ်းပါ။ မင်းအတွက် သင်ထားတာ "

မချင့်မရဲ မော့ကြည့်နေသော မျက်ဝန်းညိုလေးကို အပိုင်ပြောပြီး လုပ်ငန်းစဖို့ ပြင်လိုက်၏။ မဟုတ်မခံ ဆတ်ဆတ်ကြဲလေး ညံက ချစ်ရည် ရွှန်းလဲ့သော မျက်ဝန်းများဖြင့် မကြည့်တတ်၊ ချိုသာပျော့ပျောင်းသော ဝေါဟာရတို့ဖြင့်လည်း မချွဲနွဲ့တတ်။ သို့ပေမဲ့ တောင်းဆိုမှုတိုင်းကို နှစ်ခါ ဖွင့်ဟစရာ မလိုအောင် ကျွန်တာ့် အလိုကျ လိုက်လျောပေးတတ်မြဲ။ ရိုက်ပေါက် အပြောတွေကိုတောင် ချစ်ဖို့ကောင်းအောင် စွမ်းဆောင်နိုင်သည့် ကျွန်တော့် ညံလေးက ထိုကဲ့သို့ မြတ်နိုးဖွယ်။ နှုတ်စကားဖြင့် တဖွဖွ မရွတ်တတ်သော မေတ္တာတရားတို့မှာ သက်ဝင်အား ပြင်းကာ ဘယ်သောအခါမှလည်း ပြောင်းလဲ လျော့ပါးသွားမည် မဟုတ်။ ရုပ်နာမ်နှစ်ပါးမှာ ခိုင်မြဲစွာ ကိန်းအောင်းနေသည့် ခြွင်းချက်မဲ့သော ယုံကြည်မှုသည်ကား ညံဟူသော သက်ရှိ လူသားလေး ဖြစ်နေခြင်းကြောင့်သာ။

" အရမ်းတိုအောင် မညှပ်နဲ့နော် "

" နားရွက်အောက်ထိပါပဲ။ နောက်ဆို ငါ့ကိုပဲ ခိုင်း။
ဆိုင် မသွားနဲ့တော့ "

" ဆိုင်မသွားနဲ့ ပြောရအောင် မင်းက ကုန်းပိုးပြီး လိုက်ပို့နေရလို့လား "

လိမ့်ဆင်းလာသည့် ဆံနွယ်တွေကို ကြည့်ရင်း ပက်ခနဲ ပြန်လွှတ်၏။ ဒီလိုအပြောတွေနဲ့ ယဉ်ပါးပြီးသားလူမို့ တပြုံးပြုံး ဖြစ်ရသူက ကျွန်တော်။ ရယ်သံဖျဖျ ထွက်မိတော့ လက်ပြန်နဲ့ ဆက်ဆံလာတော့၏။

ဆံပင် ရှည်လာတိုင်း ဆိုင်သွားစရာ မလိုအောင် အချိန်ပေးပြီး တကူးတက သင်ထားဖြစ်သည်။ မြတ်နိုးရသည့် ဒီဆံပင်တွေကို ကျွန်တော်ပဲ ထိကိုင်ခွင့် ရချင်သည်။ ညံနဲ့ ပတ်သက်သမျှ အရာရာမှာ ကိုယ့်လက်ကိုယ်ခြေသာ လုပ်ပေးချင်သည်။ လူတစ်ယောက်ကို ချစ်ဖို့က လွယ်ကူပေမဲ့ အချိန်ကြာကြာ ဆက်ပြီး ချစ်နေဖို့ကတော့ ခက်ခဲသည်ဟူသော စကားကို ညံ့အတွေးမှာ မြူမှုန် တစ်စပင် မထင်စေချင်။ ဘယ်လောက်ထိချစ်လဲ မေးစရာ မလိုအောင် အပြည့်အဝ ပေးထားပြီးသား ဖြစ်ချင်သည်။

If YouWhere stories live. Discover now