Ep - 15

14.9K 1.5K 23
                                    

Unicode

'' ညံ ထည့်စားနော်။ ညံ ဘာကြိုက်တတ်မှန်း
မသိသေးတော့ ချက်ထားတာတွေ အဆင်မပြေတာရှိရင်ပြော။ ညံနေတတ်သလိုနေ။ လိုအပ်တာရှိရင်လည်း အိမ်ကလူတွေကို မပြောချင်ရင် ရေးကို ပြောထား။ ဟုတ်ပြီလား ''

ညနေစာ ထမင်းဝိုင်းတွင် ဦးဆောင်ပြောနေသူ ဖေဖေက စားပွဲထိပ်တွင် ထိုင်ကာ မိန့်မိန့်ကြီး ခန့်ထည်နေလျက်။ ကျွန်တော်နှင့် ညံကတစ်ဖက်၊ ဒေါ်ခက်ခက်နွယ်နှင့် သဇင်နွယ်က တစ်ဖက်ဖြစ်ရာ  မျက်နှာချင်းဆိုင်နေရသည်။

'' သမီး သဇင် ..''

ထမင်းကို ဇွန်းနှင့် ခပ်နေရင်းမှ ခေါ်သော ဖေဖေ့အသံကြောင့် သဇင်နွယ် စားလက်စ ရပ်တန့်သွားရ၏။ အကြည့်တစ်ချက် ဝေ့ဝဲသွားပြီးနောက် လက်ထဲကဇွန်းကို ပန်းကန်ထဲ ပြန်ချပြီး ရေတစ်ငုံ မော့သောက်နေသည့် ဖေဖေ။ အကြောင်းသိနေ၍ ကျွန်တော်နှင့် သဇင်နွယ်က ပြောလာမည့် စကားများကို စောင့်နေမိပေမဲ့ မျက်ဝန်းထောင့်မှ ညံကတော့ ပန်းကန်ကို မှန်တစ်ချပ်ကဲ့သို့ မျက်နှာမူလျက် အစားအသောက်မပျက်။ ကြိုက်နှစ်သက်သော ဟင်းခွက်များထဲမှ ဟိုနည်းနည်း၊ ဒီနည်းနည်း ခပ်ထည့်နေကာ အလုပ်များနေ၏။ ဒေါ်ခက်ခက်နွယ် မျက်နှာရိပ်၊ မျက်နှာကဲပြလျက်  အရှိန်သတ်စေရန် လှစ်ဟပြနေပေမဲ့ ညံကမမြင်။  ဖေဖေ့ကို မော့ကြည့်လာကာ ' ဟင်းတွေက စားကောင်းတယ်နော် ' ဟူသော ပုံစံမျိုးဖြင့်ပင် ပြုံးပြနေသေး၏။ ညံ့ကြောင့် ပြုံးချင်ချင်ပင် ဖြစ်ရတော့သည်။ ဖေဖေ့ကို ကြည့်မိတော့လည်း ပြုံးရိပ်သမ်းသမ်း။ ရိုးစင်းသော ပုံစံလေးကို မနောတွေ့နေပုံပင်။

'' ဘဝဆိုတာကို သဇင် ဘယ်လိုမြင်လဲ ''

ထင်သည့်အတိုင်းပင်။ တည်ငြိမ်အေးဆေးစွာ ထုတ်လာသည့် မေးခွန်းကြောင့် သဇင်နွယ် နှုတ်ခမ်းလွှာလေးပင် ပွင့်ဟသွားတော့၏။ မေးခွန်း၏ အတိမ်အနက်ကြောင့် အဖြေကောင်း တစ်ခုထုတ်နိုင်ဖို့ ဦးနှောက်ကို အလုပ် ပေးနေရတော့သည်။

'' သဇင့်အတွက်တော့ ဘဝဆိုတာ လှေကားထစ်တွေပဲ။ များနေတဲ့ အထစ်တွေကို ကြည့်ပြီး မတက်ဘဲ ရပ်နေမယ်ဆို ဘယ်တော့မှ အပေါ်ကို ရောက်လာနိုင်မှာမဟုတ်ဘူး။ ကြိုးစား ရုန်းကန်နေမှသာ ပိုမြင့်တဲ့ နေရာတစ်ခုကို ပိုင်ဆိုင်နိုင်မှာ ''

If YouWhere stories live. Discover now